ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 776 သုံးဆရွတ်ဆိုခြင်း
“မြန်ဆန်ပြီး ကြမ်းတမ်းလိုက်တဲ့ နည်းစနစ် …။ သူက နဂါးဖီးနစ်ပွဲကြည့်စင်ရဲ့ သာမန်ကျွမ်းကျင်သူတစ်ယောက်ဆိုတာထက် ပိုမှာပဲ …”
ပရိသတ်ခုံတန်းမှ လှမ်းကြည့်နေသော ရေနှင်းဆီက အနည်းငယ်မှင်သက်သွားသည်။ ဘလူးဖီးနစ် ထိုမျှ အရည်အချင်း မြင့်လိမ့်မည်ဟု သူမမထင်ထား။
မှော်အမျိုးအစားများနှင့် အနီးကပ်တိုက်ပွဲဝင်အမျိုးအစားများ၏ တိုက်ပွဲဝင်နည်းလမ်းများက မတူညီပေ။ မှော်အမျိုးအစားများက သူတို့၏ ဂါထာများပေါ် ထိန်းချုပ်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုကိုသာ အာရုံစိုက်ထားရသည်။ ကစားသမားတစ်ဦးက ဂါထာတစ်ခုနှင့် ပိုရင်းနှီးကျွမ်းဝင်လေလေ သူတို့က ဂါထာကိုရွတ်ဆိုနှုန်း ပိုမြန်ဆန်လာလေဖြစ်၏။ တိကျသည့်အခြေအနေထိ ဂါထာတစ်ခုနှင့် ရင်းနှီးသွားသည်နှင့် သူတို့က ရွတ်ဆိုရန်အတွက် အနည်းငယ်သာ အာရုံစိုက်ရန် လိုအပ်တော့သည်။
အချို့သောကစားသမားများအတွက် ရွတ်ဆိုခြင်းကို မပြည့်အဝကျော်လိုက်လျှင်တောင် ရနေပြီး သူတို့ဂါထာများကို ချက်ချင်းထုတ်ဖော်နိုင်ကြသည်။
ကစားသမားတစ်ဦးက ဂါထာပေါ်ထိန်းချုပ်မှု ပိုမြင့်လေ ရွတ်ဆိုသည့်ဂါထာများက ပိုမြန်ဆန်လာလေ ဖြစ်၏။ အလွှာမြင့်ဂါထာများသည် ရွတ်ဆိုရန်အတွက် ထိန်းချုပ်မှုလည်း ပိုလိုအပ်သည်။ ဂါထာများစွာ ရွတ်ဆိုခြင်းက တကယ့်လောကတွင် အလုပ်များစွာကို လုပ်နေရသလိုပင်။ လူတစ်ယောက်သည် အလုပ်တစ်ခုကို ဖြေရှင်းနိုင်မည်ဖြစ်သော်ငြား နှစ်ခု၊ သုံးခု တစ်ပြိုင်နက်ထဲ ပြုလုပ်လျှင် အခက်အခဲတွေ့မှာပင်။ မှော်အမျိုးအစားကစားသမားများအတွက်မူ သူတို့၏ ဂါထာများကို တိကျသည့်အဆင့်အထိ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဂါထာများစွာကို တစ်ပြိုင်နက်ထဲ ရွတ်ဆိုရန်က မဖြစ်နိုင်ပေ။
မလေ့ကျင့်ဘဲ အလုပ်နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသော အလုပ်တာဝန်များကို ဆောင်ရွက်နိုင်သည့် ပါရမီထူးသော လူတစ်ချို့လည်း ရှိပေ၏။ ထိုလူများက မှော်အမျိုးအစားနေရာတွင် ဝင်ရောက်ဆော့ကစားခဲ့လျှင် ကျွမ်းကျင်သူများ အလွယ်တကူဖြစ်လာနိုင်၏။ သိပ်ထိန်းချုပ်ရန်မလိုဘဲ သူတို့က ဂါထာနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသောဂါထာများကို အလိုလိုရွတ်ဆိုနိုင်ကြမှာပဲ ဖြစ်သည်။
ဂါထာမျိုးစုံရွတ်ဆိုခြင်းဖြင့် သူတို့၏ ရန်သူများကို လွှမ်းမိုးနိုင်မှာပဲဖြစ်ကာ မှော်တိုက်ခိုက်မှုထဲ ဆွဲချနိုင်မှာဖြစ်၏။
ဆိုရလျှင် ဂါထာတစ်ခုတိုက်ခိုက်ခြင်းကို ရှောင်တိန်းရသည်က ခက်ခဲနေပြီဖြစ်ရာ နှစ်ခု သို့မဟုတ် ထိုထက်များသည်ကို ရှောင်ရန်ဆိုလျှင် ပြောနေရန်မလိုတော့ချေ။
ဂါထာနှစ်မျိုး ရွတ်ဆိုခြင်းက မှော်အမျိုးအစားကစားသမားတစ်ဦး၏ တိုက်ခိုက်မှုနည်းလမ်းများကို တိုးတက်စေသည်။ လေသံတစ်ခုထဲပေါ် မှီခိုအားထားခြင်းမပြုလျှင် အလွယ်တကူရှောင်တိန်းနိုင်မှာပဲ ဖြစ်၏။ ယင်းက သူတို့၏ တိုက်ပွဲဝင်စွမ်းအားများစွာကို အဆပေါင်းများစွာ တိုးတက်သွားစေသည်။
လက်ရှိတွင် ရေနှင်းဆီက နှစ်မျိုးရွတ်ဆိုခြင်းကိုသာ ဖြေရှင်းနိုင်သည်။ ထို့အပြင် သူမက အလွှာသုညဂါထာနှစ်မျိုးကိုသာ ရွတ်ဆိုနိုင်တာ ဖြစ်၏။ အလွှာသုညနှင့် အလွှာတစ်ဂါထာကို ရွတ်ဆိုနေသည်ကပင် သူမထက်ကျော်လွန်နေပြီ ဖြစ်သည်။ ထိုသို့တိုင် ဘလူးဖီးနစ်က အလွှာတစ်မုတ်ချသတ်ဖြတ်ခြင်းဂါထာနှင့် အလွှာသုညဂါထာကို ရွတ်ဆိုနိုင်စွမ်းရှိ၏။ ဘလူးဖီးနစ်က သူမထက် မည်မျှသာကြောင်း မှန်းဆနိုင်မိသည်။
ဝင်ရောက်လှံဆယ့်နှစ်စင်းကို ရင်ဆိုင်ရသည့်အချိန်တွင် ရှီဖုန်းက ပြေးသွားရာ သူလှုပ်ရှားလိုက်သည့်အချိန်၌ အနောက်တွင်ပုံရိပ်ယောင်များစွာ ကျန်ရစ်သည်။
လှုပ်ရှားနေသောကစားသမားတစ်ဦးကို ဂါထာတစ်ခုဖြင့် ထိရန်ကပိုခက်ခဲသည်။ ဘလူးဖီးနစ်က ရေခဲလှံများစွာကိုလည်း ထိန်းချုပ်နေရသေး၏။
” အသုံးမဝင်ဘူး …”
ဘလူးဖီးနစ်သည် ရှီဖုန်း၏ ရည်ရွယ်ချက်ကို ကြိုမြင်ပြီးဖြစ်ရာ အစောထဲက တိုင်းတာတွက်ချက်ထားပြီ ဖြစ်၏။ သို့သော် ရှီဖုန်းကလည်း လေဟာနယ်နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူက ရေခဲလှံများ၏ တိကျသောနေရာကို အာရုံခံနိုင်သည်။ ရေခဲလှံများ သူနားရောက်ခါနီးသည်နှင့် ချက်ချင်းပင်ဘေးသို့ရှောင်လိုက်ရာ ပွတ်ကာသီကာဖြတ်သွားတော့၏။ ပြီးနောက် သူက ရေခဲနံရံကို ဝိုင်းပတ်လျက် ဘလူးဖီးနစ်ဆီသို့ ချဥ်းကပ်လာသည်။
လေဟာနယ်နယ်ပယ်သည် ကစားသမားများအား သူတို့၏ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာသိခွင့်ပေးသော်ငြား အကွာအဝေးက အကန့်အသတ်မဲ့တာ မဟုတ်ပေ။ သူတို့၏ အမြင်အကျယ်ဆုံးအကွာအဝေးက ကိုက်နှစ်ဆယ်သာဖြစ်၏။ သူသာ ဘလူးဖီးနစ်နှင့် ကိုက်နှစ်ဆယ်အကွာတွင်ရှိနေသရွေ့ စေဘာအသုံးပြုသူသည် သူ၏ လှုပ်ရှားမှုများကို အသေးစိတ် သိနိုင်မှာမဟုတ်။ သူမ၏ ရေခဲလှံလားရာကို အချိန်ကိုက်ပြောင်းလဲဖို့က မဖြစ်နိုင်ပေ။
သို့သော် ဘလူးဖီးနစ်က အရူးတစ်ယောက်မဟုတ်။ ရေခဲရူးသွပ်မှုကို ထိန်းချုပ်နေစဥ် သူမကလည်း ရှီဖုန်းရှောင်မှာကိုဟန့်တားရန်အတွက် ရေခဲနံရံများနှင့် ရုပ်ချည်းအေးခဲခြင်းမြားများကိုလည်း အသုံးပြုခဲ့သည်။
သူမက ရှီဖုန်းကို ထောင့်သို့တွန်းပို့နိုင်ရန်အတွက် ရေခဲနံရံလေးခုကို ဆင့်ခေါ်ထားပြီး ရှီဖုန်းကို ပတ်လည်၌ ပိတ်ဆို့ထားခဲ့သည်။ ရေခဲလှံတစ်ဒါဇင်က ရှီဖုန်းဆီ ဆင်းသက်လာမှာကို စောင့်စားနေရုံသာ ရှိ၏။
ဖုန် … ဖုန် … ဖုန် …
ရေခဲမှုန်များနှင့် မြူနှင်းဖြူများက ဧရိယာတစ်ဝိုက် စမ့်ဝင်ပျံ့နှံ့သွားသည်။
” သူသေပြီလား …”
ဘလူးဖီးနစ်က အချိန်ကို ကြည့်လိုက်သည်။ တိုက်ပွဲစချိန်မှစကာ သုံးစက္ကန့်သာကုန်သေး၏။
ရုတ်တရက်တွင် ဘလူးဖီးနစ်က တစ်စုံတစ်ခု မှားယွင်းသလို ခံစားလိုက်သည်။ သူမနောက်ကျောတွင် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ပေါ်လာသလိုပင်။ အတွေးတစ်ချက်ဖြင့် နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းလိုက်သည်။ သူမ မူလနေရာနှင့် ဆယ့်ငါးကိုက်အကွာ၌ ပေါ်လာတော့သည်။
ဟွာ့ …
များစွာသော အပြာရောင်ဓားအလင်းတန်းများက ဘလူးဖီးနစ်၏ မူလနေရာတွင် ဖူးပွင့်လာကာ သူမချန်ထားရစ်ခဲ့သည့် ပုံရိပ်ယောင်ကို ပိုင်းဖြတ်လိုက်တော့သည်။ သူမသည် ရှီဖုန်း၏ တိုက်ခိုက်မှုများမှ ခပ်တည်တည်လေး လွတ်သွားတာဖြစ်သည်။
” သူမ အာရုံခံကလည်း စူးရှလိုက်တာ …”
ရှီဖုန်းက စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်သည်။ သူသာ ယခုအချိန်တွင် ကျန်သည့်အမျိုးအစားကို ရင်ဆိုင်နေရလျှင် ပြိုင်ဘက်ကို ထိမှာဖြစ်သည်။ ကံဆိုးသည်မှာ ဘလင့်ခ်သည်အတွေးတစ်ချက်ဖြင့် ရွတ်ဆို၍ရ၏။ ထိုစကေးက အာနိသင်ချက်ချင်းသက်ရောက်ကာ အသုံးပြုသူကို ဆယ့်ငါးကိုက်အကွာ၌ ပေါ်လာစေတာပဲဖြစ်သည်။ သူဓားမည်မျှမြန်ဆန်စေကာမူ ဘလင့်ခ်နဲ့တော့မယှဥ်နိုင်ပေ။
(ဘလင့်ခ်= gamer သိတဲ့ အသုံးအနှုန်းပါပဲ၊ တစ်နေရာကနေ တစ်နေရာကို ဝှစ်ခနဲ သွားလိုက်တာမျိုး၊ blink ကို မပြန်တော့ဘဲ ဘလင့်ခ်လို့ပဲ ဆက်သုံးသွားပါမယ်)
ကပ်သီးလေးပဲ။ သူမ၏ လေဟာနယ် နယ်ပယ် သိမြင်နားလည်မှုဖြင့် ဘလူးဖီးနစ်သည် ရှီဖုန်းလုပ်ခဲ့သည့်အရာကို သဘောပေါက်သွားသည်။ ထိုကြောင့် သူလှုပ်ရှားနေသေးတာ ဖြစ်သည်။ ကံဆိုးတာက ဒါတွေအသုံးမဝင်ဘူး။ အရာအားလုံးကို အဆုံးသတ်ပစ်မယ်။
ပြီးနောက် ဘလူးဖီးနစ်က လက်ချောင်းကို ဝှေ့ရမ်းလျက် ရေခဲနဂါး၏ဟိန်းသံကို အသုံးပြုလိုက်သည်။ အားကောင်းသော အေစက်သည့်လေများက ရှီဖုန်းဆီ ဖြတ်တိုက်လာတော့၏။
ရှီဖုန်းက ဘယ်ဘက်သို့ရှောင်တိန်းမည်အချိန်တွင် မဟာမီးဘောလုံးငါးလုံးက ပေါ်လာပြီး သူ့ဆီ ပျံဝဲလာတော့သည်။
ဂါထာနှစ်မျိုးရွတ်ဆိုခြင်းက မှော်အမျိုးအစားကစားသမားများကို ဦးစွာတိုက်ခိုက်ခွင့် ပေးထားသည်။ ရန်သူကို အားနည်းချက်များပေါ်လာအောင် ဖိအားပေးရန်အတွက် ပထမဆုံးတိုက်ကွက်ကို အသုံးပြုပြီးနောက် အားနည်းချက်ကို ဒုတိယဂါထာဖြင့် တိုက်ခိုက်တာဖြစ်၏။
သာမန်ကစားသမားများက နှစ်ဆတိုက်ခိုက်မှုကို သင့်တော်စွာ မဖြေရှင်းနိုင်ခဲ့လျှင် သူတို့ မည်သို့မည်ပုံသေသွားမှန်း သိလိုက်မှာမဟုတ်။
လေဟာနယ်နယ်ပယ် မှော်အမျိုးအစားကျွမ်းကျင်သူများက ဖြေရှင်းရခက်ခဲပေ၏။
ပိုကောင်းသည့်ရွေးချယ်စရာမရှိသောကြောင့် ရှီဖုန်းက နောက်ပြန်ဆုတ်ပြီး ရေခဲနဂါးဟိန်းသံကို မရှောင်ခင် မဟာမီးဘောလုံးငါးလုံးကိုရှောင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ရှီဖုန်းနောက်၌ ရေခဲနံရံနှစ်ချပ် ရုတ်တရက်ပေါ်လာကာ သူပြန်ဆုတ်သည့်လမ်းကြောင်းကို ပိတ်ထားလိုက်၏။
” မဖြစ်နိုင်တာ …”
ရေနှင်းဆီ၏ မျက်နှာထက်တွင် အံ့သြမှုများပေါ်လာတော့သည်။
” သူမက ဂါထာသုံးမျိုးရွတ်နိုင်တယ်လား …”
ဂါထာနှစ်မျိုးရွတ်ဆိုသည်ကပင် ရေနှင်းဆီ၏ အကန့်အသတ်ရောက်နေပြီ ဖြစ်သည်။ ထိုသို့တိုင် ဂါထာနှစ်မျိုးရွတ်ဆိုခြင်းက သူမ၏ တိုက်ပွဲဝင်စွမ်းအားကို အတော်များများတိုးတက်စေတာ ဖြစ်၏။ ဘလူးဖီးနစ်က သုံးဆတောင်ရွတ်ဆိုနိုင်ရာ သူမက လူမဆန်ရာရောက်ပေသည်။
ရေခဲနံရံနှင့် မီးဘောလုံးက အလွှာသုညဂါထာများဖြစ်ပေါ်ငြား ဂါထာသုံးမျိုးရွတ်ဆိုလိုက်သည့်အခါ အလွှာ ဂါထာထက်ပိုအစွမ်းထက်သွားသည်။ ဘလူးဖီးနစ်မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်းက နောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ တိုက်ပွဲကို တစ်မိနစ်အတွင်း အဆုံးသတ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေတာ အံ့သြစရာမရှိပေ။ ထိုကဲ့သို့ တိုက်ခိုက်ရေးနည်းလမ်းကို ဆန့်ကျင်ရာတွင် မည်သူမဆို လူတိုင်းနီးပါး ကူကယ်ရာမဲ့လောက်ပေ၏။
ကစားသမားတစ်ဦး၏ တစ်ခုတည်းသော ရွေးချယ်မှုက ဝင်ရောက်လာသည့်ဂါထာကို ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်သည်။ သို့သော် ဘလူးဖီးနစ်၏ မြင့်မားသောမှော်ထိခိုက်မှုကို ဆန့်ကျင်ရာတွင် သူမ၏ တိုက်ကွက်မည်မျှများများကို သူဖြေရှင်းနိုင်မည်နည်း။
” ဘလူးက ဒါကို သိပ်အလေးထားနေတာပဲ …”
ဖီးနစ်မိုးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမ ရဲဘော်ရဲဖက်၏ လုပ်ဆောင်ချက်ကို ကြည့်နေလိုက်သည်။
” ဘလူးပဲ ဒီပြိုင်ပွဲမှာ ပါရတော့မယ်နဲ့တူတယ် …”
နဂါးဖီးနစ်ပွဲကြည့်စင်တွင် ဘလူးဖီးနစ်က သိုင်းနဂါးနယ်မြေ မနိုးထစဥ် သူ့ကိုတောင် ဖိနှိပ်ထားနိုင်ခဲ့သည်။ ပြောရန်မလို ဇီးရိုးဝင်းမှ အမည်မသိသူက ဓာတ်ကြီးလေးပါးအသုံးပြုသူကို ရင်ဆိုင်နိုင်ရန် အခွင့်အရေးမရှိချေ။
ထို့ကြောင့် ဘလူးဖီးနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် တစ်မိနစ်ယှဥ်နိုင်ခဲ့လျှင် သူအောင်မြင်မည်ဟု သူမက ရှီဖုန်းကို ပြောခဲ့တာပဲ ဖြစ်သည်။ ယခုမူ မည်သို့ပင်ဆိုစေကာမူ တစ်မိနစ်တောင် မဖြစ်နိုင်ပုံရ၏။
ဘလူးဖီးနစ်၏ လက်ရှိချပ်ဝတ်တန်ဆာများဖြင့် သူမ၏ ဆက်တိုက်ခိုက်မှုကို ဆယ်စက္ကန့်တာ ခံနိုင်သည်ကပင် အထင်ကြီးဖွယ်ကောင်းနေပြီ ဖြစ်သည်။
နဂါးဟိန်းသံက ရှီဖုန်းကို ဝါးမျိုတော့မည်အချိန်တွင် သူက သတ်ဖြတ်ခြင်းရောင်ခြည်ကို ခပ်သာသာလွဲရမ်းလိုက်သည်။
ရှီ … ရှီ … ရှီ … ရှီ …
အပြာရောင်လျှပ်စီးများစွာက ရေခဲနဂါးဟိန်းသံကို ထိုးဖောက်သွားသည်။
လျှပ်စီးနှစ်ဆက ဖြူဖွေးသောဂါထာကို တစ်စစီဖြစ်သွားစေသည်။ နောက်ထပ်အလင်းတန်းနှစ်ခုက ဘလူးဖီးနစ်ဆီသို့ မြွေလိမ်မြွေကောက်သဖွယ်ဖြင့် တိုးဝင်သွားသည်။ ဘလူးဖီးနစ်က ဝင်ရောက်လာသည့် လျှပ်စီးလုံးများကို တွေ့သောအခါ သူမကိုသူမ ကာကွယ်ရန်အတွက် ရေခဲနံရံနှင့် မီးတောက်ပေါက်ကွဲခြင်းကို အမြန်ရွတ်ဆိုလိုက်သည်။
တတိယမြောက်ရေခဲနံရံကို ဖြိုခွဲပြီးမှ လျှပ်စီးလုံးပျောက်ကွယ်သွားတာ ဖြစ်သည်။
” မြင့်မားလိုက်တဲ့ ခုခံမှု …”
ဘလူးဖီးနစ်က ထိတ်လန့်သွားပြီး အငွေ့ပျံသွားသော ရေခဲနံရံကို ကြည့်လိုက်မိသည်။ သို့သော် ဘလူးဖီးနစ်က ထိတ်လန့်နေမူမှ သတိပြန်မဝင်လာသေးခင် ရှီဖုန်း သတ်ဖြတ်ခြင်းရောင်ခြည်ကို ထပ်လွှဲယမ်းတာ တွေ့လိုက်ရ၏။
ဟာရီကိန်း
ချက်ချင်းပင် မရေမတွက်နိုင်သော လေဓားသွားများက ဘလူးဖီးနစ်ဆီ ရောက်လာကာ ဓာတ်ကြီးလေးပါးအသုံးပြုသူအတွက် ရှောင်တိန်းရာနေရာမရှိတော့ပေ။
ဘလူးဖီးနစ်က ဘလင့်ခ်ကို ချက်ချင်းအသုံးပြုလိုက်ပြီး ဟာရီကိန်း၏ တိုက်ခိက်မှုအကွာအဝေးထဲမှ ထွက်ပြေးလိုက်သည်။ သို့သော် ရှီဖုန်းက သူမ၏ ဘယ်ဘက်ကို ဝိုင်းထားပြီဖြစ်ရာ သူမနှင့် ကိုက်နှစ်ဆယ်သာ ကွာတော့သည်။
ဓာတ်ကြီးလေးပါးအသုံးပြုသူသည် ဘလင့်ခ်ကို အလွန်ဆုံးမှာ နှစ်ကြိမ်သာအသုံးပြုနိုင်ပြီး တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန်က ဆယ့်နှစ်စက္ကန့်ဖြစ်၏။ ဘလင့်ခ်ကို ပထမဆုံးအကြိမ် အသုံးပြုပြီးချိန်မှစကာ စက္ကန့်အနည်းငယ်သာ ကုန်လွန်သေးသည်။ ထိုကြောင့် ဘလင့်ခ်က အသုံးပြု၍မရနိုင် ဖြစ်နေသေးသည်။
” ငါ ဘလင့်ခ်သုံးလို့မရတာကြောင့် နင် ငါ့နား ချဥ်းကပ်လို့ရမယ်များ ထင်နေလား …”
ဘလူးဖီးနစ်က အထင်တသေးပြုံးလိုက်သည်။ သူမတောင်ဝှေးကို ဝှေ့ရမ်းကာ ရေခဲနံရံတစ်ခုပြီးတစ်ခု ရွတ်ဆိုပြီး ရှီဖုန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်ထဲတွင် ရေခဲစက်လုံးများကို အသုံးပြုပြီး ရှီဖုန်းကိုနှေးသွားပြီး ထိခိုက်အောင်လုပ်တော့၏။
ရေခဲနံရံများနှင့် ရေခဲစက်လုံးများကို ရှောင်တိန်းခြင်းက အရှိန်လျော့သွားကာ သူမ၏ မီးစွမ်းအားဖြင့် တိုက်ခိုက်ခံရသည့်အချိန် ရှီဖုန်းက ဓာတ်ကြီးလေးပါးအသုံးပြုသူများ နီးကပ်လာနေပြီဖြစ်ရာ ဘလင့်သည် ၎င်းပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် ကုန်ဆုံးတော့မှာပဲ ဖြစ်သည်။ ရှီဖုန်း သူမနားကပ်လာသည့်အချိန်တွင် သူမ ဘလင့်ခ်က အသုံးပြုရန် အသင့်ဖြစ်သွားမှာပင်။
ဘလူးဖီးနစ်က သူမတိုက်ကွက်များကို ရှီဖုန်းရှောင်ပုံကြောင့် အံ့သြနေစဥ် ရှီဖုန်းသည် ခုခံခြင်းဓားသွားကို ရုတ်တရက်အသက်သွင်းပြီး သူ့ဓားကို ရှေ့ရှိရေခဲနံရံဆီ လွဲခုတ်လိုက်တော့သည်။
ရေခဲနံရံကို ထိသွားသည့်အချိန်တွင် ဂါထာကအရှိန်ချက်ချင်းလျော့သွားတော့သည်။ သို့သော် ရေခဲနံရံကို ဓားရောင်ဝါအသုံးပြုပြီး တိုက်ခိုက်ခဲ့လျှင် သူတို့၏အရှိန်က သက်ရောက်မှုရှိမှာမဟုတ်။ ခုခံခြင်းဓားသွားကို အသက်သွင်းပြီးနောက် ရှီဖုန်း၏ တိုက်ခိုက်မှုအကျယ်အဝန်းသည် ဆယ့်ငါးကိုက်အထိ ကျယ်ပြန့်လာတော့သည်။
ဖန် …
ရုတ်တရက်တွင် အပြာရောင်ဓားရောင်ဝါသည် ရှီဖုန်းရှေ့ရှိ ရေခဲနံရံကို တစ်စစီဖြစ်သွားစေသည်။ ပြီးနောက် သူက ရေခဲနံရံကို ပြိုခွဲလိုက်၏။
” ငါ့နားကပ်ဖို့ စဥ်းတောင်မစဥ်းစားနဲ့ …”
ဘလူးဖီးနစ်က ရေခဲနံရံများ ပိုမိုရွတ်ဆိုပြီး ရှီဖုန်းကို ရေခဲလှံများဖြင့် တိုက်ခိုက်တော့သည်။ ရေခဲနံရံများ ပေါ်လာသည်နှင့် ရှီဖုန်း၏ အပြာရောင်ဓားရောင်ဝါက သူတို့ကို တစ်စစီဖြစ်သွားစေသည်။ ဘလူးဖီးနစ် ဖန်တီးလိုက်သည့်ရေခဲလှံများလည်း ထိုနည်းသာဖြစ်သည်။
ရှီဖုန်းက ဘလူးဖီးနစ်နှင့် ဆယ့်ငါးကိုက်အတွင်းရောက်သည့်အချိန်တွင် သူက သတ်ဖြတ်ခြင်းရောင်ဝါကို ရုတ်တရက် ထုတ်ဖော်ပြီး ဓာတ်ကြီးလေးပါးအသုံးပြုသူကို တိုက်ခိုက်လိုက်တော့သည်။
အပြာရောင်အလင်းက နှစ်ယောက်တိုက်ခိုက်သည့်ပြိုင်ကွင်းထဲ ဖြတ်သွားသည်။ ဓားအလင်းက ပိတ်ဆို့နေသောရေခဲနံရံကို ထိုးဖောက်သွားရုံသာမက ဘလူးဖီးနစ်၏ ရေခဲခန္ဓာကိုယ်ကိုလည်း ထိုးဖောက်သွားခဲ့သည်။ များစွာသောအပြာရောင်အလင်းတန်းများက ဘလူးဖီးနစ်နား၌ ရစ်ဝဲလာကာ သူမ၏ HP များကို ဝါးမျိုပြီး သုညထိဖြစ်သွားစေတော့သည်။