ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 745 ထာဝရမှတ်မိနေမည့် ထိုးနှက်ချက်
ငှက်မွေးနီက အမိန့်ပေးပြီးနောက် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို ဖြေရှင်းရန် အပို့ခံထားရသည့် ကြယ်တာရာမဟာမိတ်လက်ရွေးစင် တပ်ဖွဲ့က နောက်ဆုတ်ကာ တိုက်ပွဲဝင်နတ်ဆိုးကို ဖြေရှင်းရန်အတွက် တပ်ဖွဲ့လေးအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ကြယ်တာရာမဟာမိတ်၏ လက်ရွေးစင်တပ်မဟာနှင့် အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ တပ်မဟာများက စစ်တလင်းပေါ်တွင် တိုက်ခိုက်နေရာမှ စတင်ဆုတ်ခွာနေကြပြီး ကျောက်လက်သည်းတောင်တန်းထဲမှ ထွက်ခွာရန်ပြင်ဆင်နေကြပြီ ဖြစ်သည်။
” အခု နောက်ဆုတ်ဖို့ သိပ်နောက်ကျသွားပြီ …”
ရှီဖုန်းက ထွက်ပြေးနေသည့် ကြယ်တာရာမဟာမိတ်ကို သိမ်းကြုန်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။ ချက်ချင်းပင် အဖွဲ့လိုက်စကားပြောခန်းကနေ အမိန့်တစ်ခုပို့လိုက်၏။
” လက်ရွေးစင်တပ်မဟာအားလုံး ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကို အသက်သွင်းလိုက် …”
ထို့ကြောင့် ရှီဖုန်းသည် ဇီးရိုးဝင်း၏ တပ်ဖွဲ့ကို တပ်မဟာဆယ်စုအဖြစ် ခွဲထားတာဖြစ်သည်။ ကျောက်လက်သည်းတောင်တန်း၏ အပြင်ပိုင်းဒေသက ကျယ်ဝန်း၏။ သို့သော် လမ်းကြောင်းဆယ်ခုက မြေအောက်စခန်း၏ ပို့ဆောင်ရေးအစီအရင်ဆီ ဦးတည်သွားတာ ဖြစ်သည်။ စစ်ပွဲစတင်သည်နှင့် ရှီဖုန်းက ကျောက်လက်သည်းတောင်တန်းကို ချိတ်ပိတ်ထားရန် အစည်းအရုံးစစ်ပွဲအမိန့်ကို အသုံးပြုခဲ့တာဖြစ်၏။ အတွင်းရှိ မည်သည့်ကစားသမားမဆို ပြန်သွားခြင်းစာလိပ်နှင့် ထွက်ပြေး၍ မရပေ။ ပို့ဆောင်ရေးအစီအရင်ကိုသုံးပြီး မြေအောက်စခန်းကနေထွက်သည့် နည်းလမ်းတစ်ခုသာ ရှိသည်။ နတ်ဘုရားနယ်မြေထဲတွင် မှော်အစီအရင်များကိုအသုံးပြုရန် နည်းလမ်းနှစ်ခုရှိ၏။
ပထမနည်းလမ်းက ရန်သူကိုဖိနှိပ်ရန် မှော်အစီအရင်များကို အသုံးပြုတာဖြစ်၏။ ဒုတိယနည်းလမ်းက ခုခံရန် ဖြစ်သည်။
အရံအတားမှော်အစီအရင်၏ တစ်မူထူးခြားသော ဝိသေသနကြောင့် မှော်အစီအရင်များ အသက်သွင်းလိုက်သည်နှင့် အရံအတားအတွင်းရှိ ရန်သူများက ချုပ်နှောင်ခံလိုက်ရပြီး ထွက်ပြေးနိုင်တော့မှာ မဟုတ်ချေ။ ထိုနည်းတူ မှော်အစီအရင်ကို ကိုယ်တိုင်မဖျက်ဆီးသရွေ့ မည်သူကမှ အရံအတားထဲ ဝင်ရောက်နိုင်ခြင်း ရှိမှာမဟုတ်ချေ။
သို့သော် မှော်အစီအရင်တစ်ခုကို ဖျက်ဆီးရန်က မလွယ်ကူချေ။ ဖျက်ဆီးရန်အတွက် အချိန်များစွာ လိုအပ်၏။ မှော်အစီအရင်အပြင်ဘက်က တိုက်ခိုက်မှုက အားနည်းသွားမှ ဖြစ်သည်။ ပုံမှန်ဆို အတွင်းထဲက မှော်အစီအရင်ကို ဖျက်ဆီးရန်က ပိုလွယ်ကူပေ၏။ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကလည်း ချွင်းချက်မဟုတ်ချေ။ ထို့ကြောင့် ရှီဖုန်းသည် လမ်းကြောင်းဆယ်ခုကို စောင့်ကြပ်ရန်အတွက် ဇီးရိုးဝင်း၏ တပ်မဟာဆယ်ခုကို စေလွှတ်ခဲ့တာ ဖြစ်သည်။ လက်ရွေးစင်တပ်မဟာက သူတို့၏ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေ မှော်အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ကြယ်တာရာမဟာမိတ်နှင့် ကျန်သည့်အစည်းအရုံးကြီးများ ကျောက်လက်သည်းတောင်တန်းထဲမှ ထွက်သွားခြင်းကို ဟန့်တားနိုင်မှာ ဖြစ်သည်။ သူတို့သည် ဤစစ်ပွဲမှ အကျိုးအမြတ်ကိုရရန် အခွင့်အရေးယူနိုင်ပေလိမ့်မည်။
ရှီဖုန်း၏ အမိန့်ဖြင့် အရံအတားအဖွဲ့များက လှုပ်ရှားကြပြီး တစ်ယောက်ချင်းဆီက သူတို့တစ်ချိန်လုံး ကိုင်ဆောင်ထားသည့် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေမှော်စာလိပ်ကို ထုတ်ဖော်လိုက်ကြသည်။
ကစားသမားကိုးဆယ်က လက်ထဲရှိမှော်စာလိပ်များကိုဖြည်ချလိုက်သည်နှင့် မှော်အစီအရင်ဆယ်ခုက စစ်မြေပြင်အထက်တွင် ရုတ်တရက်ပေါ်လာကာ စစ်မြေပြင်ကိုလွှမ်းခြုံသွားပြီး ကျောက်လက်သည်းတောင်းတန်း၏ ထွက်ပေါက်အားလုံးကို ချိတ်ပိတ်ထားတော့၏။
” ဘာတွေဖြစ်ကုန်တာလဲ …။ ငါ့ရဲ့အရည်အချင်း ဘာကြောင့်လျော့သွားတာလဲ …”
” သေစမ်း …။ ငါအခုဆို HP ခြောက်ထောင်တောင် မရှိတော့ဘူး …”
ဇီးရိုးဝင်း၏ လက်ရွေးစင်တပ်မဟာကို တိုက်ခိုက်နေကြသည့် အမျိုးမျိုးသော အစည်းအရုံးအဖွဲ့ဝင်များက နောက်ပြန်ဆုတ်နေကြစဥ် ရုတ်တရက် တစ်စုံတစ်ခု လွဲချော်နေတာကို သတိပြုမိလိုက်သည်။ သူတို့၏ အရည်အချင်းများက (၄၀) ရာခိုင်နှုန်း လျော့ကျသွား၏။ သူတို့ တိုက်ခိုက်မှုက ဇီးရိုးဝင်း၏ လက်ရွေးစင်အဖွဲ့ဝင်များကို သိသိသာသာထိခိုက်မှု မဖြစ်စေတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဇီးရိုးဝင်း၏ လက်ရွေးစင်တပ်ဖွဲ့ဝင်များ၏ အရည်အချင်းများက မပြောင်းမလဲရှိနေပြီး အချက်ရေအနည်းငယ်ဖြင့် သူတို့ကို အဆုံးသတ်နိုင်ပေ၏။ ရုတ်တရက်တွင် ဇီးရိုးဝင်း၏ ရန်သူများက စတင်ကြောက်လန့်လာကြတော့သည်။
မှော်အစီအရင်အပြင်ဘက်ရှိ ကစားသမားများက ကူညီရန်ကြိုးစားကြပြီး အရံအတားကို ဂါထာများဖြင့် ချက်ချင်းတိုက်ခိုက်ကြသော်ငြား သူတို့တိုက်ခိုက်မှု၏ အာနိသင်က အသေးအမွှားသာ ဖြစ်သည်။ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကို ထိန်းသိမ်းနေသော မှော်အမျိုးအစားကစားသမားများက သူတို့၏ တိုက်ခိုက်မှုကနေ ဝိညာဥ်ဓာတ်စွမ်းအား ကုန်ဆုံးမှုသိပ်မရှိချေ။
” အခု ငါတို့အလှည့်ပဲ …”
အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ ကြောက်လန့်နေသောလက်ရွေးစင်များကိုကြည့်ပြီး ဇီးရိုးဝင်း၏ လက်ရွေးစင်အဖွဲ့ဝင်များက တိုက်ပွဲကိုဖြေရှင်းရန် တစ်ဟုန်ထိုး ရှေ့တက်သွားကြတော့သည်။
မူလက သူတို့ရန်သူကို အနိုင်ယူရန်အတွက် တိုက်ကွက် လေးငါးကွက်ခန့် အကြမ်းဖျင်း လိုအပ်ခဲ့သည်။ ယခုမူ နှစ်ချက်၊ သုံးချက်ခန့်သာ ထိရန်လိုတော့၏။ တစ်ဖက်တွင်မူ သူတို့ရန်သူများကမူ သူတို့ကိုသတ်ရန်အတွက် အကြမ်းမျဥ်း ရှစ်ကွက်၊ ကိုးကွက်ခန့် ထိရန်လိုအပ်သည်။ တိုက်ပွဲက တစ်ဖက်သတ်ဆန်နေ၏။
ထို့အပြင် ကြယ်ကိုပွင့်ဝင်ရိုးစွန်းနယ်မြေ မှော်အစီအရင်က သူတို့၏ လည်ပင်းကို ချိန်ရွယ်ထားသည့် ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။ မှော်အစီအရင်က သူတို့၏ ဆုတ်ခွာမှုကို ဖြတ်တောက်ပစ်နေ၏။
” ရေ …တပ်မဟာတွေကို ကူညီဖို့အတွက် ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်ကို အသုံးပြုလိုက် …။ အားလုံးပဲ အမြောက်ကိုစောင့်ကြပ်ထားပြီး စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြ …”
ရှီဖုန်းက အမိန့်ပေးပြီးနောက် လေစီးနင်းခြင်းကို အသက်သွင်းပြီး တောင်အောက်သို့ ဆင်းသွားတော့သည်။
ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေက ကြယ်တာရာမဟာမိတ်နှင့် ၎င်း၏ အဖော်အပေါင်းများကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မှာ မဟုတ်ချေ။ တိုက်ပွဲဝင်နတ်ဆိုးက သူတို့ဆီရောက်သည့်အချိန်တွင် အမျိုးမျိုးသောအစည်းအရုံးကြီးများက လွှတ်မြောက်ပြီး ဖြစ်နေလိမ့်မည်။ သို့သော် သူက ရန်သူ၏ ကွန်မန်တာများကို သတ်ချင်ပါက ကျန်ရှိသည့် လက်ရွေးစင်ကစားသမားများက ခေါင်းပျက်သည့် ကြက်များကဲ့သို့ ပြေးလွှားနေမှာပဲ ဖြစ်သည်။ ရန်သူလက်ရွေးစင်တပ်ဖွဲ့၏ အဟုန်ကို သိသိသာသာလျော့ချနိုင်ပြီး သူ့၏ တပ်ဖွဲ့အတွက် အချိန်ပိုရမှာ ဖြစ်သည်။
” တစ်ယောက်ယောက်က ငါတို့ဆီ ပျံလာနေပြီ …”
ဆုတ်ခွာနေသော ကြယ်တာရာမဟာမိတ်အဖွဲ့သားများက ရုတ်တရက်အော်ဟေ့လိုက်ကြပြီး လူတိုင်းက ပျံသန်းနေသည့်ပုံရိပ်ကို လှည့်ကြည့်လိုက်ကြ၏။
” ဘလက်ဖလိမ်း …”
” ဘလက်ဖလိမ်းပဲ …”
ပုံရိပ်ချဥ်းကပ်လာသည်နှင့် လက်ရွေးစင်များက ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင်ကို မှတ်မိလာကြသည်။
” ငါတို့ကို တစ်ယောက်ထဲ ရင်ဆိုင်ဖို့လား …။ ကြယ်တာရာမဟာမိတ်က ဒီလောက်အနိုင်ကျင့်ဖို့ လွယ်ကူတယ်များ ထင်နေလား …”
ငှက်မွှေးနီကလည်း သူတို့တပ်ဖွဲ့နားသို့ ရှီဖုန်း လျင်မြန်စွာ ချဥ်းကပ်လာတာကို သတိပြုမိလိုက်သည်။ သူက ပြောလိုက်၏။
” အကွာအဝေးကျယ် ကစားသမားတွေ သူ့ကို ပစ်ချ …။ ဘလက်ဖလိမ်းကို သတ်နိုင်တဲ့ ဘယ်သူမဆို ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာတစ်စုံ တစ်စုံဆုချီးမြှင့်ခံရမယ် …။ ရွှေငါးရာနဲ့ ပင်မအဖွဲ့ဝင်အဖြစ် အဆင့်တိုးမြင့်ခြင်း ခံရမယ် …”
ပထမတန်းအစည်းအရုံးတွင် အဖွဲ့ဝင်များစွာ ရှိသည်။ သို့သော် အနည်းစုသာလျှင် ပင်မအဖွဲ့ဝင် ဖြစ်နိုင်တာပင်။ အစွမ်းထက်သည် တိုက်ပွဲဝင်စကေးများ မပိုင်ဆိုင်ထားဘဲ အစည်းအရုံး၏ လက်ရွေးစင်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ဖို့က သူတို့ အကန့်အသတ်ဖြစ်နေပြီးသားပင်။ ယခုအချိန်တွင် လက်ရွေးစင်အဖွဲ့ဝင်တစ်ယောက်ရရှိသည့် ခံစားခွင့်နှင့် ပင်မတပ်ဖွဲ့ဝင်ရရှိသည့် ခံစားခွင့်ကြား ကွာဟချက်ကြီးကြီးမားမား ရှိသည်။
ပင်မအဖွဲ့ဝင်များက ချပ်ဝတ်တန်ဆာကောင်းများ ပိုင်ဆိုင်ရုံသာမက သူတို့သည် လစဥ်လတိုင်း ကြွယ်ဝသည့်လခ ရရှိ၏။ သူတို့သည် ကော်ပိုရေးရှင်းကြီးများတွင် တရားဝင်အလုပ်လုပ်နိုင်ခဲ့လျှင် ပင်မအဖွဲ့ဝင်အနေဖြင့် ခရက်တစ်များ ပိုရရှိနိုင်ပေသည်။ ပင်မအဖွဲ့ဝင်များက ပထမတန်းအစည်းအရုံး၏ အတွင်းဝန်တမ်းများအဖြစ် သတ်မှတ်နိုင်သည့်အချိန်တွင် လက်ရွေးစင်များက ပြင်ပဝန်တမ်းများသာ ဖြစ်သည်။ ခံစားခွင့်က ကွဲပြားခြားနားသည့်အဆင့်တွင် ရှိ၏။
” ဘလက်ဖလိမ်း သေပေတော့ …”
ကြယ်တာရာမဟာမိတ်၏ လက်ရွေးစင်များက စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။ အကွာအဝေးကျယ် ကစားသမားထောင်ချီက သူတို့ဂါထာများကို စတင်ရွတ်ဆိုပြီး မြှားများကို ပစ်ထုတ်ကာ ရှီဖုန်းရောက်လာမှာကို စောင့်စားနေကြ၏။
ရှီဖုန်းက လက်ရွေးစင်တပ်မဟာနား ချဥ်းကပ်လာသည်နှင့် ဂါထာများ၊ မြှားများက သူဆီ စတင်ပျံဝဲလာကြတော့၏။
သို့သော် လေစီးနင်းခြင်း၏ အရှိန်တိုးမြင့်မှုဖြင့် ရှီဖုန်းက မြှားများနှင့် ဂါထာများကို ရှောင်တိန်းရန်အတွက် အနည်းအကျင်သာ အားစိုက်ထုတ်ရသည်။ ထိုအပြင် ထိုလက်ရွေးစင်ကစားသမားများက ရှီဖုန်း၏ လှုပ်ရှားမှုအပေါ် အခြေခံပြီး တိုက်ခိုက်ကြတာ ဖြစ်သောကြောင့် သူသည် တိုက်ကွက်များ၏ အကွာအဝေးကိုရှောင်ပြီး ပျံသန်းရန်သာ လိုအပ်၏။ ထိုနည်းဖြင့် ရှီဖုန်းက အားစိုက်ထုတ်စရာ မလိုဘဲ လေထဲတွင်ပျံဝဲနေစဥ် မြှားမိုးများကို ရှောင်တိန်နေတော့၏။
ခပ်ဝေးဝေးကနေဆိုလျှင် ရှီဖုန်းက မရေမတွက်နိုင်သော မြှားများနှင့် ဂါထာများကြား ကခုန်နေသယောင်ဟု ထင်ရပေသည်။
သူ၏ ကြောက်မက်ဖွယ်အရှိန်၏ ရလဒ်အနေဖြင့် ရှီဖုန်းသည် ပုံရိပ်ယောင်တစ်ခုပြီးတစ်ခု ချန်ထားရစ်ကာ ကြယ်တာရာမဟာမိတ်၏ လက်ရွေးစင်များကို စိတ်ရှုပ်ထွေးသွားစေသည်။ မည်သူကမှ ရှီဖုန်း၏ လှုပ်ရှားမှုကို အမှီမလိုက်နိုင်ကြ။
ရှီဖုန်း ချဥ်းကပ်လာသည်နှင့် ရှီဖုန်း၏ ကြောက်မက်ဖွယ်အဟုန်ကြောင့် သက်ရောက်ခံရမည့်အစား ငှက်မွှေးနီက နှာခေါင်းရှုံ့ကာ သူ၏ အိတ်ထဲမှ ကြေးသွေးရောင်အလွှာနှစ် မှော်စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။
” ဘလက်ဖလိမ်း ဒီနေ့ သေရမယ့်သူက မင်းပဲ …”
ငှက်မွှေးနီက လျင်မြန်စွာလှုပ်ရှားနေသည့် ရှီဖုန်းအပေါ် သူ၏ ကိုယ်ပိုင်ဂါထာသက်ရောက်နိုင်စွမ်း မရှိမှန်းသိသည်။ သို့သော်ငြား အလွှာနှစ်မှော်စာလိပ်ကမူ မတူတော့ပေ။
အလွှာနှစ်ဂါထာ သန့်စင်သောလှံမီးတောက်
ရုတ်တရက်တွင် လှံမီးတောက် သုံးဆယ့်ခြောက်ခုက ငှက်မွှေးနီနားတွင် ပေါ်လာပြီး ပူလောင်သည့်မီးများက ပတ်ဝန်းကျင်အပူချိန်ကို တိုးစေ၏။
” ဘလက်ဖလိမ်း ပြာဖြစ်သွားတော့ …”
ငှက်မွှေးနီက တောင်ဝှေးကို ဝှေ့ရမ်းပြီး သူနှင့် ရှီဖုန်းကြားထဲတွင် ကိုက်သုံးဆယ်သာ ကွာတော့တာကို တွေ့လိုက်ရ၏။ လှံမီးတောက် သုံးဆယ့်ခြောက်ခုက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် ရှီဖုန်းဆီ ဝင်ရောက်သွားကြသည်။ လှံမီးတောက်များက ရှီဖုန်းထက် ပိုမြန်ဆန်ပြီး ကိုက်သုံးဆယ်အကွာကို ဖျက်ခနဲ ဖြတ်ကျော်သွားတာပဲ ဖြစ်၏။ လှံမီးတောက်က ထွက်ပြေးနိုင်သည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားကာ ရှီဖုန်းကို ရှောင်တိန်းစရာ နေရာမရှိ ဖြစ်စေသည်။
သန့်စင်ခြင်းလှံမီးတောက်က ပိတ်ဆို့၍မရသော ဂါထာတစ်ခု ဖြစ်သည်။ လှံတိုင်းက အရှင်အဆင့် မွန်းစတားတစ်ကောင်၏ စွမ်းအားဖြင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။ ယင်းက အင်မတန်အစွမ်းထက်သော ဂါထာတစ်ခုဖြစ်သည်။
လှံများက ရှီဖုန်းကို ထိတော့မည့်အချိန်၌ သူက ရုတ်တရက်ပျောက်ကွယ်သွားသည်။ လှံမီးတောက်များက တစ်ချက်မှ မထိလိုက်ပေ။
” မင်း …”
ငှက်မွှေးနီက မတုံ့ပြန်ရသေးခင် သူ့ရှေ့တွင် ရှီဖုန်းပေါ်လာတာကို သတိပြုမိလိုက်၏။ ရှီဖုန်း၏ ခန္ဓာကိုယ်တွင် အပြာရောင်လျှပ်စီးများဝိုင်းနေပြီး တဖျပ်ဖျပ်အက်ကွဲနေတော့၏။
အလွှာနှစ် တားမြစ်စကေး ရုပ်ချည်းထိုးနှက်ချက်
ရှီဖုန်း၏ ပုံရိပ်က ငှက်မွှေးနီကို ပိုင်းဖြတ်သွားပြီးနောက် အပြာရောင်ပုံရိပ်သာ ချန်ထားရစ်ကာ အချိန်အတော်ကြာ မလှုပ်မယှက်ရှိနေသည်။ ငှက်မွှေးနီက မြေကြီးပေါ် လဲကျသွားပြီး ကိုယ်က လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွား၏။ ရှစ်ထောင်ကျော်သည့် HP က ကုန်ဆုံးသွားပေသည်။ ရှီဖုန်း၏ ပုံရိပ်ကမူ အစောထဲက ထွက်ခွာသွားပြီဖြစ်ရာ ကြယ်တာရာမဟာမိတ်လက်ရွေးစင်များက အံ့သြဆွံ့အပြီး ကျန်ရစ်တော့၏။ ထိုမြင်ကွင်းကို သူတို့စိတ်ထဲ တစ်သက်လုံး မှတ်မိနေမှာ ဖြစ်သည်။
ကစားသမားထောင်ချီက တိုက်ခိုက်နေစဥ် ရှီဖုန်းက ငှက်မွှေးနီကို တစ်ချက်ထဲဖြင့် သတ်ဖြတ်နိုင်ခဲ့၏။ သူတို့ လုပ်နိုင်သည့်အရာက ရှီဖုန်း၏ နောက်ကျောကို စိုက်ကြည့်နေပြီး သူထွက်ခွာသွားတာကိုသာ ကြည့်နေရတာ ဖြစ်သည်။