ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 864 S အဆင့်အကဲဖြတ်ခြင်း
ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် စူပါအစည်းအရုံး အများအပြားမရှိပေ။
ရလဒ်အနေဖြင့် အနည်းစုသော စူပါအစည်းအရုံးထဲမှတစ်ခုဖြစ်သည့် ဘုရင့်အပြန်၏ နှစ်စဥ်လူရွေးပွဲက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ပွဲစဥ်ကြီးတစ်ခုအဖြစ် ကျင်းပသည်။
ထို့အပြင် နတ်ဘုရားနယ်မြေ၏ လုပ်ဆောင်ချက်ကြောင့် ဤပွဲစဥ်သည် ယခင်ကထက် ပိုတောင် နာမည်ကြီးလာခဲ့သည်။
သို့သော် ၎င်းအစည်းအရုံးက ယခုနှစ်၏ အကဲဖြတ်မှုတွင်ပါဝင်ပြီး ကစားသမားအရေအတွက် နေထိုင်နိုင်ရန် နေရာလုံလုံလောက်လောက် မရှိချေ။ ကံကောင်းသည်မှာ ဘုရင့်အပြန်က ဤပြဿနာကို ဖြေရှင်းရန် အစီအစဥ်တစ်ခု တွေးခဲ့သည်။ ယင်းက အံ့ဖွယ်အားကစားရုံထဲတွင် လူရွေးပွဲ ကျင်းပမှာပဲ ဖြစ်၏။
မြစ်ဖြူမြို့နှင့်မတူဘဲ အလင်းမြို့၏ အံ့ဖွယ်အားကစားရုံက တော်ဝင်မြို့တော်အထက် ကောင်းကင်ထဲတွင် တည်ဆောက်ထားသည်။ သို့သော် အဆောက်အအုံက ကွဲပြားသည့်ဘုံတွင် တည်ရှိနေသည့်အလာ နုညံ့သည့် သွင်ပြင်တစ်ခုရှိသည်။
” လူရွေးပွဲရဲ့ လိုအပ်ချက်က ဒီတစ်ခေါက်ကြမ်းတယ်ဟေ့ …။ သူတို့တွေက စမ်းသပ်ခြင်းမျှော်စင်ရဲ့ ဆဋ္ဌမအလွှာရဲ့ ပါဝင်ယှဥ်ပြိုင်သူတွေ လိုအပ်နေတာ …။ ငါ ပြီးခဲ့တဲ့အခေါက်တုန်းက စမ်းသပ်မှုကို စိန်ခေါ်တဲ့အချိန် ပဥ္စမအလွှာကိုပဲ ရောက်နိုင်ခဲ့တာ …။ ဒီတစ်ခေါက် ပဥ္စမအလွှာကို ကျော်ဖြတ်နိုင်မလား သိချင်မိတယ် …”
” ငါသိတယ် ဟုတ်ပြီလား …။ လိုအပ်ချက်က မြင့်လွန်းနေတယ် …။ ငါမြို့က အစွမ်းအထက်ဆုံး ကစားသမားက ဆဋ္ဌမဆုံးအလွှာကိုပဲ ရောက်ခဲ့တာ…။ ဘုရင့်အပြန်က ငါတို့တွေကို မျှတတဲ့အခွင့်အရေးပေးနေတာ မဟုတ်ဘူး …”
သူတို့ရောက်လာသည်နှင့် ကစားသမားများသည် ဘုရင့်အပြန်၏ လိုအပ်ချက်စာရင်းများကို ကြည့်ပြီးသည့်အချိန်တွင် စောတကစတက်ကြတော့သည်။
အံ့ဖွယ်အားကစားရုံ၏ စမ်းသပ်ခြင်းမျှော်စင်ထဲတွင် ကစားသမားတစ်ဦး၏ အဆင့်နှင့် ချပ်ဝတ်တန်ဆာက အရေးမပါပေ။ သူတို့၏ နည်းစနစ်ကသာ အရေးကြီး၏။ သို့သော် စမ်းသပ်ခြင်းမျှော်စင်ကိုယ်တိုင်က အလွှာတစ်ခုဆီကို စိန်ခေါ်ရန်အတွက် မှော်သလင်းတစ်တုံး ကျသင့်ပြီ ဖြစ်ကာ ယင်းက စိတ်ပျက်စရာအကောင်းဆုံးကဏ္ဍ ဖြစ်နေ၏။
မှော်သလင်းများသည် နတ်ဘုရားနယ်မြေထဲတွင် အင်မတန်ရှားပါးပေ၏။ သာမန်ကစားသမားများက တစ်တုံးရရန်တောင် ခက်ခက်ခဲခဲရုန်းကန်ရသည်။ ကျွမ်းကျင်ကစားသမားများတောင် အနည်းငယ်သာ လက်ထဲရှိကြ၏။ ပုံမှန်ဆို ကစားသမားများသည် မှော်အလင်းများအသုံးပြုတိုင်း ဘုရင့်အပြန်၏ စမ်းသပ်ချက်ကို ခံယူရန် သူတို့၏ အရည်အချင်းများကို သက်သေမပြနိုင်သေးပေ။ သူက စမ်းသပ်ခြင်းမှော်စင်ထဲ ဆင့်ခေါ်နိုင်ရန်အတွက် မှော်သလင်းတစ်ခု သုံးဆွဲရအုံးမှာပဲ ဖြစ်သည်။ အဆုံးတွင် သူတို့က ဘုရင့်အပြန်ကို မဝင်နိုင်ခဲ့လျှင် ယင်းက ဆုံးရှုံးနစ်နာမှုကြီးတစ်ခု ဖြစ်မှာပင်။
သို့သော် ကစားသမားများစွာက အပူတပြင်း ဆွေးနွေးနေစဥ် ပင်မခန်းမထဲသို့ဝင်လာသည့်လူငယ်က သူတို့၏ အာရုံစိုက်မှုကို ရသွားသည်။ ထိုလူကို ကြည့်နေသဟ့်အချိန်တွင် သူတို့မျက်လုံးထဲ၌ ကြည်ညိုလေးစားအားကျမှုတို့ ပြည့်သွားသည်။ ထိုလူက ယခုနှစ်လူရွေးပွဲ၏ အခမ်းအနားမှူး ငရဲမိစ္ဆာဖြစ်သည်။ သူက ဘုရင့်အပြန်၏ အကြံပေးနည်းပြတစ်ဦးလည်း ဖြစ်၏။ စူပါအစည်းအရုံးထဲတွင်တောင် သူက ထိတ်တန်းအလွှာ ကျွမ်းကျင်သုတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်သည်။ သူက သူတို့ဖြစ်လာရန် အိပ်မက်မက်နေသည့် စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
အားလုံး၏ အာရုံစိုက်မှုကိုရနေစဥ် ငရဲမိစ္ဆာက ယခုနှစ်၏ ယှဥ်ပြိုင်ပွဲစည်းမျဥ်းများကို ပြိုင်ပွဲဝင်များအား ဖတ်ပြပေး၏။ ပြီးနောက် သူသည် ဒုတိယအလွှာရှိ အထူးဧည့်သည်တော်အခန်းထဲသို့ ဝင်ကာ ယှဥ်ပြိုင်ပွဲကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်တော့သည်။
” ငရဲမိစ္ဆာ အခုနှစ် လူရွေးပွဲမှာ ကျွမ်းကျင်သူတွေ ပါဝင်ကြတယ် …။ ယှဥ်ပြိုင်ပွဲရဲ့ အခမ်းအနားမှူးအနေနဲ့ အလားအလာပိုရှိတဲ့ လူသစ်တွေကို စုဆောင်းဖို့အခွင့်အရေးယူသင့်တယ် …။ သူတို့တွေက အစွမ်းထက်တဲ့ မဟာမိတ်တွေ ဖြစ်လာနိုင်တယ် …”
ငရဲမိစ္ဆာဘေးတွင် ထိုင်နေသည့် ဆုတောင်းကြာက လူအုပ်ကြီးကို ငုတ်ကြည့်ပြီး အကြံပေးလိုက်၏။ သူမသည် ပါဝင်ယှဥ်ပြိုင်သူများကြားထဲ၌ ကျွမ်းကျင်သူများစွာကို တွေ့လိုက်ရသည်။ သူတို့ထဲက အချို့ဆို အဆင့် (၃၈) တောင် ရောက်ပြီဖြစ်၏။ တစ်ကိုယ်ကစားသမားများအဖို့ ယင်းက အလွန်ခက်ခဲသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ စူပါအစည်းအရုံးတစ်ခုထဲတွင် အချက်အလက် ဂိုဏ်းကွဲမှုများစွာ ရှိ၏။ ထို့ကြောင့် အစည်းအရုံး၏ အထက်အရာရှိများသည် နှစ်စဥ်နှစ်တိုင်း ပါရမီထူးသည့်လူများ လူသစ်စုဆောင်းရန် အာရုံစိုက်ထားရသည်။ နှစ်စဥ် လူရွေးပွဲတွင် အခွင့်အရေးကောင်းများ ရရှိရန်လည်း အင်မတန်ခက်ခဲ၏။ ငရဲမိစ္ဆာသည် ညှိနှိုင်းဆွေးနွေးမှုနှင့် အပေးအယူများစွာ ပြုလုပ်ပြီးမှ ဤဂုဏ်သတင်းကို ရလာခဲ့တာဖြစ်သည်။
အခမ်းအနားမှူးအနေဖြင့် ငရဲမိစ္ဆာက ယှဥ်ပြိုင်ပွဲစတင်ပြီးနောက် သူမျက်စိကျသည့် ပါဝင်ယှဥ်ပြိုင်သူများကို ခေါ်ထားရန်အခွင့်အရေး ရှိသည်။ ယှဥ်ပြိုင်ပွဲပြီးဆုံးပြီးနောက် သူသည် အလားအလာရှိသော လူသစ်များကို ရွေးချယ်ရာတွင် ဦးစားပေးရရှိမှာပဲ ဖြစ်၏။ အထူးလေ့ကျင့်မှုတချို့ပြီးနောက် လူသစ်များသည် ဘုရင့်အပြန်၏ ကျွမ်းကျင်သူအဆင့်ကို အလျင်အမြန်ဝင်ရောက်နိုင်မည်ဖြစ်ကာ အချို့ဆို ပင်မအဖွဲ့ဝင်များတောင် ဖြစ်လာနိုင်၏။ ထိုလူများက နောင်တွင်ငရဲမိစ္ဆာအတွက် အလွန်အသုံးဝင်လာပေလိမ့်မည်။ ထို့ကြောင့် ရွေးချယ်မှုကို ဂရုတစိုက် စဥ်းစားရန် လိုအပ်၏။
” စိတ်အေးအေးထား …။ အခုနှစ် လူရွေးပွဲမှာပါတဲ့ အစွမ်းထက်တဲ့ကျွမ်းကျင်သူတချို့ကို စစ်ဆေးထားပြီးသား …။ အလားအလာရှိတဲ့ လူသစ်တစ်ယောက်မှ အလွတ်မခံနိုင်ဘူး …”
ငရဲမိစ္ဆာက ယုံကြည်ချက်ရှိရှိ ရယ်မောလိုက်သည်။
” အလားအလာရှိတဲ့ လူသစ်တွေအများကြီးရောက်လာတာကို အဲဒီအဖိုးကြီးတွေသာ သိရင် သူတို့ ငါနဲ့ အပေးအယူလုပ်ခဲ့တာကို နောင်တရတော့မှာ …”
ဘုရင့်အပြန်၏ လူသစ်စုဆောင်းပွဲ တရားဝင်မစတင်ခင် သူက ယှဥ်ပြိုင်ပွဲပါဝင်သည့် ကစားသမားများစာရင်းနှင့် ပါဝင်သူများကို ထောက်လှမ်းရန် လက်အောက်ငယ်သားများကို လွတ်ခဲ့ပြီဖြစ်သည်။ ယှဥ်ပြိုင်မှုတွင်ပါဝင်သည့် များစွာသောကျွမ်းကျင်သူများကြားထဲတွင် ရှစ်ယောက်က သူ၏ အာရုံစိုက်မှုကို ရသွားသည်။
အသက်အရွယ်အရဖြစ်စေ လက်ရှိခွန်အားအရဖြစ်စေ ထိုလူရှစ်ယောက်က သူ၏ စာရင်းထဲတွင် S အဆင့်အကဲဖြတ်မှု ရထားတာဖြစ်သည်။
အတိတ်တုန်းက S အဆင့်အကဲဖြတ်မှု သုံးယောက်ကနေ ငါးယောက်ရှိခဲ့ရာမှ အထင်ကြီးဖွယ် ကောင်းနေပြီ ဖြစ်သည်။ ယခု စုစုပေါင်း ရှစ်ယောက်ရှိနေ၏။ ယင်းက ငရဲမိစ္ဆာကို ပျော်ရွင်သွားစေတော့သည်။ ယခုနှစ်၏ လူရွေးပွဲ၏ အခမ်းအနားမှူးဖြစ်လာစေရန် သူသည် များစွာသော တန်ကြေးပေးခဲ့ရပြီး သူ၏ စားပွဲနေရာတောင် လက်လျှော့ထားရသည်။
သို့သော် ထို S အဆင့်အသစ်ရောက်လာသူရှစ်ယောက်က စတေးရန်ထိုက်တန်တာ သေချာသည်။ ဆိုရလျှင် လူရွေးပွဲနှစ်ခုကို အခမ်းအနားမှူး လုပ်ရခြင်းနှင့် ညီမျှပေ၏။
S အဆင့် အကဲဖြတ်မှုတစ်ခုကို ရရှိသူများက နတ်ဘုရားနယ်မြေထဲတွင် ထိပ်တန်းအမျိုးအစားကျွမ်းကျင်သူများ ဖြစ်လာနိုင်သည်။ ဆုတောင်းကြာက S အဆင့် လူသစ်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။ ယခု သူမက ဘုရင့်အပြန်၏ လူငယ်မျိုးဆက်သစ်ထဲတွင် ဦးဆောင်သည့်သူတစ်ဦး ဖြစ်နေပြီပင်။
” အဖိုးကြီးတွေ စောင့်ကြည့်နေစမ်းပါ …။ အနှေးနဲ့အမြန် ဘုရင့်အပြန်က ကျုပ်အပိုင်ဖြစ်ရမယ် …”
ငရဲမိစ္ဆာက ဆင်းဟတ်ထ်၏ ယနေ့အရောင်းအဝယ်ကို သူ ဖျက်ဆီးခဲ့ကြောင်း တွေးမိရုံသာမက သူသည် ကြယ်လတိုင်းပြည်ကို အသူရာကျူးကျော်မှုဖြစ်အောင်လည်း ပြုလုပ်ခဲ့ရာ သူ့ရင်ထဲတွင် မဖော်ပြတတ်သည့် ပျော်ရွင်မှုမျိုး ရှိနေသည်။
ယခုအချိန်တွင် ဇီးရိုးဝင်းကို ဘာမှမလုပ်နိုင်တာ မှန်ကန်ပေ၏။ သို့သော် ထိုအသူရာမွန်းစတားများက အစည်းအရုံးကို အလွယ်တကူ ဖြေရှင်းနိုင်ကြသည်။
အသူရာမွန်းစတားများသွားသည့် နေရာတိုင်းတွင် စိတ်ပျက်အားငယ်မှုမျ ပါနေမည်မှန်း သူကောင်းကောင်း သိသည်။ ကြယ်လတိုင်းပြည်က ကျူးကျော်ခံရလျှင် ကျရှုံးနိုင်ရာ မြစ်ဖြူမြို့က ပိုဆိုးနိုင်၏။ အဆုံးတွင် ဇီးရိုးဝင်းဝယ်ယူထားသည့် မြေယာများက တန်ဖိုးမဲ့သွားပေလိမ့်မည်။
သို့သော် ငရဲမိစ္ဆာက ဇီးရိုးဝင်းကို ထိုမျှနည်းပါးသည့် ပြစ်ဒဏ်ဖြင့် အလွတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
ထိုပိုက်ဆံကို ဆင်းဟတ်ထ် မရဖို့ရာ သူသည် တန်ဖိုးအရှိဆုံး ရှေးစာအုပ်ကို အသုံးပြုခဲ့ရသည်။ ဇီးရိုးဝင်းကို ထိုကဲ့သို့ ထိခိုက်မှုလေးဖြင့် လွတ်ပေးခဲ့ပါက သူ့ရင်ထဲရှိဒေါသကို မည်ကဲ့သို့ ဖြေဖျောက်ရမည်နည်း။
သူသည် ဘလက်ဖလိမ်းနှင့် ဇီးရိုးဝင်း၏ အထက်အရာရှိတိုင်းကို ဖယ်ရှားချင်သေးဆဲ ဖြစ်သည်။ သူက နတ်ဘုရားနယ်မြေထဲမှ ဇီးရိုးဝင်း၏အမည်ကို ဖယ်ရှားပစ်ချင်၏။
အတိတ်တုန်းက သူသည် ဘလက်ဖလိမ်းကို အတော်လေးကြောက်ရွံ့ခဲ့သည်။ သို့သော် ယခု ရှေးစာအုပ်ကိုအသက်သွင်းခဲ့ပြီး ၎င်း၏စွမ်းအားကိုရပြီဖြစ်ရာ ဓားသမားကို သတ်ဖြတ်နိုင်ရန် ယုံကြည်ချက်အလွန်ရှိနေသည်။
ငရဲမိစ္ဆာက သူ့ကိုသူ ဂုဏ်ပြုနေစဥ် စာတစ်စောင် ရလာသည်။ စာကို လက်ခံရရှိပြီးနောက် သူ့အမူအရာက သုန်မှုန်သွား၏။
” ဇီးရိုးဝင်းက ရူးသွားပြီလား …”
ငရဲမိစ္ဆာ၏ မျက်လုံးထဲတွင် သွေးဆာလောင်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ဇီးရိုးဝင်း၏ အဖွဲ့ဝင်တိုင်းကို အသက်ရှင်လျက် ဝါးမျိုချင်နေ၏။
” ဘာတွေ ဒီလောက်ဒေါသထွက်နေတာလဲ …။ ဘာဖြစ်လို့လဲ …”
ဆုတောင်းကြာက မေးလိုက်သည်။
” ဇီးရိုးဝင်းက အသုံးမဝင်တဲ့ အဲဒီမြေနေရာငါးခုကို ဝယ်သွားတယ်လေ …။ ဆင်းဟတ်ထ်က လိုအပ်တဲ့ပိုက်ဆံ ရသွားပြီးပြီ …။ ဘလက်ဖလိမ်း ငါမင်းကို ဘယ်တော့မှ မလွတ်မပေးဘူး …”
ငရဲမိစ္ဆာက ကြုံးဝါးလိုက်ပြီးနောက် သူ့အသံက အေးစက်လွန်းနေရာ အခန်းထဲရှိ အပူချိန်ကို လျော့ကျသွားစေသည်။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …။ အသူရာမွန်းစတားတွေက နှင်းကွင်းပြင်မြို့ကို သိမ်းပိုက်နေပြီးပြီလေ …။ ဒီမြေတွေက တန်ဖိုးမရှိတော့ဘူး …။ ဇီးရိုးဝင်းရဲ့ အထက်အရာက ရူးသွားပြီလား …”
ဆုတောင်းကြာက ထိတ်လန့်သွားသည်။ ဆင်းဟတ်ထ်လိုအပ်သည့် ပိုက်ဆံပမာဏကို သူမ သိသည်။ ဇီးရိုးဝင်းသည် ထိုမြေနေရာငါးခုအတွက် ထိုမျှများပြားသည့် ပိုက်ဆံသုံးစွဲခြင်းက ရူးနေတာပဲ ဖြစ်ရမည်။
” ကြာ ငါတို့သွားရအောင် …။ ကြယ်လတိုင်းပြည်ထဲကလူတိုင်း ဓားဘုရင်ရဲ့ ဒဏ္ဍာရီကို ငါဒီနေ့အဆုံးသတ်တာ မြင်ရလိမ့်မယ် …”
ငရဲမိစ္ဆာက ကြုံးဝါးပြီးနောက် ထရပ်ကာထွက်သွားရန် ပြင်ဆင်လိုက်သည်။
” လူရွေးပွဲကရော …”
ဆုတောင်းကြာက အမြန်မေးလိုက်သည်။
လူရွေးပွဲစတင်နေပြီ ဖြစ်သည်။
“သာမန်သူစိမ်းကို အကြောင်းကြားပြီးသား …။ အချိန်ကြလာရင် သူက အဲဒီကျွမ်းကျင်သူတွေကိုရွေးဖို့ အကူလွတ်လိမ့်မယ် …”
ငရဲမိစ္ဆာက အချိန်မဖြုန်းတော့ပေ။ သူအခန်းထဲမှ ထွက်ကာ အလင်းမြို့၏ ပို့ဆောင်ရေးခန်းမသို့သွားရန် ရည်ရွယ်လိုက်သည်။
သို့သော် အခန်းအပြင်သို့ ငရဲမိစ္ဆာ ခြေချလိုက်သည်နှင့် မြေကြီးထဲမှ မရေမတွက်နိုင်အောင် များပြားသည့် အနက်ရောင်ချိန်းကြိုးများပေါ်ထွက်လာပြီး သူ့ကို ချုပ်နှောင်လိုက်သည်။ ယင်းက အကြံပေးနည်းပြကို ထိတ်လန့်သွားစေ၏။ သူက ထိန်းချုပ်ခံလိုက်ရစဥ် မည်သည်ကိုမှ မတုံ့ပြန်နိုင် ဖြစ်သွားသည်။