ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 774 မဟာအင်ပါယာလေးခု
ကြယ်လမြို့၏ စဥ်ကျင်ဘုံရပ်ကွက်ထဲရှိ ဘားများထဲမှ တစ်ခုထဲတွင် ဖြစ်သည်။
ငွေရောင်ဝတ်ရုံဖြင့် လူရွယ်က သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ့နောက် မည်သူမှလိုက်မလာတာကို အတည်ပြုပြီးနောက် ဘားထဲဝင်သွားလိုက်၏။
NPC ဘားစောင့်ကြပ်သူမှအပ ဆိုင်တွင် ဆံဖြူလူငယ်လေးတစ်ဦးသာ ရှိနေသည်။ သူက အနက်ရောင်သရေသံချပ်ကာကို ဝတ်ဆင်ထား၏။ ဆံဖြူလူငယ်က ဗော်ကာတစ်ပုလင်းကို တိတ်တဆိတ် ခံစားနှစ်ခြိုက်စွာ သောက်နေစဥ် ငွေရောင်ဝတ်ရုံဖြင့်လူ လျှောက်လာတာကိုအာရုံခံမိပြီး သူက နောက်လှည့်ကာပြုံးပြီး နှုတ်ဆက်လိုက်၏။
” နောက်ဆုံးတော့ ဒီရောက်လာပြီပဲ …။ ဘလက်ဖလိမ်းက မင်းကို ပုံမှားရိုက်နိုင်ခဲ့ပဲ …။ ငါပြောတာ မင်းလုပ်ပြီးပြီလား …”
ငွေရောင်ဝတ်ရုံဖြင့်လူက အပြစ်ခုနှစ်ပန်းပွင့်မှ စကိုင်းဖြစ်ပေသည်။ သူသည် ရှီဖုန်းသတ်ခဲ့သည့် ပထမဆုံးလေဟာနယ်နယ်ပယ် ကျွမ်းကျင်သူလည်း ဖြစ်၏။
အပြစ်ခုနှစ်ပါးပန်းပွင့်ထဲတွင် စကိုင်း၏ရာထူးက မြင့်သည်။ သူက အဖွဲ့အစည်း၏ အဓိကပုံရိပ်များထဲမှ တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။ ပုံမှန်ဆို တွေ့ဆုံချိန်၌ အပြစ်ခုနှစ်ပါး၏ အဖွဲ့ဝင်များက ကြောက်ကြောက်ရွံ့ရွံ့ လေးလေးစားစားဆက်ဆံကြသည်။ သူတို့က ထူးဆန်းသည့် ကိုယ်ရည်ကိုယ်သွေးရှိသော စကိုင်းကိုရန်စမိမှာ ကြောက်ရွံ့ကြ၏။ ထိုသို့တိုင် ဆံဖြူလူငယ်က စကားပြောသည့်အချိန်တွင် တည်တည်ငြိမ်ငြိမ်ပဲ သဘာဝကျနေ၏။
ကျန်သည့်အဖွဲ့ဝင်များက ထိုအရာကိုမြင်လျှင် သေချာပေါက် ထိတ်လန့်သွားမှာပင်။
” မင်းထင်တဲ့အတိုင်းပဲ …။ သူက ကစားသမားတွေရဲ့ အင်မော်တယ်ဝိညာဥ်ကို ခိုးယူနိုင်တယ် …။ ဒါပေမဲ့ အဲ့ဒီအိုင်တမ်ရဲ့တည်ရှိမှုကို ငါသတိမပြုခဲ့ဘူး …။ တကယ်ပါပဲ ဒီအဖြစ်အပျက်က ငါ့ကိုဖျက်ဆီးနိုင်ခဲ့တာ …။ ဂိမ်းထဲ သုံးရက်လောက်မဝင်နိုင်ခဲ့ဘူး …။ အဆင့်တွေလည်း နောက်ကောက်ကျနေပြီ …။ အံ့မခမ်းဖိနပ်တစ်စုံတောင် ဆုံးရှုံးသွားသေးတယ် …။ ဆုံးရှုံးမှုအတွက် ဘယ်လိုလျော်ကြေးပေးဖို့ ရည်ရွယ်ထားလဲ …”
စကိုင်းပြောပြီးနောက် လူငယ်ကိုကြိမ်းမောင်းသည့်လေသံထဲတွင် စိတ်ပျက်လက်ပျက်လေသံများ ပါနေ၏။
” ကောင်းပြီ …။ ဖိနပ်တစ်စုံပါပဲ …။ ဘာထင်နေလဲ …”
ဆံဖြူလူငယ်က မေးပြီးနောက် ရယ်မောလိုက်သည်။ ပြီးနောက် အဆင့် (၃၅) မဟူရာရွှေအဆင့် တိုက်ပွဲဝင်ဖိနပ်တစ်စုံကို ထုတ်ဖော်ပြသလိုက်သည်။
လက်ရှိတွင် နတ်ဘုရားနယ်မြေ၏ ကစားသမားအများစုက အဆင့် (၃၀) ဝန်းကျင်တွင်သာရှိကြပြီး ၎င်း၏ ကျွမ်းကျင်သူများက အဆင့် (၃၃) ဖြစ်သည်။ ကျွမ်းကျင်ကစားသမားများတောင် အဆင့် (၃၅) သာ ရောက်သေးသည်။ ထိုသို့တိုင် ဆံဖြူလူငယ်က အဆင့် (၃၅) မဟူရာရွှေအဆင့် တိုက်ပွဲဝင်ဖိနပ်တစ်စုံကို အလွယ်တကူပေးလိုက်နိုင်သည်။
အဆင့် (၃၀) မဟူရာရွှေချပ်ဝတ်တန်ဆာတောင် ရရှိရန်အလွန်ခက်ခဲ၏။ အဆင့် (၃၅) မဟူရာရွှေချပ်ဝတ်တန်ဆာဆို ပြောနေရန် မလိုတော့ချေ။
” ဒီလိုမှပေါ့ …။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့နာမည်အတိုင်းပါပဲ ငွေ …”
စကိုင်းက မအံ့သြသွားပေ။ သူက တိုက်ပွဲဝင်ဖိနပ်ကို လက်ခံလိုက်၏။
” မင်းက တကယ်ထူးဆန်းတာပဲ …။ မင်းကိုယ်တိုင် သူ့ကို သွားရှာမဲ့အစား သူ့ရဲ့ခွန်အားကို စမ်းသပ်ပြီး အဲ့ဒီအိုင်တမ်ရှိလား မရှိလားဆိုတာကို လေ့လာဖို့အတွက် ငါ့ကို ရွေးချယ်ခဲ့တယ် …။ ဒါက အချိန်ဖြုန်းတာပဲ မဟုတ်ဘူးလား …။ မင်းရဲ့ အရည်အချင်းနဲ့ သူ့ကို သတ်ဖို့ အခွင့်အရေး အလွယ်တကူ ရှာနိုင်တယ် မဟုတ်ဘူးလား …”
” မင်းနားမလည်ပါဘူး …။ အဲ့ဒီအိုင်တမ်ကိုရဖို့ အခွင့်အရေးက တစ်ခုပဲရှိတယ် …။ ငါက သူ့ကို သတိပေးသလိုဖြစ်သွားရင် အခွင့်အရေးဆုံးရှုံးသွားမှာ …။ ဒါ့အပြင် မင်းနဲ့ ငါမပါလာတာ ကံကောင်းတယ် …။ သူ့ကို သတ်ဖို့က ခက်ခဲတာ …။ ပြီးတော့ အဲ့ဒီအိုင်တမ်ကို သူနဲ့အတူ ယူမလာခဲ့ဘူး …။ သူ့ကိုသတ်တာက အသုံးမဝင်ဖြစ်မှာပဲ …”
ငွေက ခေါင်းခါပြီးနောက် ညင်သာစွာရယ်မောပြီး ပြောလိုက်သည်။
” ဘယ်လိုပဲဖြစ်ဖြစ် ငါအလျင်မလိုဘူးလေ …။ ဘာပဲဖြစ်ဖြစ် တခြားနေရာတွေ ရှိသေးတာပဲ …။ ဒါပေမဲ့ သူ့ကိုစောင့်ကြည့်ပြီး လှုပ်ရှားမှုတိုင်းကို ငါ့ဆီသတင်းပို့စေချင်တယ် …”
” မင်းပြောထားတဲ့ ဆုကြေးအတွက်တော့ ငါမြန်မြန် ဖြေရှင်းပေးမှာပါ …။ ဒါပေမဲ့ ဒီအချက်အလက်ကို မင်းနဲ့ငါပဲ သိလို့ရမယ်ဆိုတာ မမေ့ထားနဲ့ …။ စကားလုံးပေါက်ကြားတာ ရှာတွေ့သွားတာနဲ့ နောက်ဆက်တွဲကို မင်းခံစားရမှာ …”
စကိုင်းက ငွေ၏ အသိပေးသည့် အကြည့်အောက်တွင် အလိုလို တုန်ရီသွားမိကာ အမြန် ပြန်ပြောလိုက်တော့၏။
” ငါနားလည်ပါတယ် …”
ငွေသည် အပြစ်ခုနှစ်ပါးပန်းပွင့်၏ စစ်မှန်သည့် အထက်အရာရှိတစ်ဦး ဖြစ်သည်။ အဖွဲ့အစည်း၏ သမိုင်းကြောင်းတောက်လျှောက် ငွေက ငယ်ငယ်ရွယ်ရွယ်ဖြင့် အဖွဲ့အစည်း၏ အထက်အရာရှိနေရာသို့ တက်လှမ်းနိုင်ခဲ့သော ကစားသမားတစ်ဦးဖြစ်သည်။ သူ၏ ခွန်အားနှင့် အရည်အချင်းက အတိုင်းထက်အလွန် ဖြစ်ပေ၏။ သူက ငွေကိုရန်စခဲ့လျှင် နတ်ဘုရားနယ်မြေထဲတွင် ခြေချရန် မဖြစ်နိုင်ရုံသာမက အပြင်လောကတွင်ပါ ထိခိုက်နစ်နာမှာ ဖြစ်သည်။
မီးနဂါးအင်ပါယာ မီးနဂါးတော်ဝင်မြို့တော်တွင် ဖြစ်သည်။
နတ်ဘုရားနယ်မြေက များစွာသောအင်ပါယာများ၏ အိမ်ပဲဖြစ်သည်။ သို့သော်ငြား မဟာအင်ပါယာလေးခုကမူ ကျန်သည့်အရာများထက် အထက်တွင်ရှိပေ၏။ မီးနဂါးအင်ပါယာက ထိုအင်ပါယာလေးမျိုးထဲမှ တစ်မျိုးလည်း ဖြစ်သည်။
သားရဲအင်ပါယာ၏ တော်ဝင်မြို့တော်က ကစားသမားလူဦးရေ ဆယ်သန်းဝန်းကျင်သာ ရှိသည်။ မီးနဂါးမြို့တွင်မူ သန်းသုံးဆယ်ကျော် ရှိပေ၏။ သားရဲမြို့က မီးနဂါးမြို့နှင့် မယှဥ်နိုင်။ တစ်ချိန်ထဲတွင် မီးတောက်နဂါးမြို့က အမှောင်ပြိုင်ကွင်းကို မကြာခဏ ကြီးမူးကျင်းပသည့် မြို့လေးမြို့ထဲမှ တစ်မြို့လည်း ဖြစ်သည်။
မီးတောက်နဂါးမြို့၏ နယ်မြေကလည်း ကျယ်ဝန်းပေသည်။ မီးတောက်နဂါးမြို့နှင့်ယှဥ်လျှင် ကြယ်လမြို့၊ မြစ်ဖြူမြို့တို့က သေးငယ်သည့်ကလေးအရွယ်မျှသာ ရှိသည်။
လက်ရှိတွင် ကစားသမားများစွာက မီးတောက်နဂါးမြို့၏ မြေအောက်ပြိုင်ကွင်းတွင် စုဝေးနေကြသည်။
ထိုကစားသမားများက ပုံရိပ်ယောင်ဂိမ်းလောကတွင် ထင်ရှားပြောင်မြောက်သည့်နေရာများ သို့မဟုတ် နတ်ဘုရားနယ်မြေ၏ အရှင်သခင်များဖြစ်ကြပေသည်။ ထိုကစားသမားများထဲမှ မည်သူကိုမှ ရန်စ၍မရပေ။ လက်ရှိတွင် သာမန်ကစားသမားများက မြေအောက်လောကပြိုင်ကွင်းထဲ မဝင်ရောက်နိုင်ပေ။ စူပါအစည်းအရုံးတစ်ခုက ဧရိယာကို တားဆီးပိတ်ဆို့ထား၏။ ဤနေရာတွင် ကစားသမားတစ်ယောက်က ပြဿနာလာရှာရဲလျှင် သူတို့က နတ်ဘုရားနယ်မြေထဲမှ လျင်မြန်စွာ ဖယ်ရှားခံရမှာ ဖြစ်သည်။ ထို့ကြောင့် ဖိတ်ကြားချက်မရှိဘဲ မည်သူမှချဥ်းကပ်ရဲခြင်း မရှိပေ။
“အစ်မကြီးမိုး အချိန်ရောက်တော့မယ် …။ ဒါတောင် အဲ့ဒီလူတွေ ရောက်မလာသေးဘူး …။ အခုကျန်တဲ့သူတွေကို ပြင်ဆင်ထားသင့်ပြီလား …”
တန်ဖိုးကြီးဝတ်စုံများ ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော မိန်းမလေးက ဖီးနစ်မိုးကို ညင်သာစွာ မေးလိုက်သည်။
” ငါတို့မှာ အချိန်ရှိပါသေးတယ် …။ နည်းနည်း ထက်စောင့်လို့ မထိခိုက်ပါဘူး …။ သူတို့ ပေါ်မလာရင်လဲ သူတို့နေရာကိုယူဖို့ တခြားသူတွေရှိတာပဲ …”
ဖီးနစ်မိုးက ပြောပြီးနောက် သူမဘေးရှိ ဆွဲဆောင်မှုရှိသည့် အလှလေးကို ဖျတ်ခနဲကြည့်လိုက်သည်။ သူမက ပြုံးပြီးဆက်ပြောလိုက်၏။
“ဘလူး …။ ဇီးရိုးဝင်းကို နင်အထင်သေးတယ်ဆိုတာ ငါသိပါတယ် …။ ဒါပေမဲ့ ဘလက်ဖလိမ်းက သိုင်းနဂါးကို အနိုင်ယူနိုင်ခဲ့တဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ …။ သိပ်မကြာခင်တုန်းက အပြစ်ခုနှစ်ပါးပန်းပွင့်က စကိုင်းကိုတောင် သူအနိုင်ယူခဲ့တာ …။ သူ့ရဲ့ခွန်အားနဲ့ နတ်ဘုရားနယ်မြေရဲ့ ထိပ်သီးမှာရှိတယ် …”
နဂါးဖီးနစ်ပွဲကြည့်စင်တွင် ဘလူးဖီးနစ်က သိုင်းနဂါးထက် ကျော်ကြားမှုမလျော့ပေ။ သူမက ဖီးနစ်ပွဲကြည့်စင်က ငွေကုန်ကြေးကျများစွာဖြင့် တိတ်တဆိတ်ပြုစုပျိုးထောင်ခဲ့သော ထိပ်တန်းတိုက်ပွဲဝင်သူများထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သိုင်းနဂါးက သူမထက်ခြေတစ်လှမ်းစောပြီး နယ်မြေနိုးထခဲ့ခြင်းကြောင့် ဘလူးဖီးနစ်သည် သိုင်းနဂါးထက်အားနည်းသွားတာ ဖြစ်သည်။ ထိုသို့တိုင် သူမက နတ်ဘုရားနယ်မြေ၏ ထိပ်တန်းတွင်ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသေးသည်။
မူလက ဖီးနစ်မိုးသည် တိုက်ပွဲဝင်အဖွဲ့ကို ဦးဆောင်ရန် ဘလူးဖီးနစ်ကို ခွင့်ပြုရန်ရည်ရွယ်ခဲ့သည်။ သူမ၏ ခွန်အားဖြင့် အောင်မြင်နိုင်ရန်ဖြစ်၏။ သို့သော် ဘလက်ဖလိမ်း ရုတ်တရက်ပေါ်ပေါက်လာမှုက သူမစိတ်ကို ပြောင်းလဲသွားစေ၏။ ဘလက်ဖလိမ်းအား တိုက်ပွဲဝင်အဖွဲ့ကို ဦးဆောင်းစေခဲ့လျှင် သူမက ဘလူးဖီးနစ်ကို သိုသိုသိပ်သိပ်နေစေရန် အခွင့်အရေးရှိစေ၏။ အနည်းဆုံးတော့ သူမနှင့် တိုက်ပွဲဝင်အဖွဲ့ကို သူမကိုသူမ ပိုကွယ်ဝှက်ထားနိုင်ရန် အခွင့်အရေးရှိမှာပဲ ဖြစ်သည်။ အနည်းဆုံးတော့ ဤတိုက်ပွဲဝင်အဖွဲ့နှင့် သူမ၏ ဆက်နွယ်မှုကို မည်သူမှသိတော့မှာမဟုတ်။
“ဒါပေမဲ့ ဘလက်ဖလိမ်းက ကျွန်မတို့ကို အထင်သေးနေတာ အစ်မကြီးမိုး …။ ပြဿနာတွေအများကြီးတက်ပြီးမှ ဤတိုက်ပွဲဝင်အဖွဲ့နေရာကို ရလာခဲ့တာ …။ ဒါတောင် သူတို့က ပေါ်မလာသေးဘူး …။ ပွဲမစခင် ရှုံးနေပြီးပြီ …။ ဆိုလိုတာက သူတို့ အလေးမထားဘူးလို့ ပြနေတာပဲ …။ သူတို့လိုလူက တိုက်ပွဲထဲမှာ အားကုန်ထုတ်သုံးပြီး ဘယ်လိုလုပ်တိုက်နိုင်ပါ့မလဲ …”
ဘလူးဖီးနစ်က မကျေမချမ်း စောဒကတက်လိုက်၏။
ဖီးနစ်မိုးက ရှီဖုန်းရောက်လာမှာကို တိတ်တဆိတ်စောင့်နေစဥ် သူမရှေ့၌ ကျက်သရေရှိသော ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးတစ်ဦးပေါ်လာ၏။ ထိုမိန်းမလှက ခမ်းနားသည့်ရောင်ဝါများ ထွက်ပေါ်နေသည်။
“ဘာကြောင့် မစ္စဖုန်း မဟုတ်ရတာလဲ …။ ဒီလောက် နှစ်ပေါင်းများစွာ ကြာပြီးတာတောင် မျှော်စင်သခင်အဆင့်ပဲ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး …။ ကျွန်မအကို တောင်းဆိုတာသာ သဘောတူခဲ့မယ်ဆိုရင် ဒီလိုသနားစရာ အခြေအနေမှာရှိနေမှာ ရှိနေမှာမဟုတ်ဘူး …”
စံထားမိုးမခက ခိုးခိုးခစ်ခစ် ရယ်လိုက်၏။ သို့သော် ပြောလိုက်သည့်အချိန်တွင် သူမမျက်လုံးများက ပျက်ရယ်ပြုမှုများ ပါနေသည်။
” ပြီးတော့ ငါရှေ့မှာ ဘယ်သူပေါ်လာတာလဲလို့ အံ့သြနေတာ …။ ဪ လက်တလောက ဇီးရိုးဝင်းလို တည်ထောင်ခါစအစည်းအရုံးလက်ထဲမှာ ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားတဲ့ မစ္စလျှိုကို …”
ဖီးနစ်မိုးက ပါးစပ်ကို လက်ဖြင့်ကာကွယ်ဝှက်လျှက် ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။
ဖီးနစ်မိုးပြန်ပတ်တာကို ကြားသောအခါ စံထားမိုးမခသည် အမြှီးတက်နင်းခံရသည့်ကြောင်ကဲ့သို့ စွေ့စွေ့ခုန် ဒေါသထွက်နေတော့၏။
“ဖုန်းချန်းယွီ နင်နိုင်သွားပြီလို့ မထင်နဲ့ …။ အနှေးနဲ့အမြန် နင်ကြိုးစားအားထုတ်မှုတွေအားလုံး ဘာအတွက်မှ မဟုတ်ဘူးဆိုတာ သင်ခန်းစာပေးလိုက်မယ် …။ နင်ရဲ့ ကံကြမ္မာက ဆုံးဖြတ်ထားပြီးပြီ …။ ဘယ်တော့မှ ပြောင်းလဲလို့မရဘူး …။ နဂါးဖီးနစ်ပွဲကြည့်စင်တောင် နင်ကို ကူညီနိုင်မှာ မဟုတ်ဘူး …။ နင်က ပွဲကြည့်စင်သခင်လေးတစ်ယောက်ပဲ ရှိသေးတာ …”
စံထားမိုးမခက နှာခေါင်းရှုံ့ပြီး ခြေစောက်နင်းကာ ထွက်သွားတော့၏။
စံထားမိုးမခထွက်သွားပြီးနောက် ဖီးနစ်မိုး၏ အရောင်အသွေးက အနည်းငယ်သုံမှုန်သွားသည်။
“အစ်မကြီးမိုး အချိန်ကျလာပြီ …။ ပွဲစီစဥ်သူတွေက ကျွန်မတို့ကို အသင့်ပြင်ခိုင်းနေပြီ …။ ဘာလုပ်သင့်လဲ …”
ဘလူးဖီးနစ်က မေးလိုက်၏။
ဘာသာပြန်သူ၏မှတ်ချက်
ဖုန်း = ဖုန်းချန်းယွီ = ဖီးနစ်မိုး
ဖုန်းချန်းယွီသည် ဖီးနစ်မိုး၏ နာမည်အရင်း ဖြစ်သည်။ အမှန်တကယ်တွင် သူမ၏ အမည်အရင်းကို ဂိမ်းထဲတွင် အသုံးပြုထားတာ ဖြစ်၏။ သို့သော် ဖုန်းချန်းယွီဟူသည် ဖုန်းချန်းယွီမှန်း မမှတ်မိနိုင်လောက်ဟု ထင်မိ၏။
လျို = လျိုရှီးရှီး = စံထားမိုးမခ
လျိုရှီးရှီးသည် စံထားမိုးမခ၏ နာမည်အစစ်ဖြစ်သည်။ သူမ၏ နာမည်အစစ်ကို ဂိမ်းထဲတွင် အသုံးပြုထားတာဖြစ်၏။