ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 877 လူမဆန်စွာ သတ်ဖြတ်မှု
ရှီဖုန်းက တိုက်ပွဲဝင်အခြေအနေထဲတွင် ပိတ်မိနေသေးဆဲ ဖြစ်သည်။ အဖြူရောင်ညနှင့် ကျန်သည့်သူများကို တစ်ချက်ကြည့်လိုက်သည်။
သူတို့တိုက်ပွဲ၏ လက်ရှိအခြေအနေမှ သူတို့အစောပိုင်းက ထင်ထားသည်ထက် ပိုကောင်းအောင်ဆောင်ရွက်နိုင်ခဲ့ကြသည်။
ယခုအချိန်တွင် ရှီဖုန်းက ဇီးကွက်သည့် သန်ခေါင်းယံညလက်ဖက်ရည်အဖွဲ့နှင့် ယှဥ်နိုင်စွမ်းရှိသည့် စွန့်စားသူအဖွဲ့အစည်းတစ်ခုဟု သူဝန်ခံရမှာပဲ ဖြစ်သည်။ သူတို့ထဲတွင် ကျွမ်းကျင်သူအရေအတွက်များစွာ ရှိပေ၏။ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့သာ ဤနေရာတွင် တိုက်ခိုက်သူဖြစ်နေခဲ့လျှင် သူတို့သည် ထိုသန္ဓေပြောင်းကောင်များကို အစောထဲက ရှုံးနိမ့်ပြီးဖြစ်မှာပင်။ အထူးသဖြင့် မျိုးနွယ်စုအကြီးအကဲကိုထိန်းထားသည့် အဖြူရောင်ညဖြစ်သည်။ စကေးအသုံးပြုရာတွင် ပြီးပြည့်စုံမှုကို ရရှိပြီးဖြစ်သည်။ အဖြူရောင်ည၏ စကေးတိုင်းက ပြီးမြောက်သည့်နှုန်း အနည်းဆုံး (၉၀) ရာခိုင်နှုန်းရှိနေပြီဟု ရှီဖုန်းမှန်းဆနိုင်သည်။ ထိုကဲ့သို့ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် တိုက်ခိုက်ရခြင်းမှာ အဖြူရောင်ညသည် ဤရလဒ်ရအောင် ဆောင်ရွက်နိုင်ခဲ့သေးသည်။ ထို့အပြင် သူတို့ထိန်းချုပ်မှုနှင့် ပတ်ဝန်းကျင်အခြေအနေပေါ် အသုံးပြုမှုက ထိတ်လန့်ဖွယ်ကောင်းသည့်အဆင့်တွင် ရောက်နေပြီးသား ဖြစ်၏။ သူကိုယ်တိုင်တောင် ထိုကဏ္ဍတွင် အဖြူရောင်ညထက် ပိုတော်အောင်တောင်ရွက်နိုင်လိမ့်မည်ဟု မထင်ပေ။
ထို့အပြင် အဖြူရောင်ညသည် မျိုးနွယ်စုအကြီးအကဲသန္ဓေပြောင်းကောင်၏ လှုပ်ရှားမှုများကို အတိအကျမှန်းဆနိုင်သည်။
အဆင့် (၅၀) မျိုးနွယ်စုအကြီးအကဲ သန္ဓေပြောင်းကောင်က အဆင့် (၅၀) ခမ်းနားသောအရှင်ထက် မသန်မာသော်ငြား သိပ်တော့မကွာပေ။ အစွန်းရေခဲစက်ကွင်း၏ အာနိသင်နှင့် ဖိနှိပ်ခြင်းအရံအတားဖြစ်တောင် အဖြူရောင်ညအဆင့်ရှိသည့် ကစားသမားသည် မျိုးနွယ်စုအကြီးအကဲများ၏ တိုက်ခိုက်မှုကိုရှောက်တိန်းရန် အင်မတန်ခက်ခဲနေ၏။ ဤကဲ့သို့ ထိခိုက်လွယ်သည့် အခြေအနေမျိုးတွင် ရှောင်တိန်းရပြီး မျိုးနွယ်စုအကြီးအကဲ၏ တိုက်ခိုက်မှုများကို သူ၏ မဟာမိတ်များဆီမရောက်အောင် ကာဖို့ဆိုလျှင် ပိုဆိုးချေ၏။
အဖြူရောင်ညက မျိုးနွယ်စုအကြီးအကဲများ၏ တိုက်ခိုက်မှုများကို တစ်စက္ကန့်၊ နှစ်စက္ကန့်ခန့် ကြိုမခန့်မှန်းနိုင်ခဲ့လျှင် မျိုးနွယ်စုအကြီးအကဲများ၏ တိုက်ခိုက်မှုများကို တိတိကျကျလမ်းညွှန်ဖို့က သူ့အတွက်မဖြစ်နိုင်ပေ။
ကံဆိုးသည်မှာ အဖြူရောင်ညနှင့် ဇီးကွက်အဖွဲ့ဝင်များက အံ့သြဖွယ်ကောင်းသော်ငြား ထိုသန္ဓေပြောင်းကောင်များက ဤတိုက်ပွဲတွင် အရေးသာနေတာ သိသာ၏။ အချိန်ကြာလာသည်နှင့်အမျှ သန္ဓေပြောင်းကောင်များ၏ တိုက်ကွက်က တိုးတက်လာမှာပဲ ဖြစ်သည်။ အဖြူရောင်ညနှင့် ကျန်သည့်သူများ သုတ်သင်ရှင်းလင်းခံရရန် အချိန်အတိုင်းအတာတစ်ခုမျှသာ လိုအပ်၏။
” အထင်မလွဲနဲ့ ကျုပ်ဒီကို ပြဿနာရှာဖို့လာတာ မဟုတ်ဘူး …”
ရှီဖုန်းသည် ထိုသို့ပြောပြီးနောက် တိုက်ပွဲ၏ အလုံးစုံအခြေအနေကို ထပ်ကြည့်လိုက်သည်။ အဖြူရောင်ညနှင့် ကျန်သည့်သူများ၏ စိုးရိမ်ပူပန်နေသော အမူအရာများကို မြင်တွေ့ရပြီးနောက် သူသည် မရယ်မောဘဲ မနေနိုင်တော့ကာ ပြောလိုက်၏။
” ဒါအပြင် ငါက ပြဿနာလာရှာရင်တောင် ဘေးကနေရပ်ကြည့်နေရုံပဲလေ …။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမွန်းစတားတွေက နောက်ဆုံးကြမင်းတို့ကို သတ်နိုင်မှာပဲ …”
ရှီဖုန်း၏ စကားများကို သူတို့ကြားသောအခါ သူ့ကိုပြန်ပြောချင်သည်။ သို့သော် စကားလုံးများက လည်းချောင်းထဲ၌ ဆို့နေ၏။
ထို တုံ့ပြန်မှုက ရှီဖုန်းပြသခဲ့သည့် ခွန်အားကြောင့်မဟုတ်ပေ။ ရှီဖုန်၏ စကားများက မမှားသောကြောင့်လည်း ဖြစ်ပေ၏။
” ဒါဆို မိတ်ဆွေက ကျုပ်တို့ကို ကူညီဖို့လာတာလားဆိုတာ သိပါ့ရစေ …။ တိုက်ပွဲပြီးသွားရင် မွန်းစတားတွေက ကျတဲ့ပစ္စည်းတွေရနိုင်တယ် …။ ကျုပ်တို့ မယူပါဘူး …”
အဖြူရောင်ညက အခြေအနေကို တစ်ချက်စဥ်းစားပြီးနောက် ဦးစွာအကူအညီတောင်းရန် ဆုံးဖြတ်လိုက်၏။
” အကိုကြီးအဖြူ ဒီမွန်းစတားတွေက သိပ်သန်မာတာ …။ သူတို့ကျတဲ့ပစ္စည်းတွေက သေချာပေါက်အံ့သြဖို့ကောင်းမှာပဲ …။ ဒါ့အပြင် ကျွန်မတို့တွေက ဒီလောက်အများကြီးစတေးခဲ့ပြီးမှ ဒီအဆင့်ထိရောက်လာတာ …။ ဒါတောင် အခုအကျိုးအမြတ်အားလုံးကို သူများကိုခွဲဝေရမှာ …”
ရှီဖုန်းဆီ အဖြူရောင်ည၏ ကမ်းလှမ်းချက်ကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားမိသည်။ သူတို့က ကြိုတင်သတိထားရသည့်အခြေအနေတွင် ရောက်နေသော်ငြား ရှီဖုန်း၌ ထိုသန္ဓေပြောင်းကောင်များကို ဖြေရှင်းရန်နည်းလမ်းရှိမည်ဟု သူမမထင်ပေ။
ထိုသန္ဓေပြောင်းကောင်များကို သုတ်သင်ရှင်းလင်းရန် အခွင့်အရေးရဖို့ရာ နှစ်ဖက်လုံးက ပူးပေါင်းတိုက်ခိုက်ရမှာ ဖြစ်သည်။ ပစ္စည်းများကို အလျော့ပေးလိုက်ရခြင်းထက် သူတို့က ရှီဖုန်းနှင့် ညှိနှိုင်းသင့်သည်။ အနည်းဆုံးတော့ တာဝန်အိုင်တမ်ကိုရရန် တောင်းဆိုသင့်၏။
ဇီးကွက်၏ ကျန်သည့်အဖွဲ့ဝင်များကလည်း စိုးရိမ်ပူပန်လာသည်။ သို့သော် အဖြူရောင်ညက သူတို့အတွက် ထိုသို့ပြုလုပ်ပေးနေမှန်း သူသိသည်။
ဤဧရိယာတွင် သူတို့ထွက်ခွာသွားရန် နည်းလမ်းတစ်ခုသာရှိသည်။ သူတို့က သန္ဓေပြောင်းကောင်အားလုံးကို သတ်လျှင်သတ် မဟုတ်လျှင် သူတို့က သန္ဓေပြောင်းကောင်များသတ်တာ ခံရမှာဖြစ်သည်။ တိုက်ပွဲ၏ လက်ရှိအခြေအနေကို အကဲဖြတ်ကြည့်ပါက သူတို့မသေခင် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်၏။ ပြီးနောက် သူတို့ သေသွားခဲ့လျှင်လည်း ဆုံးရှုံးမှုကို သိသိသာသာခံစားရမှာ ဖြစ်သည်။ သို့သော် အဆင့်တစ်ဆင့် ဆုံးရှုံးမှုအပြင် ချပ်ဝတ်တန်ဆာတစ်ခုလည်း ကျမှာဖြစ်သည်။ ထိုဆုံးရှုံးမှုကို ဖာထေးရန်အတွက် သူတို့အချိန်ကြာမြင့်စွာ ယူရအုံးမှာ ဖြစ်၏။
” ဟုတ်ပြီ …”
ရှီဖုန်းက ခေါင်းညိတ်ပြီးနောက် မျိုးနွယ်စုအကြီးအကဲ သန္ဓေပြောင်းကောင်ကို တိုက်ခိုက်ရာမှ နောက်ဆုတ်လာသည့် အဖြူရောင်ညကို ကြည့်လိုက်သည်။
အမှန်တကယ်တွင် အဖြူရောင်ညက သူ့ကို ထိုကမ်းလှမ်းမှုမလုပ်ခဲ့လျှင်တောင် သူနောင်တွင် ဒဏ္ဍာရီလာစွန့်စားသူအဖွဲ့အစည်းနှင့် အဆက်အသွယ်ရရန်အတွက် ထိုသန္ဓေပြောင်းကောင်များကို သုတ်သင်ရှင်းလင်းပစ်ဖို့ရာ သူတို့ကို ကူညီအုံးမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် အဖြူရောင်ညက သူ့ကို အကြွေးတစ်ခုတင်သွားပေလိမ့်မည်။
အဖြူရောင်ညက ကတိတည်သည့်သူဖြစ်၏။ သူ တစ်စုံတစ်ခုကို ကတိပေးပြီးလျှင် သေချာပေါက်လုပ်မှာပင်။ ထိုစဥ်က ရိန်းဂျားသည် စူပါအစည်းအရုံးဘုရင့်အပြန်ကို မျက်နှာသာပေးရန် အကြွေးကျန်ခဲ့၏။ အဆုံးတွင်မူ သူက ဘုရင့်အပြန်၏ ရန်သူဖြစ်သည့် စူပါအစည်းအရုံးပန်သီအွန်ကို တွေးဝေမနေပဲ စစ်ပွဲစခဲ့ကာ တပ်ကူအဖြစ် ဘုရင့်အပြန်ကို ကူညီပေးခဲ့သည်။
စစ်ခံတပ်တစ်ခုက ကစားသမားတည်ထောင်သည့် မြို့ သို့မဟုတ် မြို့ကြီးနှင့်ကွာခြားပေ၏။ ခံတပ်သည် ရွေးလျားနိုင်ပြီး အနီးတစ်ဝိုက်ဝန်းကျင်သာ လှည့်လည်တာဖြစ်သည်။ သို့သော် မြို့များနှင့် သီးခြားမြေများကိုတိုက်ခိုက်ရန်အတွက် ပြီးပြည့်စုံသည့် လက်နက်တစ်ခုဖြစ်သည်။ တစ်ချိန်ထဲတွင် စစ်ခံတပ်က မြို့သေးလေးတစ်မြို့စာကဲ့သို့ ဆောင်ရွက်နိုင်၏။ နောက်ဆုံးပေါ် အဆင့်မြင့်မြေပုံများဆီ ရွေ့လျားနိုင်ပြီး ကစားသမားများ၏ ခရီးသွားလာရသည့်အချိန်ကို လျော့ချပေးနိုင်၏။
စစ်ခံတပ်၏ တန်ဖိုးသည် ဒဏ္ဍာရီလာအိုင်တမ်ထက်တောင် မြင့်ပေ၏။ ထို့ရလဒ်ကြောင့် ပန်သီအွန်သည် ဇီးကွက်ကို အရိုးထဲထိအောင် မုန်းနေမိ၏။ စူပါအစည်းအရုံးက ဇီးကွက်၏ ပင်မဌာနချုပ်ကိုသုတ်သင်ရှင်းလင်းရန် သူ၏ တပ်ဖွဲ့ကိုတောင်စေလွှတ်ခဲ့သည်။ ဇီးကွာက်သည် အဆုံးတွင် အနိုင်ခဲ့သော်ငြား စွန့်စားသူအဖွဲ့အစည်းက ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရ၏။
အဖြူရောင်ညက သူသည် ရှီဖုန်းကို မျက်နှာသာပေးမှု အကြွေးတင်သည်ဟု မဆိုသော်ငြား ရိန်းဂျားသည် ရှီဖုန်း ယနေ့သူ့အတွက် ကူညီခဲ့တာကို စိတ်ထဲ၌ သေချာပေါက်အမှတ်ရနေမှာပဲ ဖြစ်သည်။ ထိုအချက်ပင် ရှီဖုန်းအတွက် လုံလောက်နေပြီဖြစ်၏။
” ကျေးဇူးတင်ပါတယ် …”
သူ၏ ပြောကြားချက်ကို ရှီဖုန်းသဘောတူတာကို ကြားသောအခါ အဖြူရောင်ညက သက်ပြင်းချလိုက်၏။ သူ့အသင်းဖော်များက ရှီဖုန်း၏ ခွန်အားကို လက်မခံနိုင်ဖြစ်နေသည်။ သို့သော် ရှီဖုန်းက ခွန်အားလုံလုံလောက်လောက် မပိုင်ဆိုင်ထားခဲ့လျှင် ငွေနဂါးကို စီးတော်ယာဥ်အဖြစ် မည်ကဲ့သို့ ဆက်ဆံနိုင်မည်နည်း။ ပြီးနောက် အဖြူရောင်ညက ရေခဲအိပ်မက်ကို စာချုပ်တစ်ခုရေးခိုင်းလိုက်၏။ နှစ်ဦးနှစ်ဖက်က စာချုပ်ကို လက်မှတ်ထိုးပြီးနောက် ရှီဖုန်းကို အဖွဲ့ထဲထည့်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် မြင့်တင်ပေးလိုက်သည်။
” သူ့ကို ဘာအတွက် ကျေးဇူးတင်ရမှာလဲ …။ အကျိုးအမြတ်တွေအားလုံး ပေးပြီးပြီ မဟုတ်ဘူးလား …”
ရေခဲအိမ်မက်က နှုတ်ခမ်းစူနေပြီး ခေါင်းစွပ်နက်ဝတ်ထားပြီး မည်သူမည်ဝါဆိုတာ ဖုံးကွယ်ထားသည့်ရှီဖုန်းကို မကျေမနပ်ကြည့်လိုက်သည်။ ထိုသန္ဓေပြောင်းကောင်များကို ရှီဖုန်းအမှန်တကယ် တစ်ခုခုလုပ်နိုင်လိမ့်မည်ဆိုတာ သူ မယုံကြည်ပေ။ အဆုံးတွင်မူ သူက ငွေနဂါး၏ခွန်အားကို အသုံးပြုရုံသာ ရှိမည်။
သို့သော် ယင်းက ငွေနဂါး၏ခွန်အားဖြစ်ပြီး ရှီဖုန်း၏ ကိုယ်ပိုင်ခွန်အားမဟုတ်ချေ။ စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ရှီဖုန်းကလည်း ငွေနဂါးကို လှုပ်ရှားရန်အချက်ပြလိုက်၏။
ပြီးနောက် ငွေနဂါးက ဟိန်းဟောက်လိုက်ပြီး ဧရာမငွေမှော်အစီအရင်က ကိုက်ငါးရာအကွာအဝေးကို ချက်ချင်းလွှမ်းခြုံပြီး အတွင်းရှိလူတိုင်းကို အုပ်မိုးလိုက်၏။ မှော်အစီအရင်ပေါ်လာသည်နှင့် သန္ဓေပြောင်းကောင်များက သူ၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင်မီးခိုးများ စတင်ပေါ်ထွက်လာပြီ ဖြစ်သည်။ သူတို့၏ ခုခံမှုက အတိုင်းအတာတစ်ခုထိ လျော့ကျသွားရုံသာမက တိုက်ခိုက်ရေးစွမ်းအားများကလည်း သိသိသာသာအားနည်းသွားပေသည်။
” အစွမ်းထက်လိုက်တဲ့ ဂါထာ …”
ယခုအချိန်တွင် လူတိုင်းက ဤငွေမှော်အစီအရင် မည်မျှအစွမ်းထက်ကြောင်း အပြည့်အဝအတွ့အကြုံရသွားပြီ ဖြစ်သည်။
မူလက သူတို့၏ တိုက်ခိုက်မှုများသည် သန္ဓေပြောင်းကောင်များကို (-၂၀၀) (-၃၀၀) ထိခိုက်မှုသာ ဖြစ်စေခဲ့တာပင်။ ယခု သူတို့၏ ထိခိုက်မှုနှစ်ဆဖြစ်သွားရာ တစ်ဖက်တွင်မူ သာမန်သန္ဓေပြောင်းကောင်များက သူတို့ MT ပေါ်ထိခိုက်စေမှုကလည်း သိသိသာသာလျော့ကျသွား၏။
(-၅၀၀၀) ထိခိုက်ရာမှ (-၂၀၀၀) ဝန်းကျင်သာ ထိခိုက်မှုဖြစ်သွားသည်။ ထိုရုတ်တရက်ပြောင်းလဲမှုက MT များနှင့် ကုသသူများပေါ် ဝန်ထုတ်ဝန်ပိုး လျော့ကျသွားစေသည်။
ကံကောင်းသည်မှာ ထိုကဲ့သို့ အစွမ်းထက်သည့်ဂါထာ သူတို့ကို ကူညီပေးမှုဖြင့်တောင် နှစ်ဖက်ကြားရှိကွာဟချက်ကို ဖြည့်တင်းပေးရန် မလုံလောက်သေးချေ။
သန္ဓေပြောင်းကောင်များ၏ HP ကမြင့်လွန်းနေရာ သာမန်သန္ဓေပြောင်းကောင်များက HP ဆယ့်ငါးသိန်းပိုင်ဆိုင်ထားပြီဖြစ်၏။ လက်ရွေးစင်နှင့် မျိုးနွယ်စုအကြီးအကဲသန္ဓေပြောင်းကောင်များဆိုလျှင် ပြောနေရန်မလိုတော့ချေ။ မွန်းစတားများက သူတို့ကို မောပန်းပြီး သေသွားသည်အထိ တိုက်ခိုက်ရန် HP လုံလောက်အောင်ရှိပေသည်။
” ဒါဆိုရင် မင်းတို့အားလုံးကို ငါရဲ့ခွန်အားအသစ် စမ်းခိုင်းရမှာပေါ့ …”
ရှီဖုန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်ပေါ်လာပြီးနောက် သန္ဓေပြောင်းကောင်များကို ကြည့်လိုက်သည်။
ပြီးနောက် ရှီဖုန်းသည် တိတ်ဆိတ်ခြင်းခြေလှမ်းကို အသုံးပြုပြီး အခြေခံသန္ဓေပြောင်းကောင်နောက်၌ ပေါ်လာသည်။
ခုတ်ပိုင်းခြင်း
(-၆၄၁၇)
မိုးကြိုးလျှပ်တပြက်
(-၃၄၀၅)
(-၈၇၁၇)
(-၇၀၀၄)
မိုးကြိုးမီးတောက်ပေါက်ကွဲခြင်း
သာမန်သန္ဓေပြောင်းကောင်းများ၏ HP သည် ရေးစီးဆင်းသကဲ့သို့ လျင်မြန်စွာလျော့သွားသည်။ ရှီဖုန်း၏ သာမန်တိုက်ခိုက်မှုကတောင် (-၂၂၀၀) မှ (-၂၃၀၀) ထိခိုက်မှု ဖြစ်စေသည်။
ဇီးကွက်အဖွဲ့ဝင်များက ရှီဖုန်း၏ ထိခိုက်မှုကိုမြင်သည့်အချိန်တွင် သူတို့၏ မျက်လုံးများက ပြူးကျယ်လာတော့သည်။
ဓားသမား၏ ထိခိုက်မှုသည် အဖြူရောင်ညထက်တောင် နှစ်ဆမှ သုံးဆပိုမြင့်လာ၏။
ပြီးနောက် ရှီဖုန်းသည် သူ့နေရာကို အနည်းငယ်ပြောင်းပြီး နဂါးဝင်သက်ငွေ့နောက် လိုက်ပါလာတော့၏။ အဖြူရောင်အလင်းတန်းက အခြေခံသန္ဓေပြောင်းကောင်လေးဆယ်နား ကပ်နေပြီဖြစ်ရာ ထိခိုက်မှုသည် သန္ဓေပြောင်းကောင်များ၏ ဦးခေါင်းထက်တွင် (-၂၀၀၀၀) ထိခိုက်မှုပေါ်လာတော့သည်။ အချို့ဆို (-၄၀၀၀၀) ကျော် ထိခိုက်မှုရသွား၏။ သန္ဓေပြောင်းကောင်အချို့သည်လည်း မေ့လျော့သည့်အခြေအနေထဲ ရောက်နေသည်။
” အဲ့ဒီလူက ဘယ်သူလဲ …”
ရေခဲအိပ်မက်က ယခုအချိန်တွင် မှင်သက်နေမိသည်။
သို့သော် ရှီဖုန်းသည် ယခုအမှောင်ထုစွမ်းအား၏ အာနိသင်နှင့် နဂါး၏စိုးမိုးချယ်လှယ်ခြင်းအောက်တွင် ရှိနေမှန်းမည်သူမှ မသိပေ။ သန္ဓေပြောင်းကောင်များ၏ မြင့်မားသော ခုခံမှုကတောင် သူ၏ တိုက်ခိုက်မှုများကို အနည်းငယ်သာ ရင်ဆိုင်နိုင်၏။
ထို့အပြင် ရှီဖုန်းက သန္ဓေပြောင်းကောင်များ တိုက်ခိုက်မှုကို မျှားခေါ်မိမှာ မစိုးရိမ်ပေ။ သူ၏ အရှိန်နှင့် ဆန်းကျယ်သောခြေသိုင်းတို့ဖြင့် သန္ဓေပြောင်းကောင်များက သူ့နားကပ်နိုင်မှာမဟုတ်။ အမှန်တကယ်တွင် ရှီဖုန်းက သန္ဓေပြောင်းကောင်များကို အုပ်စုထဲဆီ အာရုံစိုက်မိစေရန် တဖြေးဖြေးခြင်း မျှားခေါ်ကာ သူ၏ မြင့်မားသောထိခိုက်မှုကိုတောင် အသုံးပြုနေတာ ဖြစ်သည်။
သူသည် သန္ဓေပြောင်းကောင်ခြောက်ဆယ်နီးပါး စုဝေးလာသည့်အချိန်တွင် ဂါထာကို ကောင်းကင်ထက်ဆီ မြောက်လိုက်၏။
ကောင်းကင်ဗိန်ဓား
မရေမတွက်နိုင်သည့် ရွှေရောင်နတ်ဓားများက ကောင်းကင်ထက်မှ ရွာကျလာပြီး သန္ဓေပြောင်းကောင်များအားလုံးကို ကိုက်နှစ်ဆယ်အတွင်း ချုပ်ထားလိုက်ရာ သူတို့တိုင်းကို (-၅၀၀၀) ထိခိုက်မှုဖြစ်သွားစေသည်။ ချက်ချင်းပင် ရှီဖုန်းက မီးမုန်တိုင်းကို ရွတ်ဆိုလိုက်၏။
ပူလောင်သည့် မီးတောက်များက သာမန်သန္ဓေပြောင်းကောင်များကို ချက်ချင်းဝါးမျိုသွားကြသည်။
လူတိုင်းက (-၂၀၀၀၀) မှ (-၅၀၀၀၀) ကျော်ထိ မီးတောက်များကနေ ထိခိုက်မှုများ ပေါ်ထွက်လာတာကို သိလိုက်ရသည်။ ထို့အပြင် ထိုဖြစ်စဥ်က ခြောက်စက္ကန့်တိုင်း ဖြစ်ပေါ်နေတာပင်။ ရှီဖုန်းသည် တိုက်ခိုက်တာ မပြီးသေးပေ။ ငွေမှင်ရောင်မှော်စာလိပ်ကို အိတ်ထဲမှထုတ်ပြီး ဖြည်ချလိုက်ကာ စာလိပ်ထဲတွင်မှတ်ထားသည့်ဂါထာကို မြန်မြန်ဆန်ဆန် ရွတ်ဆိုလိုက်၏။
ရုတ်တရက်တွင် များစွာသော ငွေရောင်လေပွေများက သန္ဓေပြောင်းကောင်များ၏ အဖွဲ့ကိုချိန်ရွယ်နေပြီး ချက်ချင်းပင် သူတို့ကို တိုက်ခိုက်တော့သည်။ လေးစက္ကန့်တာအတွက် စက္ကန့်တိုင်း (-၂၀၀၀၀) ထိခိုက်မှုဖြစ်စေသည်။
အလွှာနှစ်ဂါထာ မုန်တိုင်းဆင်းသက်ခြင်း
ငွေရောင်လေပွေများ၏ အစွမ်းထက်သောစုပ်ယူမှုကြောင့် သန္ဓေပြောင်းကောင်များသည် သေခြင်းမှမလွတ်မြောက်နိုင်ဖြစ်နေကြကာ HP များ ဆက်တိုက်ကျဆင်းနေ၏။
ထိုမြင်ကွင်းက လူတိုင်းကို ဆွံ့အသွားစေသည်။
သန္ဓေပြောင်းကောင်များသည် ဘော့စ်အဆင့်မွန်းစတားများ ဖြစ်ကြ၏။ ထိုသို့တိုင် ယခု ရှီဖုန်းက သူတို့သည် အင်မတန်အားနည်းပြီး အဆင့်နိမ့်သည့်မွန်းစတားများ ဖြစ်နေသယောင် တိုက်ခိုက်ပြနေ၏။
ရှီဖုန်း၏ လုပ်ဆောင်ချက်ကို မည်သူက ဘာပြောရမယ်မှန်း မသိကြတော့ချေ။
သို့သော် ထိုသန္ဓေပြောင်းကောင်များ၏ HP နှင့်ခုခံမှုက မြင့််မားလွန်းနေသည်။ ထိုနည်းလမ်းက သာမန်လက်ရွေးစင်များနှင့် အထူးလက်ရွေးစင်များအပေါ် အလုပ်ဖြစ်နိုင်သော်ငြား HP သန်းချီသည့် မွန်းစတားများကို ရင်ဆိုင်ရာတွင် သက်ရောက်မှုမရှိစေပေ။
လူတိုင်းက ရှီဖုန်းကိုကူညီနိုင်မည့်နည်းကို တွေးနေကြစဥ် ရှီဖုန်းက သူ၏ အိတ်ထဲမှ နောက်ထပ်အလွှာနှစ်မှော်စာလိပ်ကို ထုတ်လိုက်သည်။ ယင်းက နှင်းမုန်တိုင်းကို ထုတ်လိုက်၏။ ထိုဂါထာသည် သန္ဓေပြောင်းျကာင်များကို ရှစ်စက္ကန့်တာခဲနေရုံသာမက တစ်ကောင်ချင်းဆီကို (-၄၀၀၀၀) ထိခိုက်မှုဖြစ်စေ၏။
စာလိပ်တစ်လိပ်အသုံးပြုပြီးနောက် ရှီဖုန်းသည် နောက်ထပ်အလွှာနှစ်မှော်စာလိပ်ကို အသုံးပြုလိုက်သည်။ ယင်းက AOE တိုက်ခိုက်မှုမှော်စာလိပ် ဖြစ်သည်။ သူသည် တစ်ဆက်ထဲ အလွှာနှစ်မှော်စာလိပ် ရှစ်ခုသုံးပြီးနောက် မူလက HP ဆယ့်ငါးသိန်းရှိသည့် သာမန်သန္ဓေပြောင်းကောင်များသည် HP တစ်ဝက်တောင် မကျန်တော့ပေ။
” ဘာလဲ ဒီလူက မှော်စာလိပ်တွေ မိတ္တူကူတဲ့ဆိုင် ဖွင့်ထားတာလား …။ ဘာလား …”
ရှီဖုန်း၏ လုပ်ဆောင်ချက်က အားလုံးကို မှင်သက်သွားမိစေသည်။
သူတို့သည် ထိပ်တန်းအဆင့် စွန့်စားသူအဖွဲ့အစည်းဟူ၍ သတ်မှတ်နိုင်၏။ သူတို့ နတ်ဘုရားနယ်မြေထဲတွင် ဂိမ်းဆော့သည့်တောက်လျှောက် အိုင်တမ်များစွာ စုဆောင်းမိသည်။ သူတို့သည် အလွှာနှစ်မှော်စာလိပ်အချို့လည်း ပိုင်ဆိုင်ပေ၏။ သို့သော် သူတို့အတွက်တောင် အလွှာနှစ် AOE တိုက်ခိုက်ရေးမှော်စာလိပ်များက အင်မတန်ရှားပါးသည့်အိုင်တမ်များ ဖြစ်နေသေးသည်။ ယခုအချိန်တွင် သူတို့တစ်ဖွဲ့လုံးက ထိုမှော်လိပ်ငါးလိပ်သာ စုစည်းနိုင်ခဲ့ပြီး ယခင်တာဝန်များတွင် သူတို့ အသုံးပြုခဲ့တာ ဖြစ်သည်။ သို့သော် ယခုအချိန်၌ ရှီဖုန်းက မှော်စာလိပ်ရှစ်ခု ထုတ်ခဲ့၏။
လူတိုင်းက ရှီဖုန်း မှော်စာလိပ်များကုန်ပြီဟု တွေးသည့်အချိန်တွင် ထိုလူက နောက်ထပ်အလွှာနှစ်မှော်စာလိပ် ထုတ်လိုက်ပြန်သည်။
ယခုဆို အားလုံးက ဆွံ့အနေကြပြီ ဖြစ်သည်။ မွန်းစတားများအဖို့ တိုက်ခိုက်ရာတွင် ထိုမျှ ငွေကုန်ကြေးကျများစွာ သုံးသည်ကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာသေချာ၏။
ဈေးကွက်ထဲတွင် အလွှာနှစ် AOE တိုက်ခိုက်ခြင်းမှော်စာလိပ်ကို ရွှေပြားနှစ်ရာဝန်းကျင်ဖြင့် ရောင်းနေတာဖြစ်သည်။ ထိုငွေကြေးဖြင့် အဆင့် (၄၀) မဟူရာရွှေလက်နက် ဝယ်ယူနိုင်ပေ၏။ သို့သော်ငြား ရှီဖုန်းက ထိုမှော်စာလိပ်များကို သာမန်စကေးများ အသုံးပြုသလိုမျိုး သုံးနေ၏။
ရှီဖုန်းတွင် အလွှာနှစ်မှော်စာလိပ် မချို့တဲ့မှန်း မည်သူမှမသိခဲ့ကြပေ။ သူသည် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့နှင့်အတူ ကွင်းပြင်ဘော့စ်များစွာကို စီးနင်းတိုက်ခိုက်ရာတွင် စာလိပ်များစွာ ရခဲ့၏။ ငရဲခန်းနှင့် ခက်ခဲသည့်အဆင့်အဖွဲ့လိုက် မြေအောက်စခန်းများမှ သူ့အဖွဲ့ရခဲ့သည့် မှော်စာလိပ်များလည်း ရှိသည်။ ထို့အပြင် သူသည် အဆင့်မြင့်မြေပုံအသစ်များကိုလည်း ရှာဖွေတိုက်ခိုက်ခဲ့သည်။ ရံဖန်ရံခါတွင် ကြေးနီ သို့မဟုတ် ဆန်းကျယ်သံမဏိ ရတနာသေတ္တာများလည်း ရခဲ့၏။ ထို့အပြင် ကျောက်တောမြို့ကို သိမ်းပိုက်ပြီးနောက် ဇီးရိုးဝင်းသည် မြို့၏ ရတနာဘဏ်တိုက်မှ မှော်စာလိပ်များလည်း ရခဲ့သည်။ ဇီးရိုးဝင်း၏ ပိုင်ဆိုင်မှုထဲတွင်ရှိသော အလွှာနှစ် AOE မှော်စာလိပ်များက အခုတစ်ရာနား ကပ်နေပြီဖြစ်သည်။ စူပါအစည်းအရုံး၏ မှော်စာလိပ်များတောင် ဇီးရိုးဝင်း၏ ပိုင်ဆိုင်မှုလောက် ရှိမှာမဟုတ်ပေ။
ယခုအခေါက် စစ်ဆင်ရေးအတွက် ရှီဖုန်းသည် အလွှာနှစ် AOE တိုက်ခိုက်မှုမှော်စာလိပ် ခြောက်ဆယ်ကို ပြင်ဆင်ထားခဲ့ရာ ထိုသာမန်မွန်းစတားများကို သတ်ဖြတ်ရန် လုံလောက်တာထက်ပိုသည်။
ရှီဖုန်က စာလိပ်နှစ်ဆယ့်လေးလိပ် အသုံးပြုသည့်အချိန်တွင် သာမန်သန္ဓေပြောင်းကောင်များသည် ကြာရှည်မခံန်ိုင်တော့ပေ။ သူတို့သည် တစ်ကောင်ပြီးတစ်ကောင် လဲပြိုကျသွား၏။
သူတို့ ထောက်ပံ့ပေးသည့် ကြွယ်ဝသော EXP က ရှီဖုန်းကို အဆင့် (၄၁) သို့ ရောက်သွားစေသည်။