ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 85 ငှက်လူသား
Chapter – 85 ငှက်လူသား
ဂျမ်းတဲလ်စနိုး၏ ဖိတ်ခေါ်မှုက ကျောက်ယွဲ့ရူနှင့် ရှောင်ယွဲ့အာတို့ နှစ်ယောက်စလုံးကို အာရုံစိုက်သွားစေသည်။
ရှီဖုန်းက အစွမ်းထက်သည့် ကစားသမားတစ်ယောက် ဖြစ်ရပေမည်။ သို့သော်လည်း သူတို့က ရှီဖုန်း၏အရည်အချင်းကို လက်တွေ့မမြင်ဘူး၊ မကြားဖူးသေးသဖြင့် သူ၏အရည်အချင်းကို အလွန်သိချင်နေကြသည်။ စတားမွန်းနိုင်ငံတစ်ခုလုံး၏ ပန်းပဲခေါင်းဆောင်ဟု ကျော်ကြားသော ဘလက်ဖလိမ်း၏ အစွမ်းကို သိချင်ကြသည်။
“ဟုတ်တယ်… ကျွန်မတို့အဖွဲ့နဲ့ ပူးပေါင်းလိုက်ပါလား အစ်ကိုကြီးဘလက်ဖလိမ်း… ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေက အရမ်း အစွမ်းထက်တယ်နော်… ဒါကြောင့် ကျွန်မတို့ရဲ့ အဆင့်တက်နှုန်းကက တော်တော်လေး မြင့်မားတယ်… “ ရှောင်ယွဲ့အာက ဘေးမှ ဝင်ပြောလိုက်သည်။
ကျောက်ယွဲ့ရူကတော့ ရှောင်ယွဲ့အာကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်က သူမ မဖိတ်ခေါ်ရသေးခင် ရှောင်ယွဲ့အာက ဖိတ်ခေါ်လိုက်၍ မကျေနပ်သည့် အကြည့်မျိုး ဖြစ်သည်။
ရှောင်ယွဲ့အာက ဂျမ်းတဲလ်စနိုး၏ နောက်တွင် ဝင်ပုန်းလိုက်ပြီး လျှာထုတ်၍ ကျောက်ယွဲ့ရူကို ပြောင်ပြလိုက်သည်။
ကျောက်ယွဲ့ရူက ဒေါသဖြင့် ခြေဆောင့်ချလိုက်ရာ သူမ၏ ရင်အစုံက အပေါ်အောက် လှုပ်ယမ်းသွား၏။ သူမ၏ ရှေ့တွင် ဘလက်ဖလိမ်းသာ ရှိမနေပါက ထိုကောင်မလေးကို သင်ခန်းစာ ပေးမိလိမ့်မည် ဖြစ်သည်။
အလှပဂေး ၃ယောက်က ဘလက်ဖလိမ်း၏ စွမ်းရည်ကို အလွန်အမင်း သိချင်နေကြသော်လည်း ကျန်သည့် အမျိုးသား ကစားသမား ၂ယောက်ကတော့ သူတို့၏ တိုက်ခိုက်လိုစိတ်များ ချက်ချင်း မြင့်တက်လာသည်။ ရှီဖုန်းက အလှပဂေး ၃ယောက်၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည့်အတွက် သူတို့နှစ်လုံးသားထဲတွင် ပြိုင်ဆိုင်လိုစိတ်များ ရုတ်တရက် မြင့်တက်လာသည်။ သူတို့က ရှီဖုန်းကို ရန်စသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ရှီဖုန်းထက် ပိုညံ့သည်ဟု မယုံကြည်နိုင်ကြပေ။
ရန်စသည့် အကြည့်များနှင့် ပက်သတ်၍ ရှီဖုန်းက သူ့တို့ကို အရေးတောင် မလုပ်ပေ။
“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးစနိုး… ဒါပေမဲ့ ငါက ဒီနေရာကို တာဝန်တစ်ခု လုပ်မလို့ လာတာပါ… ဒါ့ကြောင့် အားလုံးနဲ့ မလိုက်နိုင်တော့ဘူး… “
“တာဝန်လား… “ ဂျမ်းတဲလ်စနိုးက အနည်းငယ် အံ့ဩသွားသည်။ ဤနေရာက အဆင့် ၈ သားရဲနယ်မြေဖြစ်သည့်အတွက် သူမက ရှီဖုန်း၏ တာဝန်အကြောင်းကို အလွန် သိချင်သွားသည်။ သို့သော်လည်း တခြားတစ်ယောက်၏ လျှို့ဝှက်ချက်ကို မေးမြန်းခြင်းက ရိုင်းရာကျသည်။ ထို့ကြောင့် သူမက ဝတ္တရားအရ ပြောလိုက်သည်… “ဒါဆို ရှင့်ကို မနှောင်ယှက်တော့ပါဘူး… အကူအညီ တစ်ခုခု လိုလာရင် ပြောပါ… ကျွန်မတို့က ဘယ်လိုကူညီနိုင်မလဲ မသိပေမဲ့ အကောင်းဆုံး ကူညီပေးပါ့မယ်… “
ဂျမ်းတဲလ်စနိုး၏ ကမ်းလှမ်းချက်ကို ကြားသောအခါ ရှီဖုန်းက မသိမသာ ပြုံးလိုက်သည်။ သူမ၏ ကမ်းလှမ်းချက်က သူ့အတွက် သတင်းကောင်း ဖြစ်သည်။ စတီးခံတပ်မြို့အတွင်းသို့ ဝင်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ထိုနေရာတွင် သားရဲများ အများအပြား ရှိသည့်အတွက် ရှီဖုန်းတစ်ယောက်တည်းဆိုလျှင် အချိန်များစွာ ကြာနေပေလိမ့်မည်။ ဂျမ်းတဲလ်စနိုးတို့အဖွဲ့ကဲ့သို့ အားကောင်းသော လက်ရွေးစင်အဖွဲ့ တစ်ဖွဲ့က ကူညီပေးလျှင် သူ့အတွက် အချိန်များစွာ သက်သာသွားပေလိမ့်မည်။
“ကောင်းပြီလေ… ငါက နေရာတစ်ခုကို သွားမလို့… ဒါပေမဲ့ အဲ့နေရာမှာ သားရဲတွေ အများကြီးပဲ… ဒါ့ကြောင့် ငါ တစ်ယောက်တည်းဆိုရင် သွားဖို့ မလွယ်ဘူး… အဲ့နေရာက သားရဲတွေကို ကူပြီး ရှင်းပေးနိုင်မလား… “ ရှီဖုန်းက တောင်းဆိုလိုက်သည်။
မူလက ဂျမ်းတဲလ်စနိုးသည် ရှီဖုန်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် စဉ်းစားနေခဲ့သည်။ သို့သော်လည်း ရှီဖုန်းက အရင်ဆုံး သူမတို့ဆီမှ အကူအညီကို တောင်းခံလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဂျမ်းတဲလ်စနိုးက အလျင်အမြန် ပြောလိုက်သည်… “ကောင်းပြီ… ရှင့်ကို အဖွဲ့ထဲ ခေါ်လိုက်မယ်… လမ်းပြပါ… “
ရှီဖုန်းက ဂျမ်းတဲလ်စနိုး၏ အဖွဲ့ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။
ရှီဖုန်း၏ လမ်းပြမှုအောက်တွင် သူတို့က ဖီးဆစ်ချောက်၏ ဗဟိုနေရာသို့ လျင်မြန်စွာ ရောက်လာကြသည်။
“ငါတို့ ဒီတောကို ဖြတ်ပြီးတာနဲ့ ရောက်ပြီ… ဒါပေမဲ့ ဒီနေရာမှ ငှက်လူသားတွေ အရမ်းများတယ်… သူတို့က အပင်တွေပေါ်မှာ နေထိုင်ပြီးတော့ သူတို့ကို သတိပြုနိုင်ဖို့ ခက်ခဲတယ်… ဒါ့ကြောင့် ငါတို့က ငှက်လူသားတွေ အချိန်မရွေး ရောက်လာနိုင်တာကို အမြဲတမ်း သတိရှိနေရမယ်… မင်းက သူတို့ရဲ့ လက်သည်းမှာ အမိခံလိုက်ရပြီဆိုရင် သူတို့က လေထဲကို ဆွဲခေါ်သွားပြီး မင်းကို သေအောင် ပစ်ပေါက်လိုက်လိမ့်မယ်… “ ရှီဖုန်းက လမ်းလျှောက်နေရင်း သတိပေးလိုက်သည်။
“အဲ့တာ ငှက်လူသားတစ်အုပ်ပဲမလား… ဘာကို ကြောက်နေရမှာလဲ… အဲ့ဒီငှက်လူသားတွေကို ငါတို့ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်… “ ဒိုင်းစစ်သည်က သူ၏ရင်ဘတ်ကို ပုတ်ပြီး အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။
ရှီဖုန်းက ဆက်မပြောတော့ဘဲ သူ့လမ်းတွင် ပိတ်နေသည့် သစ်ရွက်များကိုသာ ဘေးဘက်သို့ တွန်းဖယ်လိုက်သည်။
သို့သော်လည်း ဂျမ်းတဲလ်စနိုးကတော့ ဂရုမစိုက်ဘဲ မနေချေ။ ထိုအစား သူမက အမိန့်ပေးလိုက်သည်… “အားလုံးပဲ အပေါ်ကို ဂရုစိုက်ထား… ကုသသူကို ကာကွယ်ပါ… “
“ဟုတ်… “
အမျိုးသား ကစားသမားနှစ်ယောက်၏ အမူအရာက ချက်ချင်း အလေးအနက်ဖြစ်သွားပြီး တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။ သူတို့နှစ်ယောက်က ရှောင်ယွဲ့အာ၏ ဘေးနှစ်ဖက်တွင် သေချာ စောင့်ကြပ်လိုက်ကြသည်။ ရှောင်ယွဲ့အာ အသက်ရှင်နေသရွေ့ သူမက သူတို့ကို တိုက်ပွဲပြီးသည်နှင့် အသက်ပြန်သွင်းပေးနိုင်သည်။ ထိုနည်းလမ်းက ဆုံးရှုံးရမည့် EXP နှင့် စကေးကျွမ်းကျင်မှုအမှတ်များကို များစွာ သက်သာသွားစေသည်။
ထင်ထားသည့်အတိုင်း မကြာမီတွင် အဖြူရောင် ငှက်မွေးများနှင့် ငှက်လူသား ၄ကောင်က သစ်ပင်ပေါ်မှ ထိုးဆင်းလာသည်။ သူတို့၏ ချွန်ထက်လှသော လက်သည်းများက အောက်သို့ စိုက်ကာ အလွန်မြန်သော အရှိန်ဖြင့် အမျိုးသားရိန်းဂျားကို လင်းယုန် အစာသုတ်သကဲ့သို့ ဖမ်းယူသွား၏။ ကျန်ရှိနေသော အဖွဲ့ဝင်များက သူတို့၏ လက်နက်များကို လျင်မြန်စွာ ထုတ်ယူပြီး လက်သည်းများကို ကာကွယ်လိုက်ကြသည်။
“သူတို့ကို ရှင်းပစ်… ယွဲ့ရူ… သီချင်းလေးကို ဖမ်းမိသွားတဲ့ ငှက်လူသားကို တိုက်… ယွဲ့အာက နောက်မှာပဲနေ… “ ဂျမ်းတဲလ်စနိုးက အော်ဟစ်ပြီး အမိန့်ပေးလိုက်သည်။ သူမက လေပွေဓားချက်ဖြင့် ငှက်လူသား၂ကောင်ကို ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ငှက်လူသားများက အလွန် လျင်မြန်စွာဖြင့် ဂျမ်းတဲလ်စနိုး၏ ဓားချက်ကို လေထဲတွင် ရှောင်တိမ်းလိုက်ကြသည်။ ထို့နောက် ဂျမ်းတဲလ်စနိုးက ချာ့စကေးကို အသုံးပြုပြီး သီချင်းလေးကို ကယ်တင်ရန် ပြေးဝင်သွားလိုက်သည်။
သီချင်းလေး၏ လက်ထဲမှ ဓားနှစ်ချောင်းက ဆက်တိုက်လှုပ်ရှားနေသော်လည်း လက်သည်းချွန်များက အလွန်မာကျောလှသည်။ သူက မည်သို့ပင် ကြိုးစားစေကာမူ လက်သည်းများကြားမှ မလွတ်နိုင်ပေ။ သူက ငှက်လူသားကို တိုက်ရိုက် တိုက်ခိုက်ချင်သော်လည်း သူက လက်သည်းကြားတွင် ရောက်နေသည့်အတွက် ငှက်လူသားကို မတိုက်ခိုက်နိုင်ပေ။ သူက အကူအညီမဲ့စွာဖြင့် တွဲလောင်းဆွဲခံရကာ လေထဲသို့ တဖြည်းဖြည်း မြင့်တက်နေလေသည်။
ကျောက်ယွဲ့ရူ၏ မီးတောက်ပေါက်ကွဲမှုက ငှက်လူသား၏ တောင်ပံများကို ထိမှန်သွားပြီး -၅၃ ထိခိုက်မှု ဖြစ်စေသည်။ မီးတောက်တစ်ချို့က ငှက်လူသား၏ အမွှေးများတွင် လောင်မြိုက်ပြီး ငှက်လူသားကို လေထဲမှ ပြုတ်ကျလာစေသည်။ ဂျမ်းတဲလ်စနိုးက ငှက်လူသား ကျလာမည့် အချိန်ကို အစောကတည်းက စောင့်နေခြင်း ဖြစ်ပြီး သူမက ငှက်လူသား၏ လည်ပင်းကို ဓားခြင်း ခုတ်ပိုင်းလိုက်ရာ ငှက်လူသားနှင့် လက်သည်းကြားမှ ၎င်း၏သားကောင်က လွှင့်စင်ထွက်သွားပြီး ငှက်လူသား၏ ခေါင်းထက်တွင် ထိခိုက်မှု -၆၁ ပေါ်လာသည်။
အဆင့် ၉ ငှက်လူသားနှင့် ရင်ဆိုင်နေသည့် ကျောက်ယွဲ့ရူနှင့် ဂျမ်းတဲ့လ်စနိုးက သားရဲနှင့် အဆင့် ၄ဆင့် ကွာခြားနေသော်လည်း သူမတို့၏ တိုက်ခိုက်မှုစွမ်းအားများက ကောင်းလွန်းလှသည်။
ဒဏ်ရာရသွားသည့် ငှက်လူသား၏ အသွင်က သနားစရာ ကောင်းလှသည်။ သို့သော်လည်း ၎င်းတွင် 1000 HP ရှိ၏။ ထိုထိခိုက်မှုလောက်ဖြင့် ၎င်းက မဖြုံပေ။
ထို့အပြင် ဂျမ်းတဲလ်စနိုးနှင့် တခြားသူများက ပျံသန်းနေသည့် သားရဲများနှင့် ပထမဦးဆုံး ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သားရဲများကို ထိရောက်စွာ တိုက်ခိုက်နိုင်သည့် နည်းလမ်းများကို မသိကြပေ။
ဂျမ်းတဲလ်စနိုးနှင့် အဖွဲ့သားများက ရိန်းဂျားကို ကယ်တင်လိုက်နိုင်သော်လည်း ကောင်းကင်ထက်တွင် ပျံဝဲနေသည့် ငှက်လူသားများကို ရင်ဆိုင်ရာတွင် အကျိုးထိရောက်မှု မရှိကြပေ။ ထိခိုက်မှု ၅၀ကျော် ဖြစ်စေသည့် ဂျမ်းတဲလ်စနိုးနှင့် ကျောက်ယွဲ့ရူမှလွဲ၍ ရိန်းဂျားနှင့် ဒိုင်းစစ်သည်က ငှက်လူသားများကို ထိခိုက်မှု ၂၀ကျော်အောင် မပေးနိုင်ကြပေ။ သူတို့က အားနည်းနေ၍ မဟုတ်ဘဲ ငှက်လူသားများက ငှက်မွှေးချပ်ဝတ်များကို ဝတ်ဆင်ထား၍ ဖြစ်သည်။ ထို့အပြင် အဆင့်ဖိနှိပ်မှုကြောင့်လည်း အမျိုးသားကစားသမားနှစ်ယောက်က ငှက်လူသားများကို ကောင်းကောင်း မတိုက်ခိုက်နိုင်ပေ။
“ဒီကောင်က ဘာလုပ်နေတာလဲ… ဒီအချိန်ရောက်နေတာတောင် မကူညီသေးဘူးလား… ဘေးကနေတောင် ရပ်ကြည့်နေလိုက်သေးတယ်… သူက စက္ကူကျားလား… “ ဒိုင်းစစ်သည်က မနေနိုင်တော့ဘဲ လေသံပျော့ပျော့ဖြင့် ရှီဖုန်းအား လှောင်ပြောင်လိုက်သည်။
သို့သော်လည်း ဒိုင်းစစ်သည်၏ စကားဆုံးသွားသည်နှင့် ရှီဖုန်းက စတင်လှုပ်ရှားလာသည်။
ရှီဖုန်းက ရုတ်ချည်း ခုန်လိုက်ရာ သစ်ပင်ထိပ်ဖျားပေါ်သို့ ရောက်သွားသည်။ ယခုအချိန်တွင် ရှီဖုန်း၏ သွက်လက်မှုက အမှတ် ၄၀သို့ ရောက်ပြီးဖြစ်သဖြင့် လျှို့ဝှက်စကေးဖြစ်သည့် ပျံသန်းခြေလှမ်းကို အသက်သွင်းနိုင်ပြီ ဖြစ်သည်။ သူက ပျံသန်းခြေလှမ်းကို သုံး၍ သိုင်းပညာရှင်တစ်ယောက်ကဲ့သို့ သစ်ပင်ထိပ်ဖျားဆီသို့ အလွယ်တကူ ခုန်နိုင်သည်။ ထို့နောက် ရှီဖုန်းက လေထဲမှ ငှက်လူသားများကို ဓားဖြင့် တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်သည်။
ရှီဖုန်း၏ ဓားချက်တစ်ချက်တိုင်းက ထိခိုက်မှု -၁၆၀ ဖြစ်စေပြီး ဂျမ်းတဲလ်စနိုးနှင့် တခြားသူများထက် အနည်းဆုံး ၃ဆ များနေလေသည်။
ထိုအဖြစ်က ဒိုင်းစစ်သည်နှင့် ရိန်းဂျားကို ပါးစပ်ပိတ်သွားစေသည်။
ရှောင်ယွဲ့အာက သစ်ပင်ထက်တွင် ခုန်ကူးပြီး တိုက်ခိုက်နေသည့် ရှီဖုန်းကို အားကျသည့် အမူအရာဖြင့် ကြည့်နေပြီး သူမ၏ မျက်လုံးများက ရွှန်းစိုတောက်ပလာသည်။
ကျောက်ယွဲ့ရူလည်း ထို့နည်းတူစွာပင် စိုက်ကြည့်နေမိသည်။
ဂျမ်းတဲလ်စနိုးတစ်ယောက်သာလျှင် အလွန်တည်ငြိမ်နေသည်။ သို့သော်လည်း ရှီဖုန်း၏ တိုက်ခိုက်ရေးနည်းလမ်းများက သူ့မကို အသိပညာ တိုးပွားစေသည်။ ယခင်က သူမ၏ တိုက်ခိုက်ရေးနည်းလမ်းများသည် ပြေပြစ်မှု မရှိဘဲ အခြေအနေများနှင့် လိုက်လျောညီထွေမှု မရှိပေ။ သို့သော်လည်း ထိုအတွက် သူမက သူမကိုယ်သူမ အပြစ်မတင်ပေ။ ယခင် ပုံရိပ်ယောင်ဂိမ်းများသည် ယခုနတ်ဘုရာနယ်မြေကဲ့သို့ ချော့မွေ့ပြေပြစ်သည့် တိုက်ခိုက်ရေးပုံစံများ မပါပေ။ ထို့ကြောင့် သူမအနေဖြင့် အချိန်တိုအတွင်း ပြောင်းလဲရန် မလွယ်ကူပေ။
ခဏကြာပြီးနောက် ငှက်လူသား ၄ကောင်စလုံးက မြေပေါ်သို့ ပြုတ်ကျ သေဆုံးသွားကာ ကြေးပြားများစွာနှင့် ငှက်မွေးတစ်ချို့ကို ကျကျန်ခဲ့သည်။
“သွားရအောင်… “ ရှီဖုန်းက မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် သူ၏ဓားနှစ်လက်ကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး ပြောလိုက်သည်။ ထို့နောက် သူက သူ၏ခရီးပန်းတိုင် ရှိရာသို့ ဦးတည်၍ လျှောက်သွားလိုက်သည်။
“အစ်ကိုကြီးဘလက်ဖလိမ်း… ဒီလောက်ကြီး မြန်မြန် မလျှောက်ပါနဲ့… ညီမကို ဘယ်လိုတိုက်ရမလဲ သင်ပေးပါလား… သင်ပေးမယ်မလား… “ ရှောင်ယွဲ့အာက ရှီဖုန်း၏ နောက်သို့ စိတ်လှုပ်ရှားစွာဖြင့် လိုက်သွားပြီး ရှီဖုန်း၏ လက်မောင်းကို ပွေ့ဖက်ကာ ခါယမ်းလိုက်ပြီး မေးသည်။
“ဒါက အနီးကပ်တိုက်ခိုက်ရေးသမားတွေအတွက် နည်းစနစ်ပဲ… ဘာသာရေးခေါင်းဆောင်က သင်စရာ မလိုပါဘူး… “ ရှီဖုန်းသည် ရှောင်ယွဲ့အာက ခပ်ပေါ့ပေါ့နေတတ်ပြီး သူမကိုယ်သူမ မထိန်းချုပ်တတ်သည့် မိန်းကလေးတစ်ယောက် ဖြစ်မည်ဟု မထင်ထားခဲ့ချေ။ သူမက နောင်နှစ်အနည်းငယ်တွင် ဖြစ်လာမည့် မိန်းကလေးနှင့် အလွန်ကွာခြားနေလေသည်။
“ကောင်မလေး… နင်က အစ်ကိုကြီးဘလက်ဖလိမ်းကို ဒုက္ခပေးနေတာပဲ… အစ်ကိုကြီးဘလက်ဖလိမ်းက နင့်နဲ့ မသင့်တော်ဘူးလို့ ပြောနေတယ်လေ… “ ကျောက်ယွဲ့ရူက နောက်မှ ခပ်သွက်သွက် လိုက်လာပြီး ရှောင်ယွဲ့အာကို အဝေးသို့ ဆွဲပို့လိုက်သည်။ မရည်ရွယ်ဘဲနှင့် သူမ၏ စကားပြောပုံက သူမနှင့် ရှီဖုန်းသည် အလွန်ရင်းနှီးသကဲ့သို့ ဖြစ်နေလေသည်။