ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 813 ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တက်သောအရှိန်
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 813 ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တက်သောအရှိန်
တစ်စစီဖြစ်နေသော အရိုးများနှင့် လျင်မြန်စွာတက်နေသော EXP ဘားကိုကြည့်ပြီး ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများက ဆွံ့အသွားကြသည်။
အဆင့် (၄၂) လက်ရွေးစင်ရာချီနှင့် အဆင့် (၄၂) မျိုးနွယ်စုအကြီးအကဲသုံးကောင်ကို ရင်ဆိုင်ရခြင်းက အယောက်တစ်ရာ အဆင့် (၄၀) လက်ရွေးစင်ကစားသမားအဖွဲ့တစ်ဖွဲ့အတွက်တောင် စိန်ခေါ်မှုတစ်ခု ဖြစ်မှာပင်။ သို့သော် ယခုအချိန်၌ တစ်ဒါဇင်ခန့်သောကစားသမားက ထိုမွန်းစတားများကို အလွယ်တကူ အနိုင်ယူခဲ့သည်။
သူတို့နှင့် ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များကြားထဲ ကွာဟလျက်ကြီးတစ်ခုရှိမှန်း သူတို့သဘောပေါက်ပြီ ဖြစ်သော်လည်း ဤတိုက်ပွဲက ထိုကွာဟချက်မည်မျှကြီးမားကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက်တာပဲ ဖြစ်သည်။
” ဒီစီးနင်းတိုက်ခိုက်ပြီး အဆင့်တက်တဲ့အရှိန်က အံ့သြစရာပဲ …။ ငါဒီလို နေ့တိုင်းအဆင့်တက်နိုင်ရင် ကောင်းမှာပဲ …”
ဘလူးဘမ်ဘူးက သက်ပြင်းချပြီးနောက် သူမ၏ အတွေ့အကြုံဘားကို ကြည့်လိုက်သည်။
သူမသည် ခါတိုင်း နှစ်နာရီကြာ စီးနင်းတိုက်ခိုက်ပြီးမှ ရသည့် EXP ထက်ပိုရရှိထားတာ ဖြစ်သည်။ သူတို့သည် ဒုံးပျံတစ်စင်းထက် ပိုလျင်မြန်စွာအဆင့်တက်တာပဲ ဖြစ်သည်။ ထို့အပြင် ရရှိသည့် ငွေကြေးပမာဏကလည်း ကြွယ်ဝလွန်းသည်။ တစ်မိနစ်မပြည့်မီ၌ သူတို့က ချပ်ဝတ်တန်ဆာ အပိုင်းအစ ခြောက်ခု ရသွားပြီဖြစ်သည်။
ယနေ့ခေတ် နတ်ဘုရားနယ်မြေထဲတွင် မွန်းစတားတစ်ကောင်၏ အဆင့်ပိုမြင့်လေ ချပ်ဝတ်တန်ဆာများကျသည့်နှုန်းက ပိုနိမ့်လေဖြစ်သည်။ သူတို့သည် ယခင်က အဆင့် (၄၀) မွန်းစတားများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ အဆင့် (၄၀) လက်ရွေးစင်များကို သတ်သည့်အချိန်ကတောင် မည်သည့်ချပ်ဝတ်တန်ဆာများမရတာမျိုး ရှားပါးလွန်း၏။ အဆင့် (၄၀) မျိုးနွယ်စုအကြီးအကဲများကသာ ချပ်ဝတ်တန်ဆာကျရန်သေချာသည်။ ထိုသို့တိုင် တစ်ခုစနှစ်ခုစပဲ ကျနေကြတာ ဖြစ်၏။
သူတို့ရရှိထားသည့် ချပ်ဝတ်တန်ဆာအပိုင်းအစခြောက်ခုကြားထဲတွင် လေးခုက အဆင့် (၄၀) ကြေးနီချပ်ဝတ်တန်ဆာနှင့် နှစ်ခုက အဆင့် (၄၀) ဆန်းကျယ်သံမဏ်ချပ်ဝတ်တန်ဆာ ဖြစ်၏။ သူတို့က ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ၏ အပိုင်းအစများမဟုတ်သော်ငြား ငွေကြေးအနည်းငယ်ဖြင့် ရောင်းချနိုင်ပေသည်။ အဖွဲ့ကြားရှိ အကျိုးအမြတ်ကို ဝေခွဲပြီးသည့်တိုင် သူတို့က တစ်ရက်လျှင်သာမန်ကစားသမားတစ်ဦးရတာထက် ပိုရတာပဲဖြစ်သည်။
ရှီဖုန်းက ညီတူမျှတူဝေခွဲပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့၏။ ဆိုရလျှင် သူတို့က ဘာမှမလှုပ်ခဲ့ပေ။ သူတို့က ဇီးရိုးဝင်းအဖွဲ့ဝင်များလည်းမဟုတ်။ ဝင်တိုက်ခိုက်ခွင့်မရှိဘဲ EXP ပမာဏများစွာ မျှဝေရရှိသည်ကိုပင် သူတို့စိတ်ထဲ မသက်မသာဖြစ်နေ၏။ တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးကလည်း ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြသည်။ အဆုံးတွင် ရှီဖုန်းက ရွေးချယ်စရာမရှိတော့ဘဲ အစည်းအရုံးသိုလှောင်ရုံထဲတွင် ချပ်ဝတ်တန်ဆာများသိမ်းထားရန် ရေနှင်းဆီအား အမိန့်ပေးလိုက်တော့၏။
” မီးလျှံကကြိုး၊ အရိပ်ပျံသန်းခြင်း၊ မိုင်နာလေ မွန်းစတားတွေကိုမျှားထား …။ ငါတို့တွေမြို့ထဲမဝင်ခင် မြို့မြင်က မွန်းစတားတွေကို ရှင်းလင်းရမယ် …”
ရှီဖုန်းက ပစ္စည်းများကို ရှင်းလင်းပြီးနောက် အမိန့်ပေးလိုက်သည်။
အသူရာစစ်မြေပြင်ထဲတွင် မြို့တစ်မြို့ကိုသိမ်းပိုက်ရန် အခြေခံဗျူဟာက အပြင်ဘက်အစွန်းရှိ မွန်းစတားများကို ရှင်းထုတ်ပစ်ရန်ဖြစ်သည်။ သူတို့က မြို့အပြင်ရှိ မွန်းစတားများကို မဖြေရှင်းခဲ့လျှင် မြို့ထဲတွင်စတင်တိုက်ခိုက်သည်နှင့် ဘော့စ်ထံမှတစ်ချက်ဟိန်းဟောက်မှုက မွန်းစတားတိုင်း၏အာရုံကို စွဲဆောင်နိုင်မှာပဲ ဖြစ်သည်။ မွန်းစတားများသူတို့နားတွင် ဝိုင်းလာပြီး သူတို့ သုတ်သင်ရှင်းလင်းခံရနိုင်ခြေက ပိုမြင့်လာမှာပဲ ဖြစ်၏။
ထို့ကြောင့် မြို့အပြင်ဘက်ရှိမွန်းစတားများကို ဦးစွာ သုတ်သင်ရှင်းလင်းရန်က အရေးကြီးသည်။
ထို့အပြင် အသူရာစစ်မြေပြင်တွင် မြို့နှင့် မြို့ကြီးထဲရှိမွန်းစတား၏ ပြန်လည်ပေါက်ဖွားသည့်အချိန်က ရှည်ကြာသည်။ အဆုံးမရှိ အကောင်ပြန်ပေါက်လာမှာကို စိုးရိမ်ပူပန်စရာမလိုပေ။ သူတို့က မြို့အပြင်တွင်လည်း အချိန်များစွာဖြုန်းနေရန်လည်းမလိုပေ။
ပြီးနောက် မီးလျှံကကြိုး၊ အရိပ်ပျံသန်းခြင်းနှင့် မိုင်နာလေတို့က ကိုလာနှင့်ကျန်သည့်သူများဆီ သွားနေသည့် မွန်းစတားများကို မျှားခေါ်လိုက်သည်။
MT အရိုးစုအကြီးအကဲများကို မျှားခေါ်ပြီးနောက် ရှီဖုန်းသည် မီးမုန်တိုင်းကို အသုံးပြုတော့သည်။ AOE စကေး ပိုင်ဆိုင်သည့်သူတိုင်းက သူနှင့်အတူ သူတို့၏ တိုက်ကွက်များထုတ်ဖော်ပြီး အရိုးစုစစ်သားများကို လျင်မြန်စွာဖြေရှင်းလိုက်ကြ၏။ ပြီးနောက် လူတိုင်းက မျိုးနွယ်စုအကြီးအကဲအဆင့် အရိုးစုအကြီးအကဲများကို တိုက်ခိုက်ရန်အာရုံစိုက်ကြတော့သည်။
အဖွဲ့က ငါးမိနစ်တစ်ကြိမ် မွန်းစတားလှိုင်းကို သုတ်သင်ရှင်းလင်းပစ်ပြီး သူတို့၏ EXP ဘားများက လျင်မြန်စွာ ပြည့်လာတော့သည်။
သုံးနာရီခန့် ကြိုးကြိုးစားစားအလုပ်လုပ်ပြီးနောက် ဆောင်ဦးဂူ့စ်နှင့် ကျန်သည့်သူများသည် အဆင့် (၃၅) သို့ရောက်ပြီး ဘလူးဘမ်ဘူးက အဆင့် (၃၆) သို့ရောက်သွားပြီ ဖြစ်သည်။ ကျန်သည့်ငါးယောက်က သူတို့အဆင့်တက်နေသည့်အရှိန်ကိုကြည့်ပြီး အိပ်မက်မက်နေသလို ခံစားနေရသည်။
” ငါတို့အဆင့်တက်တာ သိပ်မြန်တာပဲ …။ အခုဆို ဘော့စ်နဲ့ အဆင့်တူနေပြီ …”
ဂန်းဖိုင်းယားက သူ၏ ကိုယ်ပိုင်အဆင့်ကို အံ့သြမှင်သက်နေမိ၏။
ဆောင်းဦးဂူ့စ်နှင့် သေခြင်းတရားလေက တူညီသည့်တုံ့ပြန်မှုများ ရှိလာသည်။
ကျွမ်းကျင်ကစားသမားများက သူတို့အဆင့်ရောက်ရန်အတွက် နှစ်ရက် သို့မဟုတ် သုံးရက်ခန့် စီးနင်းတိုက်ခိုက်ရန်လိုအပ်သည်။ နတ်ဘုရားနယ်မြေထဲတွင် တစ်ရက်လျှင် လေးဆယ့်ရှစ်နာရီ ရှိကြောင်း သိထားသင့်ပေသည်။ ယခုအချိန်၌ သူတို့က အဆင့်တက်ရန် သုံးနာရီမျှသာ အချိန်ယူခဲ့ရသည်။ သူတို့အဆင့်တက်သည့်အရှိန်က မယုံနိုင်စရာကောင်းလှပေ၏။ ထို့အပြင် မြို့အပြင်ရှိ မွန်းစတားများက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို လုံးဝခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
နောက်ဆုံးတွင် ကိုးနာရီကြာတိုက်ခိုက်ပြီးနောက် အဖွဲ့သည် တောင်ပိုင်းရေအိုင်မြို့၏ အပြင်ပိုင်းဒေသရှိ အသူရာမွန်းစတားများအားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။ တွေးခေါ်သူရိန်းနှင့် ကျန်သည့်သူများက အဆင့် (၃၇) သို့ရောက်ပြီး ရေနှင်းဆီ၊ မီးလျှံကကြိုးနှင့် ဇီးရိုးဝင်း၏ ကျန်သည့်အဖွဲ့ဝင်များက အဆင့် (၃၉) သို့ရောက်သွားပြီ ဖြစ်သည်။ ရှီဖုန်းအတွက်မူ သူက အဆင့် (၃၉) ၏ (၈၁) ရာခိုင်နှုန်းသို့ရောက်ပြီဖြစ်ကာ အဆင့် (၄၀) ရောက်ရန် (၁၉) ရာခိုင်နှုန်းသာ လိုတော့သည်။
မြို့၏ မြောက်ဘက်ခြမ်းရှိ မွန်းစတားများအားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် ရှီဖုန်းသည် အားလုံးကို မြို့ဆီ ဦးဆောင်ခေါ်သွားတော့၏။
တောင်ပိုင်းရေအိုင်မြို့သည် အပြင်ကထက်မြို့ထဲတွင် အန္တရာယ်ပိုများသည်။
ရာထူး၊ ဂုဏ်ထူးအဆင့်ဆင့်ရှိကြပြီး အဆင့်အနိမ့်ဆုံးမွန်းစတားက အပြင်ဘက်အကျဆုံးဒေသတွင် နေထိုင်သည်။ ကစားသမားများက မြို့ထဲ ခပ်နက်နက်သွားသည်နှင့် သူတို့က အဆင့်ပိုမြင့်သည့် ပိုသန်မာသည့် မွန်းစတားများကို ကြုံတွေ့မှာဖြစ်သည်။
မြို့ထဲတွင်အရေအတွက်တိုးလာသည်ထက် မွန်းစတားများက အာရုံစူးစိုက်မှုက သိသိသာသာလျော့ကျလာတာပဲ ဖြစ်သည်။ သို့သော် မြို့ထဲတွင်လှည့်လည်သွားလာနေသည့် အရိုးခြောက်စစ်သည်တော်များကိုရှာရန် မခက်ခဲပေ။
[အရိုးခြောက်စစ်သည်တော်] [မသေမျိုး၊ အထူးလက်ရွေးစင်]
အဆင့် (၄၂)
မြို့က အရိုးခြောက်မျိုးနွယ်စုအကြီးအကဲများလည်း ရှိသည်။
အဆင့် (၄၀) အယောက်တစ်ရာလက်ရွေးစင်အဖွဲ့တောင် ဤနေရာတွင် ဂရုတစိုက်သွားလာရမှာပဲ ဖြစ်သည်။ အမှားတစ်ချက်က အရိုးခြောက်စစ်သည်တော်ရာချီနှင့် အရိုးခြောက်အကြီးအကဲ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကို မျှားခေါ်နိုင်ပြီး အဖွဲ့အဝိုင်းခံရစေနိုင်၏။
ကံကောင်းသည်မှာ ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များက ထိုကဲ့သို့အခြေအနေအတွက် အနည်းအကျဥ်းသာ အခက်တွေ့တာ ဖြစ်သည်။ သူတို့သည် မည်သည့်မွန်းစတားတပ်ဖွဲ့ကိုမဆို အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်သည်။
သို့သော် ရှီဖုန်း၏ ပန်းတိုင်က အဆင့်တက်ရန်မဟုတ်။ မဟာအရှင်များကိုသတ်ရန် ဖြစ်သည်။ ထို့ကြောင့် သူက မြို့ကို စီးနင်းတိုက်ခိုက်ခြင်းထက် မြို့ကိုထောက်လှမ်းဖို့ကို ဦးစားပေးသည်။
” အဲ့ဒီမှာ မဟာအရှင်တစ်ကောင် ရှာတွေ့ထားတယ် …”
မြို့ကိုကင်းထောက်ရန်အတွက် တိတ်ဆိတ်ခြင်းကိုအသုံးပြုထားသည့် အရိပ်ပျံသန်းခြင်းက အဖွဲ့လိုက်စကားပြောခန်းကနေ တင်ပြလိုက်သည်။
” အခု မြို့ရင်ပြင်ထဲမှာ မဟာအရှင်ကို နောက်ထပ်ကစားသမားတစ်ဖွဲ့ တိုက်ခိုက်နေတယ် …”
” သူတို့က ဘယ်သူတွေလဲ …”
ရှီဖုန်းက တအံ့တအောမေးလိုက်သည်။ ကျန်သည့်သူများကလည်း အံ့သြသွားကာ သိချင်စိတ်များ ဖြစ်လာ၏။
တောင်ပိုင်းရေအိုင်မြို့က အသူရာစစ်မြေပြင်ထဲရှိ မွန်းစတားမြို့လေးများထက် အဆပေါင်းများစွာ အန္တရာယ်ပိုများသည်။ အဆင့် (၄၀) အယောက်တစ်ရာလက်ရွေးစင်အဖွဲ့တစ်ဖွဲ့တောင် ဤနေရာတွင် အင်မတန်ဂရုစိုက်ရမှာပဲ ဖြစ်သည်။ သူတို့အဖွဲ့သည် မြို့တစ်ဝိုက်ရှိမွန်းစတားများကို သုတ်သင်ရှင်းလင်းပစ်ရန် အချိန်များစွာသုံးစွဲခဲ့သည်။ ထိုသို့တိုင် သူတို့ထက်ဦးပြီး တစ်စုံတစ်ယောက်က ရောက်နေပြီဖြစ်ကာ မဟာအရှင်ကို စတင်သတ်ဖြတ်နေပြီဖြစ်သည်။
“သူတို့က အယောက်တစ်ရာအဖွဲ့ပဲ …။ အဲ့ဒီလူတွေက အစည်းအရုံးတံဆိပ်ဝတ်ထားတာ …။ တစ်ချို့အစည်းအရုံးရဲ့ ပင်မတပ်ဖွဲ့ဖြစ်လောက်တယ် …”
အရိပ်ပျံသန်းခြင်းက အခြေအနေကိုလေ့လာပြီးနောက် သတင်းပို့လိုက်သည်။
” အဆင့်အနိမ့်ဆုံးကစားသမားက အဆင့် (၃၄) ၊ ခေါင်းဆောင်က အဆင့် (၃၆) …။ လက်ရှိမှာ သူတို့က မဟာအရှင်ရဲ့ HP ကို သုံးပုံတစ်ပုံလျော့အောင် လုပ်ပြီးပြီ …။ ဒါတောင် ဘာထိခိုက်မှုမှ မရှိသေးဘူး …”
ကွင်းပြင်မဟာအရှင်များက မြေအောက်စခန်းမဟာအရှင်များနှင့် မတူပေ။ သူတို့က ပိုသန်မာ၏။ သို့သော် သူတို့၌ အလွန်နည်းပါးသည့် HP များရှိကြသည်။ အဖွဲ့က အဆင့် (၄၀) မဟာအရှင်၏ HP သုံးပုံတစ်ပုံကို အဖွဲ့ဝင်တစ်ယောက် မှမလျော့အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းက သူတို့အဖွဲ့ အင်မတန် သန်မာတာကို ပြနေတာပဲဖြစ်၏။
” ခဏနေအုံး သူတို့ရဲ့ တိုက်ပွဲဝင်ဗွီဒီယို ပို့လိုက်မယ် …”
အရိပ်ပျံသန်းခြင်းက သူမှတ်တမ်းတင်ထားသည့် ဗွီဒီယိုအတိုလေးကို အဖွဲ့အားပေးလိုက်သည်။
” အရင်တုန်းက သူတို့ အစည်းအရုံးတံဆိပ်ကို မမြင်ခဲ့ဖူးဘူး …။ ကြယ်လတိုင်းပြည်အစည်းအရုံးလို့ မထင်ဘူး …။ ဒါပေမဲ့ သူတို့က မဟာအရှင်ကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်တာကိုကြည့်ရင် သာမန်မဟုတ်တာ သေချာတယ် …”
ဗွီဒီယိုကို ရသောအခါ သူတို့က အစည်းအရုံးတိုက်ပွဲဝင်နေတာကို ကြည့်လိုက်ကြသည်။
ဗွီဒီယိုထဲတွင် အသူရာမွန်းစတားများ၏အလောင်းက ကျယ်ပြောသည့် ရင်ပြင်ထဲတွင်ပြည့်နေသည်။ ကစားသမားအဖွဲ့က ဧရာမအရိုးစုကို ရင်ဆိုင်နေရသည်။ ဧရာမအရိုးစုက ဆယ်မိတာခန့် မြင့်သည်။
[အရိုးစုစစ်သူကြီး] [မသေမျိုး၊ မဟာအရှင်]
အဆင့် (၄၃)
HP (၁၈ သန်း/၁၈ သန်း)
အရိုးခြောက်စစ်သူကြီးက ၎င်း၏ တိုက်ပွဲဝင်ပုဆိန်ကို ရူးသွပ်စွာလွဲရမ်းနေပြီး လွဲချက်တိုင်းက မြေကမ္ဘာကိုတုန်စေသည်။ သို့သော် ကစားသမားများသည် အရိုးခြောက်စစ်သူကြီးကို တိုက်ခိုက်ရာတွင် အလွန်ပူးပေါင်းဆောင်ရွက်မှု ရှိသည်။ သူတို့၏ MT ကအရိုးစုစစ်သူကြီး၏ တိုက်ခိုက်မှုကို ကျန်သည့်လူများနှင့် ကင်းသည့်နေရာဆီသို့ မျှားခေါ်ထားသည်။ ကုသသူနှင့် အကွာအဝေး ထိခိုက်မှုပမာဏများက တုံ့ပြန်သည့်အချိန်တွင် မဟာအရှင်၏ HP ကို ဆက်တိုက်လျော့ကျအောင် မည်သို့ပြုလုပ်ရမည်မှန်း သိကြသည်။ ဆိုရလျှင် ကစားသမားများက ညီညွတ်ပေ၏။
” ဒါက စိတ်ဝင်စားစရာပဲ …။ ဒီလိုနေရာမှာ သူတို့ကို တွေ့လိမ့်မယ်လို့ မထင်ထားဘူး …”
ဗွီဒီယိုထဲရှိ ကစားသမားများကိုတွေ့ပြီးနောက် ရှီဖုန်း၏ နှုတ်ခမ်းက အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားတော့သည်။