ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 810 ဇီးရိုးဝင်း၏ ကြောက်မက်ဖွယ်ကောင်းမှု
ဝေးလံသည့် တောအုပ်ထဲတွင် လူရိပ်များက ရုတ်တရက်ပေါ်လာတော့၏။
လူအရိပ်များပေါ်လာသည်နှင့် ခပ်ဝေးဝေးရှိ ဂူတစ်ခုက တစ်စစီဖြစ်သွားပြီး အလင်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထဲသို့ တက်သွားတော့၏။ အလင်းတိုင်မှ ဖြာထွက်နေသော ကြောက်မက်ဖွယ်စွမ်းအားက လေကိုမလှုပ်မယှက်ဖြစ်သွားစေသည်။ ရှည်ကြာသည့် ကြောက်မက်ဖွယ်ဟိန်းသံက တောအုပ်တောက်လျှောက် ပဲ့တင်သံထပ်နေတော့၏။
နောက်ဆုံးတွင် ထိုကစားသမားများက အဆင့် (၁၀၀) အလွှာသုံး NPC အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပုံကို သိသွားကြသည်။
ထိုကဲ့သို့ NPC ကိုအချိန်ကြာမြင့်စွာ ရင်ဆိုင်တိုက်ခိုက်ပြီး ထိခိုက်ဒဏ်ရာမရဘဲ ရှီဖုန်း လွတ်မြောက်လာတာက အံ့သြစရာကောင်းလွန်းသည်။ သူက မွန်းစတားတစ်ကောင် ဖြစ်၏။
ဆောင်းဦးဂူ့စ်၊ သေခြင်းတရားလေနှင့် ဂန်းဖိုင်းယားတို့က သက်ပြင်းချလိုက်သည်။
သူတို့သည် ရှီဖုန်းကဲ့သို့ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးနှင့် ဆက်ဆံရေး နက်ရှိုင်းအောင်တည်ဆောက်ရန် အခွင့်အရေးရခဲ့၏။ သူတို့သာ ဇီးရိုးဝင်းကိုဝင်ရန် လက်ခံခဲ့လျှင် ဓားသမားက သူတို့ကိုတောင် ညွှန်ပြပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် သူတို့က သူ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့၏။
” မြန်မြန် ပြန်သွားခြင်းစာလိပ်တွေကိုသုံး …”
ရှီဖုန်းက တစ်ဖွဲ့လုံးကို နိုးဆော်လိုက်သည်။
အလွှာတစ်ရုတ်ခြည်းရွေ့လျားခြင်း မှော်စာလိပ်က အစွမ်းထက်သော ထွက်ပြေးရေးကိရိယာတစ်ခုဖြစ်သော်ငြား သူတို့ကို လိုက်သည့်သူက အဆင့် (၁၀၀) အလွှာသုံး NPC ဖြစ်သည်။ ဂါရက်က သူတို့ကို အလွယ်တကူအလွတ်ပေးမှာ မဟုတ်ချေ။
ရှီဖုန်း သတိပေးတာကို ကြားသောအခါ လူတိုင်းသည် ပြန်သွားခြင်းစာလိပ်ကို မြန်မြန်ဆန်ဆန်ထုတ်ပြီး အသက်သွင်းလိုက်ကြ၏။
စက္ကန့်ပိုင်းခန့် တတိတိကုန်ဆုံးသွားသည်။ သူတို့က အစွန်းတွင်ရောက်နေပြီ ဖြစ်သည်။ ဂါရက်က သူတို့ကို ဖမ်းမိသွားခဲ့လျှင် လွတ်မြောက်ရန်အခွင့်အရေးမရှိတော့။
ကံကောင်းသည်မှာ အလွှာတစ်ရုတ်ခြည်းပြောင်းလဲခြင်း မှော်စာလိပ်က သူတို့နှင့် ဂါရက်ကြား အကွာအဝေးကို အတော်လေးဝေးကွာစေ၏။ မျက်လှည့်ဆရာက ဂူထဲမှ လွတ်မြောက်နိုင်ခဲ့လျှင်တောင် သူတို့၏ နေရာအတိအကျကို ချက်ချင်းရှာတွေ့မှာ မဟုတ်ပေ။ သူတို့ ပြန်သွားခြင်းစာလိပ် အသက်သွင်းပြီသည်အထိ ဂါရက်က သူတို့ကို ရှာမတွေ့သွားခဲ့ပေ။
မြစ်ဖြူမြို့၏ ပို့ဆောင်ရေးခန်းမထဲတွင် ဖြစ်သည်။
” ကပ်သီးလေးပဲ …။ ငါတို့ သေပြီလို့ ထင်နေတာ …”
ဘလူးဘမ်ဘူးက ပြောသည်။ သူမ ရင်ဘက်ကို အသာပုတ်လိုက်၏။ မြို့သို့ပြန်ရောက်လာသော်ငြား စိတ်ထဲတွင်အကြောက်တရားတစ်ချို့ ရှိနေသေးသည်။
အဆင့် (၁၀၀) အလွှာသုံး NPC က လက်ရှိကစားသမားများ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။
ကစားသမားတစ်ဦး၏ တိုက်ကွက်ကို ဖြိုခွင်းနိုင်သည့် မွန်းစတားကို သူမမြင်တွေ့ဖူးတာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ သူတို့ကြားရှိ အရည်အချင်းကွာဟချက် မည်မျှကြီးမားကြောင်း သူမ မှန်းဆနိုင်ပေသည်။ ကံကောင်းသည်မှာ သူတို့တာဝန်ကို ပြီးမြောက်ခဲ့၏။
ဘလူးဘမ်ဘူးပြောပြီးသည်နှင့် စနစ်အသိပေးသံတစ်သံက သူတို့နားထဲ ရောက်လာတော့သည်။
စနစ် : သင်သည် ဂါရက်၏ ပစ်မှတ်ထားခြင်း ခံနေရပါပြီ။ သုံးရက်အတွင်း ဧရာမဥကို အကောင်မဖောက်နိုင်ခဲ့လျှင် ဂါရက်က သင်၏ တည်ရှိမှုကို သင်စွန့်စားသွားလာသည့် မည်သည့်မြေပုံမဆို၌ ရှာတွေ့သွားမှာ ဖြစ်သည်။ ဂါရက်က သင့်ကိုသတ်ခဲ့လျှင် သင်သည် နှစ်ဆသေခြင်းတရားပြစ်ဒဏ်ကို ခံစားရမည်ဖြစ်ကာ အားနည်းသည့်အခြေအနေ သုံးရက်တာကျရောက်မည် ဖြစ်သည်။
” ဘာကြောင့် နောက်ထပ်တာဝန် ရှိနေတာလဲ …”
တွေးခေါ်သူရိန်းက မျက်မှောင်ကြုတ်ပြီး စနစ်အသိပေးစာကို ကြည့်လိုက်သည်။ သူမ၏ မူလတာဝန်က ဧရာမဥကိုယူလာရန်သာ ဖြစ်သည်။ ယခု ထိုတာဝန်ကို အခက်အခဲများစွာကြုံပြီး ပြီးမြောက်ပြီးနောက် နောက်ထပ်တာဝန်တစ်ခု ရလာပြန်သည်။ ထို့အပြင် ကျရှုံးမှုအတွက် ပြစ်ဒဏ်ကလည်း ပြင်းထန်၏။
သူမက ထိုတာဝန်ကို ကျရှုံးခဲ့လျှင် အဆင့် (၁၀၀) အလွှာသုံး NPC က သူတို့ကို အမဲလိုက်မှာ ဖြစ်သည်။ ကံဆိုးသည်မှာ ဂိမ်း၏ဤအဆင့်ရှိ ကစားသမားများသည် ထို NPC ကိုသတ်နိုင်ရန် မျှော်လင့်ချက်မရှိပေ။ တစ်နည်းဆိုရလျှင် သူမ ထိုတာဝန်ကျရှုံးသွားပါက စူးစမ်းရှာဖွေနိုင်ခြင်းမရှိ။ အဆင့်တက်နိုင်တော့မှာလည်း မဟုတ်ပေ။
ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများကလည်း ထိတ်လန့်သည့်အမူအရာ ပေါ်လာသည်။ သူတို့က တွေးခေါ်သူရိန်းကို ကူညီခဲ့သော်ငြား ဤတာဝန်အတွက် ပေးဆပ်ရအုံးလိမ့်မည်ဟု သူတို့ မထင်ထားပေ။
ထိုသို့သောတာဝန်ကို ကြုံတွေ့ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့သည် ဂါရက်၏စွမ်းအားကို ကိုယ်တိုင်တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ ကွင်းပြင်ထဲတွင် ဂါရက်နှင့် ရင်ဆိုင်တွေ့ခဲ့ပါက သေခြင်းတရားကိုသာ ရှာတွေ့မှာပဲ ဖြစ်၏။
” ဥဖောက်တဲ့ နည်းလမ်းတွေက ဥရဲ့အညွှန်းထဲမှာ ပါဝင်လား ကြည့်ရအောင် …”
” ပါဝင်လား …”
ရှီဖုန်းက ဆောင်းဦးဂူ့စ်ကို မေးလိုက်သည်။ သူသည် ရုတ်တရက် ပေါ်ပေါက်လာသည့်အခြေအနေနှင့် ကျင့်သားရနေပြီးသား ဖြစ်၏။
” ကျွန်မကြည့်အုံးမယ် …”
ဆောင်းဦးဂူ့စ်က ဧရာမဥ၏ အချက်အလက်များကို အမြန်ကြည့်လိုက်သည်။
” ဒီဥကို အကောင်ဖောက်ဖို့အတွက် အသက်ဓာတ်တွေ အများကြီးလိုအပ်တယ်လို့ ပြောထားတယ် …။ အဆင့် (၄၀) နဲ့အထက် မဟာအရှင်ကိုသတ်ပြီး ရလာတဲ့အသက်ဓာတ်နဲ့မှပဲ ဖြစ်မှာ …”
” ငါတို့ ဘယ်နှစ်ကောင်သတ်ဖို့လိုလဲ …”
ရှီဖုန်းက မေး၏။
” အကောင်နှစ်ဆယ် …”
ဆောင်းဦးဂူ့စ်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။
” နှစ်ဆယ်လား …။ နောက်နေတာမလား …။ ငါတို့တွေက မဟာအရှင်အကြောင်း ပြောနေတာလေ …”
ဘလူးဘမ်ဘူးက စိတ်ပျက်အားငယ်လာမိသည်။ သေခြင်းတရားလေနှင့် ဂန်းဖိုင်းယားလည်း မျက်မှောင်ကြုတ်မိသွား၏။
အဆင့် (၄၀) မဟာအရှင်က ဟားတိုက်စရာ မဟုတ်ပေ။ ထိုမွန်းစတားတစ်ကောင်ဆီကို သတ်ဖြတ်ရန်အတွက် ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသည့် အဆင့် (၄၀) ကစားသမားအယောက်တစ်ရာအဖွဲ့တစ်ဖွဲ့ လိုအပ်သည်။ ထိုသို့တိုင် မည်သည့်အမှားကမဆို သူတို့အားလုံးကို သေသွားစေနိုင်၏။
သူတို့က ထိုကဲ့သို့အဖွဲ့ စုဝေးခဲ့လျှင်တောင် တစ်နေ့လုံးမှာ မဟာအရှင်တစ်ကောင်ကိုသာ သတ်ဖြတ်နိုင်မှာ ဖြစ်သည်။ သူတို့ စတေးရမည့်အရာကလည်း သူတို့ကို မှင်သက်သွားစေ၏။
မည်သို့ပင်တွေးစေကာမှု သုံးရက်အတွင်း အဆင့် (၄၀) မဟာအရှင်အကောင်နှစ်ဆယ်ကို သတ်ဖြတ်ရန်က မဖြစ်နိုင်ပေ။
ရှေးဦးစွာ အဆင့် (၄၀) မဟာအရှင်များက ရှာရန်မလွယ်ကူချေ။ ပုံမှန်ဆို ထိုမွန်းစတားများသည် အယောက်တစ်ရာအဖွဲ့လိုက်မြေအောက်စခန်းများတွင်သာ ကျက်စားလေ့ရှိသည်။ ကွင်းပြင်ထဲတွင် အဆင့် (၄၀) မဟာအရှင်ကို ရှာတွေ့ခဲ့လျှင်တောင် သုံးရက်ကျော် အချိန်ယူရမှာပဲ ဖြစ်သည်။
အဆင့် (၄၀) အယောင်တစ်ရာအဖွဲ့လိုက်မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ဖို့အတွက် ဘယ်လောက်ခက်ခဲလဲ။ အခုထိတောင် အမျိုးမျိုးသောအစည်းအရုံးကြီးတွေက ဒီမြေအောက်စခန်းတွေရဲ့ ခက်ခဲတဲ့အဆင့်ကို စိန်ခေါ်ဖို့အတွက် ကြိုးပန်းအားထုတ်နေသေးတုန်းပဲ။ ငရဲအဆင့်ဆိုလျှင် ပြောနေဖို့တောင် မလွယ်ဘူး။
သူတို့က လေနတ်ဘုရား၏လှံ အဖွဲ့ဝင်များအားလုံးကို ခေါ်နိုင်ခဲ့လျှင်တောင် ဝာာဝန်ကိုပြီးမြောက်မှာ မဟုတ်။
အားလုံးက စိတ်ပျက်အားငယ်နေစဥ်
” ဒီတာဝန်ကိုပြီးမြောက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး …”
ရှီဖုန်းက စဥ်းစားပြီးနောက် ပြောလိုက်၏။
” ဒါပေမဲ့ ငါအရင်ဆုံး ပြင်ဆင်ဖို့လိုအပ်တယ် …။ မင်းတို့တွေ ဒီမှာ ခဏစောင့်နေ … ”
အဆင့် (၄၀) မဟာအရှင်ကို ခြောက်ယောက်အဖွဲ့စွမ်းအားဖြင့်သတ်ရန် မလွယ်ကူချေ။ သို့သော် အယောက်နှစ်ဆယ်အဖွဲ့ကမူ အခွင့်အရေးတစ်ခု ရှိ၏။
” ဘာလဲ …။ သူ့မှာ ဒီဟာအတွက် အစီအစဥ်တောင် ရှိတာလား …”
ဂန်းဖိုင်းယားက ရှီဖုန်း၏ ထွက်ခွာသွားသောနောက်ကျောကို သံသယဖြစ်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
ရှီဖုန်းနှင့် တူညီသည့်အစည်းအရုံးထဲတွင် ရှိသည့် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးကတောင် ထိတ်လန့်သွားကြသည်။
သူတို့က အဆင့် (၄၀) မဟာအရှင်များအကြောင်း ပြောနေတာဖြစ်သည်။ ထိုသို့တိုင် ရှီဖုန်းက သာမန်မွန်းစတားများအကြောင်း ပြောနေသလိုမျိုး ပြောနေ၏။ အချိန်တစ်ချို့ စောင့်စားပြီးနောက် သူတို့သည် ပို့ဆောင်းရေးခန်းမတောက်လျှောက် စိတ်လှုပ်ရှားသံများ ပြန့်လွင့်လာတာကို ကြားလိုက်ရ၏။
” ဝါး … ဇီးရိုးဝင်းက မီးလျှံကကြိုးမလား …”
” ကြည့်အုံး …။ အဲ့ဒါက ဇီးရိုးဝင်းရဲ့ ဒုခေါင်းဆောင်ရေနှင်းဆီပဲ …”
မီးလျှံကကြိုးနှင့် ဇီးရိုးဝင်းပင်မတပ်ဖွဲ့ဝင် ဆယ့်နှစ်ယောက်ကျော် ခန်းမထဲဝင်လာတာကိုမြင်သောအခါ ပို့ဆောင်ရေးခန်းမထဲရှိ ကစားသမားများက မှင်သက်သွားကြသည်။
သာမန်ကစားသမားများအဖို့ ထိုကျွမ်းကျင်သူများက ဒဏ္ဍာရီပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က ကွဲပြားခြားနားသည့် ကမ္ဘာတွင်နေထိုင်ကြတာ ဖြစ်သည်။ ကျောက်လက်သည်းတောင်တန်းထဲ၌ စစ်ပွဲပြီးနောက် ကစားသမားများသည် စစ်မှန်သောကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားကို နောက်ဆုံးတော့သဘောပေါက်သွားပြီ ဖြစ်သည်။
ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များသည် မြစ်ဖြူမြို့ထဲတွင် အိုင်ဒေါများဖြစ်ခဲ့ပြီးတာ ကြာပြီပင်။ ထိုကြယ်ပွင့်များကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည့်အချိန် ကစားသမားများက သူတို့၏ စိတ်လှုပ်ရှားမှုကို မည်ကဲ့သို့ ထိန်းထားနိုင်မည်နည်း။
” ဘာ …”
ဘလူးဘမ်ဘူးသည် မီးလျှံကကြိုးနှင့် ကျန်သည့်အဖွဲ့ဝင်များ သူတို့အဖွဲ့နား ချဥ်းကပ်လာတာကို မြင်သောအခါ အံ့သြဆွံ့သွားသည်။
ထိုကစားသမားများ ဇီးရိုးဝင်း၏ အထက်ရှိများ ဖြစ်သည်။ သူတို့က ကြယ်လတိုင်းပြည်၏ ထိပ်တန်းအလွှာကျွမ်းကျင်သူများ ဖြစ်သည်။ ထိုသို့တိုင် တစ်ချက်ခေါ်ရုံဖြင့် သူတို့က ကမန်းကတမ်း ရောက်လာကြသည်။
သူမ အလေးစားဆုံး ခရမ်းတိမ်တောင် ရောက်လာ၏။ သူမက ဖြစ်ပျက်နေတာကို မယုံနိုင်ဖြစ်နေသည်။
” ရီဖုန်းက ဘယ်သူလဲ …”
ဆောင်းဦးဂူ့စ်သည် ရှီဖုန်းကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
သေခြင်းတရားလေနှင့် ဂန်းဖိုင်းယားက ထိတ်လန့်သွားသည်။ သူတို့သည် အစည်းအရုံးကျွမ်းကျင်သူများပေါ် အထင်သေးပြီး စိတ်ဝင်စားမှုမရှိခဲ့ပေ။ သို့သော် ဇီးရိုးဝင်းမှ ထိုကျွမ်းကျင်သူများကို မြင်တွေ့ပြီးနောက် သူတို့သိတာ မည်မျှသေးငယ်မှန်း ရုတ်တရက် သဘောပေါက်သွားပြီ ဖြစ်၏။ ထိုကျွမ်းကျင်သူများထံမှ ဖိအားကို သူတို့ခံစားမိ၏။
မီးလျှံကကြိုးကို မြင်ရသည်မှာ သူတို့ရှေ့တွင် လူသားပုံစံ အရှင်အဆင့်မွန်းစတားတစ်ကောင် ရပ်နေသလိုပင်။ လုပ်ကြံသတ်ဖြတ်ရေးသမားထံမှ အကြည့်တစ်ချက်ဖြင့် သူတို့သည် ကြောက်လန့်မှုကြောင့် တုန်ရီမိကြတော့သည်။ သူတို့၏ အလိုလိုသိစိတ်က ထိုလုပ်ကြံသတ်ဖြတ်ရေးသမားထံမှ ဝေးသမျှဝေးဝေးပြေးရန် ပြောနေ၏။
ထိုကျွမ်းကျင်သူများ အတူတကွရပ်နေသည့်အချိန်တွင် ပေါင်းစည်းထားသောခွန်အားက လွှမ်းမိုးလာနိုင်သည်။
ပို့ဆောင်ရေးခန်းမထဲရှိ လေက တင်းမာနေ၏။ လှုပ်ရှားမှုတိုင်းကတောင် ရုန်းကန်နေရသည်။
ထို့အပြင် သူတို့က ပြိုင်ပွဲဝင်နေတာမဟုတ်။ သူတို့သာ ဇီးရိုးဝင်းကျွမ်းကျင်သူများကို တိုက်ခိုက်ရန် ကြိုးပန်းအားထုတ်ခဲ့ရလျှင် ထိုလူများ၏ ဖမ်းဆုပ်မှုထဲမှ သူဘယ်တော့မှ မလွတ်မြောက်နိုင်မှန်း သူတို့ သေချာသိသွားသည်။
” ကောင်းပြီ …။ အခု အားလုံးရောက်ပြီ …။ တာဝန်ကို စလိုက်ကြရအောင် …”
ရှီဖုန်းကပြောပြီး ရယ်မောလိုက်တော့သည်။