ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 787 ပုံရိပ်ယောင်ဓား
ကြီးမားကျယ်ဝန်းသည့် တိုက်ခိုက်ရေးကွင်းထဲတွင် လုပ်ကြံသတ်ဖြတ်ရေးသမားသက်တံရှည်က ထောင့်ဘက်တွင်ရပ်နေပြီး ဓားသမားသွေးသူရိန်က ကွင်းအလယ်တွင် နေရာယူလိုက်သည်။
ပွဲကြည့်ပရိသတ်များက အံ့သြနေတော့၏။
ပုံမှန်ဆို နှစ်ယောက်နှစ်ယောက်ချင်း တိုက်ခိုက်သည့်ပွဲစဥ်တွင် အသင်းဖော်က တစ်ယောက်နှင့်တစ်ယောက် ခပ်ဝေးဝေးတွင် မရပ်သင့်ပေ။ သူတို့သည် နီးနီးကပ်ကပ်ရပ်နေကြဖြစ်သည်။ သို့မှသာ သူတို့၏ တိုက်ကွက်နှင့် ခုခံမှုများကို ပူးပေါင်းပြီး တိုက်ခိုက်နိုင်မှာပဲ ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးက အနီးကပ်ကစားသမားများဖြစ်ရာ ကိုက်ငါးဆယ်ကွာဝေးပြီး ရပ်နေစရာအကြောင်းမရှိပေ။
ကိုက်ငါးဆယ်အကွာအဝေးဖြင့် အကွာအဝေးအကျယ်ဆုံး အမျိုးအစားဖြစ်သည့် ရှိန်းဂျားတစ်ဦးတောင် တိုက်ပွဲအတွင်း အသင်းဖော်ကို ကူညီပေးနိုင်မှာ မဟုတ်ပေ။
” ရှင်တို့တွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …”
မီးလျှံကကြိုးက ခပ်ဝေးဝေးရှိ သက်တံရှည်ကို ဖျတ်ခနဲကြည့်ပြီးနောက် သွေးသူရိန်ကို ပြန်ကြည့်လိုက်သည်။ သွေးသူရိန်က ဂရုမစိုက်ပဲ ပြောလိုက်၏။
” တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်တာ ပြင်းဖို့ကောင်းလွန်းတယ် …။ ဒါကြောင့် မင်းတို့နှစ်ယောက်လုံးကို ငါကိုယ်တိုင်ဖြေရှင်းဖို့ ရည်ရွယ်လိုက်တာပဲ …။ စိတ်မပူပါနဲ့ တိုက်ပွဲက မြန်မြန်ဆန်ဆန်ပြီးသွားမှာပါ …”
ကွင်းထဲရှိ ကစားသမားများပြောတာကို ပရိတ်သတ်က ရှင်းရှင်းလင်းလင်းကြားနိုင်၏။ သွေးသူရိန်၏ စကားကို သူတို့ကြားသောအခါ ကွင်းထဲတွင် ဥသြသောင်းတင်အသံများ ပေါ်ထွက်လာတော့သည်။
ဂလိုးရီးယပ်စ်လိုင်းရွန်း၏ အဖွဲ့ဝင်များက ထိုမျှရဲတင်းလိမ့်မည်ဟု သူတို့တစ်ခါမှ မထင်ခဲ့မိချေ။
ယခင်က အမှောင်ပြိုင်ကွင်းထဲတွင် ထိုကဲ့သို့ မဖြစ်ပေါ်ခဲ့ဖူးပေ။ လူတိုင်းက ပြိုင်ပွဲကိုအနိုင်ရချင်သည်။ ထို့ကြောင့် သူတို့ခွန်အားကို မည်သူက အဘယ်ကြောင့် ထိန်ချန်ထားမည်နည်း။
သွေးသူရိန်က အရူးမဟုတ်ခဲ့လျှင် သူ့ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝယုံကြည့်ချက်ရှိနေတာပဲ ဖြစ်ရမည်။
” ဒီတော့ ရှင်က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ချင်တာလား …”
မီးလျှံကကြိုး၏ မျက်လုံးထဲတွင် ဒေါသမီးများတောက်လောက်နေပြီး သွေးသူရိန်၏ မောက်မာထောင်လွှားသော အမူအရာကို ကြည့်လိုက်သည်။ သူမဒေါသကိုဖိနှိပ်ပြီး အေးတိအေးစက်ပြောလိုက်၏။
” ဂလိုးရီးယပ်စ်လိုင်းရွန်းက ငါတို့ကို တကယ်လျှော့တွက်နေတဲ့ပုံပဲ …”
” ဟား … ဟား … ဟား … ဒီလိုမတွေးလိုက်နဲ့ …။ ပြိုင်ပွဲဝင်ခွင့်ရတာ မင်းအတွက် အခွင့်အရေးကောင်းပဲ …”
သွေးသူရိန်က ရယ်မောလိုက်သည်။ သူသည် မီးလျှံကကြိုး၏ သတ်ဖြတ်လိုသည့်ဆန္ဒကို အာရုံမစိုက်ပေ။
ပထမပွဲစဥ်ရှုံးနိမ့်မှုက ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့၏ ဂုဏ်သိက္ခာကို အတော်လေးထိခိုက်သွားစေခဲ့သည်။ သက်တံရှည်ကို ဘေးထွက်ရပ်ခိုင်းရသည့် ပထမဆုံးအကြောင်းအရင်းက အဖွဲ့၏ ဂုဏ်သတင်းကို ပြန်တည်ဆောက်ချင်သောကြောင့် ဖြစ်သည်။ ဒုတိယအကြောင်းအရင်းက သူ၏ အံ့ဖွယ်လက်နက်ကို စမ်းသပ်ချင်သောကြောင့် ဖြစ်သည်။
သို့သော် သွေးသူရိန်က မီးလျှံကကြိုးနှင် ခရမ်းတိမ်သည် စမ်းသပ်ခံအရာဝတ္ထုများအဖြစ်တောင် အရည်အချင်းပြည့်မှီလိမ့်မည်ဟု မထင်ထားပေ။
” ရှင့်သဘောပဲ …”
မီးလျှံကကြိုးက ရှေ့တိုးပြီးနောက် ခရမ်းတိမ်ရှေ့တွင် ရပ်လိုက်သည်။
မီးလျှံကကြိုး၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် ခရမ်းတိမ်က နောက်ဆုတ်လိုက်၏။
” စိတ်ဝင်စားစရာပဲ …”
သွေးသူရိန်က ထိုအမျိုးသမီးများ၏ အပြုအမူကိုစိတ်ထဲမထားဘဲ ကျောက်ရိုင်းတုံးခုနှစ်တုံးဖြင့် စီခြယ်ထားသည့် ငွေရောင်ဓားကို ဆွဲထုတ်လိုက်သည်။
” မြန်မြန်ဆန်ဆန်မရှုံးဖို့ မျှော်လင့်ရတာပဲ …”
” ဒါက ဆိုးတာပဲ …”
ဂျမ်းတဲလ်စနိုးက မျက်မှောင်ကြုတ်ပြီး ပရိတ်သတ်ခုန်တန်းကနေ ကွင်းကိုကြည့်လိုက်၏။
” စနိုး …။ ဘာဖြစ်လို့လဲ …။ မီးလျှံကကြိုးက အပြစ်ခုနှစ်ပါးပန်းပွင့်၏ အဖွဲ့ခေါင်းဆောင်ကိုတောင် ဒီလောက်အကြာကြီး ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ရင် သွေးသူရိန်ကို အလွယ်တကူ အနိုင်မယူသင့်ဘူးလား …”
ကျောက်ယွဲ့ရှူက အနည်းနှင့်အများ မီးလျှံကကြိုး၏ ခွန်အားကို ရင်းနှီးပေ၏။ သွေးသူရိန်က အလွန်သန်မာနေသည့်တိုင် ဓားသမားကို အနိုင်ရရန် သေချာပေါက် အာမခံနိုင်လိမ့်ဟု သူမ မထင်ပေ။
” နင်ဒါကို မသိသေးဘူး …။ ဒါပေမယ့် သွေးသူရိန်ရဲ့ ဓားသိုင်းက အလွန်ထူးဆန်းတယ် …။ စစ်ပွဲဝံပုလွေလို ဒိုင်းစစ်သည်တော်တောင် သူ့ရဲ့ တိုက်ကွက်ကို မခုခံနိုင်ဘူး …”
ဂျမ်းတဲလ်စနိုးက ရှင်းပြပြီးနောက် ခေါင်းခါလိုက်သည်။ သူမက စစ်ပွဲဝံပုလွေနှင့် သွေးသူရိန်ကြားရှိ တိုက်ပွဲဝင်ဗွီဒီယိုကိုကြည့်ခဲ့ဖူးသည်။
သွေးသူရိန်၏ ခွန်အားကို သူမ အကြမ်းမျဥ်းနားလည်သဘောပေါက်ထား၏။
သွေးသူရိန်က ပြိုင်ဘက်ကို တစ်ယောက်ထဲရင်ဆိုင်ချင်လျှင် အသူရာတိုက်ပွဲဝင်အဖွဲ့အတွက် ဓားသမားကို ဖယ်ရှားရန် ပြီးပြည့်စုံသည့် အခွင့်ကောင်းဖြစ်သည်။ ချက်ချင်းပင် ဂျမ်းတဲလ်စနိုးက ရှီဖုန်းကို ဆက်သွယ်လိုက်သည်။
” အစည်းအရုံးခေါင်းဆောင်စနိုး …။ ဘာဖြစ်လို့လဲ …”
ရှီဖုန်းက ဖုန်းကို လက်ခံစကားပြောပြီး မေးလိုက်၏။
” ရီဖုန်း သွေးသူရိန်မှာ ထူးဆန်းတဲ့တိုက်ခိုက်ရေးနည်းစနစ်တွေ ရှိတယ် …။ မီးလျှံကကြိုးနဲ့ ခရမ်းတိမ်က သူ့ကို ပူးပေါင်းတိုက်ခိုက်ပြီး အဆုံးသတ်ရင် အကောင်းဆုံးပဲ …။ မီးလျှံကကြိုးကို တစ်ယောက်ထဲ ရင်ဆိုင်တိုက်ခိုက်ခွင့်ပေးလိုက်ရင် သူက သွေးသူရိန်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး …”
ဂျမ်းတဲလ်စနိုးက ထိုလူကို သတိပေးလိုက်၏။
ပွဲက မစတင်သေးပေ။ ထို့ကြောင့် မီးလျှံကကြိုးနှင့် ခရမ်းတိမ်တို့ ပူပေါင်းတိုက်ခိုက်ပြီး သွေးသူရိန်ကိုဖြေရှင်းရန် အချိန်ရှိသေးသည်။ တရားဝင်စတင်သည်နှင့် နှစ်ယောက်ပူးပေါင်းတိုက်ခိုက်လျှင်တောင် နောက်ကျသွားမှာပဲ ဖြစ်သည်။
” သတိပေးတာအတွက် ကျေးဇူးတင်ပါတယ် အစည်းအရုံးခေါင်းဆောင် စနိုး …”
ရှီဖုန်းက ပြောပြီး ရယ်မောလိုက်သည်။ သူ့ကို သတိပေးရန်အတွက် ဂျမ်းတဲလ်စနိုး ကမန်းကတမ်းခေါ်လာလိမ့်မည်ဟု သူ မည်သည့်အခါကမှ မတွေးခဲမိချေ။
ရှီဖုန်း၏ တည်ငြိမ်သောအမူအရာကို မြင်သောအခါ ဂျမ်းတဲလ်စနိုး၏ စိုးရမ်းပူပန်မှုတို့ ကြီးထွားလာသည်။
ရှီဖုန်းက သူမ၏ စကားများကို အလေးအနက်မထားတာ သိသာသည်။
” သွေးသူရိန်က အလွန်သန်မာတယ် …။ သူက စစ်ပွဲဝံပုလွေနဲ့ မိုးပျံမြွေ ပူးပေါင်းတိုက်ခိုက်တဲ့ အချိန်ကိုတောင် အနိုင်ယူခဲ့သေးတာ …။ စစ်ပွဲဝံပုလွေရဲ့ ဒိုင်းက သွေးသူရိန်ရဲ့ ဓားနား ကပ်တောင်မကပ်နိုင်ခဲ့ပဲ ရှုံးသွားခဲ့တာ …။ စစ်ပွဲဝံပုလွေရဲ့ခွန်အားကို ရှင်သတိပြုမယ်လို့ ကျွန်မယုံကြည်တယ် …။ သူက သွေးသူရိန်ရဲ့ တိုက်ခိုက်မှုကိုတောင် မဟန့်တားနိုင်ရင် မီးလျှံကကြိုးအဖို့ ဒီလူကို ဖြေရှင်းဖို့က အလွန်ခက်ခဲမှာ …”
ဂျမ်းတဲလ်စနိုးက အသေးစိတ် ရှင်းပြလိုက်သည်။
ကြယ်လတိုင်းပြည်တွင် စစ်ပွဲဝံပုလွေ၏ ခွန်အားက အကြွင်းမဲ့ ဖြစ်သည်။ သူသည် တိုင်းပြည်၏ ထိပ်တန်း MT သုံးယောက်အတွင်းတောင် ဝင်ပေ၏။
စစ်ပွဲဝံပုလွေကို အနိုင်ယူနိုင်သည်က အထင်ကြီးဖွယ်ကောင်းနေပြီ ဖြစ်သည်။ ထိုသို့တိုင် အစွမ်းထက်သော ဒိုင်းစစ်သည်တော်က သွေးသူရိန်၏ တိုက်ခိုက်မှုများကိုတောင် ခံနိုင်ရည်မရှိခဲ့ချေ။
” ဪ ကျွန်တော်နားလည်ပြီ …။ အစည်းအရုံးခေါင်းဆောင်စနိုး ဘာမှပြောစရာမရှိတော့ဘူးဆိုရင် အခုဖုန်းချလိုက်တော့မယ် …။ ပွဲက မကြာခင်စတော့မှာ …”
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် ဖုန်းကျလိုက်တော့သည်။
” ဟယ်လို … ဟယ်လို …”
ဂျမ်းတဲလ်စနိုးက ဆွံ့အသွားပြီး မှောင်မဲသွားသည့် ဖန်သားပြင်ကို ကြည့်လိုက်သည်။
” ရီဖုန်းက သိပ်ဒေါသထွက်ဖို့ ကောင်းတာပဲ …။ ရည်ရွယ်ချက်ကောင်းနဲ့ သတိပေးတာတောင် သူက နင်စကားတွေကို ဘာမှမဟုတ်သလိုပဲ သဘောထားနေတယ် …။ သူအဖွဲ့ရှုံးရင် သူ့အမှားပဲ …”
ကျောက်ယွဲ့ရှူက မကျေမချမ်းပြောလိုက်၏။
” ခေါင်းဆောင် အဲ့ဒီလူကိုဖြေရှင်းဖို့ မီးလျှံကကြိုးကိုတောင် ဖြေရှင်းခွင့်ပေးထားတာ မှန်ပါ့မလား …”
ရေနှင်းဆီက တည်ကြည်စွာ မေးလိုက်၏။ သူမက ရှီဖုန်းဘေးတွင် ထိုင်နေတာဖြစ်သောကြောင့် ဂျမ်းတဲလ်စနိုးနှင့် ပြောတာကို ကြားနိုင်ပေသည်။
စစ်ပွဲဝံပုလွေ၏ခွန်အားက ကြယ်လတိုင်းပြည်၏ ထိပ်တွင် သေချာပေါက်ရှိပေသည်။ သူမ ချပ်ဝတ်တန်ဆာတစ်ပန်းသာမှုသာ ရှိမနေခဲ့လျှင် ထိုလူနှင့် ယှဥ်နိုင်မှာတောင်မဟုတ်။
” စိတ်မပူနဲ့ …။ ငါတို့တွေအခု ငြိမ်ငြိမ်လေးထိုင်ပြီး ပွဲကြည့်ဖို့ပဲ လိုတယ် …”
ရှီဖုန်းက လက်ကာပြလိုက်၏။
ဆီးရီးယပ်စ်မှအပ ဂလိုးရီးယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်အဖွဲ့၏ အသေးစိတ်အချက်အလက်များကို သိထားပြီဖြစ်သည်။ ရှီဖုန်းက သွေးသူရိန်၏ အရည်အချင်းများကို ဂျမ်းတဲလ်စနိုးထက် ပိုသိပေ၏။
အတိတ်တုန်းက သွေးသူရိန်သည် အမှောင်ပြိုင်ကွင်းထဲ၌ အလွန်ကျော်ကြားခဲ့ရာ သွေးသူရိန် ပုံရိပ်ယောင်ဓားဟူ၍ လူသိများသည်။
သွေးသူရိန်က ရေစီးဆင်းခြင်းနယ်ပယ်သို့သာ ရောက်သေးသော်ငြား သူအသုံးပြုသည့် ဓားသိုင်းက သူ၏ တိုက်ခိုက်မှုလားရာနှင့် ထိချက်ကို ဖမ်းဆုပ်မရ ဖြစ်နေသည်။ တစ်စုံတစ်ယောက်သည် လေဟာနယ်နယ်ပယ်သို့ မရောက်သေးသရွေ့ သူ၏ တိုက်ခိုက်များကို ရင်ဆိုင်တိုက်ခိုက်ခုခံရာတွင် ခက်ခဲနေမှာပဲ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကသာ မီးလျှံကကြိုးတိုက်ခိုက်ခဲ့လျှင် သူက ခရမ်းတိမ်နှင့် ပူးပေါင်းတိုက်ခိုက်ရန် သူမကို သေချာပေါက်ညွှန်ကြားမှာပဲ ဖြစ်သည်။ သူတို့က သွေးသူရိန်ကို နတ္ခ်ဗေဒဆရာ၏ ထူးဆန်းသောတိုက်ကွက်များဖြင့် အလွယ်တကူအနိုင်ယူနိုင်ပေသည်။
ထို့အပြင် လုပ်ကြံသတ်ဖြတ်ရေးသမား သက်တံရှည်က တူညီပေသည်။ အတိတ်တုန်းက သူသည် အမှောင်ပြိုင်းကွင်းထဲတွင် သရဲလက်ဟူသော ဘွဲ့အမည်ကို ရခဲ့တာဖြစ်၏။
သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် လေဟာနယ်နယ်ပယ်ကျွမ်းကျင်သူတောင် ကျရှုံးမှာဖြစ်သည်။
သို့သော် မီးလျှံကကြိုးက အတိတ်တုန်းကကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးသမား မဟုတ်တော့။ ရှီဖုန်းတောင် သူမခွန်အား မည်မျှတိုးတက်လာလဲဆိုတာ မသေချာမရေရာ ဖြစ်နေသည်။
ယခုက သူမခွန်အားကို စမ်းသပ်ရန်အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးကောင်း ဖြစ်သည်။
ပြိုင်ကွင်းအထက်တွင် ရေတွက်မှုက သုညသို့ရောက်သွားပြီ ဖြစ်သည်။
” မင်းက တိတ်ဆိတ်ခြင်းထဲ မဝင်ရောက်သေးဘူးလား …”
သွေးသူရိန်ကမေးပြီး သိချင်သွားသည်။ သူက သူနှင့် ကိုက်သုံးဆယ်အကွာတွင် မလှုပ်မယှက်ရှိနေသေးသော မီးလျှံကကြိုးကိုကြည့်လိုက်၏။
လုပ်ကြံသတ်ဖြတ်ရေးသမားအနေဖြင့် မီးလျှံကကြိုးသည် အရိပ်ထဲတွင် ပုန်းကွယ်နေသည့်အချိန်တွင်သာ သူမ၏ စွမ်းအားအစစ်အမှန်ကို ပြသနိုင်တာ ဖြစ်သည်။ ယေဘူယျအားဖြင့် တိတ်ဆိတ်ခြင်းထဲဝင်ရောက်သည့် လုပ်ကြံသတ်ဖြတ်ရေးသမားများက တိုက်ပွဲစတင်သည်နှင့် လုပ်ကြံသတ်ဖြတ်ရေးသမားများသည် တိတ်ဆိတ်ခြင်းထဲဝင်ရောက်ကာ သေစေနိုင်သည့်ထိုးနှက်ချက်ဖြင့် ရိုက်ချရန်အခွင့်အရေးတစ်ခုကို ရှာကြတာပဲဖြစ်သည်။
” ဒါမလိုအပ်ဘူး …”
မီးလျှံကကြိုးအသံက တည်ငြိမ်နေပြီး ထောင်ချီဓားသွားနှင့် ကျောက်ဆူးကို ခါးကနေဆွဲထုတ်လိုက်ပြီး တစ်လှမ်းပြီးတစ်လှမ်း သူမက ရှေ့ရှိဓားသမားရှေ့သို့ လှမ်းသွားလိုက်၏။
” ကောင်းတယ် …။ သိပ်ကောင်းတယ် …။ ဒီလို မောက်မာမှုမျိုး ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ မြင်ချင်တယ် …”
သွေးသူရိန်က သူမ၏ စိန်ခေါ်မှုကိုကြားသောအခါ ရင်ထဲဒေါသမီးများ တောက်လောင်လာသည်။ သူ့ကို အထင်သေးသည့်သူကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်၏။ ရှေ့သို့ တစ်လှမ်းတိုးပြီးနောက် သူသည် လေဓားသွားကို အသုံးပြုကာ မီးလျှံကကြိုးဆီ တစ်ဟုန်ထိုး ဝင်ရောက်သွားတော့၏။