ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 775 မုချသတ်ဖြတ်ခြင်းဂါထာ
” သူမေ့သွားတာလား …”
ဖီးနစ်မိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
အမှန်တကယ်တွင် သူမက ဘလက်ဖလိမ်းထက် သူမလက်အောက်ငယ်သားများကို ယုံကြည်ချက် ပိုရှိသည်။ ဆိုရလျှင် ထိုလက်အောက်ငယ်သားများကို သေချာပြုစုပျိုးထောင်ခဲ့တာ ဖြစ်သည်။ သူတို့ကို ကျွမ်းကျင်သူတစ်ဦးဖြစ်ရန် ပုံသွင်းခဲ့တာဖြစ်သည်။ ထို့အပြင် ဖီးနစ်မိုးက သူရနိုင်သည့် အကောင်းဆုံး ချပ်ဝတ်တန်ဆာများသူအောက် ဝတ်ဆင်ပေးထားတာ ဖြစ်၏။ သူမသည် ဤပြိုင်ပွဲအတွက် အချိန်နှင့်အားစိုက်ထုတ်မှုများစွာ ရင်းနှီးခဲ့ရသည်။ ဇီးရိုးဝင်းအတွက်တောင် ၎င်း၏ ချပ်ဝတ်တန်ဆာများက နာမည်ကျော်ကြားသော်ငြား ပိုကောင်းသည့်ချပ်ဝတ်တန်ဆာ မရှိလောက်ပေ။
ချက်ချင်းပင် ဖီးနစ်မိုးက စနစ်မျက်နှာပြင်ကနေ ဘလက်ဖလိမ်းကို ဆက်သွယ်ရန်ရည်ရွယ်လိုက်၏။ ထိုလူအမှန်တကယ်ပေါ်မလာခဲ့လျှင် ပြိုင်ကွင်းထဲသို့ သူမ၏ လက်အောက်ငယ်သားများကို ပို့ရုံသာ ရှိသည်။ ယင်းက သူမ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြမိမည် စွန့်စားချက်ရှိနေသော်ငြား ပြိုင်ပွဲကို အနိုင်ရရန်က အရေးကြီးသည်။
ဖီးနစ်မိုးက မိတ်ဆွေကိုဆက်သွယ်ဟူသော ခလုတ်ကိုနှိပ်တော့မည့်အချိန်တွင် ရှီဖုန်းက ပေါ်လာတော့သည်။ သို့သော် ဘလက်ဖလိမ်းဟူသော သွင်ပြင်ထက် ရှီဖုန်းက ရီဖုန်းဟူသော သွင်ပြင်အတိုင်း ဝတ်ဆင်ထားသည်။
“မင်္ဂလာပါ ဖီးနစ်ပွဲကြည့်စင်သခင် …။ ကျုပ်က ရီဖုန်း …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းပို့လိုက်တဲ့ တိုက်ပွဲဝင်အဖွဲ့ရဲ့ ခေါင်းဆောင်ပါ …”
ရှီဖုန်းက ဖြည်းဖြည်းခြင်း ရှင်းပြလိုက်သည်။
” ဟယ်လို ရှင်တို့အစည်းအရုံးခေါင်းဆောင် အခု ဘယ်မှာလဲ သိခွင့်ရမလား …”
ဖီးနစ်မိုးက ရှီဖုန်းကို အလေးမထားဘဲ မေးလိုက်၏။
သူမက ရီဖုန်းကို သိသည်။ သို့သော်ငြား သူမအမြင်တွင် ရန်သူပြိုင်ပွဲဝင်အဖွဲ့ကို စိတ်ရှုပ်ထွေးသွားစေရန် ဘလက်ဖလိမ်းဆင်ထားသည့် ထောင်ချောက်တစ်ခုမျှသာ ဖြစ်၏။ သူမရှေ့ရှိ လူငယ်ထက် ဘလက်ဖလိမ်းက တိုက်ပွဲဝင်အဖွဲ့၏ ခေါင်းဆောင်အစစ်အမှန် ဖြစ်သင့်သည်။
“အစည်းအရုံးခေါင်းဆောင်က အရေးကြီးကိစ္စဖြေရှင်းစရာ ရှိတာကြောင့် တိုက်ပွဲဝင်အဖွဲ့နဲ့ ပတ်သက်တာတွေအတွက် ကျုပ်ကိုလွဲပေးသွားတာ …။ ဖီးနစ်ပွဲကြည့်စင်သခင်က မေးစရာရှိရင် လွတ်လွတ်လပ်လပ်မေးလို့ရပါတယ် …”
ရှီဖုန်းက ဖီးနစ်မိုး၏ စိတ်ထဲဖြစ်နေတာတွေကို ပြောနိုင်ပေသည်။ သူက ရယ်မောလျက် ပြောလိုက်၏။
” ဒါ့အပြင် ဖီးနစ်ပွဲကြည့်စင်သခင်အနေနဲ့ ဇီးရိုးဝင်းရဲ့ အစည်းအရုံးခေါင်းဆောင်အတွက် ဒီလိုပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်ပါတာက သင့်တော်တယ်လို့ တကယ်ထင်လား …”
” ဒါဆိုရင် အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက အမှောင်ပြိုင်ကွင်းထဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ ပြောတာလား …”
ဖီးနစ်မိုးက မျက်လုံးထဲတွင် အမျက်ဒေါသများတောက်လောင်ပြီး ကျောချမ်းဖွယ်လေသံဖြင့် ပြောလိုက်သည်။ ဤအခြေအနေကို သူမ မျှော်မှန်းထားခြင်း မရှိပေ။
” ဒါပေါ့ …။ ဒါပေမဲ့ ဖီးနစ်ပွဲကြည့်စင်သခင် ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ …။ ကျုပ်တို့က ခင်ဗျားကို စိတ်မပျက်စေရပါဘူး …”
ရှီဖုန်းကပြောပြီး ဖီးနစ်မိုးဒေါသထွက်တာကို စိတ်ထဲမထားပေ။ သူက စိတ်အေးလက်အေး ဆက်ပြော၏။
” ဖီးနစ်ပွဲကြည့်စင်သခင်က မသေချာသေးရင် ကျုပ်ရဲ့ ခွန်အားကို ကိုယ်တိုင်စမ်းသပ်ကြည့်လို့ရတယ် …”
ရှီဖုန်းသည် ဖီးနစ်မိုး၏ လက်ရှိခွန်အားအကြောင်း အလွန်သိချင်နေသည်။
အတိတ်တုန်က မရေမတွက်နိုင်သော အစည်းအရုံးများသည် ဖီးနစ်မိုး၏ လက်ဝယ်ကျဆင်းခဲ့ရ၏။ ဖီးနစ်မိုးကို ရင်ဆိုင်ရန်အတွက် အတူလက်တွဲခဲ့ကြသည့် ထိပ်သီးကျွမ်းကျင်သူများတောင် ရှိသည်။ ခြွင်းချက်မရှိပဲ သူမက သူတို့အားလုံးကို အနိုင်ယူခဲ့သည်။ ထိုစဥ်က လုပ်ကြံသတ်ဖြတ်ရေးသမားများက ဖီးနစ်မိုး၏ ဂုဏ်သတင်းကို နတ်ဘုရားနယ်မြေထဲ မြင့်တင်ပေးခဲ့သည်။ သူမက နတ်ဆိုးဘုရင်မဘွဲ့တောင် ရခဲ့သေး၏။ ဆိုရလျှင် သူမက ထိပ်တန်းအလှလေးဖြစ်ရုံသာမက ထိပ်သီးကျွမ်းကျင်သူများကို နင်းချနိုင်သည့် အကြွင်းမဲ့ခွန်အားလည်း ပိုင်ဆိုင်ထားသည်။
ဖီးနစ်မိုးကို ဖြေရှင်းရန် ကြိုးစားခဲ့သည့် ထိပ်သီးကျွမ်းကျင်သူများက ဖီးနစ်မိုးနှင့် တိုက်ခိုက်ခဲ့သည့် အချိန်တွင် သူမက ထိခိုက်မှုတစ်စက်မှမရှိဘဲ သူတို့အားလုံးကို သတ်ခဲ့ကြောင်း ဝင်ခံသွားပေ၏။
ထိုထိပ်သီးကျွမ်းကျင်သူများက ရှီဖုန်းအတွက်မူ နတ်ဘုရားများသာ ဖြစ်၏။ သူက သူတို့ကို မော့ကြည့်ရုံသာတက်နိုင်သည်။
ထိုသို့တိုင် ဤကဲ့သို့ ကျွမ်းကျင်သူများက ဖီးနစ်မိုးပေါ် လက်တစ်ချောင်းတောင် မတင်နိုင်ခဲ့။ ပူးပေါင်းတိုက်ခိုက်ပြီးသည့်တိုင် မနိုင်ပေ။ ဖီးနစ်မိုး၏ ခွန်အားက မယုံနိုင်စရာ ကောင်းလှ၏။
သို့သော် တိုက်ပွဲပြီးနောက် ဖီးနစ်မိုးသည် တိုက်ပွဲဝင်ရန် တမင်တကာရှောင်ကျဥ်ခဲ့သည်။ သူမက ဖြေရှင်းရန်အတွက် ဘလူးဖီးနစ်ကိုသာ ကိစ္စအားလုံးလွဲထားခဲ့၏။ ရလဒ်အနေဖြင့် ဖီးနစ်မိုး၏ အစစ်အမှန်ခွန်အားက နတ်ဘုရားနယ်မြေထဲတွင် ဆန်းကျယ်မှုတစ်ခုအဖြစ် ကျန်ရစ်တော့သည်။
ထိုစဥ် ဘလူးဖီးနစ်က ရှေ့တက်ပြီး ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း မျက်နှာသာပေးခံထားရတဲ့ အဖွဲ့ခေါင်းဆောင်ဆိုတော့ ထင်တဲ့အတိုင်းပါပဲ …။ ရှင်က ယုံကြည်ချက်ရှိနေတယ်ဆိုမှတော့ ကျွန်မနဲ့ တိုက်ခိုက်ကြည့်တာပေါ့ …”
ဘလူးဖီးနစ်က ဇီးရိုးဝင်းကို ဒေါသအင်မတန်ထွက်နေသည်။
ဘလက်ဖလိမ်းက ထိုကဲ့သို့အရေးကြီးသည့်ပြိုင်ပွဲကို လျစ်လျူရှူ့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး လက်အောက်ငယ်သားကိုသာ တာဝန်အားလုံးလွဲပေးခဲ့၏။ သူမက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို သင်ခန်းစာပေပြီး ဘလက်ဖလိမ်းကို အရှက်ခွဲချင်ခဲ့သည်။
” ကောင်းပြီလေ …။ ကျုပ်ငြင်းစရာမရှိဘူး …။ ဒါပေမဲ့ ကျုပ်တို့အချိန် သိပ်မရှိဘူးနော် …”
ရှီဖုန်းက ပြောပြီးနောက် အချိန်တစ်ချက်ကြည့်လိုက်သည်။
ပြိုင်ပွဲတရားဝင်စတင်ရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်။ သူတို့က ပွဲမစခင် ပြိုင်ကွင်းထဲမဝင်ခဲ့ပါက ပွဲထဲမှအလိုအလျောက် ဖယ်ရှားခံရမှာဖြစ်ပြီး ပြိုင်ဘက်က တိုက်တောင်မတိုက်ခိုက်ရဘဲ အနိုင်ရသွားမှာ ဖြစ်သည်။
” တစ်မိနစ်က လုံလောက်တာထက် ပိုနေပြီ …”
ဘလူးဖီးနစ်က ရှီဖုန်း၏ အဆင့်ကိုကြည့်လိုက်ရာ သူသည် အဆင့် (၃၅) ဖြစ်နေသေးတာ တွေ့လိုက်ရသည်။
” ဖီးနစ်ပွဲကြည့်စင်သခင် ခင်ဗျားအတွေးကရော …”
ရှီဖုန်းက ဖီးနစ်မိုးဘက် လှည့်ကြည့်လိုက်သည်။
” ကျွန်မလည်း အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းရဲ့ အကဲဖြတ်မှုကို သိချင်တယ် …။ သူက ရှင့်ကို အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ဖို့ပေးခဲ့တယ်ဆိုမှတော့ ရှင့်ရဲ့ ခွန်အားကို ကြည့်ကြတာပေါ့ …။ တစ်မိနစ်တောင် မရှင်သန်နိုင်ဘူးဆိုရင် အစည်းအရုံးခေါင်းဆောင်ဘလက်ဖလိမ်းက အကောင်းမြင်လွန်းနေတယ်လို့ပဲ ပြောနိုင်မယ် …။ ဒီလိုဆိုမှတော့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စဥ်းစားရမှာပေါ့ …”
ရှီဖုန်းကို အချိန်အတော်ကြာလေ့လာပြီးသည့်တိုင် ရှီဖုန်း သန်မာသည်ဟု သူမ မထင်ပေ။ သူမက ထိုလူထံမှ ဖိအားအနည်းငယ်ဖြာထွက်နေတာကို ခံစားမိသော်လည်း ဖိအားက နည်းပါးလွန်းနေသည်။ ဘလက်ဖလိမ်းထဲမှ ခံစားရသည့် ဖိအားနှင့်မတူ။
” နှစ်ယောက်တိုက်ခိုက်ဖို့ကွင်းက ရလောက်ပါတယ် …။ ရှင်တို့ ဒီမှာ တိုက်ခိုက်လို့ရတယ် …”
အမှန်တကယ်တွင် ဖီးနစ်မိုးကလည်း ရှီဖုန်း၏ အထောက်အထားကို သိချင်နေသည်။
သူမသည် ယခင်က ဇီးရိုးဝင်းအကြောင်း စစ်ဆေးမှုတင်ပြချက်ထဲတွင် ရီဖုန်း၏ အမြင်ကိုမြင်ခဲ့သည်။ သို့သော် ရီဖုန်းက နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်တွင်သာ ပေါ်လာလေ့ရှိတာ ဖြစ်သည်။ ဆိုရလျှင် သူက မှတ်သားလောက်စရာ ဘာမှမရှိ။ ဒီအတိုင်း ဘလက်ဖလိမ်းက အမှောင်ပြိုင်ကွင်းကဲ့သို့
အရေးပါသည့် ပွဲစဥ်အတွက် တိုက်ပွဲဝင်အဖွဲ့အတွက် အာဏာကုန်လွဲပေးခဲ့သည်။ ဇီးရိုးဝင်း၏ ဒုခေါင်းဆောင်ရေနှင်းဆီတောင် တိုက်ပွဲဝင်အဖွဲ့၏ ဒုတိယနေရာတွင်သာ ရှိသည်။
ဤကဲ့သို့သော အခြေအနေတွင် သူမ၏ စိတ်ဝင်စားမှု မဖြစ်ပေါ်ဘဲ နေမည်နည်း။
ဖီးနစ်မိုး၏ အမြင်အရ ဘလက်ဖလိမ်းသည် အင်မတန်တည်ငြိမ်တက်သည့်သူ ဖြစ်၏။ ဦးစားပေးဆောင်ရွက်ရမည့်အရာများကို ကောင်းကောင်းသိပေသည်။
ဘလက်ဖလိမ်းက အမှောင်ပြိုင်ကွင်းအရေးပါမှုအကြောင်း မသိတာမဖြစ်နိုင်။ ထိုသို့တိုင် ရီဖုန်းအား တာဝန်အားလုံးလွဲထားပေးခဲ့သေးသည်။
ထိုလူငယ်ကို မစစ်ဆေးဘဲ ရီဖုန်းကို လွှတ်ခြင်းက ဉာဏ်မရှိရာရောက်သည်။ ထို့ကြောင့် ရီဖုန်း၏ခွန်အားကို စမ်းသပ်ရန်အချိန်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဘလူးဖီးနစ်နှင့် ရင်ဆိုင်ရာတွင် တစ်မိနစ်တောင့်ခံနိုင်ခဲ့လျှင် သူအတော်လေးသန်မာတာဖြစ်၏။ လာမည့်ပွဲစဥ်အတွက် အောင်ပွဲရရန် စိတ်ချသေချာဖို့က မဖြစ်နိုင်ပေ။ ဆိုရလျှင် ပြိုင်ပွဲဝင်အဖွဲ့၏ ကျန်သည့် ဇီးရိုးဝင်းအဖွဲ့ဝင်များက အတော်လေးသန်မာကြပေသည်။
” ဖီးနစ်ပွဲကြည့်စင်သခင်က ဘာပြဿနာမှ မရှိဘူးဆိုမှတော့ ကျုပ်လည်းပြောစရာမရှိဘူး …”
ရှီဖုန်းက ရယ်ရယ်မောမောဖြင့် နှစ်ယောက်တိုက်ခိုက်ရန် ကွင်းထဲသို့ ဝင်သွားလိုက်သည်။
လေ့ကျင့်ရေးပွဲစဥ်မျာအတွက် ကစားသမားများ ငှားရမ်းနိုင်သည်။ တိုက်ခိုက်ရေးကွင်းများက မြေအောက်လောကပြိုင်ကွင်းထဲတွင် ရှိပေသည်။ သို့သော် ပြိုင်ကွင်းများ၏ အဆင့်ကမြင့်လေလေ ငှားရမ်းခက ပိုမြင့်လေဖြစ်၏။
ပြိုင်ကွင်းထဲသို့ရောက်သည်နှင့် ဘလူးဖီးနစ်နှင့် ရှီဖုန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ရာ အချိန်စရေတွက်တော့သည်။
ငါးစက္ကန့်၊ လေးစက္ကန့်
နှစ်ယောက်တိုက်ခိုက်ရန် အချိန်ရောက်သည်နှင့် ဘလူးဖီးနစ်က ဇီးရိုးဝင်း၏ ကျန်သည့်အဖွဲ့ဝင်များ ပွဲစဥ်ကိုစိတ်ဝင်စားမှုမရှိတာကို ရုတ်တရက်သတိပြုမိလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြတော့သည်။
” ငါရဲ့ လက်အောက်ငယ်သားကို လျှော့တွက်တာလား …”
ဘလူးဖီးနစ်က မရယ်ဘဲမနေနိုင်တော့ချေ။ သို့သော်ငြား သူမ ရယ်မောမှုတွင် အေးခဲမှု တစ်စွန်းတစ်စ ပါဝင်နေသည်။
ဘလူးဖီးနစ်က ဇီးရိုးဝင်းအဖွဲ့ဝင်များ၏ အမူအကျင့်ကို သတိပြုမိသည်။
” ကောင်းတယ် …။ သိပ်ကောင်းတယ် …။ နင်တို့အဖွဲ့ခေါင်းဆောင်ကို လွယ်လွယ်ကူကူထားပေးပြီး စက္ကန့်အနည်းငယ်လောက် ပိုခံနိုင်အောင် တိုက်ခိုက်မလို့ပဲ …။ အခုတော့ ငါးစက္ကန့်အတွင်း တိုက်ခိုက်ပစ်မယ် …”
ဘလူးဖီးနစ်က စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
ဘလူးဖီးနစ်က အဆင့် (၃၆) အလွှာတစ် ဓာတ်ကြီးလေးပါးအသုံးပြုသူ ဖြစ်သည်။ သူမ၏ ချပ်ဝတ်တန်ဆာများတွင် အဆင့် (၃၅) မဟူရာရွှေနှင့် ရွှေစင်အရည်အသွေးများ ပါဝင်၏။ လက်ထဲရှိ တောင်ဝှေးက အာရုံဦးတောင်ဝှေးဖြစ်ကာ အဆင့် (၃၀) ငရဲအဆင့် မြေအောက်စခန်မှ ရလာခဲ့သည့် လက်နက်ဖြစ်သည်။ မဟူရာရွှေအဆင့်တောင်ဝှေးကတောင် သူမ အဆင့် (၃၅) နှင့် အဆင့်ညီနိုင်ပေ၏။ ဆိုရလျှင် ဘလူးဖီးနစ်၏ မှော်ထိခိုက်မှုက အံ့သြဖွယ်ကောင်းလှပေသည်။ သူမ၏ စကေးအနည်းအကျင်းက အဆင့်တူ MT တစ်ယောက်ကို ထိခိုက်မှုကြီး ဖြစ်သွားစေသည်။
မကြာမီ၌ နှစ်ဦးယှဥ်တိုက်ခိုက်သည့်ပွဲစဥ်က ပွဲစဥ်စတင်ကြောင်း အချက်ပေးသံမြည်လာတော့သည်။
” သေစမ်း …”
တစ်ချက်အော်ပြီးနောက် သူမသည် ရုမ်းများစွာကို ရေးဆွဲလိုက်သည်။ ချက်ချင်းပင် ရေခဲလှံများစွာက သူမတစ်ဝိုက်တွင် ပေါ်လာပြီး ရှီဖုန်းဆီ ပစ်ထုတ်လိုက်တော့၏။
အလွှာတစ် မုချဂါထာ ရေခဲရူးသွပ်ခြင်း
ရေခဲလှံများက ပြင်းထန်သည့်စွမ်းအားများ ပါဝင်သည်။ ထိုလှံများနှင့် ထိမိသည့်ကစားသမားတိုင်း လှုပ်ရှားမှု (၄၀) ရာခိုင်နှုန်း၊ တိုက်ခိုက်မှုအရှိန် (၃၀) ရာခိုင်နှုန်း လျှော့ချခံရမှာ ဖြစ်သည်။
ဘလူးဖီးနစ်၏ ထိန်းချုပ်မှုအောက်တွင် ရေခဲလှံတစ်ဒါဇင်ခန့်က ရှီဖုန်းဆီ အရပ်မျက်နှာအနှံမှ တိုးဝင်လာကြတော့သည်။ ဓားသမားပုန်းစရာနေရာ မရှိပေ။ ထို့အပြင် ဘလူးဖီးနစ်က လေဟာနယ်နယ်ပယ်သို့ ရောက်ရှိပြီဖြစ်သည်။ သူမ ပတ်ဝန်းကျင်တွင် ရှီဖုန်း၏ အပြုအမူများကို သူမလက်ဖမိုးကဲ့သို့ပင် သိနိုင်သည်။ ရှီဖုန်း၏ လှုပ်ရှားမှုအနည်းငယ်လေးဖြင့် သူမက ရေခဲလှံများ၏ တိုက်ခိုက်မှုလားရာကို ချိန်ညှိနိုင်မှာ ဖြစ်၏။ သို့သော် ယင်းက အကုန်မဟုတ်သေးပေ။
ရုတ်တရက်တွင် ဘလူးဖီးနစ်က လက်ဝှေ့ရမ်းလိုက်ရာ သူမရှေ့တွင် ရေခဲနံရံနှစ်ချပ် ပေါ်လာသည်။ သူမကို ရှီဖုန်း မတိုက်ခိုက်နိုင်အောင် ကာကွယ်ထားလိုက်တော့၏။