ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 798 ဟန့်တားခြင်းခွန်အား
အမှောင်ပြိုင်ကွင်းထဲတွင် အသူရာတိုက်ပွဲဝင်ဖွဲ့ အနိုင်ရသည့်သတင်းက နတ်ဘုရားနယ်မြေတစ်ဝန်း တောမီးသဖွယ် ပျံ့နှံ့သွားတော့သည်။
ယှဥ်ပြိုင်ပွဲပြီးဆုံးပြီး မိနစ်ပိုင်းအတွင်း အသူရာတိုက်ပွဲဝင်အဖွဲ့နှင့် သက်ဆိုင်သည့်အချက်အလက်က နတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသော အဓိကအင်အားစုများ၏ လက်ထဲရောက်နေပြီ ဖြစ်သည်။ တင်ပြချက်များက အသေးစိတ်ကျလွန်းပြီး အသူရာတိုက်ပွဲဝင်အဖွဲ့များ၏ အသိအကျွမ်းများအကြောင်းပါ ပါဝင်သည်။
ကြယ်လတိုင်းပြည် နေပယ်မြို့တွင် ဖြစ်သည်။ နေပယ်မြို့က လွှမ်းမိုးခြင်းအပြုံး၏ အဓိက ပင်ပဌာနချုပ် ဖြစ်နေပြီဖြစ်သည်။ မြေအောက်လောက၏ နောက်ကွယ်က ထောက်ပံ့ပေးမှုဖြင့် အစည်းအရုံးသည် မြို့၏ အရှင်သခင်နေရာကို ခြေကုတ်ယူထားနိုင်ပြီ ဖြစ်သည်။ တစ်ချိန်ထဲတွင် နေပယ်မြို့က ကြယ်လတိုင်းပြည်၏ အရှေ့ပိုင်းဒေသထဲတွင်ရှိသော ဒုတိယအကြီးဆုံးမြို့ ဖြစ်လာခဲ့၏။ မြို့၏ ကစားသမားလူဦးရေက တစ်သန်းကျော်သည်။ ယင်းက မြစ်ဖြူမြို့၏ လူဦးရေနှင့်ယှဥ်လျှင် ဝေးကွာသေးသော်ငြား တိုင်းပြည်အတွင်းရှိ ကျန်သည့်မြို့များထက် သာလွန်ပေသည်။
” ယို့လန် ဒီကိုဘာကြောင့် ဒီကို ဘာကြောင့် ရုတ်တရက် ခေါ်လိုက်တာလဲ …”
ဖုန်းရွှမ်းရန်က စိတ်ပျက်လက်ပျက်ဖြင့်မေးပြီး အစည်းအရုံး၏ အစည်းအဝေးခန်းထဲသို့ဝင်လာကာ သူ့ကို စွဲဆောင်မှုရှိရှိပြုံးပြနေသော ယို့လန်ကို ကြည့်လိုက်သည်။
သူသည် ကြယ်လတိုင်းပြည်၏ အရှေ့ပိုင်းဒေသတွင် အာဏာအရှိဆုံး ဖြစ်သင့်သည်။ သို့သော် နေပယ်မြို့ကို ယို့လန်၏ အောင်မြင်စွာ စီမံခန့်မှန်းခန့်ခွဲမှုကြောင့် မြေအောက်လောက၏ အထက်အရာရှိများသည် ယို့လန်ကို ဒေသအတွင်းအရာအားလုံး ဖြေရှင်းခွင့်ပေးထားသည်။ ယင်းက သူ့ကို ဒေါသထွက်စေ၏။
ဇီးရိုးဝင်းကို ဖြေရှင်းရန်အတွက် အားစိုက်ထုတ်ခဲ့ရသည်။ ထိုသို့တိုင် ယို့လန်က နောက်တွင်ထိုင်ပြီး အခြားသူ၏အလုပ်ကို သစ်သီးစားသောက်လျှက် ကြည့်နေသည်။ မဖြေရှင်းရန် ရန်သူမရှိဘဲ နေပယ်မြို့တွင် ဖွံ့ဖြိုးတိုးတက်တာမြန်တာက သဘာဝကျသည်။ သူသာဖြစ်ခဲ့လျှင် တာဝန်ကို ပြီးမြောက်ရန်အတွက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ပေ။
” အရေးကြီးကိစ္စ မဟုတ်ပါဘူး …။ အခုချက်ချင်း မြစ်ဖြူမြို့က လွှမ်းမိုးခြင်းအဖွဲ့ဝင်တွေကိုခေါ်ပြီး သူတို့ကို တခြားနေရာမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခိုင်းဖို့ ပြောချင်ရုံပဲ …”
ယို့လန်က ညွှန်ကြားလိုက်ပြီး ဖုန်းရွှမ်းရန်၏ ရိုင်းပြသောအမူအရာကို အရေးစိုက်မနေပေ။
” ငါက ဘာကြောင့် ဒီလိုလုပ်ရမှာလဲ …”
ဖုန်းရွှမ်းရန်က ပြောပြီး သူ၏ အမူအရာကသုန်မှုန်လာကာ အစာမကြေစိတ်တို့ ပေါ်ထွက်လာ၏။
” ငါ မြစ်ဖြူမြို့မှာ နေရာတည်မြဲဖို့အတွက် ဘယ်လောက်တောင်ကုန်ကျခံခဲ့ရလဲဆိုတာ သိသားနဲ့ …။ ဇီးရိုးဝင်းက အလွန်သန်မာတယ်ဆိုပေမဲ့ မြစ်ဖြူမြို့အရှင်သခင်နေရာက အတည်တကျမဟုတ်သေးဘူး …။ မြစ်ဖြူမြို့ကနေ လွှမ်းမိုးခြင်းအပြုံးကို ရွေ့လာဖို့အတွက် ငါ့ကို အမိန့်ပေးဖို့ တွေးတောင်မတွေးနဲ့ …”
လွှမ်းမိုးခြင်းအဖွဲ့ဝင်အများစုက မြစ်ဖြူမြို့ထဲတွင် အစည်းအရုံးတာဝန်အပါအဝင် တာဝန်မျိုးစုံကို အားစိုက်နေကြတာ ဖြစ်သည်။ သူတို့က တာဝန်အရေအတွက် အတိုင်းအတာတစ်ခုထိ ပြီးမြောက်သွားသည်နှင့် မြစ်ဖြူမြို့ထဲရှိ လွှမ်းမိုးခြင်းအပြုံး၏ အဆင့်အတန်းက တိုးတက်လာမှာဖြစ်သည်။ သူတို့က ရှားပါးပြီး အဆင့်မြင့်သောတာဝန်များကိုလည်း လက်ခံရနိုင်သည်။ သူတို့က အံ့ဖွယ်တာဝန်တောင် ရနိုင်သေး၏။ အံ့ဖွယ်တာဝန်ဖြင့် ထိပ်တန်းအလွှာလက်နက်များနှင့် ချပ်ဝတ်တန်ဆာများအားလုံးရရန်က အလွန်လွယ်ကူသွားမှာပဲ ဖြစ်သည်။ သူတို့က စစ်ပွဲအတွက် စစ်လက်နက်အသစ်များတောင် ရှာတွေ့နိုင်လောက်သည်။
အစည်းအရုံး၏ လက်တလောအဆင့်မြင့်တင်မှုက အံ့ဖွယ်အစည်းအရုံးတာဝန်တစ်ခုကိုတောင် ပစ်မှတ်ထားနေတာဖြစ်သည်။ သူတိုက အံ့ဖွယ်အစည်းအရုံးတာဝန်ပြီးမြောက်သွားသည်နှင့် စစ်လက်နက်တစ်မျိုးရနိုင်၏။ သူတို့သည် ဇီးရိုးဝင်းနှင့် နောက်ထပ်စစ်ပွဲတစ်ပွဲ စတင်သည့်အချိန် ဇီးရိုးဝင်းက ကျွမ်းကျင်သူအရေအတွက်များစွာရှိနေလျှင်တောင် အစည်းအရုံးကို သူ ရင်ဆိုင်တိုက်ခိုက်ရာတွင် သူရှုံးနိမ့်မည်ဟု မထင်ပေ။
သူတို့က ယခုအချိန်တွင် မြစ်ဖြူမြို့မှ ထွက်သွားခဲ့ပါက မြစ်ဖြူမြို့တွင် သူတို့ ဆောင်ရွက်ထားသည့်တာဝန်အားလုံး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ သူယခုအချိန်တွင် မြို့ကို အလျှော့မပေးနိုင်။
” ဖုန်းရွှမ်းရန် ဒါက ကျွန်မရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး …။ အထက်အရာရှိတွေက ဒီဆုံးဖြတ်ချက်ချတာ …။ ဒီကိစ္စမှာ ရှင်ပြောစရာမရှိဘူး …။ ဘယ်လိုပဲဖြစ်ဖြစ် သုံးရက်အတွင်း ကျွန်မတို့အဖွဲ့ဝင်အားလုံးကို အခြားမြို့ကို ရွေ့ပြောင်းရမယ် …”
ယို့လန်က အေးတိအေးစက်ပြောလိုက်၏။
” ဒါမဖြစ်နိုင်ဘူး …”
ဖုန်းရွှမ်းရန်က အံ့သြဆွံ့အသွားသည်။
အထက်အရာရှိများသည် မြစ်ဖြူမြို့ကို ရနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံပြီး ကြိုးစားခဲ့တာဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတို့က မြို့ကိုအလျော့ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပြီတဲ့လား။ သူမည်မျှ တွေးစေကာမူ ယင်းက မဖြစ်နိုင်ပေ။
” ကျွန်မလည်း ရူးမိုက်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ခဲ့တာ …။ ဒါပေမဲ့ သူတို့ပို့ပေးလိုက်တဲ့ အချက်အလက်ကို တွေ့ပြီးတော့ ကျွန်မစိတ်ပြောင်းသွားတယ် …။ ဆုံးဖြတ်ချက်ကို သဘောမတူတာ မရှိဘူး …”
ယို့လန်က ပြောပြီး ဖိုင်တစ်ခုကို ဖုန်းရွှမ်းရန်အား ပစ်ပေးပြီး ပြောလိုက်၏။
” ရှင့်ဘာသာရှင် တစ်ချက်ကြည့်လိုက် …”
” ဒါက …”
ဖုန်းရွှမ်းရန်က ဖိုင်၏ အမည်ကိုမြင်သောအခါ ဒေါသများပွတ်ပွတ်ဆူလာ၏။
ဇီးရိုးဝင်းအကြောင်း တင်ပြချက်
ဇီးရိုးဝင်းက ဖုန်းရွှမ်းရန်၏ ရန်သူတော်ဖြစ်သည်။ ဇီးရိုးဝင်းက သူ့အစီအစဥ်ကို ထပ်ခါထပ်ခါမနှောက်ယှက်ခဲ့လျှင် မြစ်ဖြူမြို့သည် ယခုအချိန် သူ့အပိုင်ဖြစ်လောက်ပြီပင်။ ဇီးရိုးဝင်း၏ ဖိနှိပ်မှုအောက်တွင် သူခံစားနေစရာမလို။ ကိစ္စများပိုဆိုးသွားခဲ့သည်က ဇီးရိုးဝင်းသည် ကျောက်လက်သည်းတောင်တန်းထဲတွင် စစ်ပွဲအနိုင်ရခဲ့သည့် ပထမတန်းအစည်းအရုံးများကိုတောင် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် ကြယ်လတိုင်ပြည်၏ အစည်းအရုံးကြီးများထဲမှတစ်ခု ဖြစ်လာခဲ့သည်။ ယင်းက မြို့တွင်လွှမ်းမိုးခြင်းအပြုံး၏နေရာကို သိသိသာသာအားနည်းသွားစေသည်။
ယခု လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက ဇီးရိုးဝင်းကစားသမားများကို လမ်းပေါ်တွင် တွေ့ဆုံသည့်အချိန်တိုင်း ဂရုတစိုက်ကြည့်နေရသည်။
ယင်းက ဖုန်းရွှမ်းရန်ကို အရှက်ကွဲစေ၏။ သို့သော် ယခုအချိန်က ဇီးရိုးဝင်းနှင့် တိုက်ခိုက်ရမည့်အချိန် မဟုတ်သေးမှန်း သူသိနေသောကြောင့် သီးခံရမှာပဲဖြစ်သည်။ ယခုမူ အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် သူသည် မြစ်ဖြူမြို့ကိုသိမ်းပိုက်ရန်အတွက် အခွင့်အရေးတစ်ခု ရလာခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူ မည်သည့်အရာကိုပင် လုပ်ရစေကာမူ လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ဤယှဥ်ပြိုင်ပွဲကို အလျော့ပေးမှာ မဟုတ်ပေ။
မြစ်ဖြူမြို့ကို ရရှိသည်နှင့် မြေအောက်လောကအထက်အရာရှိများထံမှ ယို့လန်ရရှိထားသည့် မျက်နှာပေးမှုကလည်း ပျောက်ကွယ်သွားမှာပဲ ဖြစ်သည်။ ထိုအချိန်ကြလျှင် သူက အချိန်တိုအတွက် အစည်းအရုံး၏ အဖွဲ့ဝင်သာဖြစ်နေခဲ့သော အဖွဲ့အစည်း၏ အတွေ့အကြုံနုနယ်သေးသူတစ်ဦး ဖြစ်မည့်အစား ကြယ်လတိုင်းပြည်ထဲရှိ မြေအောက်လောကရုံခွဲ၏ ခေါင်းဆောင်တစ်ဦးဖြစ်လာမှာပင်။
သို့သော် ဖုန်းရွှမ်းရန်က ဇီးရိုးဝင်းတင်ပြချက်အကြောင်းဖတ်ပြီးနောက် သူ၏ စိတ်လှုပ်ရှားသည့် အမူအရာက တောင့်ခဲသွားကာ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။ သူသည် သရဲတစ်ကောင်ကိုမြင်လိုက်သလိုမျိုး မျက်နှာက ဖြူရော်သွားတော့၏။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …”
ဖုန်းရွှမ်းရန်က သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေသည်။
“ဇီးရိုးဝင်းက အမှောင်ပြိုင်ကွင်းထဲမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ …။ သူတို့က စူပါအစည်းအရုံးတစ်ခုရဲ့ နောက်ခံရှိနေတဲ့ တိုက်ပွဲဝင်အဖွဲ့ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်လား …”
လက်ရှိတွင် မြေအောက်လောက နတ်ဘုရားနယ်မြေထဲတွင် အဓိကစွမ်းအားစုအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်သည်။ အဖွဲ့အစည်းက ပထမတန်းအစည်းအရုံးများစွာထက် ပိုသန်မာပေ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် ကျွမ်းကျင်သူအရေအတွက်များစွာကိုလည်း ပြုစုပျိုးထောင်ခဲ့သည်။ သို့သော် သူတို့နှင့် နဂါးဖီးနစ်ပွဲကြည့်စင်ကဲ့သို့ စူပါပထမတန်းအစည်းအရုံးများကြားတွင် ကွာဟချက်ကြီးရှိနေသေးသည်။ စူပါအစည်းအရုံးများဆိုလျှင် ပြောနေရန်မလိုတော့ချေ။
ထိုသို့တိုင် ဇီးရိုးဝင်းကဲ့သို့ တည်ထောင်ခါစအစည်းအရုံးလေးတစ်ခုသည် စူပါအစည်းအရုံးကြီးတစ်ခု၏ တိုက်ပွဲဝင်အဖွဲ့ကို အမှန်တကယ်အနိုင်ယူနိုင်ခဲ့သည်။ ယင်းက လက်မခံနိုင်စရာကောင်းလှပေ၏။
စူပါအစည်းအရုံး၌ အားထားရသည့် ကျွမ်းကျင်သူများစွာ ရှိသည်။ သူတို့တွင် မွန်းစတားကဲ့သို့ တည်ရှိမှုများတောင် ရှိနေ၏။ သူတို့ကို ထောက်ပံ့ပေးနေသည့် အင်အားစုကလည်း ရှုပ်ထွေးပြီး နက်နဲပေသည်။ ကျန်သည့်စူပါအစည်းအရုံးများနှင့် စူပါပထမတန်းအစည်းအရုံးများသာလျှင် ထိုကဲ့သို့ ဘီလူးကြီးများ၏ အုတ်မြစ်ကို လှုပ်ခါစေနိုင်မှာ ဖြစ်သည်။ မည်သူကမှ ကြိုးစားရန်တောင် မတွေးကြည့်သင့်ပေ။
ဇီးရိုးဝင်းတွင် နောက်ကွယ်၌ စူပါအစည်းအရုံးရှိမနေခဲ့လျှင်
” စူပါအစည်းအရုံးတစ်ခုလား …”
ဖုန်းရွှမ်းရန်က သူ့တစ်ကိုယ်လုံး ရုတ်တရက်အေးခဲလာတာကို ခံစားမိလိုက်သည်။
” ဟုတ်တယ် …။ အထက်အရာရှိတွေကလည်း တူညီတဲ့ကောက်ချက်ချခဲ့တယ် …။ ဒါကြောင့် ငါတို့ ဇီးရိုးဝင်းကို ထပ်ရန်မစသင့်တော့ဘူး …။ မြစ်ဖြူမြို့မှာ အချိန်ဆက်ဖြုန်းနေစရာအကြောင်း မရှိဘူး …”
အမှန်တကယ်တွင် ဇီးရိုးဝင်း၌ စူပါအစည်းအရုံးတစ်ခု၏ ထောက်ပံ့မှုရှိလားဆိုတာ ယို့လန် သံသယဖြစ်ခဲ့သည်။ သို့သော် ကျောက်လက်သည်းတောင်တန်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်နှင့် အမျိုးမျိုးသောမှော်အစီအစဥ်စာလိပ်များ၊ ယခုမူ သူတို့က အမှောင်ပြိုင်ကွင်းထဲတွင် လုပ်ဆောင်ချက်ကိုလည်း ပြသနိုင်ခဲ့တာ ထည့်တွေးရမှာဖြစ်သည်။
တည်ထောင်ခါစအစည်းအရုံးက ထိုကဲ့သို့ အောင်မြင်မှုများ မရနိုင်ပေ။ ထို့ကြောင့် ဇီးရိုးဝင်းကို အရိပ်ထဲကနေ စူပါအစည်းအရုံးကြီးတစ်ခု ထောက်ပံ့ပေးနေတာ ဖြစ်နိုင်ချေများသည်။
ယင်းက ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်သော်ငြား မြေအောက်လောကက မစွန့်စားရဲချေ။
“ငါနားလည်ပြီ …။ အခုပဲ ငါအဖွဲ့ဝင်တွေကို အခြားမြို့ကိုပြောင်းရွေ့လိုက်မယ် …။ ဒါပေမဲ့ ငါပြီးမြောက်ဖို့လိုအပ်တဲ့ တာဝန်တစ်ခုရှိသေးတယ် …”
ဖုန်းရွှမ်းရန်က ခေါင်းညိတ်လိုက်၏။
” ကောင်းပြီ …။ ဒါပေမဲ့ မြန်မြန်လုပ် …”
ယို့လန်က ပြောပြီးနောက် အစည်းအရုံးခန်းထဲမှ ထွက်သွားသည်။
အခြားသောတစ်နေရာတွင် ရှီဖုန်းက မီးလျှံကကြိုးနှင့် ကျန်သည့်သူများကိုခေါ်ပြီး မြစ်ဖြူမြို့သို့ ပြန်လာတော့၏။
သူတို့အပြန်လမ်းတွင် ရှီဖုန်းက ဆီးရီးယပ်စ် သူ့ကိုပေးသည့် အချက်အလက်များကို ကြည့်လိုက်သည်။
” ဒီတော့ ဒီလိုကို …”
ဖိုင်များကိုဖတ်ပြီးနောက် ရှီဖုန်းက ပျော်လွန်းသောကြောင့် သူ့အပြုံးကိုတောင် မဖုံးကွယ်နိုင် ဖြစ်နေသည်။
” အစည်းအရုံးခေါင်းဆောင် ဘာတွေက ဒီလောက်ပျော်စေတာလဲ …”
ရေနှင်းဆီက သိချင်စိတ်ဖြင့်မေးပြီး ရှီဖုန်းနား ရွေ့လိုက်၏။
“ဘာမှမဟုတ်ပါဘူး …။ မင်းရဲ့တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို တိုးမြင့်ပေးနိုင်တဲ့ တစ်စုံတစ်ခုကို ရှာတွေ့လိုက်တာ …”
ရှီဖုန်းက ရယ်မောလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် ဘာလဲ …။ တစ်ချက်ကြည့်လို့ရမလား …”
ခရမ်းတိမ်ကလည်း ရှီဖုန်းကို တောင်းဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ မီးလျှံကကြိုးက သန့်စင်ခြင်းနယ်ပယ်သို့ ရောက်နေပြီဖြစ်သည်။ ထိုဖွံ့ဖြိုးတိုးတက်မှုက အဖွဲ့၏ ကျန်သည့်သူများပေါ် ဖိအားတစ်ခု သက်ရောက်စေ၏။ ခရမ်းတိမ်သည်လည်း ဖိအားခံစားနေရသည်။ သူမက ပိုသန်မာလိုစိတ်များ ကြီးထွားနေတော့သည်။
” လောနေဖို့မလိုဘူး …။ အခု အဲဒီကိုသွားရမှာ …”
ထိုသို့ပြောပြီးနောက် ခပ်လှမ်းလှမ်းရှိ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းခန်းမကို လက်ညိုထိုးပြလိုက်၏။