ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 932 အလွှာတစ်ကစားသမားများ၏ အားသာချက်
အဖွဲ့သည် စစ်ဆေးမှုကိုကျော်ဖြတ်နိုင်ခဲ့လျှင် တိုက်တန်စာကြည့်တိုက်ကို ဝင်ခွင့်ရမည့်အကြောင်း ကြားသည့်အချိန်၌ သူတို့မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်ပေါ်လာ၏။ အဖွဲ့၏မှော်အမျိုးအစားများက စိတ်အားထက်သန်နေပြီး သူတို့၏မျက်ဝန်းများကတောက်ပနေကာ မြန်နိုင်သမျှမြန်မြန် စာကြည့်တိုက်ထဲဝင်ချင်စိတ် ပေါ်လာတော့၏။
“အားလုံးပဲ အနားယူကြအုံး၊ စစ်ဆေးမှုကိုစိန်မခေါ်ခင်မှာ မင်းတို့ရဲ့ အကောင်းဆုံးအခြေအနေမှာ ရှိနေဖို့လိုတယ် …”
ရှီဖုန်းက အဖွဲ့ကိုညွှန်ကြားလိုက်၏။
လူတိုင်းသည် စစ်ဆေးမှုကိုကျော်ဖြတ်ခွင့်ရရန် အခွင့်အရေးတစ်ခုသာရှိ၏။ သူတို့ကျရှုံးခဲ့လျှင် စာကြည့်တိုက်ထဲဝင်ခွင့်ရမှာ မဟုတ်ပေ။ စမ်းသပ်မှုကို ထပ်မံကျော်ဖြတ်သည့်အချိန်၌ စစ်ဆေးမှုကိုဖြေဆိုရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရှာရမှာပဲဖြစ်သည်။ သို့သော် တိုက်တန်စာကြည့်တိုက်ကို နောက်တစ်ကြိမ် ထပ်ရောက်ဖို့က ခက်ခဲသွားပေလိမ့်မည်။
ရှီဖုန်းက တိုက်တန်မြို့ဆီသို့ အားလုံးကိုဦးဆောင်ခေါ်သွားနိုင်ရန် ယုံကြည်ချက်ရှိနေသော်ငြား တိုက်တန်စာကြည့်တိုက်အတွက်မူ တူညီစွာမပြောနိုင်ပေ။
အတိတ်တုန်းက တစ်ကိုယ်တော်ကစားသမားများစွာသည် သူတို့လက်ထဲတွင် ကျော်ဖြတ်ခွင့် ရလာသည့်အချိန်၌ စာကြည့်တိုက်၏ စစ်ဆေးမှုကို ဖြေဆိုရန်ရွေးချယ်ခဲ့ကြသည်။ သို့သော် တိုက်တန်စာကြည့်တိုက်သို့ ရောက်ရန်က တိုက်တန်၏ တိုက်ရိုက်လမ်းကြောင်းကို ရောက်ရန်ထက် ပိုခက်ခဲပေသည်။ အနည်းစုသောကစားသမားများသာလျှင် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ကြတာ ဖြစ်၏။ ထိုသို့တိုင် လူတိုင်း စမ်းချင်ကြသည်။
အကြောင်းမှာ ကစားသမားများစွာသည် တိုက်တန်စာကြည့်တိုက်ထဲတွင် အင်မတန် ရှားပါးသောစကေးများ သင်ယူနိုင်သောကြောင့် ဖြစ်၏။ ထိုရှားပါးသောစကေးများသည် ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို သိသိသာသာတိုးတက်စေနိုင်သည်။ ဥပမာအနေဖြင့် ရှီဖုန်း၏ မီးတောက်ပေါက်ကွဲစေခြင်းက ရှားပါးသောစကေးတစ်ခု ဖြစ်သည်။ ထို့အပြင် ထိုစကေးက အဆင့်မြင့်တင်ရန်အတွက် ကျွမ်းကျင်မှုမလိုအပ်ပဲ EXP သာလိုအပ်သည်။ ထို့ကြောင့် ကစားသမားတစ်ဦးသည် သေရေးရှင်ရေးအခြေအနေ၌ ပြောင်းပြန်လှန်နိုင်ရန် ထိုစကေးများကို အဆင့်မြင့်တင်ရန် EXP များစွာသုံးလိုက်နိုင်သည်။
“စစ်ဆေးမှုက ရိုးရှင်းတယ်၊ ဘာလို့လဲဆိုတော့ မင်းတို့အာလုံးက အလွှာတစ်အမျိုးအစားတွေဖြစ်တာကြောင့် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အဆင့်တူမျိုးနွယ်စုအကြီးအကဲကို သတ်ဖို့လိုတယ်၊ မင်းတို့ရဲ့ပြိုင်ဘက်ကို ပေးထားတဲ့အချိန်အတွင်း အနိုင်မယူခဲ့ဘူးဆိုရင် မင်းတို့စစ်ဆေးမှု ကျရှုံးမယ် …”
တိုက်တန် NPC တစ်ဦးက ရှင်းပြပြီးနောက် သူ့လက်ထဲရှိလှံက တုန်ရီသွားတော့သည်။
ရုတ်တရက်တွင် ငါးကိုက်အကျယ်အဝန်းရှိသည့် ရွှေရောင်မှော်အစီအရင်တစ်ခုက မလှမ်းမကမ်း၌ ပေါ်လာတော့၏။
“ဒါက မင်းတို့ရဲ့ ပြိုင်ကွင်းပဲ၊ စစ်ဆေးမှုကို စိန်ခေါ်ဖို့ အဆင်သင့်ဖြၽတဲ့အချိန် အစီအရင်ထဲကိုဝင်လိုက် …”
တိုက်တန် NPC ကပြောပြီးနောက် ရွှေရောင်မှော်အစီအရင်ကို လက်ညိုးထိုးပြလိုက်သည်။ ပြီးနောက် NPC သည် တိတ်ဆိတ်သွားကာ ဂိတ်နား၌ ပြန်စောင့်ကြပ်နေပေသည်။ အဖွဲ့ဝင်များက စစ်ဆေးမှု၏ စည်းမျဥ်းကိုကြားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။
သာမန်ကျွမ်းကျင်သူများသည် အဆင့်တူမျိုးနွယ်စုအကြီးအကဲကို တစ်ကိုယ်တည်း တိုက်ခိုက်နိုင်ခြင်းမရှိပေ။ အချိန်ကန့်သတ်ထားသည့်အတောအတွင်းဆိုလျှင် ပိုဆိုးချေသေး၏။ စနစ်သည် စစ်ဆေးမှု၌ အချိန်ကန့်သတ်ထားခဲ့လျှင် ကစားသမားများ ကြာရှည်တိုက်ခိုက်နိုင်တော့မှာမဟုတ်တာ သိသာနေသည်။
” အဆင်သင့်ဖြစ်တဲ့အချိန် အစီအရင်ထဲကို ဝင်ကြ …”
ရှီဖုန်းက ပြော၏။ သူသည် လူတိုင်း၏ စိတ်ဓာတ်ကျနေသောအမူအရာကို မြင်တွေ့သည့်အချိန်၌ ခေါင်းခါပြီးမရယ်ပဲ မနေနိုင်တော့ချေ။ လက်တွေ့၌ အလွှာတစ်ကစားသမားများသည် ဤနေရာသို့ရောက်သည့်အခါ အကျိုးအမြတ်တစ်ခု ရှိပေ၏။ အလွှာနှစ်ကစားသမားများ စစ်ဆေးမှုကိုဖြေဆိုသည့်အချိန်တွင် သူတို့သည် အဆင့်တူအဆင့်မြင့်အရှင်ကို တစ်ကိုယ်ထဲရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်ပြီး ထိုမွန်းစတားက အဆင့်နှစ်ဆင့် ပိုမြင့်သည်။ အဆင့်မြင့်အရှင်နှင့်ယှဥ်လျှင် မျိုးနွယ်စုအကြီးအကဲက အတော်လေး ချစ်စဖွယ်ကောင်းနေပေ၏။
ထိုသို့ပြောပြီးနောက် ရှီဖုန်းသည် မှော်အစီအရင်ထဲ ဝင်သွားတော့သည်။ ပြီးနောက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့၏။
စစ်ဆေးမှုထဲ ရှီဖုန်းဝင်သွားတာကိုကြည့်နေပြီးနောက် အဖွဲ့၏ကျန်သည့်သူများကလည်း မှော်အစီအရင်ထဲ အသီးသီးဝင်သွားကြသည်။ သူတို့သည် အောင်မြင်ရန် ယုံကြည်ချက်မရှိသည့်တိုင် ကြိုးစားရမည်ဖြစ်သည်။
ကစားသမားများသည် ရွှေရောင်မှော်အစီအရင်ထဲဝင်ရောက်ပြီးနောက် သူတို့သည် သီးခြားလေဟာနယ်တစ်ခုဆီသို့ ပို့ဆောင်ခံလိုက်ရသည်။
ရှီဖုန်းက မျက်လုံးကိုဖွင့်လိုက်သည့်အချိန်၌ ကျယ်ဝန်းသည့်အဆုံးမရှိ မြက်ခင်းပြင်ကို တွေ့လိုက်သည်။ သူနှင့် ကိုက်နှစ်ရာအကွာတွင် ငါးမီတာကျော်ခန့်မြင့်သည့် မီးလျှံကြံ့တစ်ကောင်ကို တွေ့လိုက်ရသည်။
[ကြေးသွေးကြံ့] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၄၃)
စာကြည့်တိုက်၏ စစ်ဆေးသောမွန်းစတားက သာမန်မျိုးနွယ်စုအကြီးအကဲထက် HP နည်းပေသည်။ ဤစစ်ဆေးမှု၏အချက်က ကစားသမားများသည် ထိုမွန်းစတားများကို ထိပ်တိုက်ရင်ဆိုင်နိုင်မလားဆိုတာကိုသာ ကြည်တာပဲဖြစ်၏။ ရှီဖုန်းသည် ကြံ့နားချဥ်းကပ်ရန် ပြင်ဆင်နေစဥ် စနစ်အသိပေးသံကို ကြားလိုက်ရ၏။
စနစ် : သင်သည်တိုက်ပွဲကို အပြီးသတ်ရန်အတွက် ဆယ်မိနစ်အချိန်ရှိပါသည်။ သတ်မှတ်ထားသောအချိန်အတွင်း တိုက်ပွဲကိုအပြီးမသတ်နို၈်ခဲ့လျှင် ချက်ချင်းပင် အလိုအလျောက်ပြင်ပသို့ ပို့ဆောင်ခံရမှာ ဖြစ်သည်။
“စနစ်က ကစားသမားတွေကို ဆယ်မိနစ်အချိန်ပေးတာလား၊ အလွှာတစ်ကစားသမားတွေကို မျက်နှာသာပေးနေတာ သေချာတယ် …”
ရှီဖုန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အလွှာနှစ်ကစားသမားများသည် စစ်ဆေးမှုကိုစိန်ခေါ်သည့်အချိန်၌ သူတို့သည် မိနစ်နှစ်ဆယ်သာ ရရှိမည်ဖြစ်သည်။ သို့သော် သူတို့၏မွန်းစတားက အဆင့်မြင့်အရှင်ဖြစ်၏။ အချိန်ဖြုန်းမနေပဲ ရှီဖုန်းက ကြေးသွေးကြံ့ဆီသို့ လျှောက်သွားလိုက်သည်။
ရှီဖုန်းသည် ကြေးသွေးကြံ့နှင့် ကိုက်ခုနှစ်ဆယ်အကွာသို့ ရောက်သည့်အချိန်၌ မျိုးနွယ်စုအကြီးအကဲသည် သူ၏တည်ရှိမှုကို သတိပြုမိသွားပြီ ဖြစ်သည်။ ချက်ချင်းပင် ၎င်းက နှာခေါင်းမှ ပူးလောင်သောမီးလျှံများထုတ်လွင့်ကာ ဒေါသတကြီးခြေစောက်လိုက်၏။ ပြီးနောက် ရှီဖုန်းသည် ဝင်ရောက်တိုက်ခိုက်တော့သည်။ ၎င်းလှုပ်ရှားသည့်အချိန်၌ အရှိန်ပြင်းပြင်းဖြင့် ကုန်တင်ကားကြီးတစ်စီး တိုးဝင်လာသလိုထင်မှတ်ရသည်။
ယင်းကိုမြင်သောအခါ ရှီဖုန်းက မီးတောက်ပေါက်ကွဲခြင်းကို အသက်သွင်းလိုက်၏။ ပေါ့ပါးသောခြေလှမ်းများဖြင့် သူသည် ကြေးသွေးကြံ့၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ပြီး မျိုးနွယ်စုအကြီးအကဲ၏နောက်ကျောကို ပိုင်းဖြတ်လိုက်သည်။
ဖန် …
တိုက်ကွက်က ကြံ့ကိုဆယ့်နှစ်ကိုက်အကွာအထိ လွင့်ထွက်သွားစေ၏။ မြေပြင်နှင့် ရိုက်မိသွားသည့်အချိန်၌ ယင်းက နာကျင်စွာအော်လိုက်တော့သည်။ ၎င်း၏ ဦးခေါင်းထက်တွင် (-၂၈၁၆၇) ထိခိုက်မှုပေါ်လာတော့၏။ ပြီးနောက် ရှီဖုန်းသည် တိတ်ဆိတ်ခြင်းခြေလှမ်းကိုအသက်သွင်းပြီးနောက် ကြေးသွေးကြံ့နောက်၌ ပေါ်လာတော့သည်။ သူ၏ဓားဖြင့် မျိုးနွယ်စုအကြီးအကဲကို တိုက်ခိုက်ရာ ပိုင်းဖြတ်မှုတိုင်းက နက်ရှိုင်းသည့် ရှရာများချန်ထားရစ်ခဲ့သည်။
ရုတ်တရက်တွင် ရှီဖုန်း၏တိုက်ခိုက်မှုက သတ်ဖြတ်ခြင်းရောင်ခြည်၏ လျှပ်စီးအာနိသင်ကို ထုတ်ဖော်လိုက်သည်။ မီးတောက်ပေါက်ကွဲခြင်းအာနိသင်နှင့် ပေါင်းစည်းသွားသည့် အချိန်တွင် ထိခိုက်မှုက (-၆၇၈၄၆) ဖြစ်သွားစေတော့သည်။
ရှီဖုန်းသည် မီးတောက်ပေါက်ကွဲခြင်း၏ ထိခိုက်မှုအားလုံးကို အသုံးမပြုရသေးခင် ကြေးသွေးကြံ့က မီးလျှံများဖြင့် လောင်ကျွမ်းသွားပြီးနောက် မြက်ခင်းပြင်ထဲမှ ပျောက်ကွယ်သွားကာ အနက်ရောင်သံမဏိတံဆိပ်ပြားသာ ချန်ထားရစ်သည်။ ထိုတံဆိပ်ပြားက သူတိုက်တန်စာကြည့်တိုက်ကို ဝင်ခွင့်ရရန်အတွက် လိုအပ်သည့် သက်သေဖြစ်သည်။
စနစ် : ဂုဏ်ယူပါသည်။ သင်သည် ကြေးသွေးကြံ့ကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ကျန်ရှိသည့်အချိန် ကိုးမိနစ်ငါးဆယ်နှစ်စက္ကန့်။
စနစ် : သင်သည် ငါးစက္ကန့်အတွင်း ပြန်ရောက်ပါမည်။ ကျေးဇူးပြု၍ ပြင်ဆင်ထားပါ။
ရှီဖုန်းသည် တံဆိပ်ကို ကောက်ယူပြီးနောက် ဤမြေပုံမှ ထွက်ခွာရန်အတွက် သူ၏ပို့ဆောင်မှုကို တိတ်တဆိတ်စောင့်စားနေသည်။
သူ့အဖို့ စာကြည့်တိုက်၏ စစ်ဆေးမှုသည် အနည်းဆုံးတော့ စိန်ခေါ်မှုတစ်ရပ်မဟုတ်ပေ။ ခွန်အားအရာတွင် အဆင့်တူမျိုးနွယ်စုအကြီးအကဲထက် သာနေတာအတော်ကြာခဲ့ပြီ ဖြစ်သည်။ အထူးနည်းစနစ်များ မရှိလျှင်တောင် သူသည် အဆင့်တူ သာမန်မျိုးနွယ်စုအကြီးအကဲကို သတ်ဖြတ်နိုင်၏။ HP လျော့နေတဲ့သူဆိုလျှင် ပြောနေရန်တောင် မလိုချေ။
တိုက်တန်စာကြည့်တိုက်ရှေ့၌ အဖွဲ့ဝင်များစွာက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသေးဆဲ ဖြစ်သည်။ ပုံရိပ်တစ်ခု ရွှေရောင်မှော်အစီအရင်ထဲ၌ ရုတ်တရက်ပေါ်ပေါက်လာသည့်အချိန်၌ သူတို့ လှည့်ကြည့်လာကြသည်။
” ဘာ၊ တစ်ယောက်ယောက်က ပြီးသွားပြီတဲ့လား၊ စက္ကန့်ပိုင်းအတွင်းလေ …”
” မွန်းစတားက သူ့ကို သတ်လိုက်တာများလား …”
စစ်ဆေးမှုကို မဖြေဆိုခဲ့သည့်သူများက ပိုတောင်စိတ်လှုပ်ရှားနေပေသည်။
သို့သော် ရှီဖုန်းထွက်ပေါ်လာတာကိုမြင်သည့်အချိန်၌ သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်၏။
” သူ မမြန်လွန်းဘူးလား …”
ရှီဖုန်း စစ်ဆေးမှုကိုကျော်ဖြတ်နိုင်မည်ဆိုတာ မည်သူမှ သံသယမရှိပေ။ သူ မကျော်ဖြတ်နိုင်လျှင် မည်သူမှ ကျော်ဖြတ်နိုင်တော့မှာမဟုတ်။ သို့သော် သူရှင်းလင်းသည့်အရှိန်က မယုံနိုင်စရာကောင်းလှအောင်မြန်ဆန်လွန်းသည်။
အစီအရင်ထဲဝင်သွားတာ စက္ကန့်နှစ်ဆယ်တောင်မကြာပေ။
” ငါတို့ပြောနေတာ မျိုးနွယ်စုအကြီးအကဲအကြောင်းနော်၊ အဖွဲ့လိုက်မြေအောက်စခန်းရဲ့ ဘော့စ်လေ၊ ကြုံရာကျပန်းတွေနေရတဲ့ သာမန်မွန်းစတားမဟုတ်ဘူးနော် …”
” မင်းတို့တွေက စစ်ဆေးမှုကို ဘာကြောင့်မဖြေတာလဲ …”
ရှီဖုန်းက ဂိတ်ရှေ့ရှိအဖွဲ့ကို ဖျက်ခနဲကြည့်လိုက်သည်။ စစ်ဆေးမှုကိုမဖြေဆိုသည် ကစားသမား နှစ်ဒါဇင်ကျော်ရှိပေ၏။ သူတို့အားလုံးက ယို့လန်၏ လက်အောက်ငယ်သားများ ဖြစ်သည်။ ပြီးနောက် သူက သူတို့ကို အကြံပေးလိုက်သည်။
” စိတ်အေးအေးထား၊ ဒီစစ်ဆေးမှုက မင်းတို့ထင်သလို မခက်ခဲဘူး၊ မွန်းစတားက မျိုးနွယ်စုအကြီးအကဲဆိုပေမဲ့ သူ့ရဲ့ HP ကလျော့ချခံထားရတာ …”
ယို့လန်၏ လက်အောက်ငယ်သားများက ဆွံ့အကုန်၏။
HP လျော့ချခံထားရမှုဖြင့်တောင် မျိုးနွယ်စုအကြီးအကဲက မျိုးနွယ်စုအကြီးအကဲတစ်ဦး ဖြစ်နေသေးသည်။ ထိုသို့တိုင် ရှီဖုန်းက သတ်ဖြတ်ရန်အင်မတန်လွယ်ကူသည့် ပိုးမွှားတစ်ကောင်သဖွယ် ပြောဆိုနေပေ၏။
ရှီဖုန်း ပြန်ရောက်ပြီးမကြာမီ၌ မီးလျှံကကြိုးက မှော်အစီအရင်ထဲမှ ထွက်လာတော့သည်။ ပြီးနောက် ကစားသမားတစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။
” ငါ့ထက်ကျောတဲ့သူတွေ ဘာကြောင့် ဒီလောက်များနေရတာလဲ …”
သွေးစုပ်သူပြန်ရောက်လာသည့်အချိန်၌ သံမဏိဂိတ်ရှေ့၌ ရပ်နေသော လူတစ်စုကို တွေ့လိုက်ရသည်။ ခရမ်းတိမ်တောင် သူတို့ထဲတွင် ရှိနေပေ၏။ သူက ဇဝေဇဝါဖြစ်သွားသည်။
ရှီဖုန်းကဲ့သို့ ဒန်းမေ့စ်ဖော်ဆောင်သူ မွန်းစတားကို သူလက်ခံနိုင်သေးသည်။ မီးလျှံကကြိုးနှင့် အဖြူရောင်ညက သူ့ထက်စစ်ဆေးမှုကျော်ဖြတ်တာ မြန်ဆန်ပေ၏။ သို့သော် ခရမ်းတိမ်က ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူမက ကုသသူမျှသာ ဖြစ်သည်။