ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 838 အရှိန်ပြင်းသော ဈေးကွက်
ရေအိုင်နှလုံးသားမြို့က လက်ရှိတွင် ကစားသမားများအတွက် သွားရောက်လည်ပတ်စရာ နေရာတစ်ခုဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ ကောင်းကင်ဘုံကဲ့သို့မြေမျိုး ဖြစ်သည်။ သာမန်ကစားသမားများ သို့မဟုတ် ရှေ့တန်းနှင့် ဝေးကွာလိုချင်ကြသည့် ကစားသမားများသည် ထိုမြို့သို့ ရံဖန်ရံခါ သွားရောက်လည်ပတ်ကြသည်။ သို့သော် စွန့်စားသွားလာပြီး တိုက်ပွဲဝင်ရတာကို နစ်ခြိုက်သည့်သူများကမူ သွားလာခဲသည်။
ရေအိုင်နှလုံးသားမြို့ ပတ်ဝန်းကျင်ရှိ အဆင့်တက်မြေပုံအများစုက ရေအောက်တွင် သို့မဟုတ် မြူထဲတွင် တည်ရှိကြသည်။ ပတ်ဝန်းကျင်နှစ်မျိုးလုံးက ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားပေါ် သက်ရောက်မှု ရှိစေသည်။ ထို့ကြောင့် အနည်းစုသောကစားသမားအချို့သာလျှင် ရေအိုင်နှလုံးသားမြို့တွင် နေထိုင်ပြီးအဆင့်တက်ကာ စွန့်စားသွားလာလိုစိတ် ရှိကြသည်။
ကစားသမားများသည် အဆင့်ပိုမြင့်လာပြီး မြင့်မားသောရေခဲခုခံမှုကို လိုအပ်သည့် မြေအောက်စခန်းဘော့စ်များနှင့် မြေပုံချပ်များတိုးလာသောကြောင့် ရေခဲကျောက်စိမ်းများ၏ တည်ရှိမှုက ရေအိုင်နှလုံးသားမြို့ဆီ အာရုံစိုက်မှုများစွာ ဖြစ်လာစေခဲ့သည်။ အတိတ်တုန်းက မြို့သည် လူဦးရေ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နဂါးနက်အင်ပါယာထဲရှိ အကျော်ကြားဆုံး ဆဠမမြောက်မြို့ ဖြစ်လာခဲ့သည်။ မြေဈေးနှုန်းကလည်း ညတွင်းချင်း တက်သွားခဲ့၏။
ရှီဖုန်းက သူသည် ကံကောင်းထောက်မပြီး ခွန်အားဖြည့်ကိရိယာများရောင်းချခြင်းမှ ထိုကဲ့သို့ ကမ်းလှမ်းမှုရလာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိပေ။
အရောင်းအဝယ်အခြေအနေကို သဘောတူပြီးနောက် ရှီဖုန်းနှင့် ဖီးနစ်မိုးက မြစ်ဖြူမြို့တွင်တွေ့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မြေနေရာများဝယ်ယူချင်လျှင် သူတို့က မြို့တော်ခန်းမကနေ နည်းလမ်းနှစ်ခုသာ ဖြေရှင်းရန်လိုအပ်သည်။ ပထမနည်းလမ်းက အတော်လေးမြန်သော်လည်း ပြဿနားများသည်။ ဒုတိယနည်းလမ်းကမူ ရိုးရှင်းသော်ငြား အချိန်ကုန်သည်။
ရှီဖုန်းသည် မြေများဝယ်ယူရန်အတွက် တာဝန်ယူရန်ကိစ္စကို ရေနှင်းဆီနှင့် လွမ်းဆွေးခြင်းအပြုံအား လွှဲထားပေးနေကြဖြစ်သည်။ သူတို့သည် ထိုမြေများ၏ ပိုင်ဆိုင်ခွင့်ကို သူ့ဆီ လွဲပေးမှာပဲ ဖြစ်၏။ ထိုနည်းဖြင့် သူသည် မြို့တော်ခန်းမကို သွားစရာမလိုတော့ချေ။ သို့သော် ပိုင်ရှင်လွဲပြောင်းသည့်နည်းလမ်းက တစ်ရက်လျှင် တစ်ကြိမ်သာရတာ ဖြစ်သည်။ ကျန်သည့်နည်းလမ်းကမူ သူ့အတွက် မြို့တော်ခန်းမကို လူကိုယ်တိုင်သွားရတာပဲ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် ရွေ့ပြောင်းသည့်အစီအစဥ်များကို ချက်ချင်းပြီးမြောက်အောင် လုပ်နိုင်မှာ ဖြစ်၏။
လက်ရှိတွင် ရှီဖုန်းက ရေအိုင်နှလုံးသားမြို့၏ ရွှေမြေကိုရရန်လောမနေချေ။ ထို့ကြောင့် သူ့အဖို့ အရောင်းအဝယ်ပြီးမြောက်အောင် ပိုင်ရှင်လွဲပြောင်းဖို့အတွက် ကိုယ်တိုင်သွားစရာမလိုပေ။ ရှီဖုန်းနှင့် ဖီးနစ်မိုး တစ်ယောက်နှင့်တစ်ယောက် ပြောနေသည့်ကာလအတွင်း ရှီဖုန်း၏ စနစ်အသိပေးဘားထဲတွင် အသံတစ်သံထွက်လာတော့၏။
စနစ် : လေလံပွဲတွင် သင့်ထားသည့် ခွန်အားမြင့်တင်ခြင်းကိရိယာနှစ်ဆယ် ရောင်းထွက်ပါပြီ။ ဝန်ဆောင်ခကိုနုတ်ပြီး စုစုပေါင်းသင်၏အိတ်ထဲကို ရွှေပြားတစ်ရာ့ခြောက်ဆယ့်လေးပြား ငွေပြားရှစ်ဆယ့်ငါး ထည့်ပြီးပါပြီ။
စနစ် : ခွန်အားမြင့်တင်ခြင်းကိရိယာ ရောင်းချပြီးပါပြီ။ ဝန်ဆောင်ခကို နုတ်ပြီးနောက် စုစုပေါင်းရွှေပြားတစ်ရာ့ခြောက်ဆယ့်ငါးပြ ငွေပြားခြောက်ဆယ့်လေးပြားကို သင့်၏အိတ်ထဲထည့်ပြီးပါပြီ။
ရှီဖုန်း လေလံအိမ်တော်မှထွက်လာပြီး အချိန်တိုအတွင်းတွင် သူ့အိတ်ထဲရှိ ပိုက်ဆံပမာဏက ရွှေပြားတစ်ထောင်ကျော်သွားပြီ ဖြစ်သည်။ ဤနှုန်းဖြင့် သူပိုက်ဆံရှာနေသည်မှာ အံ့သြဖွယ်ကောင်းလှပေသည်။
ဝန်ဆောင်ခက မတန်တဆများလိုက်တာ။ ရှီဖုန်းသည် ရောင်းချခြင်းမှ သူရရှိသည့် ပိုက်ဆံပမာဏကိုကြည့်သည့်အချိန်တွင် ရင်နာသွားသည်။ လက်ရှိဝန်ဆောင်ခက လေလံပွဲတုန်းကကဲ့သို့ သိပ်မမြင့်သော်ငြား (၂၀) ရာခိုင်နှုန်း ဖြစ်နေသေးသည်။ သူသည် ပေးချေခဲ့ရသည့် ဝန်ဆောင်ခအားလုံးကိုပေါင်းပြီး မြေနေရာကောင်းများစွာ ဝယ်ယူနိုင်မှာ ဖြစ်သည်။
လေလံအိမ်တော်က အကျိုးအမြတ်ဖြစ်ထွန်းသည့် မြေနေရာတစ်ခုဆိုတာ သူဝင်ခံရမှာပဲ ဖြစ်သည်။
ကံကောင်းသည်မှာ လက်ရှိကစားသမားများက ကိုယ်ပိုင်လေလံအိမ်တော် တည်ဆောက်ရန် အရည်အချင်း မရှိသေးပေ။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် လိုအပ်ချက်က ကိုယ်ပိုင်မြို့တစ်မြို့ ရှိရမှာဖြစ်သည်။ ပြီးနောက် ရှီဖုန်းသည် မြစ်ဖြူမြို့သို့ ပြန်သွားပြီးနောက် စာကြည့်တိုက်သို့ သွားလိုက်၏။ ရွှေကျောက်ပြားက ရှီဖုန်းအတွက် မက်မောလောက်စရာ ဖြစ်သည်။
လျှို့ဝှက်နည်းစနစ်က ကစားသမားများကို အဆင့်မြင့်တိုက်ပွဲဝင်နည်းစနစ်များ တိုက်ရိုက်သင်ယူခွင့်ပေးသည့် ရတနာတစ်ပါးဖြစ်သည်။ အစည်းအရုံးများအဖို့ များစွာသောအံ့ဖွယ်လက်နက်မဆိုထားနှင့် အပိုင်းအစဒဏ္ဍာရီလာလက်နက်၏ တန်ဖိုးကတောင် လျှို့ဝှက်နည်းစနစ်နှင့် မယှဥ်နိုင်ချေ။
သူသာ ရွှေကျောက်ပြားကို ရနိုင်ခဲ့လျှင် ဇီးရိုးဝင်းပင်မတပ်ဖွဲ့ဝင်များ၏ ခွန်အားအလုံးစုံကို တိုးမြင့်ပေးနိုင်မှာ သေချာ၏။
ပို့ဆောင်ရေးခန်းမမှ ထွက်ပြီးနောက် ရှီဖုန်းသည် သူ၏အိတ်ထဲမှ မဟူရာရွှေပုလွေကိုထုတ်ပြီး ညင်သာစွာမှုတ်လိုက်သည်။
ဝီခနဲအသံထွက်လာသည်နှင့် အစီအရင်တစ်ခုက လမ်းပေါ်တွင် ပေါ်လာသည်။ ပြီးနောက် မှော်အစီအရင်ထဲမှ နတ်ဆိုမီးတောက်ကျား ပေါ်ထွက်လာ၏။ နတ်ဆိုးမီးတောက်ကျား၏ ကိုယ်ထည်က အိမ်သေးလေးတစ်လုံး၏ အရွယ်အစားခန့်ရှိသည်။ ၎င်း၏ ချွန်ထက်သောလက်သည်းတစ်ဝိုက်တွင် မဟူရာမီးတောက်များရှိနေပြီး အပူချိန်က အဆပေါင်းများစွာ မြင့်လာတော့၏။
နတ်ဆိုးမီးတောက်ကျား ပေါ်လာသည်နှင့် လမ်းမပေါ်ရှိ ကစားသမားများက ချက်ချင်းမှင်သက်သွားကြသည်။
” ဒီမှာ မွန်းစတားတစ်ကောင် ဘယ်လိုကြောင့် ရုတ်တရက်ပေါ်လာတာလဲ …”
” မွန်းစတားတွေက မြို့ကိုတိုက်ခိုက်နိုင်တာလား …”
” မဟုတ်သေးဘူး …။ ကင်းလှည့်နေတဲ့ မြို့စောင့်တပ်က ဘယ်လိုကြောင့် မတုံ့ပြန်တာလဲ …”
ဖြတ်သန်းသွားလာသူများက နတ်ဆိုးမီးတောက်ကျားကိုကြည့်ပြီး မှင်သက်နေကြသည်။
ယင်းက ရင်းနှီးသည့်သွင်ပြင်မျိုး ပိုင်ဆိုင်ထားရုံသာမက ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသည့်ရောင်ဝါက သူတို့ကို ကြောက်လန့်မှုကြောင့် တုန်ရီစေသည်။ လက်ရွေးစင်ကစားသမားများတောင် နတ်ဆိုးမီးတောက်ကျားထံမှ ခြိမ်းခြောက်မှုကို ခံစားမိ၏။
ရှီဖုန်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးနောက် မလှုပ်ရှားနိုင်ဖြစ်နေသည့် ကစားသမားများကို တစ်ချက်သိမ်းကြုန်းကြည့်လိုက်သည်။ ပြီးနောက် နတ်ဆိုးမီးတောက်ကျားဆီ လျှောက်သွားလိုက်တော့၏။
ယင်းက မဟူရာရွှေစီးတော်ယာဥ်တစ်စီး ဖြစ်သည်။ သူ့ခွန်အားက အဆင့် (၄၀) မျိုးနွယ်စုအကြီးအကဲနှင့် ညီမျှပေ၏။ သာမန်ကစားသမားများ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။
” အဲဒီလူ စိတ်လွတ်သွားပြီလား …။ သူတကယ်ကြီး သွားနေတယ် …။ အသတ်ခံရမှာ မကြောက်ဘူးလား …”
ရှီဖုန်း ကြောက်လန့်လွန်းသောကြောင့် စိတ်လွတ်သွားသည်ဟု လူတိုင်းက တွေးနေကြသည်။ သူ နတ်ဆိုးမီးတောက်ကျားနား ချဥ်းကပ်သွားတာကို သူတို့ကြည့်နေ၏။ သို့သော် နတ်ဆိုးမီးတောက်ကျားက ရှီဖုန်းရှေ့၌ နာနာခံခံဝှတ်တွားပေးပြီး ရှီဖုန်း၏ ပွတ်သပ်မှုကို လိုလိုလားလားခံယူနေတာကို မြင်သောအခါ သူတို့ ပါးစပ်အဟောင်းသာ ဖြစ်ကုန်သည်။
သို့သော် ပိုတောင်ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်လာတော့သည်။ ရှီဖုန်းက နတ်ဆိုးမီးတောက်ကျားကို စီးနေတာဖြစ်သည်။
” သွားကြမယ် …”
ရှီဖုန်းက ခပ်တိုးတိုးအော်လိုက်သည်။ ရုတ်တရက်တွင် နတ်ဆိုးမီးတောက်ကျားက တစ်ချက်ဟိန်းပြီးနောက် ရှေ့သို့တစ်လှမ်းတက်လာတော့သည်။ ပြီးနောက် ပုံရိပ်ယောင်အသွင်အဖြစ် ပြောင်းလဲသွားပြီး အားလုံးရှေ့မှ ပျောက်ကွယ်သွားတော့သည်။
” ဘာ …”
” အဲဒါ စီးတော်ယာဥ်လား …”
” ငါမှားမြင်တာ မဟုတ်ဘူးမလား …”
” အဲ့ဒီလူက ဘယ်သူလဲ …”
” ဧရာမကျားစီးတော်ယာဥ်က တကယ်မိုက်တာပဲ …”
မည်သူကမှ သူတို့မြင်လိုက်ရသည့်အရာကို မယုံရဲဖြစ်နေကြသည်။ စီးတော်ယာဥ်ကို စီးနိုင်ခြင်းက သူတို့အတွက် ဝေးကွာလွန်းသည့် အိပ်မက်တစ်ခု ဖြစ်နေသေးသည်။ သူတို့က နောက်ဆုံးတွင် အဆင့် (၄၀) သို့ရောက်နိုင်ခဲ့လျှင်တောင် ရွှေပြားလေးဆယ်ဟူသည့် ပမာဏက နည်းနည်းနှောနှောမဟုတ်ပေ။ ကြေးနီ သို့မဟုတ် ဆန်းကျယ်သံမဏိစီးတော်ယာဥ်ကို စီးဖို့က သူတို့အတွက် ပိုတောင်မဖြစ်နိုင်ပေ။
ရှီဖုန်းက စာကြည့်တိုက်ဆီ မြန်မြန်ဆန်ဆန်သွားနေစဥ် ပို့ဆောင်ရေးခန်းမအပြင်ဘက်ရှိ ကစားသမားများက တောင့်ခဲနေ၏။ အားလုံးက တရားဝင်ဖိုရမ်ပေါ်တွင် ရူးသွပ်စွာပို့စ်တင်နေကြတော့သည်။
ဧရာမကျားကို စီးနေတဲ့ သူရဲကောင်းတစ်ယောက် မြစ်ဖြူမြို့ထဲမှာ ပေါ်လာတယ်။
လူများစွာက ထိုစာတွင်ရေးထားသည့် စာသားများကို အစက မယုံကြပေ။ ဆိုရလျှင် အမျိုးမျိုးသောအင်ပါယာကြီးများ၏ အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ကစားသမားများက အဆင့် (၃၉) သာရှိသေးသည်။ ထိုကစားသမားများသည် အဆင့် (၄၀) ရောက်ရန် ဝေးကွာနေသေး၏။ ယခုအချိန်တွင် အဆင့်မြင့်စီးတော်ယာဥ်ကို တစ်စုံတစ်ယောက်က မည်ကဲ့သို့စီးနိုင်စွမ်း ရှိမည်နည်း။
မှတ်တမ်းတင်ထားသည့် ဗွီဒီယိုကိုကြည့်ပြီးနောက် အားလုံးက ထိတ်လန့်ကုန်သည်။
အချို့က လေးစားနေကာ အချို့က မနာလိုဖြစ်နေသည်။ အချို့က ဂုဏ်ယူဝင့်ကြွားနေ၏။
ရှီဖုန်း မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနေကြသည့်လူ များပေသည်။ ဒီလိုစီးတော်ယာဥ်ကို စီးနိုင်ရအောင် ဘယ်သူ့မှာများ ဒီလိုအရည်အချင်းရှိတာလဲ။
ကံဆိုးသည်မှာ ရှီဖုန်းက ခေါင်းစွပ်နက်ကိုအသုံးပြုပြီး မျက်နှာကိုဖုံးကွယ်ထားခဲ့တာဖြစ်ရာ သူမည်သူမှန်း မည်သူမှမသိချေ။
မဟူရာရွှေစီးတော်ယာဥ်က မြန်ဆန်သည်။ အဆင့်မြင့်မြင်းလှည်းတောင် သူ့ထက်နိမ့်ကျနေပေ၏။ မဟူရာရွှေစီးတော်ယာဥ်ကိုစီးတာ ရှီဖုန်းအတွက် ပထမအကြိမ်လည်း ဖြစ်သည်။ စီးတော်ယာဥ်၏အရှိန်က ရွှေစင်စီးတော်ယာဥ်များနှင့် မယှဥ်နိုင်ချေ။
မီးတောက်နတ်ဆိုးကျား၏ အရှိန်က အဆင့်မြင့်မြင်းလှည်းထက် အနည်းဆုံး (၂၀) ရာခိုင်နှုန်း သို့မဟုတ် (၃၀) ရာခိုင်နှုန်း ပိုမြန်ဆန်ပေသည်။
ရှီဖုန်းက စာကြည့်တိုက်နား လျင်မြန်စွာ ချဥ်းကပ်သွားစဥ် သူက ဆောင်းဦးဂူ့စ်ထံမှ ဖုန်းခေါ်ဆိုမှု ရလိုက်သည်။
ရှီဖုန်းက ဖုန်းလက်ခံသည့်အချိန်တွင် စိုးရိမ်ပူပန်နေသည့် ဆောင်းဦးဂူ့စ်၏ ပုံစံက သူ့ရှေ့၌ ပေါ်လာခဲ့၏။
” ဘာဖြစ်တာလဲ …”
ရှီဖုန်းက သူမ၏ အမူအရာကို မြင်ပြီးနောက် မမေးပဲမနေနိုင်တော့ချေ။
” ရီဖုန်း …။ ဂန်းဖိုင်းယားက ခုနကပဲ ကျွန်မကို ဆက်သွယ်တယ် …။ ရိန်းနဲ့ ဘလူးကို အမဲလိုက်နေတဲ့ ကစားသမားတစ်စု ရုတ်တရက်ပေါ်လာတယ်တဲ့ …။ အဲ့ဒီလူတွေက အင်မတန်အစွမ်းထက်ပြီး သူတို့သတ်လိုက်တဲ့ ကစားသမားတစ်ယောက်ရဲ့ သေခြင်းတရားပြစ်ဒဏ်ကို နှစ်ဆဖြစ်စေတာ …။ ဒါ့အပြင် သူတို့က ကစားသမားတွေရဲ့ အဆက်အသွယ်တွေကို ပိတ်ဆို့နိုင်တဲ့ နည်းလမ်းတွေရှိတယ် …။ ဒါပေမယ့် ကျွန်မ အခု ကြယ်လတိုင်းပြည်မှာ ရှိမနေဘူး …။ သူတို့ကို ကျေးဇူးပြုပြီး ကာကွယ်ပေးနိုင်မလား …”
ဆောင်းဦးဂူ့စ်က စိတ်ပူပန်စွာ မေးသည်။
သူတို့အဆင့်ကိုရောက်ပြီးနောက် တစ်ကြိမ်ဆုံးရှုံးမှုကတောင် နာကျင်ဖွယ်ဆုံးရှုံးမှု ဖြစ်သည်။ သူတို့၏ သေခြင်းတရားပြစ်ဒဏ်နှစ်ဆဖြစ်သွားခဲ့ပါက တစ်ကြိမ်သေသည်က ယူကြုန်းမရဖြစ်စေမှာပဲ ဖြစ်သည်။ သို့သော် သူမက တွေ့ခေါ်သူရိန်းနှင့် ကျန်သည့်သူများကို ယခုအချိန်တွင် ကယ်တင်ရန်နည်းလမ်းကောင်း မရှိပေ။
ဤအခြေအနေတွင် ကူညီနိုင်ရန်အတွက် သူမ စဥ်းစားမိသည့်တစ်ဦးတည်းသောသူက ရှီဖုန်း ဖြစ်သည်။
” သူတို့ အခုဘယ်မှာလဲ …”
ရှီဖုန်းသည် အစက မှင်သက်နေ၏။ သို့သော် ချက်ချင်းပင် ကမန်းကတမ်းလေသံဖြင့် ပြောလိုက်၏။
” အဲ့ဒီကို အခုချက်ချင်းသွားလိုက်မယ် …”
ရှီဖုန်းက ကြယ်လတိုင်းပြည်၏ နယ်ပယ်အတွင်း ဇီးရိုးဝင်းအဖွဲ့ဝင်များကို ဆန့်ကျင်တိုက်ခိုက်ရဲသည့်သူ ရှိသည်ဆိုတာကို အမှန်တကယ်မတွေးမိ ဖြစ်နေသည်။