ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 751 ရှေးဟောင်းဓားကျိုး
” ပေါက်တက်ကရ သူ့မှာ ရှေးစစ်သည်တော်စကေး ရှိနေသေးတယ် …”
ဂလက်ဆီပါ့စ်က ထိတ်လန့်သွားသည်။ သူ၏ မဟာဓားကို အမြန်ကိုင်မြောက်ပြီးနောက် ဂလိုးရီးယပ်စ်အက်ခိုးကို ခုခံရန် အခွင့်အရေးကိုယူပြီးနောက် ရှီဖုန်းက ဓားကို လွဲရမ်းလိုက်သည်။
ရုတ်တရက်ပေါ်ပေါက်လာမှုက ကြောက်မက်ဖွယ်ကောင်းသည်နှင့်အညီ ဂလိုးရီးယပ်စ်အက်ခိုးကလည်း အလိုလိုပင် ရွှေရောင်ဒိုင်းကို ကိုင်မြောက်လိုက်မိ၏။
အပြာရောင်အလင်းတန်းက သူတို့ဆီ ဖြတ်တိုက်သွားတော့သည်။
ဖုန် …
ဂလိုးရီးယပ်စ်အက်ခိုးသည် နောက်သို့ ခြောက်လှမ်းခန့်ဆုတ်လိုက်ရပြီး ခြေလှမ်းတစ်လှမ်းဆီတွင် မြေပြင်ပေါ်၌ နက်ရှိုင်းသည့်ခြေရာများ ကျန်ရစ်၏။
(-၅၂၇)
ထိခိုက်မှုက နည်းပါးပြီး ဂလိုးရီးယပ်စ်အက်ခိုး၏ HP နှစ်သောင်းရှစ်ထောင်နှင့်ယှဥ်လျှင် လျစ်လျူရှူ့ထားနိုင်သော ပမာဏဖြစ်သော်ငြား ဂလိုးရီးယပ်စ်အက်ခိုး၏ ဒိုင်းကိုင်ထားသောလက်က ထုံကျင်သွားပြီး တုန်ရီနေတော့၏။ ဒိုင်းစစ်သည်တော်၏ မျက်နှာထက်တွင် ခြောက်ခြားသည့် အမူအရာပေါ်လာတော့သည်။
နတ်မိစ္ဆာ၏စွမ်းအားကို အသက်သွင်းပြီးနောက် သူ၏ ခုခံမှုသည် မြင့်တင်မှုရရှိပြီးသား ဖြစ်သည်။ ထို့အပြင် ဒိုင်းစစ်သည်တော်တစ်ဦးအနေဖြင့် သူက လက်ခံရရှိသည့် ထိခိုက်မှုကို လျော့ချသည့် ချပ်ဝတ်တန်ဆာနှင့် စကေးများ ပိုင်ဆိုင်ထားသည်။ ဒိုင်းနံရံကို အသက်သွင်းပြီးနောက် ခုခံမှုသည် နောက်ထပ် (၆၀) ရာခိုင်နှုန်း လျော့ချခံရမှာ ဖြစ်၏။ သူက ရှီဖုန်း၏ တိုက်ခိုက်မှုကို ဒိုင်းဖြင့်တောင် ပိတ်ဆို့ခဲ့သည်။ ထို့အပြင် ရှီဖုန်းက သူ့ကို (-၅၀၀) ကျော် ဖြစ်စေခဲ့၏။
ခွန်အားအရာတွင် ရှီဖုန်းက လူသားအသွင် ဘော့စ်တစ်ဦးသာ ဖြစ်ပေသည်။
ဂလိုးရီးယပ်စ်အက်ခိုးက ရှီဖုန်း၏ တိုက်ခိုက်မှုကို မပိတ်ဆို့ခဲ့လျှင် သူ၏ HP က ကြောက်မက်ဖွယ်ကောင်းသည့် ပမာဏထိ ထိုးကျသွားနိုင်ပေ၏။ ရုတ်တရက်တွင် ဂလက်ဆီပါ့စ်၏ ငိုကြွေးခြင်းမြွေက ရှီဖုန်းဆီ ပိုင်းဖြတ်လာတော့သည်။
ငွေရောင်အလင်းတန်းက ပစ်မှတ်ကို ထိလုနီးပါးအချိန်၌ ငိုကြွေးခြင်းမြွေက ရှီဖုန်းရှေ့တွင် ရုတ်တရက်ရပ်တန့်သွားကာ လက်နက်သည် တစ်လက်မတောင် ရှေ့ဆက်မတိုးနိုင် ဖြစ်နေ၏။ ဂလက်ဆီပါ့စ်အတွက် ကံဆိုးသည်မှာ ခုခံခြင်းဓားသွားက တိုက်ကွက်ကိုပိတ်ဆို့ပြီး ဖြစ်၏။
” သေသင့်တဲ့ အသက်ကယ်စကေး …”
ဂလက်ဆီပါ့စ်၏ ယခင်စိတ်လှုပ်ရှားသည့်အရာက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရှီဖုန်း၏ ခုခံခြင်းဓားသွား အာနိသင်ရှိနေသေးဆဲဆိုတာ သူမေ့သွားခဲ့၏။
ရှီ …
ထိုစဥ် အပြာရောင်အလင်းတန်းက ဂလက်ဆီပါ့စ်ပေါ်၌ ပေါက်ကွဲသွားတော့သည်။
ဂလက်ဆီပါ့စ်၏ ခေါင်းအထက်တွင် (-၂၀၅၄) ထိခိုက်မှုပေါ်လာကာ ရှေးစစ်သည်တော်ကို ထိတ်လန့်သွားစေခဲ့၏။ ဂလက်ဆီပါ့စ်က အလျင်အမြန်ဖြင့် သူ၏ဓားကို ရှေ့ဆွဲထုတ်ကာ ရှီဖုန်း၏ နောက်ထပ်တိုက်ကွက်များကို ပိတ်ဆို့လိုက်တော့၏။
ရှီဖုန်းက ခုခံခြင်းရောင်ခြည်ကို ဝှေ့ရမ်းလိုက်သည့်အချိန်တွင် မည်သူကမှ ဓားပုံရိပ်ကိုတောင် မမြင်လိုက်ရချေ။ သူတို့က အပြာရောင်လျှပ်စီးကိုင်းများ ထွက်ပေါ်လာတာကိုသာ တွေ့လိုက်ရတာ ဖြစ်၏။ များစွာသော အပြာရောင်လျှပ်စီးအလင်းတန်းများက ဂလက်ဆီပါ့စ်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားကြသည်။
ဂလက်ဆီပါ့စ်သည် အထွဠ်အထိပ်အရှိန်ဆေးရည်ကြောင့် အလွန်မြန်ဆန်နေသော်ငြား သူက ရှေးစစ်သည်တော်တစ်ဦး ဖြစ်သည်။ ဆေးရည်ကို သောက်ပြီးသည့်တိုင် သူက ရှီဖုန်းထက် အနည်းငယ်မြန်ရုံသာရှိ၏။ သတ်ဖြတ်ခြင်းရောင်ခြည်၏ လျှပ်စီးအာနိသင်ကို ထုတ်ဖော်လိုက်သည့်အချိန် ဂလက်ဆီပါ့စ်က လက်နက်၏ တိုက်ခိုက်မှုလားရာကို အမြင်နိုင်တော့ချေ။ သူ့ကိုသူ ကျားကုတ်ကျားခဲခုခံနေသော်ငြား ဂလက်ဆီပါ့စ်က ရှီဖုန်း၏ တိုက်ကွက်အနည်းငယ်ကိုသာ ခုခံနိုင်ခဲ့၏။
(-၄၇၁၉)
(-၁၉၈၄)
(-၂၀၁၈)
ဂလက်ဆီပါ့စ်၏ HP က လျင်မြန်စွာကျသွားသည်။ မျက်တောင်တစ်ခက်အတွင်း သူ၏ HP တစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့၏။ ပြီးနောက် ကုသခြင်းများက သူ၏ နာကျင်မှုကို ကုစားပေးသောအခါ HP သုံးထောင်ကျော် ချက်ချင်းပြန်ရလာ၏။ ချက်ချင်းပင် ဂလက်ဆီပါ့စ်က HP ပြန်ပြည့်သွားတော့သည်။
” ဟား … ဟား … ဟား … ဘလက်ဖလိမ်း …။ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့ …။ မင်းငါ့ကို သတ်လို့မရဘူး …”
ဂလက်ဆီပါ့စ်သည် သူသေမှာ သေချာသည်ဟု တွေးထားတာ ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအတွက် သူသည် များစွာသော ကျွမ်းကျင်ကစားသမားများ သူ့ဘေးကနေ ပံ့ပိုးပေးနေတာကို မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။ ရှီဖုန်းက သူ့ကိုချက်ချင်းမသတ်နိုင်သရွေ့ ထိုကျွမ်းကျင်ကုသသူများသည် သူ၏ HP ကို ပြန်လည်ဖြည့်ပေးကြမှာ ဖြစ်၏။ ယင်းကိုသိသောအခါ ဂလက်ဆီပါ့စ်၏ ယုံကြည်ချက်များ ကြီးထွားလာပြန်သည်။ ပိုပြီးသတ္တိရှိလာကာ သူက ဓားသမား၏ တိုက်ခိုက်မှုကို အမူအထားပဲ ရှီဖုန်းကို ဦးစွာတိုက်ခိုက်လိုက်သည်။
ကြောက်လန့်နေသော ဂလိုးရီးယပ်စ်အက်ခိုးလည်း တည်ငြိမ်သွားပြီးနောက် ရှီဖုန်းကို ဆက်လက်တိုက်ခိုက်တော့သည်။
မည်သူကမှ ရှီဖုန်းအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်သော်ငြား သူတို့က ရှီဖုန်းကို ထိခိုက်မှုအနည်းအကျင် သိစေနိုင်သရွေ့ အောင်ပွဲရနိုင်မှာ ဖြစ်သည်။
” သူတို့ နှစ်ယောက်လုံးမှာ ဒီလောက်မြင့်တဲ့ ခုခံမှုနှင့် ကာကွယ်မှုကောင်းချီးတွေ ရှိနေတာဆိုတော့ အချိန်တိုအတွင်း သူတို့ကို သတ်နိုင်မှာ မဟုတ်ဘူး …။ တော်လောက်ပြီ ကောင်းကင်ဘုံနဂါးစွမ်းအားတစ်ခုထဲနဲ့ မလုံလောက်သေးဘူး …”
ရှီဖုန်းက သက်ပြင်းချလိုက်၏။ ရုတ်တရက်တွင် သူက ခုန်ကျော်ကာ အစည်းအရုံးခေါင်းဆောင်နှစ်ဦးနှင့် ခပ်ဝေးဝေးသို့ သွားလိုက်၏။
” သူထွက်ပြေးဖို့ ကြိုးစားနေတယ် …။ သူ့ကို ဟန့်တားကြ …”
ဂလက်ဆီပါ့စ်က ရှီဖုန်းထွက်ပြေးသွားသည်နှင့် ထအော်လိုက်သည်။
သူ၏ စစ်နတ်ဘုရားပိုင်ဆိုင်မှုက သုံးစွဲနိုင်သည့်အချိန် အင်မတန်တိုတောင်းပေ၏။ သူက ရှီဖုန်းကို ထိုအချိန်ကာလအတွင်း အနိုင်မယူနိုင်ခဲ့လျှင် တိုက်ပွဲကိုသေချာပေါက် ရှုံးနိမ့်မှာပဲ ဖြစ်သည်။
ဂလက်ဆီပါ့စ်၏အမိန့်ကို ကြားပြီးနောက် ဒိုင်းစစ်သည်တော်နှင့် အစောင့်အရှောက်သူရဲကောင်းက သူတို့၏ အသက်ကယ်စကေးများကိုထုတ်ဖော်ပြီး ရှီဖုန်းဆီ ပြေးဝင်ကြတော့၏။
” ထွက်သွားစမ်း …”
ရှီဖုန်းက အော်လိုက်သည်။ ပြီးနောက် သတ်ဖြတ်ခြင်းရောင်ခြည်ကို ကြမ်းတမ်းစွာ လွဲရမ်းလိုက်၏။
ဟာရီကိန်း
ကိုက်နှစ်ဆယ်အတွင်း၌ လက်နက်ထိခိုက်မှု (၂၀၀) ရာခိုင်နှုန်း ဖြစ်ပေါ်စေပြီး ပစ်မှတ်များအားလုံးကို လေထဲ မြောက်တက်သွားစေကာ လှုပ်ရှားမှုကို ငါးစက္ကန့်တာ ဟန့်တားထား၏။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ဆယ်မိနစ်
ယင်းက အလွှာတစ်ဓားသမားအစုံ ချပ်ဝတ်တန်ဆာ၏ ထပ်တိုးစကေးများထဲမှတစ်ခုဖြစ်သော ဟာရီကိန်း ဖြစ်သည်။
ရှီဖုန်းသည် ယခင်တိုက်ခိုက်မှု အတောအတွင်း ဟာရီကိန်းစွမ်းအင်ဆယ်ခုကို စုဆောင်းခဲ့ပြီးတာကြာပြီဖြစ်ကာ အမြင့်ဆုံးစွမ်းအား၌ ဟာရီကိန်းကို အသုံးပြုခဲ့တာ ဖြစ်သည်။ ချက်ချင်းပင် ဒိုင်းစစ်သည်တော်များစွာနှင့် အစောင့်အရှောက်သူရဲကောင်းများက လေထဲလွင့်ထွက်သွားတော့၏။ ထိုကစားသမားများသည် ဒိုင်းနံရံနှင့် ကာကွယ်မှုကောင်းချီကို အသက်သွင်းထားသော်ငြား သူတို့သည် (-၁၅၀၀၀) ထိခိုက်မှုရရှိသေး၏။ အချို့က သေစေနိုင်သည့်နေရာထိခိုက်ကာ (-၃၀၀၀၀) ကျော် ထိခိုက်သွားပြီး ချက်ချင်းပင် MT များသေပြီး မြေပေါ်ပြုတ်ကိကုန်တော့၏။ သို့သော် ဂလက်ဆီပါ့စ်နှင့် ဂလိုးရီးယပ်စ်အက်ခိုးက ထိုအခွင့်အရေးကို အမိအရယူကာ ရှီဖုန်းနား ချဥ်းကပ်လာကြ၏။
နောက်ဆုံးတော့ ငါနေရာတစ်ချို့ရပြီ။ ရှီဖုန်းက ချဥ်းကပ်လာသည် ဒိုင်းစစ်သည်တော်ကိုကြည့်လိုက်သည်။ ပြီးနောက် နဂါးသတ်ဖြတ်ခြင်းဆေးရည်ကို ထုတ်လိုက်၏။ ယင်းက ကပ်ဘေးရတနာသေတ္တာထဲမှ ရလာတာ အရာဖြစ်သည်။ သူက ဆေးကို သောက်ချလိုက်၏။
နဂါးသတ်ဖြတ်ခြင်းဆေးရည် သုံးကုန်ပစ္စည်း
အရည်အချင်းအားလုံးကို (၁၀၀) ရာခိုင်နှုန်း၊ ခုခံမှုကို တစ်မိနစ်အတွက် အမှတ်တစ်ရာ တိုးပေးသည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = သုံးမိနစ်
လက်တွေ့တွင် ရှီဖုန်းက ဂလက်ဆီပါ့စ်နှင့် ဂလိုးရီးယပ်စ်အက်ခိုးကို ဖြေရှင်းရန်အတွက် နဂါးသတ်ဖြတ်ခြင်းဆေးရည်ကို အသုံးပြုရန်မလိုပေ။ သူက ဓားသွားခွဲထွက်ခြင်းကို ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်ပေ၏။ သို့သော်ငြား စကေး၏ ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်ပြီးနောက် စက္ကန့်နှစ်ဆယ်စာ အားနည်းခြင်းက စွန့်စားရာကျလွန်ပြီး ရှီဖုန်း မတက်နိုင်သည့် အရာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအစား နဂါးသတ်ဖြတ်ခြင်းဆေးရည်ကိုသောက်ရန် ရွေးချယ်ခဲ့တာ ဖြစ်၏။ ထိုနည်းဖြင့် သူသည် ဘေးထွက်ဆိုးကျိုးများ ခံစားရတော့မှာ မဟုတ်ဘဲ တိုက်ပွဲဝင်စွမ်းအား မြင့်တက်နေတော့မှာ ဖြစ်၏။
ဆေးရည်ကိုသောက်ပြီးနောက် ရှီဖုန်း၏ တစ်ကိုယ်လုံး စွမ်းအင်များတောက်နေတာကို ခံစားလိုက်မိသည်။ တိုက်ကွက်တိုင်း၌ ကောင်းကင်နှင့် မြေကြီးကို ပြုန်းတီးစေနိုင်သည့် လုံလောက်သောစွမ်းအား ပါဝင်နေသလို ခံစားရသည်။
” ဘလက်ဖလိမ်း မင်း မလွတ်ပါဘူးကွာ …”
ဝင်ရောက်တိုက်ခိုက်ခြင်းကို အသက်သွင်းပြီး ရှီဖုန်းရှေ့ ရောက်လာပြီးနောက် ဂလက်ဆီပါ့စ်သည် ရှေးစစ်သည်တော်၏ အသန်မာဆုံး အလွှာတစ်စကေး သေစေနိုင်သည့် ထိုးနှက်ချက်ကို ထုတ်ဖော်လိုက်၏။
သို့သော် ရှီဖုန်းက ပြေးတာရုတ်တရက် ရပ်တန့်လိုက်သည်။ ယခုအချိန်တွင် အရည်အချင်းနှစ်မျိုးဖြင့် ရှီဖုန်းက တစ်ဖက်သို့ ပြန်လှည့်ကာ ဂလက်ဆီပါ့စ်၏ သေစေနိုင်သောထိုးနှက်ချက်ကို အလွယ်ကူရှောင်တိန်းလိုက်၏။ ပြီးနောက် သတ်ဖြတ်ခြင်းရောင်ခြည်က များစွာသော အလင်းတန်းအဖြစ်ပြောင်းလဲသွာပြီး ရှေးစစ်သည်တော်ဆီသို့ မြွေလိမ်မြွေကောက် ပြေးဝင်သွားသည်။ ဂလက်ဆီပါ့စ်က ဖြစ်နေတာကို သဘောမပေါက်ခင် သတ်ဖြတ်ခြင်းရောင်ခြည်က အကြိမ်ပေါင်းများစွာ ထိသွားပြီဖြစ်သည်။
(-၄၄၁၈)
(-၉၅၇၈)
(-၉၄၉၅)
မျက်တောင်တစ်ခက်အတွင်း ဂလက်ဆီပါ့စ်၏ HP က နောက်ခြေထိကျသွားပြီး သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်ကျသွားသည်။ နောက်တန်းတွင် ရပ်နေသည့်ကုသသူများက သူ့ကို ကုသရန်အချိန်တောင် မရလောက်ပေ။ ဂလက်ဆီပါ့စ် သေသွားသည့်အချိန်တွင် ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခု ကျလာပြီး ရွှေရောင်ဓားရိုးဖြင့် ရှေးဓားကျိုးတစ်လက်လည်းကျလာ၏။
ရုတ်တရက်တွင် စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ ရှီဖုန်း၏ လမ်းကြောင်းကိုပိတ်ဆို့ရန် ကြိုးစားနေကြသည့် ကြယ်တာရာမဟာမိတ်အဖွဲ့ဝင်များက မယုံနိုင်သည့်အမူအရာများ ပေါ်လာသည်။
သူတို့ ကြည်ညိုလေးစားရသည့် အစည်းအရုံးခေါင်းဆောင် အသက်ခံလိုက်ရပြီ ဖြစ်သည်။
ဂလိုးရီးယပ်စ်အက်ခိုးက သူ၏ အပေါင်းအဖော် သေဆုံးသွားသည်ကို မြင်သောအခါ သူသည်လည်း တောင့်ခဲသွားပြီး တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားသည်။ ရှီဖုန်း၏ ကြောက်မက်ဖွယ်စွမ်းအားက သူ့ကို တုန်ရီသွားစေ၏။
ရှီဖုန်းက ဂလက်ဆီပါ့စ်သည် ထူးခြားတာတစ်ခု ပြုတ်ကျမှန်း သတိပြုမိလိုက်သည်။ ထို့ကြောင့် အားလုံးမှင်သက်နေသည့်အချိန်တွင် ရှေးစစ်သည်တော်၏ ပစ္စည်းကိုကောက်ယူရန် အခွင့်အရေးယူလိုက်၏။
သူတို့က ရှီဖုန်းပစ္စည်းများ စုဆောင်းနေတာကိုသာ မှင်သက်တွေဝေစွာ ကြည့်နေ၏။ မည်သူမှ သူ့ကို မတားရဲချေ။ မည်သူမှသူ့နား ချဥ်းကပ်လာချင်စိတ်မရှိတာကို မြင်သောအခါ ရှီဖုန်းကပြုံးပြီး သူ့အိတ်ထဲမှ အပြာရောင်မှော်စာလိပ်ကို ထုတ်လိုက်၏။ ရှီဖုန်းသည် ယင်းကို ကပ်ဘေးရတနာသေတ္တာထဲမှ ရလိုက်တာ ဖြစ်သည်။
မိုးကြိုးအမျက်ဒေါသ အလွှာသုံးမှော်စာလိပ်
ကိုက်တစ်ရာအတွင်း ထိခိုက်မှုကို ငါးစက္ကန့်တာ ဖြစ်စေ၏။ ထိုမှော်လိပ်က အလွန်အစွမ်းထက်သော်ငြား တစ်စက္ကန့်နီးပါးသာ ရွတ်ဆိုရသည်။ ထိုကာလအတွင်း သူသည် မည်သည့်နှောင့်ယှက်မှုမျိုးမှ ထိ၍မရပေ။ ယခုအချိန်က ယင်းကို အသုံးပြုရန် ပြီးပြည့်စုံသည့် အခွင့်အရေး ဖြစ်သည်။
အားလုံးက ထိတ်လန့်နေစဥ် မှော်စာလိပ်ကို အသုံးပြုပြီး ဂါထာရွတ်ဆိုလိုက်သည်။ သူက ဗဟိုပြုကာ မိုးကြိုးအမြတ်ဒေါသကို အသက်သွင်းလိုက်၏။
” ပြေးကြ …။ မြန်မြန် …”
ဂလိုးရီးယပ်စ်အက်ခိုးက ဖြစ်ပျက်နေတာကို သဘောပေါက်သွားပြီးနောက် ကြောက်လန့်တကြား ပြေးလိုက်၏။
ကံဆိုးသည်မှာ နောက်ကျသွားပြီ ဖြစ်သည်။ ရှီဖုန်းကို အဆုံးသတ်ရန်အတွက် ကြယ်တာရာမဟာမိတ်က ၎င်း၏ ကျွမ်းကျင်သူများစွာကို သူ့နားတွင် ဝိုင်းထား၏။ ရှီဖုန်းက ထိုကျွမ်းကျင်သူများကို တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်ခဲ့လျှင် သူတို့အားလုံး ထွက်ပြေးနိုင်ပေ၏။ သူသာ မိုးကြိုးအမြတ်ဒေါသကိုသုံးခဲ့လျှင် မည်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ချေ။
ရုတ်တရက်တွင် ကောင်းကင်ထဲ၌ ဧရာမမှော်အစီအရင်တစ်ခု ပေါ်လာပြီး မရေမတွက်နိုင်သည့် လျှပ်စီးလုံးများ သက်ဆင်းလာတော့သည်။
သို့သော်ငြား ထိုကဲ့သို့ ဧရိယာကျယ်ဝန်းသည့် တိုက်ကွက်မျိုးက အပြည့်အဝအလားအလာကိုရောက်ရှိရန် နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့် လိုအပ်သည်။ ထိုကာလအတွင်း လျှပ်စီးထိုးနှက်ချက်များက ကျဆင်းတာ တဖြေးဖြေးတိုးလာ၏။ ထို့ကြောင့် အာနိသင်သက်ရောက်ခံရသော ဧရိယာအတွင်း ကစားသမားများအားလုံးက မှော်စာလိပ်၏ ထိခိုက်မှုကို ချက်ချင်းရရှိမှာ မဟုတ်ပေ။
မိုးကြိုးအမျက်ဒေါသ အသက်သွင်းပြီးနောက် ရှီဖုန်းသည် အာကာသရောင်ဝါမှ မြေကမ္ဘာရောင်ဝါသို့ ပြောင်းလဲလိုက်ပြီး အကြွင်းမဲ့ခုခံမှုကို ထုတ်ဖော်လိုက်၏။ စကေးသုံးနိုင်သည့်ကြာချိန်က မိုးကြိုးအမြတ်ဒေါသ၏ ကြာချိန်ထက် ပိုရှည်ကြာသည်။
ပြီးနောက် ရှီဖုန်းက ကြယ်တာရာမဟာမိတ်၏ ကျွမ်းကျင်သူများဆီ ဝင်ရောက်တိုက်ခိုက်တော့၏။ လျှပ်စီးလုံးများကလည်း တစ်လုံးပြီးတစ်လုံး ကျဆင်းလာသည်။ HP အမြင့်ဆုံးဖြစ်သည့် ဂလိုးရီးယပ်စ်အက်ခိုးတောင် ထိုလျှပ်စီးလုံးများ သူ့ကို ထိသွားသည့်အချိန်၌ ငွေ့ရည်ပျံသွားရှာသည်။ ရှီဖုန်းက ကျွမ်းကျင်သူများ၏ အင်မော်တယ်ဝိညာဥ်ကို စုဆောင်းရင်း လျှပ်စီးမုန်တိုင်းကို ဖြတ်ကျော်နေ၏။ လက်ရှိ စုဆောင်းမှုက လျင်မြန်စွာပြည့်လာတော့သည်။
မိုးကြိုးအမျက်ဒေါသ ရပ်တန့်သွားသည့်အချိန်တွင် ကြယ်တာရာမဟာမိတ်၏ ကျွမ်းကျင်ကစားသမားများ ရှင်းထုတ်ခံလိုက်ရ၏။