ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 61
Chapter – 61
လူတိုင်းက ရှီဖုန်းသည် အထက်တန်းစား NPC တစ်ယောက် ဟုတ်၊မဟုတ် ခန့်မှန်းနေချိန်တွင်…
ဒရစ်တင်းဘလက်ကတော့ အဝေးသို့ ဆွဲခေါ်သွားခံရပြီး ရှီဖုန်းကို အဆိပ်ပြင်းသည့် မြွေတစ်ကောင်၏ မျက်လုံးမျိုးဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်… “ကောင်လေး… မင်း စောင့်ကြည့်နေလိုက်… ငါ မင်းကို မှတ်ထားတယ်… ငါတို့ သိုင်းအဖွဲ့က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး… ၁၂ နာရီကြာလို့ ငါ လွတ်လာရင် ငါက လူကောင်းတစ်ယောက် ပြန်ဖြစ်သွားလိမ့်မယ်… အဲ့အချိန်ကျရင် အနီရောင်သစ်ရွက်မြို့မှာ မင်းအတွက် နေရာ မရှိစေရဘူး… “
လူတိုင်းက ဒရစ်တင်းဘလက်၏ အမုန်းများ ပြည့်နေသော ခြိမ်းခြောက်မှုကို ကြားပြီး ကျောရိုးထဲမှပင် အေးစိမ့်သွား၏။
သို့သော်လည်း ရှီဖုန်းကို မည်သူမှ အထင်မသေးရဲပေ။ စောစောက ရှီဖုန်း ပြုလုပ်လိုက်သည့် လှုပ်ရှားမှုက သူတို့ မြင်နေရသလောက် မရိုးရှင်းသည်ကို သိနေကြသည်။
သိုင်းအဖွဲ့အစည်းအရုံးက အနီရောင်သစ်ရွက်မြို့တွင် အတော်အသင့် နာမည်ကြီး၏။ သူတို့က တခြားဝူရှပုံရိပ်ယောင်ဂိမ်းများတွင်လည်း ကျော်ကြားသည်။ သိုင်းအဖွဲ့အစည်းအရုံးက အလုပ်ရုံတစ်ခုက ဦးစီးသော အစည်းအရုံးတစ်ခု မဟုတ်ဘဲ ကျပန်းကစားသမားများက ဦးစီးသော အစည်းအရုံးတစ်ခု ဖြစ်သည်။ ယခုအချိန်၌ သိုင်းအဖွဲ့က ချမ်းသာသော ပုဂ္ဂိုလ်များ၏ ရင်းနှီးမြုပ်နှံမှုများဖြင့် နယ်ဘုရားနယ်မြေတွင် ခြေကုပ်ယူနိုင်ရန် စတင်ကြိုးစားနေကြသည်။ သိုင်းအဖွဲ့က တတိယတန်းစား အစည်းအရုံးများ၏ စံသတ်မှတ်ချက်ကို မမီသေးသော်လည်း ပေါ့သေးသေး အစည်းအရုံးတစ်ခု မဟုတ်ပေ။
လက်ရှိအချိန်တွင် နတ်ဘုရားနယ်မြေဂိမ်းက ပုံရိမ်ယောင်ဂိမ်းလောကကြီးတစ်ခုလုံးကို လွှမ်းမိုးထား၏။ အဓိကနတ်ဘုရားစနစ်၏ ထောက်ပံ့မှုအောက်တွင် နတ်ဘုရားနယ်မြေကို လည်ပတ်ရန်အတွက် လူသားများအား မလိုအပ်တော့ပေ။ အဓိကနတ်ဘုရားစနစ်က မျှတမှုကို အလေးထားပြီး ဂိမ်းကို ထပ်ဆင့်ပြောင်းလဲမှုများ ဆက်တိုက် ထုတ်ပေးလေသည်။ ထို့ကြောင့် နတ်ဘုရားနယ်မြေက အမြဲတမ်း သက်ဝင်လှုပ်ရှားနေပြီး တခြားပုံရိပ်ယောင်ဂိမ်းများက မယှဉ်နိုင်ခြင်းလည်း ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ မြေပုံကလည်း ကမ္ဘာတစ်ခုလုံးမှ လူဦးရေအကုန်လုံးကို ဝင်ဆန့်နိုင်သည်အထိ အလွန်အမင်း ကျယ်ပြန့်၏။ ထို့အပြင် အပြင်ဘဝ၌ မရနိုင်သည့် အတွေ့အကြုံများကို ဂိမ်းထဲတွင် တွေ့ကြုံခံစားနိုင်သည်။ နတ်ဘုရားနယ်မြေက ဒုတိယကမ္ဘာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ဦးတည်လျှက်ရှိပြီး တခြားဂိမ်းများက နတ်ဘုရားနယ်မြေဂိမ်းကို ယှဉ်ရန် အခွင့်အရေးတစ်ခုပင် မရှိချေ။
ဒရစ်တင်းဘလက်ကို အစောင့်များက ဆွဲခေါ်သွားပြီးနောက်တွင် လူတိုင်း၏ အကြည့်များက ရှီဖုန်းဆီသို့ စုပြုံရောက်ရှိသွား၏။ သူတို့၏ မျက်လုံးထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေပြီး ရှီဖုန်းက NPC တစ်ယောက် ဟုတ်၊မဟုတ် သိနိုင်ရန် ကြိုးစားလိုက်ကြသည်။ သူတို့က စူးစမ်းသည့် စကေးမျိုးစုံဖြင် စစ်ဆေးကြည့်ကြသော်လည်း ရှီဖုန်းက ကစားသမားတစ်ယောက်ဖြစ်သည်ဟုသာ ဖော်ပြနေသည်။
ထိုအချက်က လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။ သို့သော်လည်း မည်သူမှ ရှီဖုန်းကို မမေးရဲသည့်အပြင် သူတို့က မေးလျှင်တောင်မှ ရှီဖုန်းက ဖြေချင်မှ ဖြေလိမ့်မည် ဖြစ်သည်။ ကံမကောင်းပါက သူတို့သည် ဒရစ်တင်းဘလက်ကဲ့သို့ ကံဆိုးသူနောက်တစ်ယောက် ဖြစ်သွားနိုင်သည်။
ရှီဖုန်းက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာပေါ်မှ ပဟေဠိဖြစ်နေသည့် အမူအယာများကို ကြည့်ပြီး မသိမသာပြုံးကာ ထွက်သွားလေသည်။
နတ်ဘုရားနယ်မြေတွင် ဆယ်နှစ်ကျော် ကစားလာသည့်အတွက် သူက နတ်ဘုရားနယ်မြေ၏ စည်းကမ်းများကိ ကောင်းကောင်းနားလည်နေလေပြီ။ ကစားသမားတစ်ယောက်က တခြားကစားသမားတစ်ယောက်ကို အန္တရာယ်ကင်းမဲ့ဇုံတွင် တိုက်ခိုက်ပါက ဖမ်းဆီးအကျဉ်းချခံရမည် ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်ချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျှင်တောင်မှ ဒဏ်ရာမရသရွေ့ အစောင့်များက လှုပ်ရှားလာလိမ့်မည် ဖြစ်သည်။
ရှီဖုန်း၏ လက်က ဒရစ်တင်းဘလက်၏ ပခုံးကို ဖိချလိုက်ခြင်းက မည်သည့် ဒဏ်ရာမှ မဖြစ်စေပေ။ ထို့ကြောင့် အစောင့်များက ထိုအပြုအမူနှင့် ပက်သတ်၍ ဂရုစိုက်ခြင်း မရှိချေ။ သို့သော်လည်း ဒရစ်တင်းဘလက်က တဖက်လူကို တဒင်္ဂသတိလစ်စေသည့် တိုက်ခိုက်မှုအပြင် အန္တရာယ်ဖြစ်စေသည့် တိုက်ခိုက်မှုကိုပါ ထပ်မံပြုလုပ်ခဲ့သည်။ ထို့အပြင် ဒရစ်တင်းဘလက်၏ ရန်လိုသော အပြုအမူကြောင့် အစောင့်များက လျစ်လျူရှုရန် မဖြစ်နိုင်တော့ပေ။
အမျိုးသမီး ကစားသမားများသည် တစ်ယောက်ယောက်က သူတို့ကို တစ်ခုခုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် စော်ကားမှုတုန့်ပြန်ခြင်းစနစ်ကို အသက်သွင်းနိုင်သည်။ သို့သော်လည်း ခရမ်းတိမ်က နတ်ဘုရားနယ်မြေဂိမ်းကို မကြာသေးမီက ဝင်လာသည့်အတွက် ထိုစနစ်ရှိကြောင်း မသိသေးပေ။
ဒရစ်တင်းဘလက်၏ ခြိမ်းခြောက်မှုကို ရှီဖုန်းက နည်းနည်းလေးမှ ဂရုမစိုက်ချေ။ သိုင်းအဖွဲ့သည် တတိယတန်းစား အစည်းအရုံးတစ်ခုပင် မဖြစ်သေးချေ။ ယခင်ဘဝက ရှီဖုန်းသည် အလွန်အားနည်းသော ရှဲဒိုးအစည်းအရုံးကို ပထမတန်းစားအစည်းအရုံးများနှင့် ယှဉ်ပြိုင်နိုင်သည့်အထိ စွမ်းဆောင်ပေးခဲ့သည်။ ပထမတန်းအစား အဖွဲ့အစည်းများစွာသည် ရှဲဒိုးအဖွဲ့နှင့် ရင်ဆိုင်ရလျှင် ဘာမှမတတ်နိုင်သည်အထိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သိုင်းအဖွဲ့ကဲ့သို့ ကစားသမား ထောင်ဂဏန်းမျှသာရှိသော အစည်းအရုံးတစ်ခုက ထုတ်ပြောဖို့ပင် မတန်ချေ။
သူတို့ကသာ သူ့ကို ပြဿနာ လာရှာလျှင် သူကလည်း ပြန်ရင်ဆိုင်ပေးလိုက်ရုံသာ ရှိ၏။ မှော်လက်နက်ကို ပိုင်ဆိုင်ထားသည့် သူက မည်သည့်အတွက်ကြောင့် သူတို့ကို ကြောက်နေရမည်နည်း။
သူနှင့် ခရမ်းတိမ်၏ ဆက်ဆံရေးကို နက်ရှိုင်းစေရန်အတွက်ကတော့ ယခုလက်လျှော့ပြီး နောက်နည်းလမ်းတစ်ခုကို ရှာရန်သာ ကျန်တော့၏။ မိန်းကလေးများ၏ စိတ်ကို ရှီဖုန်းအနေဖြင့် ဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း ရှီဖုန်းက သူမ၏ အကြောင်းပြချက်များကို နားလည်ပေသည်။ သူ့နေရာတွင် ဂျမ်းတဲလ်စနိုးသာ ဖြစ်လျှင် တခြားရလဒ်တစ်မျိုး ထွက်ကောင်း ထွက်လာနိုင်သည်။
ရှီဖုန်းက ခါးသက်သက် ရယ်မောပြီး ခေါင်းကို ခါယမ်းကာ ထွက်သွားလေသည်။
“လူကြီးမင်း… ခဏလောက် နေပါဦး… “ နောက်ဆုံးတော့ ခရမ်းတိမ်က တောင့်မခံနိုင်တော့ဘဲ ထုတ်ပြောလာတော့သည်။ ငွေပြား ၁၀ ပြား၏ ဆွဲဆောင်မှုက အလွန်အားကောင်းလှသည်။ သူမသာ ဤငွေကို လက်လွှတ်လိုက်ရလျှင် နေမကောင်း ဖြစ်နေသည့် သူမ၏ အမေကို ဘယ်လိုလုပ်ပြီး ဆေးကုနိုင်တော့မည်နည်း။
“အိုး… မင်း စိတ်ပြောင်းသွားပြီလား… “ ရှီဖုန်းက နောက်သို့ လှည့်ပြီး ခရမ်းတိမ်၏ ခက်ခဲနေသော အမူအရာကို ကြည်ပြီး ပြုံးပြကာ မေးလိုက်သည်။
ခရမ်းတိမ်က ရှီဖုန်း၏ မျက်လုံးများကို သတိဖြင့် စိုက်ကြည့်ပြီး ရှီဖုန်းထံတွင် မကောင်းသည့်ရည်ရွယ်ချက် ရှိ၊မရှိ စူးစမ်းနေလေသည်။ သို့သော်လည်း ရှီဖုန်း၏ မျက်လုံးထဲတွင် မည်သည့်အရိပ်အယောင်မှ ပေါ်မနေဘဲ သူမက ကျယ်ပြောသော သမုဒ္ဒရာကြီးကို ကြည့်နေရသကဲ့သို့ ခံစားရသည်။ သို့သော် သူမက သတိထားနေသည့် အမူအယာဖြင့် မေးလိုက်သည်… “ရှင်က သစ်သီးဖျော်ရည်ပဲ ယူမှာနော်… တခြား ဘာမှ မတောင်းဆိုဘူးမလား… “
ရှီဖုန်းက သူမ၏ အပြုအမူများကြောင့် သူ၏စိတ်ထဲတွင် အတော်မွန်းကြပ်နေလေပြီ။ သူမက ထိုအကြောင်းကို ထပ်ကာထပ်ကာ အတည်ပြုနေရလောက်အောင် သူက ယုံကြည်လို့ မရသည့် လူတစ်ယောက်လား။
သူမကသာ ဘာသာရေးခေါင်းဆောင် နတ်ဘုရားအဆင့်သို့ ရောက်နိုင်သည့် အလားအလာကိုသာ ပိုင်ဆိုင်မထားလျှင် ရှီဖုန်းသည် အစောကတည်းက ထွက်သွားပြီး ဖြစ်နေပေလိမ့်မည်။
“ငါ့အတွက် တစ်ခုခု လုပ်ပေးဖို့ စားဖိုမှူးတစ်ယောက်ကို ငါ လိုအပ်နေတယ်… ဒီလိုဆိုရင်ရော ဘယ်လိုလဲ… စာချုပ် ချုပ်ပြီး မင်းကို စားဖိုမှူးအဖြစ် ငှားမယ်… မင်းရဲ့ လစာကိုတော့ တတိယတန်းစား အစည်းအရုံးတွေက ဘဝစတိုင်ကစားသမားတွေ ရတဲ့အတိုင်း ပေးမယ်… အဓိကနတ်ဘုရားစနစ်ရဲ့ အာမခံချက်အတိုင်း မင်းကို အနားယူခွင့် ပေးမယ်… မင်းမှာ ဘာပြဿနာမှ မရှိရင် ငါ့နောက်လိုက်ခဲ့… ဒါမှ မင်းက စိတ်မချသေးဘူးဆိုရင်လည်း နေခဲ့လိုက်တော့… “ ရှီဖုန်းက ပြောပြီးသည်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
ခရမ်းတိမ်က ရှီဖုန်း၏ စကားကြောင့် မှင်သက်သွား၏။ သူမ၏ ရှေ့မှလူသည် သူမကို ငှားပြီး အလုပ်ပင် ပေးနေလေပြီ။ စားဖိုမှူးသည် ဘဝစတိုင်အလုပ်တစ်ခု ဖြစ်ပြီး မည်သူမှ အထင်မကြီးကြသည့်အပြင် မည်သူမှလည်း မငှားရမ်းကြပေ။
သူမသည် ယခင်က တတိယတန်းစား အစည်းအရုံးများမှ ဘဝစတိုင်ကစားသမားများအား ဆက်ဆံသည့် ပုံစံကို သူမ၏ သူငယ်ချင်းများမှတစ်ဆင့် ကြားဖူးထား၏။ ထိုအချိန်က သူမ၏သူငယ်ချင်းသည် သူမ၏ရည်းစားက ဘဝစတိုင်ကစားသမားတစ်ယောက်ဖြစ်ပြီး တတိယတန်းစား အစည်းအရုံးမှ သူ့အား မည်သို့ဆက်ဆံကြောင်းကို ကြွားလုံး ထုတ်တတ်သည်။ ဘဝစတိုင်ကစားသမားများက ကောင်းကောင်းစွမ်းဆောင်နိုင်လျှင် များစွာသော အကျိုးအမြတ်များကို ရရှိလိမ့်မည် ဖြစ်သည်။ ထိုဆက်ဆံခံရမှုသည် အပြင်ကမ္ဘာမှ အလုပ်များထက် အပြတ်အသတ် သာလွန်ကောင်းမွန်သည့်အတွက် ခရမ်းတိမ်က အစည်းအရုံးများမှ ဘဝစတိုင်ကစားသမားများကို အလွန်အားကျခဲ့သည်။
“ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့ပါ့မယ်… ဒါပေမဲ့ ကျွန်မက အလုပ်လုပ်တဲ့နေရာမှ အရမ်းနှေးတယ်နော်… အဆင်ပြေပါ့မလား… “
ခရမ်းတိမ်က အံကြိတ်ပြီး ရှီဖုန်း၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်သည်။ ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင် အနာဂါတ်တွင် သူမကို ဤကဲ့သို့ အခွင့်အရေးက စောင့်နေပါ့မလား မသေချာပေ။ ရှီဖုန်း၏ အပြုအမူများအရ ရှီဖုန်းက လူဆိုးတစ်ယောက်နှင့် မတူချေ။ ထို့အပြင် သူမက သာမန်ကစားသမားတစ်ယောက်သာ ဖြစ်သည့်အတွက် ရှီဖုန်းအနေဖြင့် သူမကို လှည့်စားရန် အကြောင်းပြချက် မရှိပေ။
နတ်ဘုရားနယ်မြေဂိမ်းကလည်း ပုံရိပ်ယောင်လောကတစ်ခုသာ ဖြစ်သဖြင့် သူမ၏ ဘဝအမှန်ကို မဖော်ပြသရွေ့ ရှီဖုန်းက သူမကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှီဖုန်းက သူမအပေါ် မကောင်းကြံလာလျှင်လည်း ရှီဖုန်းကသာ ဆုံးရှုံးမှုနှင့် ကြုံရလိမ့်မည် ဖြစ်သည်။
“ဒါဆို ငါ့နောက်လိုက်ခဲ့… ငါ ဝယ်စရာတွေ ရှိသေးတယ်… “ ရှီဖုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူ၏ ပုံစံက အလွန်တည်ငြိမ်နေသည်။ သို့သော်လည်း သူ၏ရင်ထဲတွင်တော့ အလွန်ပီတိဖြစ်နေလေသည်။ ဤသို့ဖြင့် ဘာသာရေးခေါင်းဆောင်နတ်ဘုရားက သူ့လက်ထဲသို့ ရောက်လာလေပြီ။ နှင်းနတ်ဘုရားမအတွက်ကတော့ တောင်းပန်ပြီး စကားတစ်ခွန်းသာ ပြောနိုင်တော့မည် ဖြစ်သည်… “အရင်လာရင် အရင်ရမှာပဲ… “
ထို့နောက် ခရမ်းတိမ်က ရှီဖုန်းနှင့်အတူ ထွက်ခွာသွား၏။
ရှီဖုန်းက ခရမ်းတိမ်ကို ခေါ်ပြီး ကုန်စုံဆိုင်ဆီသို့ နောက်တစ်ခေါက် လာရပြန်သည်။
သူက စားဖိုမှူးများ အသုံးပြုသည့် ကိရိယာများဖြစ်သော အိုး၊ယောက်မ၊ ဓားနှင့် တခြားပစ္စည်းများကို ဝယ်ယူလိုက်ရာ ငွေပြား ၂ပြားနီးပါး သုံးစွဲလိုက်ရသည်။ ထို့နောက် စားဖိုမှူးအစည်းအရုံးသို့ သွားပြီး အခြေခံချက်ပြုတ်နည်း ၂ခုကို ငွေပြား ၁ပြားဖြင့် ဝယ်ယူခဲ့ပြန်သည်။ တစ်ခုက ဝံပုလွေသားချက်နည်း ကျန်တစ်ခုက အားဖြည့်အချိုရည်လုပ်နည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက ငွေပြာ့း ၅ပြား သုံးစွဲပြီး ထိုနည်း ၂ခုအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများနှင့် သစ်သီးဖျော်ရည်အတွက် ပါဝင်ပစ္စည်းများကိုပါ ဝယ်ယူခဲ့သည်။
ရှီဖုန်း၏ အပြုအမူများကို ကြည်ပြီး ခရမ်းတိမ်က အံ့အားသင့်နေလေသည်။ သူက ဒီလောက်တောင် သုံးစွဲနိုင်တယ်ပေါ့၊ ချမ်းသာလှချည်လား။ တစ်ချိန်တည်းမှာပင် ရှီဖုန်းအပေါ်တွင် ရှိနေသော သူမ၏ မသင်္ကာမှုများက လုံးဝ ကင်းစင်ပျောက်ကွယ်သွားလေသည်။
ရှီဖုန်းဝယ်ပေးသည့် ပစ္စည်းများနှင့် နည်းစနစ်များက သူမကို အဆင့်မြင့် အလုပ်သင်စားဖိုမှူးအဆင့်သို့ ရောက်စေရန် လုံလောက်ပေသည်။ ဤကဲ့သို့ ဆက်ဆံမှုမျိုးကို ပထမတန်းစား အစည်းအရုံးများရှိ ဘဝစတိုင်ကစားသမားများတောင်မှ ရလိမ့်မည်ဟု သူမ မထင်ချေ။
သို့သော်လည်း ယခု သုံးစွဲလိုက်သော ပိုက်ဆံပမာဏက ရှီဖုန်းအတွက် မှုလောက်စရာ မဟုတ်သည်ကို ခရမ်းတိမ် မသိပေ။ ရှီဖုန်းအတွက် စားဖိုမှူးတစ်ယောက်ကို ပျိုးထောင်ပေးရန်မှာ အလွန်လွယ်ကူလွန်းလှသည်။
နည်းစနစ်များအတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို NPC များထံတွင် ဝယ်ယူနိုင်ပြီး အဆင့်မြင့် အလုပ်သင်စာဖိုမှူးတစ်ယောက်အဖြစ် ပျိုးထောင်ပေးရန် ငွေပြား ၁၀ပြားခန့်သာ ကျသင့်လေသည်။ ဤပမာဏက ပန်းပဲဆရာ သို့မဟုတ် ဆေးရည်ဖော်စပ်သူများအား ပျိုးထောင်ရန်အတွက်တော့ လုံးဝ မလုံလောက်ချေ။
ရှီဖုန်းက အခြေခံမီးဖိုချောင်တစ်ခုကို ငှားရမ်းလိုက်ပြီး ခရမ်းတိမ်ကို အထဲသို့ ခေါ်သွားသည်။
“မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးရင် ဒီပစ္စည်းတွေက မင်းအပိုင်ပဲ… မင်းက အရင်ဆုံး သစ်သီးဖျော်ရည် ခွက် ၉၀၀ကို အရင်လုပ်ဖို့ပဲ လိုတယ်… ပြီးမှ တခြားနည်းစနစ် ၂ခုကို လုပ်ပါ… မင်းလုပ်တဲ့ အိုင်တမ်တွေရဲ့ ရောင်းပြီးတဲ့အချိန်ကျရင် မင်းကို ၂၀% ထပ်ပေးဦးမယ်… တစ်ချိန်တည်းမှာပဲ မင်းရဲ့ ကြိုးစားမှုရလဒ်ပေါ် မူတည်ပြီး မင်းရဲ့ အခြေခံလစာကို ငါ သတ်မှတ်ပေးမယ်… မင်းက ထွက်ပြေးဖို့ ကြိုးစားရင်တော့ ဆယ်ဆ ပြန်လျှော်ရမယ်… မင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် လက်မှတ်ထိုး… “
ရှီဖုန်းက အဓိကနတ်ဘုရားစနစ်မှ ဘဝစတိုင်ကစားသမားများအတွက် အလုပ်သမားသဘောတူစာချုပ်ကို ထုတ်ပေးလိုက်သည်။ ဆက်ဆံခံရပုံ မတူသည့်အချက်ကလွဲ၍ ထိုစာချုပ်များက အတူတူပင် ဖြစ်သည်။ စာချုပ်တွင် ချို့ယွင်းချက် မရှိဘဲ ဥပဒေကလည်း ထိုအပေါ်သို့ အကျိုးသက်ရောက်မှု ရှိ၏။