ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 971 မြစ်ဖြူမြို့၏ ပြောင်းလဲမှု
ကြယ်လမြို့ အုရိုဘိုရို၏ အစည်းအရုံးဂေဟာထဲတွင် အစည်းအဝေးခန်းထဲ၌ ဆူညံနေပြီး အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင် ရှေးစစ်သည်တော် ကြမ်းတမ်းခြင်းမြွေက ဂျမ်းတဲလ်စနိုးဘက် အမြန်သွားပြီး တိတ်တဆိတ်ပြောလိုက်၏။
“အစည်းအရုံးခေါင်းဆောင် သတင်းကောင်းပဲ၊ ကျွန်တော်တို့တွေ ကုန်ကြမ်းတွေ မြန်မြန်ဆန်ဆန်မရောင်းထွက်မှာကိုစိုးရိမ်ပူပန်စရာ မလိုတော့ဘူး၊ မကြာခင်ကပဲ ကျွန်တော်တို့ရဲ့ ရှားပါးတဲ့ဆေးပင်တွေနဲ့ သတ္တုရိုင်းတွေ တစ်စုံတစ်ယောက်ဝယ်ချင်နေတာကို သိထားတယ်၊ ဒါ့အပြင် စွမ်းအင်ကျောက်ရိုင်းတွေကိုလည်း အမျိုးမျိုးသောအဓိကမြို့ကြီးတွေမှာ ရောင်းချတာအတော်လေး အဆင်ပြေတယ်၊ လိုအပ်တဲ့ငွေကြေးကို အချိန်မရွေ့စုဆောင်းနိုင်တော့မှာ”
” ကောင်းပြီ”
ယခုအချိန်ထိတင်းမားနေသော ဂျမ်းတဲလ်စနိုး၏ အမူအရာက ပြေလျော့သွားတော့သည်။
” သိုလှောင်ရုံထဲက ကုန်ကြမ်းတွေအားလုံးကို ချက်ချင်းစီစဥ်လိုက်”
အုရိုဘိုရိုတွင်ရှိသည့် ကုန်ကြမ်းများအားလုံးကို ဈေးကွက်တန်ဖို့ (၈၀) ရာခိုင်နှုန်း ရောင်းချခြင်းဖြစ်ရာ အချိန်တိုအတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ် တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဆိုရလျှင် ဈေးကွက်ထဲ ရောင်းချနိုင်မည့်ပမာဏက အကန့်အသတ်ရှိပေ၏။ သူတို့သည် အချိန်မီငွေကြေးများကို မစုဆောင်းနိုင်ခဲ့လျှင် သူမပြောဆိုခဲ့သည့်အရာများက အရာမရောက်ဖြစ်ပေလိမ့်မည်။ ယခု တစ်စုံတစ်ယောက်က သူတို့တွင်ရှိသည့် ပစ္စည်းများကို ဂိမ်းငွေကြေးများသုံးပြီး ဝယ်ယူချင်သောကြောင့် သူတို့က သူမကို ကူညီရောက်ပေသည်။
ဂျမ်းတဲလ်စနိုးသည် ကြမ်းတမ်းခြင်းမြွေကို ညွှန်ကြားပြီးသည့်အချိန်တွင် အစည်းအရုံး ကိုယ်စားလှယ်များက လိုင်းပြန်တက်လာကြသည်။
” ရှင်တို့တွေ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ”
ဂျမ်းတဲလ်စနိုးသည် အကြီးအကဲများကိုမြင်သည့်အချိန်၌ တစ်မျိုးဖြစ်သွားသည်။ အရေးကြီးသော ဆုံးဖြတ်ချက်ကို အလွယ်တကူချမှတ်နိုင်မှာ မဟုတ်ပေ။ အနည်းဆုံးတော့ ထိုကုမ္ပဏီများသည် ဆုံးဖြတ်ချက်တစ်ခုမချမှတ်ခင် သူတို့၏ ဒါရိုက်တာများနှင့် အရေးပေါ်အစည်းအဝေး ကျင်းပသင့်၏။ ထိုသို့တိုင် အကြီးအကဲများသည် ဆယ်မိနစ်မပြည့်မီ၌ ပြန်ရောက်လာကြသည်။
” အဆုံးမှာ ရေနက်ကို အညံ့ခံဖို့ပဲ ရှင်တို့ ဆုံးဖြတ်လိုက်တာလား”
ဂျမ်းတဲလ်စနိုး၏ အမူအရာက သုန်မှုန်သွားတော့သည်။
သူမသည် ခက်ခဲမှုများစွာဖြင့် ချောင်ချန်းဟွားကို မောင်းထုတ်ခဲ့ပြီးနောက် အစည်းအရုံးကို ထိန်းချုပ်ခဲ့သည်။ မူလက သူမအစ်ကိုကြီးပိုင်ဆိုင်ခဲ့သည့် အစည်းအရုံးကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ အုရိုဘိုရို၏ ရင်းနှီးမြှုပ်နှံသူများသည် အစည်းအရုံးကို သူမမှန်ကန်သည့်လမ်းကြောင်းပေါ်သို့ စတင် တွန်းတင်ပေးနေသည့်အချိန်၌ သူတို့က စွန့်ပစ်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ သူမမိသားစု၏ ကုမ္ပဏီဖြစ်သောကြောင့် သူမသည် သူတို့အတူပူးပေါင်းချိန်၌ ထိုကုမ္ပဏီများကို ရင်မဆိုင်နိုင်ပေ။
” အစည်းအရုံးခေါင်းဆောင်စနိုး၊ ဒီလောကကြီးက အားသာတဲ့သူတွေက အားနည်းတဲ့သူတွေကို နိုင်စားတဲ့လောကဆိုတာ ကျေးဇူးပြုပြီး နားလည်ထားပေးပါ၊ ကျုပ်တို့ရဲ့ ကုမ္ပဏီတွေက ရေနက်ကော်ပိုရေးရှင်းကို မရင်ဆိုင်နိုင်ဘူး၊ အုရိုဘိုရိုရဲ့ အစည်းအရုံးခေါင်းဆောင်ရာထူးကို ကျေးဇူးပြုပြီး လွဲပေးဖို့ ပြင်ထားလိုက်ပါ၊ အစည်းအရုံးခေါင်းဆောင်အသစ်ကို မင်းထောက်ပံ့ပေးမယ်လို့လည်း ကျုပ်တို့မျှော်လင့်တယ်၊ ပိုင်မျိုးနွယ်အုပ်စုရဲ့ ရှယ်ယာအတွက်ကတော့ သုံးရက်အတွင်းမှာ ကျွန်တော်တို့ ပြန်ဝယ်မှာပါ”
အစည်းအရုံးကိုယ်စားလှယ်အကြီးအကဲများက ပြန်ဖြေပြီးနောက် သူတို့သည် သက်ပြင်းချကာ ဂိမ်းထဲမှထွက်သွားတော့သည်။
သူတို့သည် ကုမ္ပဏီအသီးသီး၏ ကိုယ်စားလှယ်များသာဖြစ်သော်ငြား သူတို့၏ ကုမ္ပဏီသည် ရေနက်ကော်ပိုရေးရှင်းနှင့် သဘောတူစာချုပ်သီးသန့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိလိုက်သည်။ ပိုင်မျိုးနွယ်စုအဖွဲ့နှင့် အထူးကစားရန် ရည်ရွယ်မရှိတော့ချေ။ သူတို့က လူသစ်တစ်ယောက် ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
” ယုတ်မာကောက်ကျစ်လိုက်တာ၊ သူတို့ဒါမျိုး ဘယ်လိုလုပ်နိုင်တာလဲ”
“ငါတို့တွေ ကန်းနေခဲ့တာပဲ၊ အစည်းအရုံးထဲမှာ အဲဒီကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံခဲ့တာကိုတွေးမိရင် ငါတို့တွေ ကန်းနေတာပဲ”
ကာလရှည်ကြာစွာ အုရိုဘိုရိုနှင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ကြသည့် အကြီးအကဲများက ရင်းနှီးမြှုပ်နှံသူများကို စတင်ထိုးနှက်နေခဲ့ပြီ ဖြစ်သည်။ သူတို့အဖို့ အုရိုဘိုရိုက သူတို့၏အိမ်ဖြစ်သည်။ အုရိုဘိုရိုအတွက် နှစ်နှစ်ဆယ်ကျော် အလုပ်လုပ်ပေးခဲ့သည်။ ယခု တစ်စုံတစ်ယောက်က သူတို့အစည်းအရုံးကို လက်လွှဲယူချင်နေရာ သူတို့ အဘယ်ကြောင့် ဒေါသမထွက်ဘဲနေမည်နည်း။
” စနိုး”
ကျောက်ယွဲ့ရှုသည် သူမ၏ မိတ်ဆွေကို မည်ကဲ့သို့နှစ်သိမ့်ရမည်မှန်း မသိတော့ချေ။
ပိုင်မျိုးနွယ်စုက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် အောင်မြင်အောင်လုပ်နိုင်ခဲ့သည်။ အုရိုဘိုရိုကိုတည်ထောင်ခဲ့ပြီး အစည်းအရုံးကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကာ တတိယတန်းအစည်းအရုံးမှ ပထမတန်းအစည်းအရုံးဖြစ်အောင် ဆယ့်နှစ်နှစ်ကာလအတွင်း အချိန်ယူခဲ့ရသည်။ အုရိုဘိုရိုသည် ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ဆယ့်နှစ်နှစ်ကြာ မင်းမှူစိုးမိုးနိုင်ခဲ့၏။ ထိုသို့တိုင် ဂျမ်းတဲလ်စနိုး၏လက်ထဲတွင် တစ်စစီဖြစ်ခဲ့ရချေပြီ။ ကျောက်ယွဲ့ရှုက ဘာပြောရမယ်မှန်း မသိတော့ချေ။
” ငါအဆင်ပြေတယ်”
ဂျမ်းတဲလ်စနိုးက လက်ကာပြလိုက်၏။ သို့သော် သူမက အလွန်ဖြူရော်နေပေသည်။ မိနစ်အနည်းငယ်တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။
“အဲဒီကုမ္ပဏီတွေနဲ့ ရေနက်ကော်ပိုရေးရှင်းက ငါ့ကို လျော့တွက်နေတာပဲ၊ အုရိုဘိုရိုက အဖက်ဆယ်လို့မရတော့ဘူးဆိုတော့ ပိုင်မျိုးနွယ်လုပ်ငန်းစုက အုရိုဘိုရိုအသစ် စတင်တာပေါ့”
ကုမ္ပဏီများစွာ ရင်းနှီးမြှုပ်နှံခြင်းက အုရိုဘိုရို၏ စီမံခန့်ခွဲမှုကို လုံခြုံစေသော်ငြား အစည်းအရုံး၏ဈေးဆိုင်များ ဂိမ်းကျွမ်းကျင်သူများက အစည်းအရုံး၏ အဓိကသော့ချက်ဖြစ်ပေသည်။
ချောင်ချန်းဟွား၏ ပုန်ကန်မှုကြောင့် ပိုင်မျိုးနွယ်လုပ်ငန်းစုသည် အုရိုဘိုရို၏ နတ်ဘုရားသတ်ဖြတ်ခြင်းတပ်ဖွဲ့ကို ထိန်းချုပ်ဖြစ်ခဲ့သည်။ ယင်းက အစည်းအရုံးအပိုင် မဟုတ်ပေ။ ချောင်ချန်းဟွားကို ရင်ဆိုင်ရာတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျမ်းတဲလ်စနိုးက ကြယ်လမြို့ထဲတွင် မြေနေရာတစ်ဒါဇင်ကျော် ဝယ်ယူထားခဲ့ပြီး သူမ၏ အမည်အောက်တွင် လူဦးရေများပြားသည့် ကျန်သည့်မြို့များ ရှိသေးသည်။ သို့သော် ထိုကြိုတင်တွက်ချက်ထားမှုများက ယခုအချိန်တွင် အသုံးဝင်လာလိမ့်မည်ဟု သူမ မထင်ထားမိချေ။
” ကြမ်းတမ်းခြင်း၊ ကုန်ပစ္စည်းတွေ ထပ်ပို့စရာမလိုတော့ဘူး၊ ဝယ်သူနဲ့ ကိုယ်တိုင်တွေ့လိုက်မယ်”
ဂျမ်းတဲလ်စနိုးက ပြော၏။
ရေနက်ကော်ပိုရေးရှင်းက ယခု အုရိုဘိုရိုကို ပိုင်ဆိုင်သွားပြီဖြစ်သော်ငြား သူမက အစည်းအရုံးခေါင်းဆောင် ဖြစ်နေသေးသည်။ အစည်းအရုံးရှယ်ယာ၏ သိသာထင်ရှားသောပမာဏကိုလည်း သူမ ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူမသည် အရင်းအမြစ်များကို ကူးပြောင်းပေးနိုင်သည့် အာဏာရှိသေးသည်။
အုရိုဘိုရိုထဲမှ သူမ ထွက်ခွာတော့မည်ဖြစ်သောကြောင့် သူမနှင့်အတူ ပစ္စည်းအချို့ယူသွားရန် လိုအပ်သည်။
ပိုင်မျိုးနွယ်လုပ်ငန်းစု၏ စီမံခန့်ခွဲမှုအောက်ရှိ အရင်းအမြစ်များကို ရေနက်အား လက်လွဲယူခွင့် မပေးနိုင်ပေ။ သူမသည် အစည်းအရုံး၏ ရင်းမြစ်များကို တစ်ပုံကြီးမလွဲပေးနိုင်သော်ငြား ဂိမ်းငွေကြေးများက ပြောင်းရွေ့ရလွယ်ကူပေ၏။ ထို့အပြင် တည်ထောင်ခါစအစည်းအရုံးများသည် အချို့တဲ့ဆုံးက ငွေကြေးဖြစ်သည်။ ကုန်ကြမ်းများကိုရောင်းချခြင်းမှ ရရှိလာသောငွေကြေးဖြင့် အစည်းအရုံးအသစ်အတွက် ခိုင်မာသည့်အုတ်မြစ်တစ်ခု အလွယ်တကူတည်ဆောက်နိုင်မှာပဲ ဖြစ်သည်။
ပြီးနောက် ဂျမ်းတဲလ်စနိုးသည် အစည်းအရုံးအခန်းထဲမှ ထွက်သွားတော့သည်။ တစ်ချိန်ထဲတွင် ကျောက်ယွဲ့ရှူက နတ်ဘုရားသတ်ဖြတ်ခြင်းတပ်ဖွဲ့ကို စတင်လှုပ်ရှားခိုင်းပြီး ကျန်သည့်အစည်းအရုံးအဖွဲ့ဝင်များကိုလည်း လှုပ်ရှားခိုင်းတော့သည်။ အချိန်ကျလာသည်နှင့် သူမနှင့်အတူ လူများစွာ ခေါ်သွာမည်ဖြစ်သည်။ သူတို့သည် အုရိုဘိုရိုထဲမှ ထွက်လာချိန် နတ္ထိဖြစ်မနေသော်ငြား အနည်းဆုံးတော့ရေနက်က အစည်းအရုံး၏ စီမံခန့်ခွဲမှုကို လက်လွဲယူသည့်အချိန်တွင်မူ အနည်းနှင့်အများ ထိခိုက်စေမှာ ဖြစ်သည်။
မြစ်ဖြူမြို့၏ ဘဏ်ရှေ့တွင်
” အစည်းအရုံးခေါင်းဆောင် ဝယ်သူက ဘဏ်ထဲမှာပါ”
ဘဏ်ရှေ့တွင် အိုင်တမ်ရောင်းချနေသည့်လူရွယ်က ဂျမ်းတဲလ်စနိုးရောက်လာတာကိုမြင်သည့်အချိန်၌ ကမန်းကတမ်း နှုတ်ဆက်တော့သည်။
ဘဏ်သို့သွားသည့်လမ်းထဲတွင် ဂျမ်းတဲလ်စနိုးက မြစ်ဖြူမြို့၏ ပတ်ဝန်းကျင်အခြေအနေကြောင့် အတော်လေးအံ့သြနေ၏။ ကြယ်လမြို့သည် တိုင်းပြည်၏ မြို့တော်ဖြစ်သော်ငြား မြစ်ဖြူမြို့ထဲရှိ အငွေ့အသတ်ကမူ မြို့တော်ဖြစ်သင့်သလို ခံစားနေရသည်။ သူမက မြို့ထဲသို့ဖြတ်သန်းလာစဥ် အမျိုးမျိုးသော ပထမတန်းအစည်းအရုံးများမှ အဖွဲ့အစည်းများစွာကို တွေ့လိုက်ရသည်။ ကြယ်လမြို့ထဲတွင် မြစ်ဖြူမြို့ထက် အရည်အချင်းမြင့်သည့် ပိုများသည့်ကစားသမားများ ရှိနေသည်။
စီးတော်ယာဥ်များကိုစီးနေသည့် ကစားသမားအချို့ကိုတောင် သူမ မြင်ရသည်။
ယင်းကို ကြယ်လမြို့ထဲတွင် မတွေ့ရပေ။ ထိုသို့တိုင် မြစ်ဖြူမြို့၏ ကစားသမားများက ထိုမြင်ကွင်းကို နေသားကျနေပြီ ဖြစ်သည်။ တော်ဝင်မြို့တော်များထဲတွင်တောင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးရှာတွေ့ရန် ခက်ခဲနေပေ၏။
ဂျမ်းတဲလ်စနိုးက ဘဏ်ထဲသို့ ဝင်လိုက်စဥ် လူရွယ်တစ်ဦးက သူမကို ပင်မခန်းမထောင့်ဆီသို့ လမ်းညွှန်ပေးလိုက်သည်။ ရှီဖုန်းက ထိုနေရာတွင် တစ်ကိုယ်ထဲထိုင်နေပြီး တစ်ကိုယ်လုံးကို ခေါင်းစွပ်ဖြင့်ကာထား၏။ သို့သော် ဂျမ်းတဲလ်စနိုးက ရှီဖုန်း၏သွင်ပြင်ကို မမြင်နိုင်သည့်တိုင် ထိုလူကမူ ရင်းနှီးမှုကို ခံစားမိသည်။
” ဂျမ်းတဲလ်စနိုးလား၊ သူမ ဒီကိုဘာကြောင့် ရောက်လာတာလဲ၊ အုရိုဘိုရိုက ကုန်ကြမ်းတွေကို ရောင်းချနေတာလား”
ရှီဖုန်းသည် သူ့ဆီလျှောက်လာသည့် ဂျမ်းတဲလ်စနိုးကိုမြင်သည့်အချိန်၌ အတော်လေးအံ့သြသွားသည်။
” အစည်းအရုံးမှာ ကိစ္စကြီးတစ်ခုခု ဖြစ်လို့လား”
” အုရိုဘိုရိုရဲ့ ဘဏ္ဍာရေးရင်းမြစ်နဲ့ဆိုရင် အစည်းအရုံးက ငွေကြေးစုဆောင်းဖို့ ဒါမျိုး ထိခိုက်ခံစရာ မလိုဘူးလေ”
ဂျမ်းတဲလ်စနိုးသည် ရှီဖုန်းရှေ့၌ ရောက်လာပြီး လူရွယ်က သူမကို မိတ်ဆက်ပေးတော့မည်အချိန်တွင် တုတ်တုတ်ခိုင်ခိုင်လူငယ်ကြီးများက ဂျမ်းတဲလ်စနိုးတို့အဖွဲ့ကို ဖြတ်ကျော်ပြီး ရှီဖုန်းနား၌ ဝိုင်းလိုက်ကြသည်။
” ဪ အစည်းအရုံးခေါင်းဆောင်စနိုး၊ စိတ်မကောင်းပါဘူး၊ ရေနက်ကော်ပိုရေးရှင်းက ဒီလူကြီးမင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်၊ ကျုပ်တို့ကို အချိန်ခဏ ပေးနိုင်မလား”
သေစေသောလေပြင်းဟု အမည်ရသည့် အဆင့် (၃၉) ရှေးစစ်သည်တော်က တောင်းဆိုပြီးနောက် အေးတိအေးစက် ပြုံးလိုက်၏။