ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 790 ကွဲပြားခြားနားသောအဆင့်
အရာအားလုံးက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းသည်။ သက်တံရှည်က တောရိုင်းသတ္တဝါတစ်ကောင်ကဲ့သို့ ချဥ်းကပ်လာပြီး မီးလျှံကကြိုးကို တိတ်တဆိတ်ချုံခိုတိုက်ခိုက်လိုက်၏။ သူ၏ တည်ရှိမှုကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာ ဖြစ်သည်။ သို့သော် နောက်ဆုံးတိုက်ခိုက်သည့်အချိန်တွင် သူက အဆိပ်ပြင်းသည့်မြွေတစ်ကောင်ကဲ့သို့ မြန်ဆန်ပြီးတိကျနေ၏။
” နှမျောစရာပဲ …”
” ဂလိုးရီးယပ်စ်လိုင်းရွန်းက သူတို့ရဲ့ ဂုဏ်သက္ခာကို ထပ်ဂရုမစိုက်တော့ဘူးပဲ …။ အရင်တုန်းက သူတို့က တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို တိုက်ခိုက်ချင်တယ်လို့တောင် ကြေညာခဲ့တာ …။ အခုတော့ နှစ်ယောက်ပေါင်းပြီး တစ်ယောက်ကို တိုက်ခိုက်နေရပြီ …”
ပရိသတ်က တိုက်ပွဲသည် ထိုမျှမြန်ဆန်စွာ ပြောင်းလဲသွားမယ်လို့ မထင်ထားပေ။
မီးလျှံကကြိုး၏ ခွန်အားကို စကားလုံးများဖြင့် မဖော်ပြနိုင်တော့ပေ။ သူမက နတ်ဘုရားနယ်မြေထဲတွင် သူတို့ တွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး လုပ်ကြံသတ်ဖြတ်ရေးသမားဆိုတာ သေချာ၏။ သူမ၏ ခွန်အားအရည်အချင်းများက မြင့်မားသည်။ အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် ဓားသမားကျွမ်းကျင်သူကို ဖိနှိပ်နိုင်ခဲ့သည်။ သူမ၏ တိုက်ခိုက်မှုက ကြယ်အလင်းများဖြင့် ကွင်းထဲတွင်ပြည့်နေပြီး သူမရှေ့ရှိ အရာအားလုံးကိုလည်း ဖိနှိပ်ထား၏။ သူမ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်သည့် ပွဲစဥ်တွင် ပြိုင်ဘက်ကင်းမဲ့ပေသည်။
ထိုအမျိုးသမီးနောက်တွင် ရပ်နေစဥ် သက်တံရှည်၏ အနက်ရောင်ဓားမြှောင်နှင့် လက်နက်ကို ကိုင်ဆောင်ထားသည့်လက်က မီးလျှံကကြိုး၏ ခန္ဓာကိုယ်ကို ခုခံခြင်းမရှိ ဖြတ်သန်းသွားသည်။
” ဒါက …”
သက်တံရှည်က သူ့မျက်လုံးသူ မယုံရဲဖြစ်နေသည်။ သူဂရုတစိုက် ရွေးချယ်ထားခဲ့သည့် ပစ်မှတ်က ပုံရိပ်ယောင်မျှသာ ဖြစ်နေ၏။ သူသည် သွေးသူရိန်ကို သတိပေးချင်သည့်အချိန်တွင် သွေးသူရိန်၏ ခါးကို ငွေရောင်ဓားတိုတစ်လက်ပိုင်းဖြတ်သွားတာကို သူသတိပြုလိုက်၏။ ဓားသမား၏ နောက်ဆုံး HP လည်းပေါ်လာတော့သည်။
သွေးသူရိန်၏ HP သုညထိရောက်သွားပြီးသည့်တိုင် ထိုလူက အဖြစ်အပျက်ကို သဘောမပေါက်။ သူ၏ HP က သုညထိ ယုတ်လျော့သွားရသည့် အကြောင်းအရင်းကို ဇဝေဇဝါဖြစ်နေသေးဆဲ ဖြစ်သည်။
မီးလျှံကကြိုးက သွေးသူရိန်ကို သတ်ပြီးနောက် သက်ပြင်းချလိုက်တော့၏။
သက်တံရှည်သည် သူမကို သတိလစ်ခြင်းအခြေအနေထိရောက်အောင် ဖိအားပေးခံရလုနီးပါး ဖြစ်ခဲ့သည်။ သက်တံရှည်နှင့် သွေးသူရိန် နှစ်ယောက်လုံးက ရှေးစစ်သည်တော်စကေးကို ထုတ်ဖော်ထားပြီး ခရမ်းတိမ်က မကူညီနိုင်သေးခင် သူမသေနိုင်လောက်သည်။
ကံကောင်းသည်မှာ ထောင်ချီအသွင်ပြောင်းခြင်း၏ ပုံရိပ်ယောင်စကေးက သာမန်စကေးမဟုတ်။ ယင်းက သူမနှင့် သူမ၏ ကိုယ်ခွဲများကို နေရာပြောင်းလဲစေခွင့် ပေးထား၏။ အရည်အချင်းကလည်း ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန်မရှိ။ သူမကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ပေးထား၏။ သူမက အတွေးတစ်ချက်ဖြင့် ထိုအရည်အချင်းကို အသက်သွင်းရန်သာ လိုအပ်သည်။
ထို့ကြောင့် သက်တံရှည်၏ ဓားမြှောင်က သူမဆီ ထိုးဖောက်ဝင်ရောက်ခြင်း မပြုခင် သူမကိုယ်ခွဲများနှင့် နေရာချက်ချင်းလဲလိုက်တာပဲ ဖြစ်သည်။ သို့သော် မီးလျှံကကြိုးက သွေးသူရိန်ကို အပြီးသတ်ပြီးသည့်အချိန်၌ သက်တံရှည်က တုံ့ပြန်လာတော့သည်။ ချက်ချင်းပင် သူက လုပ်ကြံသတ်ဖြတ်ရေးအမျိုးအစား၏ အသန်မာဆုံးစကေး အကြွင်းမဲ့ထိုးနှက်ချက်ကို အသုံးပြုပြီး အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ မီးလျှံကကြိုးကို တိုက်ခိုက်တော့၏။
ကံဆိုးသည်မှာ အနက်ရောင်အရိပ်က မီးလျှံကကြိုးခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည့်အချိန်တွင် မီးလျှံကကြိုးက သူမ၏ နောက်ထပ်ကိုယ်ခွဲနှင့် နေရာပြောင်းပြီး ဖြစ်နေသည်။
သက်တံရှည်၏ ခန္ဓာကိုယ်က မီးလျှံကကြိုး၏ ကိုယ်ခွဲနောက်တွင် ပြန်ပေါ်လာသည့်အချိန်၌ မီးလျှံကကြိုးက ကိုယ်ခွဲနှင့် ထက်နေရာလဲလိုက်ပြန်သည်။ ကျောက်ဆူးကို ပြောင်းပြန်ကိုင်ဆောင်ထားလျှက် သူမက အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်ပြီး ပြီးပြည့်စုံသည့် နောက်ကျောထိုးစိုက်ခြင်းကို ထုတ်ဖော်ကာ သက်တံရှည်၏ နောက်ကျောကို ဓားသွားဖြင့် ထိုးစိုက်လိုက်တော့၏။
ထန် …
” ကွယ်ပျောက်ခြင်းလား …”
မီးလျှံကကြိုးက ကျောက်ဆူးဖြင့် ထိုးဖောက်ပြီးနောက် တားမြစ်ခံလိုက်ရတာကို သဘောပေါက်သွားသည်။ သက်တံရှည်က ချက်ချင်းပျောက်ကွယ်သွား၏။ သူမနှုတ်ခမ်းက အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားကာ မီးလျှံကကြိုးက ပြောလိုက်သည်။
” ကံဆိုးတာက ဒီအကွက်ကတောင် မင်းရဲ့အသက်ကို မကယ်နိုင်ဘူး …”
သက်တံရှည်ပျောက်ကွယ်သွားပြီး တစ်စက္ကန့်အကြာ မီးလျှံကကြိုးက သူမခေါင်းထက်သို့ ကျောက်ဆူးကို မြှောက်လိုက်ပြီးနောက် ပြိုင်ကွင်း၏ ကြမ်းပြင်ဆီရိုက်ချလိုက်သည်။
ကျောက်ဖြစ်ခြင်းနယ်မြေ
ယင်းက အံ့ဖွယ်အဆင့်ဓားမြှောင်၏ ဒုတိယစကေးဖြစ်သည်။ အသက်သွင်းလိုက်သည့်အချိန်တွင် ကိုက်ငါးဆယ်အတွင်းရှိ ရန်သူကို လက်နက်ထိခိုက်မှု (၅၀၀) ရာခိုင်နှုန်း ဖြစ်စေ၏။ ရန်သူများက လှုပ်ရှားမှုအရှိန် (၅၀) ရာခိုင်နှုန်း လျော့ချခြင်းကို ဆယ်စက္ကန့်တာ ခံစားရမှာ ဖြစ်သည်။ ထိုအပြင် ကျောက်ဖြစ်ခြင်းနယ်မြေက မီးလျှံကကြိုး၏ အရည်အချင်းများနှင့် လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ပေးသည်။
ရုတ်တရက်တွင် မီးလျှံကကြိုးက အလယ်တွင်ရှိနေပြီး မြေပြင်က မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး သက်ရောက်ခံရသည့် ဧရိယာက ပေါ်လာတော့သည်။
မျက်တောင်တခတ်အတွင်း မီးလျှံကကြိုး၏ ကိုက်ငါးဆယ်အတွင်း အရာအားလုံးက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ သက်တံရှည်ကလည်း ဖော်ထုတ်ခံလိုက်ရ၏။ လုပ်ကြံသတ်ဖြတ်ရေးသမား၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်နတ်ရုမ်းများ ပေါ်နေပြီး သက်တံရှည်က မည်သည့်ထိခိုက်မှုမှ မရသော်ငြား သူ၏ ခန္ဓာကိုယ်ကလည်း မြေပြင်နဲ့တစ်ပြေးထဲ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး လှုပ်ရှားအရှိန်ကလည်း နှေးသွားတော့သည်။
” သေစမ်း …။ ဒီစကေးက လှုပ်ရှားမှုအရှိန်ကို လျော့ချတဲ့အာနိသင်ရှိနေတာ …”
သက်တံရှည်၏ အမူအရာက သုန်မှုန်သွားတော့သည်။ မီးလျှံကကြိုးက သူ့ဆီ တစ်ဟုန်ထိုး ဝင်ရောက်လာတာကိုသာ သူကြည့်နေမိ၏။ သူသည် မှော်စွမ်းအားသက်ရောက်မှု မရှိစေခြင်းကို အသက်သွင်းပြီး သူ၏ရှေးစစ်သည်တော်စကေးကို ထုတ်ဖော်ထားပြီး အခြေခံအရည်အချင်းက မီးလျှံကကြိုး၏ အရည်အချင်းထက် ပိုမြင့်သော်ငြား သူသည် မီးလျှံကကြိုးနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။
ဆိုရလျှင် သူထက်ပိုသန်မာသည့် သွေးသူရိန်တောင် အမျိုးသမီးလုပ်ကြံသတ်ဖြတ်ရေးသမားနှင့် ရင်ဆိုင်ရစဥ် သေဆုံးခဲ့သည်။ သူအနိုင်ရနိုင်ချေက ပိုတောင်နိမ့်သေး၏။ ယခုပြိုင်ပွဲကို အနိုင်ရနိုင်သည့် တစ်ခုတည်းသောနည်းလမ်းက ဘာသာရေးခေါင်းဆောင် ခရမ်းတိမ်ကို ရှေးဦးစွာ ထုတ်ပယ်ခြင်းပင် ဖြစ်သည်။ သူ၏စကေး ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် ပြီးမြောက်သွားသည်နှင့် သူသည် မီးလျှံကကြိုးကို သတ်ဖြတ်ရန် အခွင့်အရေးရှာနိုင်မှာ ဖြစ်သည်။
သို့သော် ယင်းက ရွေးချယ်မှုတစ်ခုမဟုတ်တော့။ မီးလျှံကကြိုးခြောက်ယောက်က သက်တံရှည်နား ရောက်လာမည်အချိန်တွင် သက်တံရှည်က ထိန်းချုပ်မှုအာနိသင်များအားလုံးကို လွင့်ပြယ်စေသည့်စကေးတစ်ခုကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် သူက မီးလျှံကကြိုးကို ဦးစွာတိုက်ခိုက်လိုက်တော့၏။
” ဟ …”
မီးလျှံကကြိုးက တိုက်ကွက်ကို ခုခံရန် အနှောင့်အယှက်ဖြစ်မနေဘဲ သက်တံရှည်ကို သူဆန္ဒရှိသလို ထုတ်ဖော်ခွင့် ပေးထား၏။
သက်တံရှည်က မီးလျှံကကြိုး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးနောက် မီးလျှံကကြိုးသည် လုပ်ကြံသတ်ဖြတ်ရေးသမားနောက်ကနေ အူအသည်းနုတ်ခြင်းကို ထုတ်ဖော်လိုက်သည်။
သို့သော် ထောင်ချီအသွင်ပြောင်းခြင်းက သက်တံရှည်ကို မရိုက်မိခဲ့ပေ။ အပိုင်းအစဒဏ္ဍာရီလာလက်နက်က လုပ်ကြံသတ်ဖြတ်ရေးသမား၏ ပုံရိပ်ယောင်ကိုသာထိမိသွားသည်။
မည်သူမှ သဘောမပေါက်သေးခင် သက်တံရှည်က မီးလျှံကကြိုး၏ ခန္ဓာကိုယ်အစစ်နောက်၌ ပေါ်လာပြီးနောက် နောက်ကျောထိုးစိုက်လိုက်တော့သည်။ မီးလျှံကကြိုးက သူ့ကို တိတ်ဆိတ်ခြင်းမှထွက်ရန် ဖိအားပေးပြီးနောက် ထိုအစီအစဥ်ကို သက်တံရှည်တွေ့ခဲ့တာ ဖြစ်သည်။ သူသည် ခုခံမှုတွင် အားနည်းသယောင် တမင်တကာ ပြသခဲ့ပြီး မီးလျှံကကြိုးကို ရုတ်တရက်ပြန်တိုက်ခိုက်လိုက်တာ ဖြစ်၏။
” သေပေတော့ …”
သက်တံရှည်က အော်ဟေ့ပြီး သူ၏ မျက်လုံးများက ဒေါသများဖြင့် ရဲတောက်နေကာ ဓားသွားဖြင့် ထိုးစိုက်လိုက်၏။ အဆုံးတွင် သူ၏ဓားက ဘာခုခံမှုမှမရှိသည့် အမျိုးသမီးကို ဖြတ်သန်းသွားသည်။ သူက ကျရှုံးခဲ့ပြန်သည်။
” ဒီလိုလား …”
သက်တံရှည်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။
ထိုစဥ်သက်တံရှည်၏ ဓားမြှောင်က မီးလျှံကကြိုး၏ ခန္ဓာကိုယ်တွင် ကျန်ရစ်သည်နှင့် ကိုယ်ခွဲကလဲသွားပြီး လုပ်ကြံသတ်ဖြတ်ရေးသမားကို ပိုင်းဖြတ်လိုက်တော့သည်။
နှစ်ယောက်လုံးက နီးကပ်လွန်းနေ၏။ သက်တံရှည်က တိုက်ကွက်ကို ကြိုမှန်းဆမိသည့်တိုင် မီးလျှံကကြိုး၏ တိုက်ခိုက်မှုအရှိန်က မြင့်လွန်းသည်။ ထို့အပြင် သူက စွမ်းအားအပြည့်တိုက်ခိုက်ပြီးနောက် သူ၏ ခွန်အားအပြည့် ပြန်မရသေးပေ။ သူ့ကိုသူ ခုခံကာကွယ်နိုင်ခြင်းမရှိတော့။
ငွေရောင်ထောင်ချီအသွင်ပြောင်းခြင်းက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သက်တံရှည်၏နှလုံးကို ဖောက်ထွက်သွား၏။
ချက်ချင်းပင် သက်တံရှည်၏ ခေါင်းအထက်တွင် (-၁၀၆၄၈) ထိခိုက်မှုပေါ်လာပြီးနောက် လုပ်ကြံသတ်ဖြတ်ရေးသမား HP ၏ သုံးပုံနှစ်ပုံခန့်ကို ဝါးမျိုသွားခဲ့သည်။
နာကျင်မှုကို လျစ်လျူရှူ့ထားလျှက် သက်တံရှည်က ခုခံမှုကို စွန့်ပစ်ကာ ဓားမြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မီးလျှံကကြိုးကို ထိုးစိုက်လိုက်သည်။ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ၏ ဂုဏ်သက္ခာက ဤပြိုင်ပွဲကိုအနိုင်၊ အရှုံးအကြောင်း ဂရုမစိုက်စေတော့ပေ။
အတွေးတစ်ချက်က သက်တံရှည်၏စိတ်ထဲ ပေါ်လာတော့သည်။ သူသည် အနည်းဆုံးတော့ မီးလျှံကကြိုးကို တစ်ကြိမ်ခန့်ထိခိုက်အောင် လုပ်ရပေမည်။
သူ၏ တိုက်ခိုက်မှုက ပုံရိပ်ယောင်ကိုသာထိခိုက်သော်ငြား ထောင်ချီအသွင်ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုက အစစ်အမှန်သာ ဖြစ်သည်။ ထို့ကြောင့် သက်တံရှည်က သူ့နောက်တွင်ရှိသည့် မီးလျှံကကြိုးက အစစ်မှန်းသိနေ၏။
ထိုသို့တိုင် ဓားမြှောင်ဖြင့် မီးလျှံကကြိုးကို ထိုးလိုက်သည့်အချိန်၌ သူ့နောက်ကျောမှ နောက်ထပ်ထိုးစိုက်မှုကို ခံစားလိုက်ရသည်။
” မင်း …”
သက်တံရှည်၏ HP က ကျောက်တုံးတစ်တုံးကဲ့သို့ ပြုတ်ကျသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် မီးလျှံကကြိုးအစစ်က သူသတိမပြုမိပဲ သူ့နောက်တွင် ပြန်ပေါ်လာတော့သည်။
ပြီးနောက် သက်တံရှည်က မြေပေါ်သို့ပြုတ်ကျသွားကာ သူ၏ မျက်လုံးထဲတွင် ခါးသပ်မှုများပြည့်နေတော့၏။
ရှေးစစ်သည်တော်စကေး သုံးထားသော်ငြား သူသွေးသွားသည့်တိုင် မီးလျှံကကြိုးအစစ်ကို ထိတောင်မထိနိုင်ခဲ့ပေ။
နတ်ဘုရားနယ်မြေထဲဝင်ရောက်ချိန်မှစပြီး သူ့ကို ဤအဆင့်ထိ ဆော့ကစားတာကြုံရတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် ယင်းကို ဆန့်ကျင်ရာတွင် စွမ်းအားကင်းမဲ့နေ၏။
တိတ်ဆိတ်မှုက ပရိသတ်ခုံတန်းတွင် ကြီးစိုးသွားသည်။
ဤတိုက်ပွဲနှင့်ယှဥ်လျှင် ယခင်တိုက်ပွဲများက ဟာသတစ်ခုသာဖြစ်သွားသည်။ တိုက်ပွဲက စက္ကန့်ပိုင်းမျှသာကြာသည်။ ထိုသို့တိုင် လူတိုင်းက ဖြစ်ပျက်သွားတာကို သဘောမပေါက်သေးခင် ဂလိုးရီးယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်အဖွဲ့၏ မဟာကျွမ်းကျင်သူနှစ်ဦးက သေသွားခဲ့ပြီ ဖြစ်သည်။
ဖြစ်ပျက်သွားတာကို ပရိသတ်များက နားမလည်သော်ငြား သူတို့သည် မီးလျှံကကြိုး၏ တိုက်ပွဲကိုကြည့်ရာမှ တစ်ခုနားလည်ခဲ့၏။
မီးလျှံကကြိုးကို တိုက်ခိုက်မှုများအားလုံးက သက်ရောက်မှုမရှိ သူမ၏ တိုက်ကွက်တိုင်းကလည်း ရက်စက်ပေသည်။ ထိုတိုက်ခိုက်မှုက အိပ်မက်နယ်ခံစားရ၏။ မဟာကျွမ်းကျင်သူနှစ်ယောက်က အနည်းငယ်လေးတောင် ခုခံနိုင်ခြင်းမရှိဘဲ သေဆုံးသွားရသည်။
ဇဝေဇဝါဖြစ်နေသည့် ပရိသတ်ထဲတွင် လူတိုင်းက မီးလျှံကကြိုးကို လေးစားကြောက်ရွံ့နေကြ၏။
ဂလိုးရီးလိုင်းရွန်း၏ မဟာကျွမ်းကျင်သူနှစ်ယောက်က သံသယဖြစ်ဖွယ်မလိုဘဲ အထွတ်အထိပ်တည်ရှိမှုမျိုး ဖြစ်သည်။ အတိုင်းထက်အလွန်ထူးခြားသည့်ပုဂ္ဂိုလ်များ ဖြစ်သည်။ အမှောင်ပြိုင်ကွင်းထဲတွင်တောင် သူတို့၏ ခွန်အားကထိပ်တွင် ရှိပေသည်။ ထိုသို့တိုင် မဟာကျွမ်းကျင်သူနှစ်ယောက်က ရှေးစစ်သည်တော်စကေးကို ထုတ်ဖော်ထားသည့်တိုင် မီးလျှံကကြိုးက သူတို့ကို အနိုင်ယူသွားခဲ့တာပဲ ဖြစ်သည်။
ရှေစစ်သည်တော်စကေးက ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို သိသိသာသာတိုးတက်စေ၏။ ရှေးစစ်သည်တော်စကေးမရှိဘဲ ကစားသမားတစ်ယောက်အဖို့ တစ်ချက်ထဲဖြင့်အနိုင်ယူဖို့က မဖြစ်နိုင်ပေ။ ယနေ့တွင်မူ အခန်းထဲရှိ ကစားသမားတိုင်းက သက်ရှိထင်ရှား ဥပမာတစ်ခုကို မြင်တွေ့လိုက်တာပဲ ဖြစ်သည်။
ယင်းက အရည်အချင်းအရာ မဟုတ်တော့။ နှစ်ဖက်လုံးက ကွဲပြားခြားနားသည့်အဆင့်တွင် ရှိနေတာပဲ ဖြစ်သည်။
” မီးလျှံကကြိုးက ဘယ်သူလဲ …”
အဓိက အင်အားစုကြီးများက မီးလျှံကကြိုးအကြောင်း သိချင်စိတ်အတော်လေး ပြင်းလာကြသည်။