ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 927 ပြီးဆုံးသည့်အခြေအနေ
” ကျုပ်တို့တွေ သူတို့ကို အလွယ်တကူ လွတ်ပေးလိုက်တာပဲ …”
ဘလိပ်က လျှာသပ်ပြီးနောက် ရှီဖုန်းတို့အဖွဲ့ကို ကြည့်လိုက်သည်။
“ဘော့စ်အနှိုင်းမဲ့ ကျွန်တော်တို့တွေ အခုပို့ဆောင်ရေးမှော်အစီအရင်ကို အသက်သွင်းသင့်လား …”
” ခဏနေအုံး၊ သူတို့ကို ယိုယွင်းခြင်းဘုရင်သတ်တာ ငါကြည့်ချင်တယ် …”
အနှိုင်းမဲ့က ခေါင်းခါလိုက်၏။
ဝင်ခွင့်စစ်ဆေးမှု၏ ဒုတိယအဆင့်သည် တတိယအဆင့်ထက် လွယ်ကူမှာမဟုတ်ပေ။
အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ်မရှိဘဲ အောင်မြင်ရန်ပိုတောင်ခက်ခဲပေလိမ့်မည်။ ရှီဖုန်းနှင့် အဖော်အပေါင်းများကို သူကိုယ်တိုင်သတ်ချင်ပေသည်။ သို့သော် ယိုယွင်းခြင်းဘုရင် သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြောင်းသိလျှင် သူစိတ်ကျေနပ်မှာပဲ ဖြစ်၏။
ဆိုက်လူတီဘန်၏ ပျက်စီးယိုယွင်းစေသောအရည်များက လူတစ်ဦး၏ ချပ်ဝတ်တန်ဆာကို ထိခိုက်စေနိုင်ပေသည်။ ကျန်သည့်အဖွဲ့၏ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကိုတောင် ဖျက်ဆီးပစ်နိုင်၏။ သူတို့ကိုသတ်ဖြတ်ခြင်းထက် သူတို့ဆီမှ အိုင်တမ်တစ်ခုချင်းဆီကို ယူခြင်းက ပိုကောင်းသည့်ရလဒ်ဖြစ်ပေသည်။
အနှိုင်းမဲ့စကားကိုကြားသောအခါ သူ့လူများသည် ရှီဖုန်းတို့အဖွဲ့ကို မျှော်လင့်တကြီး ကြည့်နေကြတော့၏။
ဆိုက်လူတီဘန်၏ လှုပ်ရှားမှုအရှိန်က အလွန်မြန်ဆန်ပေသည်။ ရှီဖုန်းနှင့် ကျန်သည့်သူများက ကိုက်တစ်ရာအကွာသို့ မကျော်ဖြတ်ရသေးခင် ယိုယွင်းခြင်းဘုရင်က အဖွဲ့နှင့် ကိုက်ငါးဆယ်တောင် မကွာတော့ပေ။
ဘော့စ်ချဥ်းကပ်လာတာကိုမြင်သောအခါ သူတို့က မကြောက်လန့်ဘဲ မနေနိုင်ကြတော့ပေ။
အဆင့် (၅၅) မဟာအရှင်ကို ထပ်ခါထပ်ခါထိုးနှက်မှုသည် သူတို့စိတ်ထဲ လက်လက်ဆက်ဆက်ရှိနေသေးဆဲ ဖြစ်၏။ အလွှာသုံးမဟာအရှင်တောင် ထိုဘော့စ်ကိုမထိန်းထားနိုင်လျှင် သူတို့ကဲ့သို့ ကစားသမားများက မျှော်လင့်ချက်မဲ့ပေ၏။ သူတို့၏ MT ဆယ်ဦးလုံး ပူးပေါင်းဆောင်ရွက်ခဲ့လျှင်တောင် သူတို့သည် ယိုယွင်းခြင်းဘုရင်၏ တိုက်ခိုက်မှုများကို ခုခံနိုင်မှာမဟုတ်ချေ။
” ငါသူ့ကိုဖြေရှင်းလိုက်မယ်၊ အားလုံးပဲ မြန်မြန် …”
ရှီဖုန်းက ပြုံးလိုက်ပြီးနောက် ရောက်လာသည့်ဆိုင်လူတီဘန်ကို ကြည့်လိုက်သည်။
ကျန်သည့်သူများက ယိုယွင်းခြင်းဘုရင်၏ စွမ်းအားကို မသိနိုင်သော်ငြား သူက သိပေ၏။
ဆိုင်လူတီဘန်သည် ရှေးဟောင်းမျိုးစိတ်ဖြစ်သော်ငြား သေစေနိုင်သည့် အားနည်းချက်တစ်ခု ရှိပေ၏။
၎င်းက ရုတ်တရက်ပြောင်းလဲမှုများကို ကောင်းစွာမတုံ့ပြန်နိုင်ပေ။ အလှည့်အပြောင်းတစ်ချက်ကတောင် နှစ်စက္ကန့်ခန့် ဖြုန်းတီးရန်လိုအပ်ပေသည်။ ကျွမ်းကျင်ကစားသမားများက ထိုတိုက်ကွက်ကိုရေရှောင်တိန်းရန် အချိန်များစွာရှိပေ၏။ သို့သော် ယိုယွင်းခြင်းဘုရင်၏ အာရုံစိုက်မှုကို ဦးစွာမျှားခေါ်ထားရမှာပဲ ဖြစ်သည်။
ရှီဖုန်းက ချက်ချင်းပင် ယိုယွင်းခြင်းဘုရင်ရှေ့၌ ပေါ်လာသည်။ ယင်းကိုမြင်သောအခါ ဆိုင်လူတီဘန်က ၎င်း၏လက်သည်းဖြင့် ရှီဖုန်းကိုတိုက်ခိုက်လိုက်တော့၏။ သို့သော် ရှီဖုန်းက အရိပ်ခြေလှမ်းကို အသုံးပြုပြီး တိုက်ကွက်ကိုအလွဟ်တကူရှောင်ကာ ယိုယွင်းခြင်းဘုရင်၏နောက်၌ ချက်ချင်းပေါ်လာတော့သည်။
နဂါးဝင်သက်ငွေ့
ရုတ်တရက် ဆိုင်လူတီဘန်၏ ဂုတ်ပေါ်၌ အဖြူရောင်အလင်းတန်းကြီး ပေါ်လာတော့သည်။
” မာလိုက်တာ …”
ရှီဖုန်းက နှုတ်ခမ်းသပ်မိသွား၏။
နဂါးဝင်သက်ငွေ့သည် သူ၏ ထိခိုက်မှုကို ဆယ်ဆတိုးမြင့်ထားတာဖြစ်သည်။ ထိုသို့တိုင် စကေးတစ်ခုက ယိုယွင်းခြင်းဘုရင်၏ ချက်ကောင်းကိုထိမိသည့်အချိန်တွင်တောင် (၂၀၀၀၀) ကျော်ထိခိုက်မှုသာ ဖြစ်စေခဲ့သည်။ သာမန်ကျွမ်းကျင်သူတစ်ဦးက ခမ်းနားသောအရှင်ကို တိုက်ခိုက်ခဲ့လျှင် သူတို့သည် ထိခိုက်မှုရာဂဏန်းမျှသာ ဖြစ်ပေါ်စေမှာပင်။
ရှီဖုန်း၏ တိုက်ခိုက်မှုက ချက်ချင်းပင် ဆိုင်လူတီဘန်၏ အာရုံစိုက်မှုကို ရသွားသည်။ ပြီးနောက် ယိုယွင်းခြင်းဘုရင်က ရှီဖုန်းဆီသို့လှည့်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
သို့သော် ဆိုင်လူတီဘန်က တစ်ဖက်လှည့်ချိန်တွင် အလွန်နှေးနေသည်။ ၎င်း၏ခန္ဓာကိုယ်က တစ်လှမ်းပြီးတစ်လှမ်း ဖြည်းဖြည်းချင်းလှမ်းနေတော့၏။ ယင်းက ရှီဖုန်း လေလျှောက်လှမ်းခြင်းကို အသက်သွင်းရန်အချိန်ပေးလိုက်ပြီးနောက် သူ၏လက်ရှိနေရာမှ ထွက်သွားစေရန် အချိန်လုံလောက်သွားစေသည်။ သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ယိုယွင်းခြင်းသားရဲနှင့် ယိုယွင်းခြင်းသားရဲဘုရင်များအတွက်မူ သူတို့က ခြိမ်းခြောက်နိုင်ခြင်းမရှိချေ။
“မင်းက အတော်လေးခံနိုင်ရည်ရှိတာပဲ၊ ကံဆိုးတာက ဒီခမ်းနားတဲ့အရှင်က ဖြေရှင်းဖို့အဲ့လောက်မလွယ်ဘူး၊ မင်းရဲ့အချိန်ဖြုန်းတီးနေရုံပဲ …”
အနှိုင်းမဲ့က နှာခေါင်းရှုံ့လိုက်ပြီး ရှီဖုန်းကို ကြည့်နေ၏။
အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် နည်းစနစ်များက အသုံးမဝင်ပေ။ ရှီဖုန်းက သူ့အဖွဲ့ကို အချိန်ဆွဲပေးထားနိုင်လျှင်တောင် ပို့ဆောင်ရေးမှော်အစီအရင်သို့ရောက်ရန် လုံလောက်မှာမဟုတ်။
” ဝေါင်း …”
ဆိုင်လူတီဘန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် ရှီဖုန်းနောက်သို့ လိုက်တော့သည်။
မျက်တောင်တခက်အတွင်း၌ ယိုယွင်းခြင်းဘုရင်က ရှီဖုန်အဖွဲ့ဆီမှ ခပ်ဝေးဝေးသို့ ရွေ့သွားပြီးနောက် သူတို့အဖွဲ့က သက်ပြင်းချလိုက်တော့သည်။ ခဏအကြာတွင်မူ သူတို့ရင်ထဲ တင်းကြပ်မှုတို့ပေါ်ပေါက်လာပြန်၏။
ဆိုင်လူတီဘန်က မြန်ဆန်လွန်းသည်။ ရှီဖုန်းလေလျှောက်လှမ်းခြင်းကို အသက်သွင်းပြီးသည့်တိုင် ယိုယွင်းခြင်းဘုရင်၏အရှိန်နှင့် မယှဥ်နိုင်ပေ။ ခမ်းနားသောအရှင်ကို သူ့နားကပ်ခွင့်ပေးလိုက်လျှင် သူသည် နောက်ထပ်တိုက်ကွက်ကိုရှောင်ရန်အတွက် တိတ်ဆိတ်ခြင်းခြေလှမ်းကဲ့သို့စကေးတစ်ခု မရှိတော့ပေ။
ရှီဖုန်းသည် ကိုက်နှစ်ဆယ်အကွာကို ဖြတ်ကျော်ပြီးနောက် ဆိုက်လူတီဘန် သူ့ကို လိုက်မိသွားခဲ့ပြီ ဖြစ်သည်။ ဆိုင်လူတီဘန်၏လက်သည်းများက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ရှီဖုန်းဆီသို့ လွှဲယမ်းတိုက်ခိုက်လိုက်သည်မှာ လေထဲကို အသံဗုံးတစ်ခု ပေါ်ထွက်လာစေသည်။
တန်ပြန်လှုပ်ရှားခြင်း
ဖန် …
ကျည်ဆန်တစ်ခုကဲ့သို့ပင် ရှီဖုန်းက ကိုက်သုံးဆယ်အကွာထိ ပစ်ထုတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က မြေကြီးနှင့်ရိုက်မိသွားသည်။ သက်ရောက်အားက ရှီဖုန်းခန္ဓာကိုယ်တစ်ဝိုက် အက်ရာများတောင် ဖြစ်သွားစေ၏။
” ထက်တဲ့အတိုင်း ရှေးဟောင်းမျိုးစိတ်ပဲ၊ သူ့ရဲ့ သန္ဓေပြောင်းနဂါးရဲ့ခွန်အားထက် နိမ့်ပေမယ့် သာမန်ခမ်းနားသောအရှင်ထက် သန်မာနေသေးတာပဲ …”
ရှီဖုန်းက မက်တပ်ထရပ်လိုက်ပြီးနောက် သူခန္ဓာကိုယ်ထဲရှိအရိုးများ ကျိုးသလို ခံစားလိုက်ရပြီး လက်ကထုံကျင်နေသည်။ သူသည် တိုက်ကွက်ကို ပိတ်ဆို့ရန် တန်ပြန်လှုပ်ရှားမှုကို အသုံးမပြုခဲ့လျှင် ယခုအချိန်၌ သေနေလောက်ပြီ ဖြစ်သည်။
ရှီဖုန်း၏ HP ကျန်ရှိနေသေးတာကိုမြင်သောအခါ ဆိုင်လူတီဘန်က ဒေါသထွက်သွား၏။ ရှေ့သို့နှစ်လှမ်းလှမ်းပြီးနောက် ရှီဖုန်းရှေ့သို့ ချက်ချင်းရောက်လာကာ ထိုသေးကွေးသည့် ဓားသမားကို တက်နင်းလိုက်တော့သည်။
တောင်တစ်လုံးအရွယ်အစားခန့်ရှိသော ခြေစလုံးကြီး သူ့ဆီနိမ့်ကျလာတာကိုမြင်သောအခါ ရှီဖုန်းက ထိန်းထားလိုက်တော့သည်။
ကောင်းကင်ဘုံနဂါး၏စွမ်းအား
မိုကြိုးနတ်ဘုရားသက်ဆင်းခြင်း
ထိုစကေးနှစ်ခုက ရှီဖုန်း၏ခွန်အား၊ အရည်အချင်းကို (၁၅၀) ရာခိုင်နှုန်း၊ HP ကို (၅၀၀) ရာခိုင်နှုန်း၊ ခုခံမှုကို (၃၀၀) ရာခိုင်နှုန်း၊ လျင်မြန်ဖျက်လက်မှုကို (၆၀) ရာခိုင်နှုန်း လှုပ်ရှားမှုအရှိန်နှင့် တိုက်ခိုက်မှုအရှိန်ကို (၁၅၀) ရာခိုင်နှုန်း ချက်ချင်းတိုးမြင့်ပေးပြီး ထိခိုက်မှုကို (၅၀) ရာခိုင်နှုန်း တိုးပေး၏။ သူသည်လည်း ထိခိုက်မှုလျော့ချခြင်း (၅၀) ရာခိုင်နှုန်း လက်ခံရရှိမှာဖြစ်သည်။
ရှီဖုန်း၏ HP က (၁၂၂၀၀၈) ထိတက်သွားသည်။ သူ၏ ခုခံမှုအတွက်မူ ကိုလာတောင် သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။
ထိုသို့အဆင့်မြှင့်တင်မှုများရရှိပြီးနောက် ရှီဖုန်းသည် ယိုယွင်းခြင်းဘုရင်ခြေထောက်ဆီသို့ သတ်ဖြတ်ခြင်းရောင်ခြည်ကို လွှဲယမ်းလိုက်တော့သည်။
ဖန် …
အပြာရောင်အလင်းတန်းသုံးခုက တစ်နေရာထဲတွင် စုဝေးလာပြီးနောက် လေဟာနယ်ကို ဆုတ်ပြဲသွားတော့သည်။ ထိုဆုတ်ပြဲသွားသည့်လေဟာနယ်က ဆိုင်လူတီဘန်၏ ခြေထောက်ဆီသို့ ဦးတည်သွား၏။
ဖုန် …
ထိတ်လန့်ဖွယ်လှိုင်းများက အနီးပတ်ဝန်းကျင်ရှိ ယိုယွင်းခြင်းသားရဲဘုရင်များကို နောက်ဆုတ်သွားစေ၏။ ရုတ်တရက်တွင် ယိုယွင်းခြင်းဘုရင်၏ ကိုက်နှစ်ဆယ်အတွင်း မည်သည့်မွန်းစတားမှ မရှိတော့ပေ။
” သူက NPC လား …”
ဖုန်မှုန့်များလွင့်ပြယ်သွားသည့်အချိန်တွင် ထိတ်လန့်ဖွယ်လှိုင်း၏ ဗဟိုချက်ကို မည်သည့်အချိန်တွင် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ မည်သူမှ သူတို့မျက်လုံးသူတို့ မယုံနိုင်ဖြစ်နေကြသည်။
ရှီဖုန်းသည် ယိုယွင်းခြင်းဘုရင်၏ အစွမ်းထက်သောတိုက်ကွက်ကို အမှန်တကယ် ပိတ်ဆို့ခဲ့၏။ ထို့အပြင် သူက ဆိုင်လူတီဘန်ကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
ရှီဖုန်းက ဒူးအထိ နစ်ဝင်သွားသော်ငြား သူသည် ထိုတိုက်ကွက်မှ (-၇၀၀၀) ဝန်းကျင်သာ ထိခိုက်မှုရရှိခဲ့၏။ ရှီဖုန်း၏ HP တစ်သိန်းနှစ်သောင်းကျော်အတွက် ထိုထိခိုက်မှုက ဘာမှမဟုတ်ပေ။
” အဆင့်မြင့်ထားတဲ့ ကောင်းကင်ဘုံနဂါး၏ဝင်သက်ငွေ့က အံ့သြစရာပဲ၊ ငါက အခုအချိန်မှာ နှစ်ဆရှေးစစ်သည်တော်ကိုတောင် အသက်သွင်းဖို့မလိုဘူး …”
ရှီဖုန်းက သူ၏ ကြွက်သားများကိုဆန့်လိုက်ရာ အရိုးအဆစ်များ တကြွပ်ကြွပ် မြည်လာတော့သည်။ သူသည် အတော်လေးတောင့်တင်းနေသည်ဟာ ခံစားမိသော်ငြား တိုက်ပွဲဝင်စွမ်းအားကိုမထိခိုက်။
သန္ဓေပြောင်းနဂါးနှင့် ရင်ဆိုင်ခဲ့စဥ်က ဝိညာဥ်အားနည်းသည့်အခြေအနေကို ခံစားခဲ့ရပြီးနောက် အရည်အချင်းများတစ်ဝက်နီးပါး လျော့ချခံခဲ့ရသည်။ သူသည် သန္ဓေပြောင်းနဂါးကို ကျော်လွှားနိုင်ရန်အတွက် နဂါး၏အုပ်စိုးမှုကိုသာ မှီခိုခဲ့ရသည်။ ယခုမူ သူ့ဝိညာဥ်ပြန်ကောင်းလာပြီဖြစ်ရာ သူ့ခွန်အားက ကောင်းကင်ဘုံနဂါး၏စွမ်းအားကို အသက်သွင်းပြီးသည့်တိုင် ယိုယွင်းခြင်းဘုရင်ကို မယှဥ်နိုင်သေးသော်ငြား ကွာဟချက်သည် ယခင်ကကဲ့သို့ မကြီးမားတော့ချေ။ ထို့အပြင် အလွန်မြင့်မားသည့် စကေးပြီးမြောက်သည့်နှုန်းဖြင့် သူသည် ခမ်းနားသောအရှင်၏ သာမန်တိုက်ကွက်များကို ခုခံဖို့က ပြဿနာတစ်ရပ်မဟုတ်တော့ပေ။
သို့သော် သူ၏ မြင့်မြတ်သောဓား သတ်ဖြတ်ခြင်းရောင်ခြည်က ဆိုင်လူတီဘန်ကို ရင်ဆိုင်နိုင်ရသည့် အဓိကအကြောင်းပြချက် ဖြစ်ပေသည်။ သတ်ဖြတ်ခြင်းရောင်ခြည်က အမှောင်သတ္တဝါများနှင့် ဆန့်ကျင်ရာတွင် သူ၏ ထိခိုက်မှုကို (၁၀၀) ရာခိုင်နှုန်း တိုးမြင့်ပေး၏။
သို့သော် ရှီဖုန်းက သူ၏ခြေထောက်ကို မြေကြီးထဲမှဆွဲထုတ်လိုက်ပြီးနောက် ဒေါသထွက်နေသည့်ယိုယွင်းခြင်းဘုရင်က လက်သည်းကိုသူ့ဆီ လွှဲယမ်းလိုက်ပြန်သည်။ ယင်ကောင်ကို ရိုက်ထုတ်ရန်ကြိုးစားနေသည်ဟု ထင်မှတ်ရ၏။
” အခုအချိန်ပဲ၊ မင်းဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ …”
ရှီဖုန်းသည် တိုက်ကွက်ကိုမရှောင်လိုက်ပေ။ ထိုအစား သူသည် အကြွင်းမဲ့သတ်ဖြတ်သည့်စကေး မီးတောက်ပေါက်ကွဲခြင်းကို အသုံးပြုလိုက်သည်။ သေးငယ်သည့်လေတစ်စင်းက ဆိုင်လူတီဘန်၏ လက်သည်းထဲဆီ ဝင်ရောက်သွားတော့၏။