ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 841 တားမြစ်စကေး၏ စွမ်းဆောင်ရည်
” မင်းထွက်သွားလို့ရမှာ မဟုတ်ဘူး …”
ရှီဖုန်းက သတ်ဖြတ်ခြင်းရောင်ခြည်ကို အသုံးပြုပြီး ဓာတ်ကြီးလေးပါးကျည်ဆန်များကို ရှောင်တိန်ကာ အသူရာဓားသွား၏ စကေးများထဲမှတစ်ခုကို အသက်သွင်းလိုက်၏။
အသူရာကျိန်စာ
ချက်ချင်းပင် မြေပြင်ပေါ်၌ အနက်ရောင်မှော်အစီအရင်က ပေါ်လာတော့၏။ ရှီဖုန်းကို ဗဟိုပြုလျက် ယင်းက ကိုက်သုံးဆယ်အကွာအဝေးကို လွှမ်းခြုံသွားကာ မသေမျိုးဖွတ်ပုတက်ကို လွှမ်းခြုံသွား၏။ ထိုအကောင်သည် အိမ်သေးလေးတစ်လုံးခန့် ကြီးမားပြီသာမန်သူစိမ်းနှင့် မိုးကြိုးကျားတို့ကိုပါ လွှမ်းခြုံသွား၏။ အဆုံးမရှိ အနက်ရောင်မြူများက သူတို့၏ ခန္ဓာကိုယ်ထဲ စီးဝင်ကြသည်။
” မကောင်းတော့ဘူး …။ အဲဒါက AOE ထိန်းချုပ်ရေးစကေးပဲ …”
သာမန်သူစိမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်က သဲနွံထဲပိတ်မိသလို ခံစားလိုက်ရသည်။ သူက လှုပ်လည်းမလှုပ်နိုင်။ ရှီဖုန်းတွင် ထိုသို့လျှို့ဝှက်ကတ် ရှိနေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့။
ယခုအချိန်တွင် သူမဆိုထားနှင့် အရှင်အဆင့် မသေမျိုးဖွတ်ပုတက်တောင် မလှုပ်ရှားနိုင်ဖြစ်နေသည်။ ရလဒ်အနေဖြင့် ရှီဖုန်းက အရှင်၏ ခုခံမှုလှိုင်းကို ချိုးဖောက်နိုင်ခဲ့ပြီး သူတို့ကို မြန်မြန်ဆန်ဆန် ဝင်ရောက်တိုက်ခိုက်တော့၏။
” ကျား …။ သူ့ကို အချိန်ဆွဲထားလိုက် …။ ငါအတွက် အချိန်နည်းနည်းဆွဲထားပေ …”
သာမန်သူစိမ်းက ထိန်းထားနိုင်ခြင်းမရှိတော့ရာ သူ၏ ရှေးစစ်သည်တော်စကေး ဝိညာဥ်ဓာတ်စွမ်းအားပေါက်ကွဲခြင်းကို အသုံးပြုလိုက်ပြီး သူ၏ အရည်အချင်းများက တိုးတက်သွားတော့သည်။ တစ်ချိန်ထဲတွင် သူက စိတ်လွတ်ငြိမ်းခြင်းကို အသုံးပြုလိုက်ရာ ထိန်းချုပ်မှုအာနိသင်အားလုံး ငါးစက္ကန့်တာ ပြယ်လွင့်သွားစေ၏။ ပြီးနောက် သူက ဂါထာတစ်ခုကို စတင်ရွတ်ဆိုပြီး ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားတို့ကို ဖရုံဖရဲဖြစ်စေသည်။
မိုးကြိုးကျားက တုံ့ပြန်သည့်အနေဖြင့် သာမန်သူစိမ်း၏ ညွှန်ကြားချက်ကို ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။ ကွတ်မြူခြင်းစိတ်စွမ်းအားကို အသုံးပြုပြီးနောက် သူသည် အသူရာကျိန်စာ၏ ထိန်းချုပ်မှု အာနိသင်ကို ဖယ်ရှားကာ သူ၏ ဆင့်ခေါ်သူအဖော်အပေါင်းရှေ့တွင် ရပ်လိုက်သည်။
” လာခဲ့ …။ ဓားဘုရင်ရဲ့ အရည်အချင်းတွေ တစ်ချက်ကြည့်ရသေးတာပေါ့ …”
မိုးကြိုးကျားက ခြေကို ဆောင့်နင်းလိုက်ရာ ခြေထောက်အောက်ရှိ မြေပြင်က အက်ကွဲသွားတော့သည်။ ပြီးနောက် နှစ်လက်ကိုင်ဆေဘာကိုကိုင်ပြီး ဓားသမားဆီ လွှဲခုတ်လိုက်၏။
အလွှာတစ်စကေး မုန်တိုင်းပိုင်းဖြတ်ခြင်း
လေဓားသွားဆယ့်နှစ်ခုကျော်က ရှီဖုန်းဆီ တိုးဝင်လာပြီး တိုက်ကွက်တိုင်းက သူ၏ မျက်ကွယ်ထောင့်ကို ပစ်မှတ်ထားနေတာ ဖြစ်သည်။ သာမန်ကစားသမားများ၏ သာမန်တိုက်ကွက်နှင့်မတူ။ မုန်တိုင်းပိုင်ဖြတ်ခြင်း၏ လေဓားသွားများက ဆက်တိုက်ပေါ်လာတော့သည်။ တိုက်ခိုက်မှုကြားထဲတွင် အချိန်လပ်မရှိ။ ရှီဖုန်းကို မရှောင်နိုင်အောင် ဟန့်တားထား၏။
ထို့အပြင် မုန်တိုင်းပိုင်းဖြတ်ခြင်းက ပိတ်ဆို့၍မရ။ ရှောင်၍သာရသည့် စကေးတစ်ခု ဖြစ်သည်။ ယင်းက ရှေးစစ်သည်တော်အမျိုးအစား၏ အင်မတန်ရှားပါးသော စကေးတစ်မျိုး ဖြစ်သည်။
ထိုစကေးက မိုးကြိုးကျားသည် စံသတ်မှတ်ချက်ညီမျှသည့် ကျွမ်းကျင်သူများကို သတ်ဖြတ်ရာတွင် သုံးနေကြဖြစ်သည့် လျှို့ဝှက်ကတ်လည်း ဖြစ်ပေသည်။
ထိုစကေး၏ ရှုပ်ထွေးသောပုံသဏ္ဍာန်ကို မသိသည့်ကစားသမားများအတွက် သူတို့ကိုသူတို့ လက်နက်ဖြင့် ခုခံကာကွယ်ကြမှာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကစားသမားများသည် လေဓားသွားများ၏ တိုက်ခိုက်မှုကို ခံရမှာပဲဖြစ်သည်။ လက်ရှိတွင် မိုးကြိုးကျားက သူ၏ ရှေးစစ်သည်တော်စကေးကို အသက်သွင်းခဲ့သည်။ မုန်တိုင်းပိုင်းဖြတ်ခြင်း၏ အဖျက်စွမ်းအားက ရှီဖုန်းကို ချက်ချင်းသတ်ဖြတ်ရန် လွယ်ကူပေ၏။
” မင်းပိတ်ဆို့နိုင်မလားဆိုတာ ကြိုးစားကြည့်လိုက်လေ … ”
မိုးကြိုးကျားက ရှီဖုန်းမလှုပ်ဘဲ ရပ်မြဲတိုင်းရပ်နေတာကို မြင်သောအခါ လှောင်လိုက်သည်။
မိုးကြိုးကျားအတွက် ကံဆိုးသည်မှာ သူက နတ်ဘုရားနယ်မြေပေါ် ရှီဖုန်း၏ နားလည်သဘောပေါက်မှုစွမ်းရည်ကို လျှော့တွက်ခဲ့မိတာပဲ ဖြစ်သည်။
ရှီဖုန်းရှေ့သို့ လေဓားသွားများရောက်သည့်အချိန်တွင် သူက မိုးကြိုးကျား၏ ကိုက်နှစ်ဆယ်အတွင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် အလွှာနှစ်တားမြစ်စကေး ရုတ်ခြည်းထိုးနှက်ချက်ကို အသုံးပြုလိုက်၏။
ရုတ်တရက်တွင် ရှီဖုန်းက မုန်တိုင်းပိုင်းဖြတ်ခြင်း၏ လေဓားသွားများရှေ့၌ ပျောက်ကွယ်သွားပြီး မိုးကြိုးကျားဘေးမှ ပြန်ပေါ်လာကာ ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စီးများ ဖြာထွက်နေတော့သည်။
မိုးကြိုးကျားက ထိတ်လန့်သွား၏။ သူက လေပွေပိုင်းဖြတ်ခြင်းကို ထုတ်ဖော်လိုက်သည်။
သို့သော် ရှေးစစ်သည်တော်၏ လေပွေပိုင်းဖြတ်ခြင်းက တစ်ဝက်တောင်အပြည့်အဝ မလှည့်ပတ်ရသေးခင် များစွာသောလျှပ်စီးများက သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားပြီး မိုးကြိုကျား၏ HP က ပကတိမျက်လုံးဖြင့် မြင်နိုင်သည့်နှုန်းဖြင့် သုညထိရောက်သွားတော့သည်။
” ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ …”
မိုးကြိုးကျား၏ မျက်လုံးကပြူးကျယ်နေပြီး သူ၏ တိုက်ခိုက်မှု ကျရောက်သွားသည့်နေရာကို ကြည့်နေ၏။ သူမြင်နေရသည့်အရာက အမှန်တကယ်ဆိုတာ သူ့ကိုယ်သူ မယုံနိုင်ဖြစ်နေသည်။
သူသည် ရှေးစစ်သည်တော်စကေးကို အသက်သွင်းခဲ့သည်။ အရှိန်တွင် သိသိသာသာ တိုးတက်လောက်သည်။ ထိုသို့တိုင် ရှီဖုန်းဓာကို ရှောင်တိန်းရန် ကျရှုံးခဲ့သေးသည်။ သူ၏ ခန္ဓာကိုယ်ကို မဆိုထားနှင့် မျက်လုံးကတောင် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ရာ ဓားသမား၏ဓားက သူ့ကို အကြိမ်ပေါင်းများစွာ ပိုင်းဖြတ်ခဲ့ပြီ ဖြစ်သည်။
ထိုသို့အရှိန်ကို မျက်မြင်ကြုံတွေ့တာ ပထမဆုံးအကြိမ် ဖြစ်သည်။
မလှမ်းမကမ်းတွင်ရပ်နေစဥ် သာမန်သူစိမ်း၏ မျက်နှာထက်၌ ကြောက်လန့်မှုတို့ ပေါ်လာသည်။ မိုးကြိုးကျားသည် ရှီဖုန်းကို အချိန်မဆွဲထားနိုင်ရုံသာမက ရှေးစစ်သည်တော်စကေးကို အသက်သွင်းထားသော်ငြား ရှီဖုန်းကို ခဏတဖြုတ်တောင် အချိန်မဆွဲထားနိုင် ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ အိပ်မက်တောင်မမက်ခဲ့ဖူးပေ။
ကံကောင်းသည်မှာ ရှီဖုန်းက ဆယ်ကိုက်အကွာတွင် ရှိနေသေး၏။ ယခုအခေါက်က ဓားသမားအဖို့ သာမန်သူစိမ်းနေရာဆီရောက်ဖို့က သူ၏ ဂါထာရွတ်ဆိုတာ ပြီးမြောက်ရန် လုံလောက်တာထက်ပိုသည်။ ထိုအချိန်ကျလျှင် ဂါထာက ရှီဖုန်းကို အသတ်နိုင်လျှင်တောင် အနည်းဆုံးတော့ သာမန်သူစိမ်းကို လွတ်မြောက်ရန်အချိန်ပေမှာပဲ ဖြစ်သည်။
” ဟမ် …။ သူဘယ်မှာလဲ …”
သာမန်သူစိမ်းက အတွေးနက်နေစဥ် မိုးကြိုးကျားဘေး၌ ရပ်နေသောရှီဖုန်းက ချက်ချင်း ပျောက်ကွယ်သွားသည်။
ဝှီ …
သာမန်သူစိမ်းက သူ၏ရင်ဘက် နာကျင်မှုကိုခံစားလိုက်ရသည်။ သတိမပြုလိုက်မိပဲ အပြာရောင်လျှပ်စီးများ ရစ်ပတ်နေသောဓားရှည်က သူ၏ ရင်ဘက်ကနေ ဖောက်ထွက်လာတော့၏။
” မင်း …”
တစ်ဖက်သို့လှည့်ပြီးနောက် သာမန်သူစိမ်းက သူ့ရှေ့တွင်ရပ်နေသော ရှီဖုန်းကို သတိပြုမိလိုက်သည်။ သူ့ဆီ ဓားသမား ချဥ်းကပ်လာတာကို သတိမပြုမိခဲ့ချေ။ ရှီဖုန်း၏ တည်ရှိမှုက အပြည့်အဝ ရှိမနေသလိုမျိုးပင်။
ရပ်တန့်မည့်လက္ခဏာမပြဘဲ HP ဆက်တိုက်ကျဆင်းနေတာကိုမြင်သောအခါ သာမန်သူစိမ်းက ဆွံ့အသွားတော့၏။ သူနှင့် မိုးကြိုးကျားသည် ဘုရင့်အပြန်၏ ထိပ်တန်းအလွှာကျမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် သူတို့သွားသည့် မည်သည့်တိုင်းပြည်တွင်မဆို ထိပ်တန်းအမျိုးအစား တည်ရှိမှုမျိုး အလွယ်တကူ ဖြစ်နိုင်ပေ၏။ သူနှင့် ရှေးစစ်သည်တော်က ရှီဖုန်းအတွက် ပြိုင်ဘက်မဟုတ်မှန်း သိပြီးတာကြာသော်ငြား သူတို့ကြားထဲရှိကွာဟချက်က ထိုမျှ ကြီးမားနေလိမ့်မည်ဟု မထင်ထားချေ။ ယခုအချိန်တွင် သူက သူ၏ ကြုံတွေ့ရသည့် ကိစ္စများကို အခြားသူဆီ ပြောပြလျှင်တောင် သူ့ကို မည်သူမှယုံမှာမဟုတ်ချေ။
သာမန်သူစိမ်းက တစ်ခုခုပြောချင်နေသေးသော်ငြား သူ၏ အမြင်အာရုံက ရုတ်တရက် မီးခိုးရောင်ဖြစ်သွားကာ သူ၏ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ လဲကျသွားတော့၏။ သေသွားသည့်အချိန်၌ သံချပ်ကာအပိုင်းအစနှစ်ခု ကျသွားသည်။
” သန့်စင်ခြင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကို …။ ရိန်းနဲ့ ကျန်တဲ့သူတွေက မယှဥ်နိုင်တာ အံ့သြစရာ မရှိဘူးပဲ …”
ရှီဖုန်းက တွေးခေါ်သူရိန်း၏ တိုက်ခိုက်သူ မည်သူမည်ဝါဆိုတာ ရှာမတွေ့ခဲ့သော်ငြား ထိုလူနှစ်ယောက်၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို သူရှင်းရှင်းလင်းလင်း ဖမ်းဆုပ်မိခဲ့သည်။ ထိုကစားသမားနှစ်ဦး၏ ခွန်အားဖြင့် သူတို့သည် မည်သည့်ရန်သူကိုမဆို ဖိအားပေးနိုင်မှာ ဖြစ်သည်။ သူတို့အဖို့ ကံဆိုးသည်က သူနှင့် ယနေ့ကြုံတွေ့ရလိုက်တာပဲ ဖြစ်သည်။ သူသည် အလွှာနှစ်တားမြစ်စကေးကို သူတို့ကို ဖြေရှင်းရန်တောင် အသက်သွင်းခဲ့တာ ဖြစ်သည်။
ပြီးနောက် ရှီဖုန်းသည် ထိုလူနှစ်ယောက်ကျသွားသည့် အိုင်တမ်များကို ကိုက်ယူလိုက်၏။ နတ်ဆိုးမီးတောက်ကျားကို ဆင့်ခေါ်ပြီးနောက် သလင်းဝင်္ကဘာထဲ ဝင်ရောက်သွားတော့သည်။
သလင်းဝင်္ကဘာနက်ထဲသွားပြီးနောက် ဖဲလ်ကွန်တပ်မဟာ၏ အဖွဲ့ဝင်များက သူတို့လမ်းကြောင်းကို ပိတ်ဆို့နေသည့် သလင်းဝံပုလွေများကို ရှင်းထုတ်ပြီး အလုပ်များနေသည်။ သူတို့က သလင်းဝံပုလွေများ၏ သားရဲတွင်းဆီကပ်လေလေ အရေအတွက်ပိုတိုးလာလေ ဖြစ်၏။
” ဒီမိန်းမလှတစ်ယောက်က ဘယ်လိုပြေးရမလဲဆိုတာ သိတာပဲ …”
” သူတို့ပုန်းသည့်နေရာတိုင်းက အန္တရာယ်တွေကြီးပဲ …။ ဒါပေမဲ့ သလင်းဝံပုလွေအသိုက်ထဲ ဝင်ပြီးတာနဲ့ လွတ်မြောက်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ …”
ကွီရယ်က ရေရွတ်ပြောပြီးနောက် ခြေသိုင်းကို ပြောင်းလိုက်သည်။ အနက်ရောင်လေပြင်းကဲ့သို့ပင် သူတို့လက်ထဲရှိ ဓားမြှောင်က အဆင့် (၄၅) အထူးလက်ရွေးစင်ဝံပုလွေကို ထိုးစိုက်သွားတော့၏။
အထူးလက်ရွေးစင်ဝံပုလွေက တုံ့ပြန်ရန် အခွင့်အရေးမရလိုက်ဘဲ ကွီရယ်က သူ၏ဓားမြှောင်ဖြင့် ဆက်တိုက်ထိုးလိုက်တော့၏။ အထူးလက်ရွေးစင်က ခုခံရန်ကြိုးစားသော်ငြား သူ၏ တိုက်ခိုက်မှုက လုပ်ကြံသတ်ဖြတ်ရေးသမား၏ ခန္ဓာကိုယ်ကို မထိပေ။ ကွီရယ်က အထူးလက်ရွေးစင်၏ HP များကို နည်းနည်းခြင်းနုတ်ယူနေပြီး သူ့လက်ထဲရှိ အနက်ရောင်ဓားမြှောင်လှုပ်ရှားမှုက မြန်လာတော့သည်။ အတန်ငယ်ကြာပြီးနောက် HP သိန်းချီရှိသည့် အထူးလက်ရွေးစငါက မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။ အစကနေအဆုံးထိ ဝံပုလွေက ကွီရယ်ကိုတစ်ချက်တောင် မတိုက်ခိုက်နိုင်ခဲ့ပေ။
” အဖွဲ့ခေါင်းဆောင် ကွီရယ်က အံ့သြစရာကောင်းလိုက်တာ …။ သူရဲ့ စကေးအဆင့်က ထပ်တိုးလာပြန်ပြီ …။ အစည်းအရုံးရဲ့ လာမဲ့အမျိုးအစား ယှဥ်ပြိုင်ပွဲမှာ သူ့အဆင့်သတ်မှတ်ချက်က ထပ်တိုးမှာ အံ့သြစရာမရှိဘူး …”
အနားရှိ အဆင့် (၃၉) အမျိုးသမီးလုပ်ကြံသတ်ဖြတ်ရေးသမားက ပြောလိုက်ပြီး ကွီရယ်ကိုကြည့်ရာတွင် သူမမျက်နှာ၌ လေးစားမှုများပြည့်နေတော့သည်။
” မင်းကိုယ်မင်း အရူးမလုပ်နဲ့ …။ အဖွဲ့ခေါင်းဆောင်ကွီရယ်က အလွန်မြင့်မားတဲ့ မျှော်လင့်ချက်ရှိတယ် …။ မင်းရဲ့ အဆင့်နဲ့ သူ့ရဲ့မျက်နှာသာပေးမှုကို ရနိုင်မယ်လို့ ထင်နေလား …။ မြန်မြန် ဒီသလင်းဝံပုလွေကို ရှင်းရအောင် …။ မဟုတ်ရင် သူတို့က နောက်ထပ်တပ်ကူ ခေါ်လိမ့်မယ် …။ ငါတို့ အဖွဲ့ခေါင်းဆောင်ကွီရယ်ကို ဒေါသထွက်အောင်လုပ်မိရင် သေချာပေါက် ဆိုးဆိုးဝါးဝါးခံစားရမှာ …”
အဆင့် (၃၇) ရိန်းဂျားတစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။
သာမန်ရုပ်ရည်သွင်ပြင်ထက် ပိုပိုင်ဆိုင်ထားသည့် အမျိုးသမီးလုပ်ကြံသတ်ဖြတ်ရေးသမားက ရိန်းဂျား၏စကားကြောင့် အနှောက်အယှက်မဖြစ်သွားပေ။ ထိုအစား သူမက ပြန်ပတ်လိုက်သည်။
“သူ့ မျက်နှာပေးမှုကိုရဖို့ ကြိုးစားတော့ရော ဘာအရေးလဲ …။ နင်သာ အဖွဲ့ခေါင်းဆောင်ကွီရယ်လို အရည်အချင်းရှိတယ်ဆိုရင် ငါကလည်း နင်ရဲ့မျက်နှာသာပေးမှုကိုရဖို့ ကြိုးစားမှာပဲ …”
အပြင်လူများ၏ အမြင်တွင် စူပါအစည်းအရုံး၏ အတွင်းစည်းအဖွဲ့ဝင်တစ်ဦး ဖြစ်သွားသည်နှင့် အံ့သြဖွယ်အနာဂတ်က သူတို့ကို စောင့်ကြိုနေပြီ ဖြစ်သည်။ လက်တွေ့တွင်မူ ယင်းက မှားယွင်းသည့် ကောက်ချက်မှုသာ ဖြစ်သည်။ စူပါအစည်းအရုံးကြီးများက ကျန်သည့်အစည်းအရုံးများထက် ပိုရက်စက်သည်။ အတွင်းစည်းအဖွဲ့ဝင်များကြားထဲရှိယှဥ်ပြိုင်မှုက အတော်ပြင်းထန်၏။ အစည်းအရုံး အလယ်အဆင့်စီမံခန့်ခွဲမှု၏ အစိတ်တစ်ပိုင်းဖြစ်လာနိုင်သည့်သူအားလုံးက ကျွမ်းကျင်သူများကြားထဲမှ ကျွမ်းကျင်သူဖြစ်ပြီး လူသားများကြားထဲမှ နဂါးများသာ ဖြစ်ကြသည်။ ထိုကျွမ်းကျင်သူများသည် ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်တန်းဆယ်ယောက်ဝင် အသစ်ရောက်လာသူများနှင့် အလွယ်တကူရှင်းလင်းနိုင်ကြပေ၏။ သူတို့၏ ခွန်အားက အမျိုးမျိုးသောစူပါအစည်းအရုံးများသည် နှစ်စဥ် အသစ်ရောက်လာသည့်သူများကို အာရုံမစိုက်သည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
ထိုစဥ် ကွီရယ်က နည်းနည်းခြင်းတိုးတက်လာလေလေ သူသည် ဘုရင့်အပြန်၏ အလယ်အဆင့် စီမံခန့်ခွဲမှုသို့ ဝင်ရောက်လာနိုင်မှာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက ကျော်ကြားသည့်လူတစ်ဦး ဖြစ်လာပြီး ဂုဏ်သတင်းများ၊ အောင်မြင်မှုများ အဆုံးမရှိ ခံစားရမှာပဲ ဖြစ်သည်။
” အဖွဲ့ခေါင်းဆောင်ကွီရယ် …။ တစ်ခုခုတော့ ဖြစ်သွားပြီ …။ သာမန်သူစိမ်းနဲ့ မိုးကြိုးကျား သေသွားပြီ …”