ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 839 သလင်းဝင်္ကဘာ
တုံ့ဆိုင်းခြင်းမရှိ ရှီဖုန်းဖြေတာကို ကြားသောအခါ ဆောင်းဦးဂူ့စ်က ရင်ထဲထိသွားသည်။ သူမသည် အနည်းငယ်လည်း အားကျမိသွား၏။
လေနတ်ဘုရားလှံကဲ့သို့ တစ်ကိုယ်တော်အဖွဲ့အစည်းကို သူမ ဝင်ခဲ့ရသည့် အကြောင်းအရင်းက အဖွဲ့အစည်းအတွင်းရှ်လူများသည် တစ်ယောက်နှင့်တစ်ယောက် မိသားစုသဖွယ်ဆက်ဆံကြသောကြောင့် ဖြစ်သည်။ သူတို့ထဲမှတစ်ယောက် အနိုင်ကျင့်ခံရလျှင် သူတို့သည် မိတ်ဆွေကို ကူညီကယ်တင်ရန်အတွက် ဘာကိုမှအမူမထားဘဲ အကြောက်အလန့်ကင်းကင်း ကယ်တင်မှာပဲ ဖြစ်သည်။
ရဲဖော်ရဲဖက်တစ်ဦးကို ကူညီပေးသည့်အချိန်တွင် အမျိုးမျိုးသောကဏ္ဍများအကြောင်း စိုးရိမ်ပူပန်နေရသည့် အစည်းအရုံးအဖွဲ့ဝင်များကဲ့သို့ သူတို့မပြုမူကြပေ။
ပုံမှန်ဆို ရှီဖုန်းကဲ့သို့ အစည်းအရုံးကြီးများ၏ အထက်အရာရှိအတွင်းရှိ ကစားသမားများသည် လှုပ်ရှားတာရှားသည်။ သူတို့ ရာထူးရှိလူများသည် ရှေ့ဦးစွာ ရင်ဆိုင်ရမည့်ရန်သူအကြောင်း စုံစမ်းစစ်ဆေးပြီးမှ ရလာနိုင်သည့် အကျိုးအမြတ်များကို တွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချတာ ဖြစ်သည်။
သို့သော် ရှီဖုန်းက ထိုသို့မလုပ်ခဲ့ပေ။
သူ၏ရန်သူ မည်သူဆိုတာ မေးမည့်အစား ရှီဖုန်း ပထမဆုံးသိချင်သည့်အရာက တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူး၏ တည်နေရာဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးက အစည်းအရုံးတစ်ခုတွင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
” တချို့ကျွမ်းကျင်သူတွေက ရိန်းကို ချုံခိုတိုက်ခိုက်နေပြီး တချို့က သလင်းတောအုပ်မှာ ရှိတယ် …။ ရန်သူတွေက အနက်ရောင်ခေါင်းစွပ် ဝတ်ထားတာ …။ ဒီတော့ ကျွမ်းကျင်သူတွေအကြောင်း သူတို့ ဘာမှရှာမတွေ့ခဲ့ဖူး …။ ဒါ့အပြင် သူတို့ကို ချုံခိုတိုက်ခိုက်တဲ့သူတွေက တိတ်တဆိတ်ထိုးစစ်ဆင်တာ …။ ရိန်းနဲ့ ဘလူးက ရှင်သူတို့ကို အရင်ကပေးထားတဲ့ ရုတ်ခြည်း ရွေ့လျားခြင်းစာလိပ်ကို အသုံးပြုခဲ့တာကြောင့် ထွက်ပြေးနိုင်ခဲ့တာပဲ …။ ဒါပေမဲ့ ဘန်းဖိုင်းယားပြောပုံအရ အဲဒီလူတွေက ရိန်းနဲ့ ဘလူးကိုသတ်ဖို့ ရည်ရွယ်ထားတာ …။ သူတို့တွေက ရိန်းတို့ကို သေချာပေါက် လွတ်ပေးမှာမဟုတ်ဘူး …။ ဒီမှာ ချုံခိုတိုက်ခိုက်ခံရတဲ့ နေရာရဲ့ ကိုသြဒိနိတ်ပဲ …။ ရှင်ဂရုစိုက်မှ ရမယ် …”
ဆောင်းဦးဂူ့စ်က ပြောပြီးနောက် ရှီဖုန်းအား မြေပုံကိုသြဒိနိတ် ပို့လိုက်သည်။
” ငါနားလည်ပြီ …။ ချက်ချင်းသွားလိုက်မယ် …”
သလင်းတောအုပ်၏ ကိုသြဒိနိတ်များကိုမြင်ပြီးနောက် ရှီဖုန်းသည် စိတ်ထဲမှတ်ထားလိုက်သည်။ ပြီးနောက် နတ်ဆိုးမီးတောက်ကျားကိုပြန်လှည့်ပြီး ပိူ့ဆောင်ရေးခန်းမဆီသို့ ဦးတည်သွားလိုက်၏။
တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးကို ကယ်တင်ရန်စိတ်ပူပန်နေသော်ငြား ဆောင်းဦးဂူ့စ်က ရှီဖုန်း၏ တည်ငြိမ်နေသောအသံကိုကြားရသောအခါ အချို့သောအကြောင်းပြချက်ကြောင့် သူမစိတ်သက်သာရာ ရသွားသည်။
မြစ်ဖြူမြို့မှ သလင်းတောအုပ်သို့ သွားသည့်အချိန်က တွေးခေါ်သူရိန်းတို့အဖွဲ့ ချုံခိုတိုက်ခိုက်ခံရသည့်နေဆီ အရင်ဆုံးရောက်ရန်အတွက် အနည်းဆုံးနှစ်နာရီခန့်ကြာမှာ ဖြစ်သည်။ တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးက ရုပ်ချည်းရွေ့လျားခြင်းစာလိပ်ကို အသုံးပြုပြီး လွတ်မြောက်သွားခဲ့သော်ငြား လက်ရှိကစားသမားများသည် ယခင်ကထက် စကေးများပိုရှိလာပြီး ကျန်သည့်ကစားသမားများကို ခြေရာခံတာပိုလွယ်ကူလာတာ ဖြစ်၏။
ထို့အပြင် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးကို ရန်သူများလိုက်ပြီးနောက် သူတို့သည် တိုက်ပွဲဝင်အခြေအနေကို ထိန်းထားနိုင်ရန်အတွက် ရိန်းတို့ပြန်ရောက်ခြင်းစာလိပ်ကို အသုံးမပြုနိုင်အောင် ကာကွယ်ခဲ့သည်။ ပုံမှန်ဆို ဂိမ်းထဲမှထွက်ဖို့ဆိုလျှင်တောင် မဖြစ်နိုင်ပေ။ စနစ်က သူတို့သည် တိုက်ပွဲဝင်နေသည့်အခြေအနေ၌ လိုင်းပေါ်မှဆင်းသွားခဲ့လျှင် သေခြင်းတရားပြစ်ဒဏ်ကို တိုက်ရိုက်ပေးမှာ ဖြစ်သည်။
” ရိန်းနဲ့ ကျန်တဲ့သူတွေ ကျေးဇူးပြုပြီး အဆင်ပြေပါစေ …”
ယခုအချိန်တွင် ဆောင်းဦးဂူ့စ်က ဆုတောင်းရုံသာ တက်နိုင်သည်။ သူမက ဝေးကွာသည့် မဟူရာညအင်ပါယာအတွင်း၌ ရှိနေတာဖြစ်သည်။ သလင်းတောအုပ်ကို ရောက်ရန်အတွက် ရှီဖုန်းထပ် ပိုကြာမှာပဲ ဖြစ်သည်။
သလင်းတောအုပ်၏ ဗဟိုဧရိယာတွင် သလင်းများထွက်သည့် အပင်များရှိသည်။ လက်ရှိတွင် ခေါင်းစွပ်နက်ကစားသမားတစ်ဒါဇင်ခန့်က ထိုနေရာတွင် ရှာဖွေနေတာ ဖြစ်၏။
” ကွီရယ် သူတို့ကို ခြေရာခံလို့ မရသေးဘူးလား …။ ဘော့စ်ငရဲမိစ္ဆာက ဇီးရိုးဝင်းရဲ့ ပင်မအဖွဲ့ဝင်တွေအားလုံးကို ငါတို့ သတ်ကိုသတ်ရမယ်လို့ ပြောထားပြီးသား …”
သာမန်သူစိမ်းက ခပ်ဝေးဝေးရှိ လုပ်ကြံသတ်ဖြတ်ရေးသမားကိုကြည့်ပြီး အသံတိုးတိုးဖြင့် မေးလိုက်၏။
သူတို့သည် ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များရှိသည့် နေရာနှင့် ဆိုင်သည့်အချက်အလက်များကို စုဆောင်းခဲ့ပြီ ဖြစ်သည်။ သို့သော် ပင်မအဖွဲ့ဝင်များက လက်ရှိတွင် ကျောက်တောမြို့၌ စီးနင်းတိုက်ခိုက်နေတာ ဖြစ်သည်။ သာမန်သူစိမ်း၏အဖွဲ့က ထိုနေရာကိုရောက်ရန်အတွက် နာရီအနည်းငယ်သွားရအုံးမှာပဲ ဖြစ်သည်။ ကျန်သည့် ပင်မအဖွဲ့ဝင်များအတွက်မူ သူတို့က အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်နေတာ ဖြစ်သည်။ မြေအောက်စခန်းထဲမှ မကြာမီထွက်လာမည့်ပုံမပေါ်။ အနားတွင်ရှိသည့်သူက ယခင်က ဇီးရိုးဝင်း၏ အထက်အရာရှိများနှင့်အတူ စီးနင်းတိုက်ခိုက်ဖူးသည့် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးတို့ ဖြစ်သည်။
သို့သော် ထိုအမျိုးသမီးနှစ်ဦးက သူ၏ ချုံခိုတိုက်ခိုက်မှုမှ လွတ်မြောက်သွားလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။ အဆုံးတွင် သူ၏အဖွဲ့က မသက်ဆိုင်သည့် တစ်ကိုယ်တော်ကစားသမားနှစ်ဦးကိုသာ သတ်နိုင်ခဲ့သည်။ နည်းပြ၏နားသို့ ထိုကိစ္စပေါက်ကြားသွားခဲ့လျှင် ဘုရင့်အပြန်ရှိ သူတို့အဖွဲ့နေ့ရက်က လွယ်ကူတော့မှာမဟုတ်ချေ။
” ဒီမှာ ကစားသမားတွေကို ခြေရာခံဖို့လွယ်တယ်ထင်လား …”
ကွီရယ်ဟုအမည်ရသော လုပ်ကြံသတ်ဖြတ်ရေးသမားက သာမန်သူစိမ်းကို ကြည့်လိုက်သည်။ ပြီးနောက် အနားပတ်ဝန်းကျင်ရှိ သလင်းချုံပင်များကို တစ်ချက်သိမ်းကြုန်းကြည့်ပြီး အံ့ကြိတ်ကာပြောလိုက်၏။
” ဒီမိန်းမလှနှစ်ယောက်က ဘယ်လိုပြေးရမလဲဆိုတာ သိတာပဲ …။ သူတို့က သလင်းဝင်္ကဘာကိုတောင် ရောက်နေပြီ …။ ဒီသဘာဝဝင်္ကဘာကြောင့်သာ မဟုတ်ရင် သူတို့ကို အစောထဲက ရှာတွေ့ပြီဖြစ်နေမှာ …။ ဒါပေမဲ့ စိတ်ချထားလိုက် …။ ဒီနေရာက ရှုပ်ထွေးပေမဲ့ ထွက်ပေါက်က တစ်ခုပဲ ရှိတယ် …။ သူတို့နှစ်ယောက်အခုဆို ပြန်ရောက်ခြင်းစာလိပ်ကို အသုံးပြုလို့မရဘူး …။ သူတို့ ပုံမှန်ဆို ဂိမ်းထဲကလည်း ထွက်လို့ရမှာ မဟုတ်ဘူး …။ ငါတို့ သူတို့ကိုရှာတွေ့ဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုတယ် …”
” ကောင်းပြီ …။ ဒါဆိုရင် မိုးကြိုးနဲ့ငါ ထွက်ပေါက်မှာစောင့်ကြပ်နေမယ် …။ မင်းတို့က အထဲဝင်ပြီး သူတို့နှစ်ယောက်ကိုသွားရှာ …။ သူတို့ကို မြန်မြန်သတ်ဖို့လိုအပ်တယ် …။ မမေ့လိုက်နဲ့ ငါတို့မှာ အချိန်သိပ်မကျန်ဘူး …။ ဇီးရိုးဝင်းရဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကို ဖြေရှင်းဖို့လိုနေသေးတုန်းပဲ …”
သာမန်သူစိမ်းက ညွှန်ကြားလိုက်သည်။
” နားလည်ပြီ …”
ခရူရယ်ကလည်း အမောတကောရှာဖွေနေ၏။
ခရူရယ်အပြင် အဖွဲ့၏ ကျန်သည့်အဖွဲ့ဝင်များကလည်း လူခွဲပြီးနောက် သလင်းဝင်္ဂဘာထဲ စတင်ရှာဖွေကြတော့သည်။
” ရိန်း ငါတို့ ဘာလုပ်ကြမလဲ …။ ဒီလူတွေက ငါတို့နောက်ကို လိုက်နေသေးတုန်းပဲ …။ ငါတို့ ရှေ့ဆက်သွားမယ်ဆို သလင်းဝံပုလွေတွေရဲ့ ပိုင်နက်ထဲရောက်သွားမှာ …”
ဘလူးဘမ်ဘူးက စိတ်ပူပန်လာပြီး ခပ်ဝေးဝေးတွင် ကင်းလှည့်နေသော သလင်းဝံပုလွေများကို ကြည့်လိုက်သည်။
သလင်းဝံပုလွေများက မယှဥ်သာအောင် အစွမ်းထက်သည်။ သလင်းစုဆောင်းသည့်တာဝန် ပြီးမြောက်စေရန်အတွက် သူတို့သည် ထိုမွန်းစတားများ၏ခွန်အားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီ ဖြစ်သည်။
ယခင်က ရှီဖုန်းသည် သလင်းဝံပုလွေတစ်စုကိုသတ်ဖြတ်ရန် သူတို့ကို ဦးဆောင်ခဲ့စဥ်က မွန်းစတားများ၏ ခြိမ်းခြောက်မှုကို သူတို့မခံစားမိပေ။ သို့သော် ဤနေရာသို့ သူတို့ဘာသာပြန်ရောက်လာပြီးနောက် ထိုမွန်းစတားများကို ဖြေရှင်းရတာမည်မျှခက်ခဲမှန်း သိသွားကြပြီ ဖြစ်သည်။ ဝံပုလွေတစ်စုက ကြောက်မက်ဖွယ်မကောင်းပေ။ သို့သော် သူတို့က သလင်းဝံပုလွေများကို မြန်မြန်ဆန်ဆန်မသတ်နိုင်ခဲ့လျှင် ထိုမွန်းစတားများသည် ပိုင်နက်အတွင်း အဖော်အပေါင်းများကို ဆင့်ခေါ်မှာဖြစ်ကာ အရေအတွက်အဆပေါင်းများစွာ တိုးလာနိုင်၏။ တစ်ခါတစ်ရံတွင် သလင်းဝံပုလွေများက အထူးလက်ရွေးစင်များ သို့မဟုတ် မျိုးနွယ်စုအကြီးအကဲအဆင့် မွန်းစတားများကိုတောင် ခေါ်တိုက်ကြသည်။
ကံကောင်းသည်မှာ မျိုးနွယ်စုအကြီးအကဲပေါ်လာသည့်အချိန်တွင် သူတို့က အမာခံတိုက်ရန် သေခြင်းတရားလေရှိခဲ့သည်။ မဟုတ်လျှင် သူတို့ သံသယဖြစ်ဖွယ်မရှိ သေဆုံးမှာဖြစ်၏။
အဆင့် (၄၅) မျိုးနွယ်စုအကြီးအကဲကြောင့်မသေဘဲ သေခြင်းတရားလေသည် ရုတ်တရက်ပေါ်ပေါက်လာသည့် ခေါင်းစွပ်နက်ကစားသမားများ၏ လက်ထဲသေရလိမ့်မည်ဟု သူတို့မတွေးခဲ့မိချေ။
သေခြင်းတရားလေနှင့် ဘန်းဖိုင်းယားက ထိုလူများကိုသာ အချိန်မဆွဲထားခဲ့လျှင် သူတို့သည် ရီဖုန်သူတို့ကို အရေးပေါ်အခြေအနေအတွက် သုံးရန်ပေးခဲ့သည့် ရုပ်ချည်းရွေးလျားခြင်းစာလိပ်ကို အသုံးပြုရန်အချိန် ရလိုက်မှာမဟုတ်ပေ။
လက်ရှိတွင် သူတို့နား၌ သလင်းဝံပုလွေများ ရှိနေ၏။ သူတို့က ဝင်္ကဘာထဲ ပိုနက်နက်သွားလေလေ ဝံပုလွေအုပ်စု ရှာဖွေတွေ့ရှိခံရဖို့ ဖြစ်နိုင်ချေပိုများလေ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ထိုခေါင်းစွပ်နက်ကစားသမား သူတို့ကို မှီလာသည့်အချိန်တွင် သလင်းဝံပုလွေများသည် သူတို့ကို အစောထဲက သတ်ပြီးနေလောက်ပြီ ဖြစ်၏။
” ငါတို့တွေ ကြိုးစားကြည့်ရုံပဲ ရှိမယ် …။ ကိုယ်ပျောက်ဆေးရည်ကိုသုံးပြီး ရှေ့ဆက်သွားကြမယ် …။ ဒီဝံပုလွေတွေက ငါတို့အတွက် အချိန်ဆွဲပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ …”
တွေးခေါ်သူရိန်းက အံ့ကြိတ်ပြီးနောက် သူမ၏ ကိုယ်ပိုင်အဆင့်အတန်းဘားကို ကြည့်လိုက်သည်။ ပြီးနောက် ကိုယ်ပျောက်ဆေးရည်နှစ်ပုလင်းကိုကြည့်ကာ ဘလူးဘမ်ဘူးအား တစ်ပုလင်းပေးလိုက်၏။
နှစ်ယောက်လုံးက လက်ရှိတွင် ဝိညာဥ်ပိတ်ချခြင်းအခြေအနေနှင့် ကြုံတွေ့နေရတာ ဖြစ်သည်။ သူတို့ ကွင်းပြင်ထဲမှထွက်လိုက်သည်နှင့် မည်သူနှင့်မှ ငါးနာရီကြာဆက်သွယ်နိုင်မှာ မဟုတ်ပေ။ တိုက်ခိုက်သည့်သူက သူတို့ကို တိုက်ပွဲဝင်အခြေအနေထဲရောက်အောင် ဖိအားပေးခဲ့ပြီး ပြန်ရောက်ခြင်းစာလိပ်ကို အသုံးမပြုနိုင်အောင် ဟန့်တားထား၏။ ဂိမ်းထဲမှထွက်သွားလျှင် သူတို့က သေခြင်းတရားပြစ်ဒဏ်ကို ချက်ချင်းခံစားရမှာ ဖြစ်သည်။
တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးက သလင်းဝင်္ကဘာထဲ နက်ရှိုင်းစွာတိုးဝင်နေစဥ် ရှီဖုန်းက သလင်းတောအုပ်ဆီသို့ ရောက်လာသည်။
” နောက်ဆုံးတော့မှီပြီ …”
ရှီဖုန်းက နတ်ဆိုးမီးတောက်ကျားကို တစ်ချက်ပုတ်လိုက်ရာ သူ့ကိုသိမ်းပြီး သူ့ရှေ့ရှိ သလင်းတောအုပ်ကို ကြည့်လိုက်သည်။ ပြီးနောက် သလင်းတောအုပ်အတွက် မြေပုံဖွင့်လိုက်သည်။ ယခုအချိန်ထိတိုင် ဆောင်းဦးဂူ့စ်က သူ့ကို ထပ်မံဆက်သွယ်ခြင်းမရှိသေးပေ။ တိတ်ဆိတ်နေခြင်းက တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်းဘူး အသက်ရှင်လျှက်ရှိနေသေးတာကို ဆိုလိုတာပဲဖြစ်၏။
ရန်သူက ထူးခြားပေသည်။ ရိန်းနှင့် ဘလူးဘမ်ဘူးသည် သလင်းတောအုပ်၏ ဗဟိုဧရိယာသလင်းအမြူတေထဲသို့ ဝင်ရောက်ခဲ့တာဖြစ်သည်။
” ကံကောင်းလို့ ငါအချိန်မှီသေးတယ် …”
မြေပုံကိုတစ်ချက်ကြည့်ပြီးနောက် ရှီဖုန်းသည် လေဟာနယ်ရောင်ဝါ၏ အသက်သွင်းစကေးကို အသုံးပြုခဲ့သည်။ လေဟာနယ်လှုပ်ရှားခြင်းက သူ့ကို မိုင်ခြောက်သိန်းအကွာသို့ ချက်ချင်းရွေ့လျားခွင့် ပေးသည်။ သလင်းတောအုပ်တစ်ခုလုံးကို ဖြတ်သန်းသွားလာနိုင်ပြီ မြေပုံအတွင်းရှိ မည်သည့်နေရာကိုမဆို သွားနိုင်၏။ ထိုစကေးသာမရှိလျှင် သူသည် သလင်းတောအုပ်ကို မြန်မြန်ဆန်ဆန်လာနိုင်မှာ မဟုတ်ပေ။ ယခု စကေးပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် ကုန်ဆုံးသွားပြီဖြစ်ရာ ထပ်သွားနိုင်ပြီ ဖြစ်၏။
မျက်တောင်တစ်ခတ်အတွင်း သူသည် သလင်းဝင်္ကဘာ၏ ဝင်ပေါက်၌ ပေါ်လာသည်။
” ဟမ် …။ ဝင်ပေါက်ကို စောင့်ကြပ်ထားတာလား …။ ဒီလူတွေက ဇီးရိုးဝင်းကို ပစ်မှတ်ထားနေတဲ့ပုံပဲ …”
ရှီဖုန်း ထိုဧရိယာတွင် ပေါ်လာသည်နှင့် သူက ခေါင်းစွပ်ဝတ်ထားသည့် သာမန်သူစိမ်းနှင့် မိုးကြိုးကျားတို့သည် သလင်းဝင်္ကဘာ၏ ဝင်ပေါက်ကိုကြည့်နေပြီး သူတို့၏အကြည့်က သတ်ဖြတ်ခြင်းဆန္ဒများဖြာထွက်နေတာကို ချက်ချင်းသတိပြုမိလိုက်သည်။