ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 88 အလယ်အလတ်အဆင့်သို့ တိုးမြှင့်ခြင်း
Chapter – 88 အလယ်အလတ်အဆင့်သို့ တိုးမြှင့်ခြင်း
သလင်းကျောက်သော့ကို ထည့်ပြီးသော်လည်း စတီးဂိတ်တံခါးက နည်းနည်းလေးမှ လှုပ်မလာချေ။
ထိုအချိန်တွင် ဂျမ်းတဲလ်စနိုးထံမှ မက်ဆေ့ရောက်လာသည်။ မက်ဆေ့ထဲတွင် ယန္တရားသူရဲကောင်းများက သူမနောက်သို့ လိုက်နေရာမှ ရုတ်တရက် ရပ်ပြီး ပြန်ပြေးသွားကြသည်ဟု ပြောထားသည်။
“သေစမ်း… ဒီသော့က အလုပ် မလုပ်ဘူးလား… “
ဒေါသက ထောင်းခနဲထွက်လာပြီး ရှီဖုန်းက သော့ပေါက်ကို လက်သီးဖြင့် ရုတ်ချည်း ထိုးချလိုက်သည်။
သူက အရိုးရှင်းဆုံး နည်းလမ်းကို အသုံးမပြုနိုင်သည့်အတွက် အထဲသို့ဝင်ရန် အန္တရာယ်ရှိသည့် နည်းလမ်းကိုသာ အသုံးပြုလိုက်တော့သည်။
“ဒီ… ဒီ… ဒီ… “
ရုတ်တရက်ဆိုသလိုပင် သော့ပေါက်မှ ရွှေရောင်အလင်းတစ်ခု တောက်ပလာသည်။ များပြားလှသော မှော်စာလုံးများက ဂိတ်တံခါးပေါ်တွင် တောက်ပလာပြီး ဂိတ်တံခါးက တဖြည်းဖြည်း ပွင့်လာသည်။ တစ်ချိန်တည်းမှာပင် စူးရှသော အသံတစ်ခုကလည်း တံခါးဖွင့်ရာမှ ထွက်ပေါ်လာသည်။
ရှီဖုန်းက ယန္တရားသူရဲကောင်းများ အလျင်အမြန် လာနေသည်ကို မြင်နေရသည်။ တံခါးနှစ်ချပ်က လူတစ်ယောက်စာ ပွင့်သွားသည်နှင့် ရှီဖုန်းက သလင်းကျောက်သော့ကို ဆွဲထုတ်လိုက်ရာ ဂိတ်တံခါးက ချက်ချင်း ရပ်တန့်သွား၏။ ထို့နောက် ရှီဖုန်းက တံခါးနှစ်ချပ်ကြားမှ အထဲသို့ တိုးဝင်လိုက်သည်။
System : သင်က စတီးခံတပ်မြို့ကို ရှာဖွေတွေ့ရှိပါသည်။
အဆောက်အဦးနှစ်ခုစာခန့် မြင့်သော ယန္တရားသူရဲကောင်းများသည် ဂိတ်တံခါးကို ဖြတ်၍ ဝင်ရန် ကြိုးစားသော်လည်း ဂိတ်တံခါးနှစ်ချပ်ကြားမှ ဟနေသည့်နေရာသည် အလွန်ကျဉ်းမြောင်းသဖြင့် သူတို့၏ခန္ဓာကိုယ်နှင့် မဆန့်ချေ။ ထို့နောက် ယန္တရားသူရဲကောင်းများက အပြင်ဘက်မှသာ တံခါးကို တရစပ်တိုက်ခိုက်နိုင်တော့သည်။ ကံဆိုးစွာဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုများက စတီးတံခါးချပ်ကြီးနှစ်ချပ်ကို မည်သို့မှ မဖြစ်စေပေ။
“ငါ အထဲရောက်ပြီ… “ ရှီဖုန်းက ဂျမ်းတဲလ်စနိုးကို မက်ဆေ့ပို့လိုက်သည်။ ထို့နောက် သူက စတီးလမ်းမကြီးအတိုင်း ဂရုတစိုက်ဖြင့် ဆက်လျှောက်သွားလိုက်သည်။
အပျက်အစီးနယ်မြေ၏ တခြားတစ်ဖက်တွင်…
“စနိုး… သူ အဆင်ပြေလား… “ တစ်နေရာတွင် စောင့်နေသည့် ကျောက်ယွဲ့ရူက သူမရှိရာသို့ ပြေးလာသော ဂျမ်းတဲလ်စနိုးကို မြင်သည်နှင့် မေးလိုက်သည်။
“ဘာမှမဖြစ်ဘူး… သူ အထဲရောက်သွားပြီ… “
“ဒါပေမဲ့ ဒီတာဝန်က အရမ်းကို အန္တရာယ်များတယ်… ယန္တရားသူရဲကောင်းတွေရဲ့ စွမ်းအားကို ငါ အကြမ်းဖျင်းတော့ ခန့်မှန်းမိတယ်… ပြီးတော့ အဲ့ဒီယန္တရားသူရဲကောင်းတွေက တခြားအထူးလက်ရွေးစင်တွေနဲ့ လုံးဝ မတူဘူး… သူတို့က ငါ့ရဲ့ တိုက်ခိုက်မှုကို လျင်လျင်မြန်မြန်နဲ့ ကာကွယ်နိုင်ပြီးတော့ ငါ့ကိုတောင် ချက်ချင်း ပြန်တိုက်နိုင်တယ်… ငါသာ မြန်မြန် မလှုပ်ရှားရင် ငါတောင် သေသွားနိုင်တယ်… “
“ငါတို့က ယန္တရားသူရဲကောင်းတွေကို မျှားခေါ်နိုင်ရင်တောင်မှ ထိခိုက်မှုများများ ပေးနိုင်တဲ့ စကေးမရှိရင် သူတို့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး… ငါတို့ပဲ သေသွားရလိမ့်မယ်… “
ဂျမ်းတဲလ်စနိုးက ထိုင်ချပြီး စားစရာများကို ထုတ်ယူကာ စားသောက်လိုက်သည်။ ယခုအချိန်တွင် သူမက တိုက်ပွဲဝင်စိတ်များ တက်ကြွနေသည်။ အစောပိုင်းက သူမ၏ အခြေအနေသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသည့် အခြေအနေနှင့် တူသည်။ ယန္တရားသူရဲကောင်းက လှံရှည်ဖြင့် မြေပြင်ကို ရိုက်လိုက်ရာမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းတစ်ခုတည်းနှင့်ပင် သူမ၏ HP က အမှတ် ၂၀၀ ကျော် ဆုံးရှုံးသွားရသည်။ လှံရှည်ကသာ သူမကို တိုက်ရိုက်ထိသွားလျှင် အကျိုးဆက်က မတွေးဝံ့စရာပင်။
ဂျမ်းတဲလ်စနိုး၏စကားကို နားထောင်ပြီးနောက် ကျောက်ယွဲ့ရူက စိတ်သက်သာရာ ရသွားဟန်ဖြင့် မဆီမဆိုင် သက်ပြင်းချလိုက်သည်။
“ကောင်းပြီ… အိမ်မက် မက်မနေကြနဲ့တော့ ဒီဖီးဆစ်ချောက်ထဲက ငှက်လူသားတွေကို သတ်ကြရအောင်… သူတို့ဆီက ရတဲ့ အိုင်တမ်တွေက တော်တော်လေး ကောင်းတယ်… ဒါ့ကြောင့် ငါတို့က ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေကိုတောင် ကျော်သွားနိုင်တယ်… “ ဂျမ်းတဲလ်စနိုးက မတ်တပ်ထရပ်ပြီး အမိန့်ပေးလိုက်သည်။
ထိုစဉ်တွင် စတီးခံတပ်မြို့အတွင်းရှိ ရှီဖုန်းကတော့ ဂရုတစိုက်ဖြင့် ရှေ့ဆက်သွားနေလေသည်။ ခံတပ်တစ်ခုလုံးက နေရာတိုင်းတွင် သံချေးများ တက်နေသည်။ ခံတပ်ထဲတွင် အလင်းရောင်ပေးသည့် အပိုင်းအစများ ကျန်ရှိနေသေးသည့်အတွက်ကြောင့်သာ ရှီဖုန်းက လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရခြင်း ဖြစ်သည်။
အနည်းငယ် ဝေးသည့်နေရာအထိ လျှောက်လာသော်လည်း မည်သည့်အန္တရာယ်ကိုမှ မတွေ့သေးပေ။ တစ်ခါတစ်ရံတွင် ရေစက် ကျသံနှင့် စက်ပစ္စည်းလှုပ်ရှားနေသည့် အသံများကို ကြားရသည်။ ထောင်စုနှစ်တစ်ခုနီးပါး ကျော်နေပြီဖြစ်သော်လည်း ဤနေရာရှိ စက်ပစ္စည်းအများစုက ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်လေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် လူပုမှင်စာများ၏ နည်းစနစ်များက မည်မျှအထိ တိုးတက်ကောင်းမွန်သည်ကို မှန်းဆနိုင်သည်။
ရှီဖုန်းက ရှည်လျားသော စြင်္ကန်လမ်းကို ဖြတ်ကျော်ပြီးနောက် သတ္တုကျိုသည့် ဧရာမမီးပြင်းဖိုတစ်ခု ရှိသည့်နေရာသို့ ရောက်လာသည်။ မီးပြင်းဖိုကို ဝိုင်းရံထားသည့် စတီးနံရံများကို စတီးလှေကားများဖြင့် အတူချိတ်ဆက်ထားပြီး မီးပြင်းဖို၏ အောက်ခြေတွင် အလွန်နက်ရှိုင်းသည့် ရေကန်တစ်ခု ရှိ၏။
သို့သော်လည်း ရှီဖုန်းက စတီးလှေကားများဆီသို့ မသွားဘဲ နောက်ထွက်ပေါ်ဆီသို့ သွားကာ ရေကန်ထဲသို့ ခုန်ချလိုက်သည်။
အောက်သို့ ကျနေသည့်အချိန်တွင် ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုလိုက်ရာ သူ၏ကျနေသည့် အရှိန်က များစွာ လျော့သွားပြီး သူ၏ခန္ဓာကိုယ်က ငှက်မွှေးတစ်ခုကဲ့သို့ တဖြည်းဖြည်း အောက်သို့ ဆက်ကျသွားလေသည်။
ကျနေသည့်အချိန်တွင် ရှီဖုန်းက စြင်္ကန်လမ်းတစ်ခုကို တွေ့လိုက်ရဿည်။ ထိုစြင်္ကန်လမ်းက လူတစ်ယောက်သာ ဝင်နိုင်သည့် လမ်းဖြစ်သည်။ ထို့အပြင် ယခင်ဘဝမှ သိထားသော သတင်းအချက်အလက်များတွင် ထိုစြင်္ကန်လမ်း မပါခဲ့ပေ။ ထို့နောက် ရှီဖုန်းက ထိုစြင်္ကန်လမ်းပေါ်သို့ တဖြည်းဖြည်း ကျဆင်းသွားသည်။
“ဒီနေရာမှ တစ်ကယ်ပဲ ရတနာသေတ္တာ ရှိနေတာပဲ… အရင်တုန်းက အဲ့လူတွေ သတိမပြုမိခဲ့ဘူးထင်တယ်… “ ရှီဖုန်းက စြင်္ကန်လမ်း၏ အနက်ရှိုင်းဆုံးနေရာတွင် နက်မှောင်နေသော သေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ သေတ္တာပေါ်တွင် များစွာသော မှော်စာလုံးများကို ရေးထွင်းထားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်သေတ္တာတစ်ခု မဟုတ်သည်ကို သိနိုင်သည်။
သေတ္တာ၏ အချက်အလက်များကို စူးစမ်းကြည့်ပြီးနောက် ထိုသေတ္တာက ထူးခြားသံအဆင့် ရတနာသေတ္တာဖြစ်သည်ကို သိလိုက်ရသည်။ သို့သော်လည်း ရှီဖုန်းက ရတနာသေတ္တာဆီသို့ ပြေးသွားပြီး မဖွင့်ခဲ့ပေ။ ထိုအစား သူက ပုံရိပ်ယောင်ကိုယ်ပွားကို သုံး၍ ကိုယ်ပွားဖြင့် ရတနာသေတ္တာကို ဖွင့်ခိုင်းလိုက်သည်။
ကိုယ်ပွားက ရတနာသေတ္တာကို စဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ စတီးနံရံများမှ မြောက်မြားလှသည့် မြှားများ ထွက်လာသည်။ ကိုယ်ပွားက ချက်ချင်း အသတ်ခံလိုက်ရသည်။ နတ်ဘုရားနယ်မြေကို ကစားရာတွင် သူသည် စဉ်းစားချင့်ချိန်ပြီး သတိကြီးကြီးထားသည့် အကျင့်ကို လုပ်ခဲ့ခြင်းက သူ့ကို ကံကောင်းသွားစေသည်။ မဟုတ်လျှင် သူက ကျိန်းသေ သေဆုံးသွားလိမ့်မည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ထောင်ချောက်မျိုးက တစ်ခါသုံးများ ဖြစ်သည်။ သို့သော်လည်း ရှီဖုန်းက အလျင်စလို မလုပ်ပေ။ ပုံရိပ်ယောင်ကိုယ်ပွားကို နောက်တစ်ကြိမ် သုံး၍ ရသည့်အချိန်ထိ စောင့်ပြီး ကိုယ်ပွားဖြင့် ရတနာသေတ္တာကို ဖွင့်ခိုင်းလိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ကိုယ်ပွားက ရတနာသေတ္တာကို အန္တရာယ်ကင်းကင်းဖြင့် ဖွင့်နိုင်ခဲ့သည်။ ထို့နောက် ရှီဖုန်းက ရတနာသေတ္တာဆီသို့ လျှောက်သွားပြီး အထဲမှ အိုင်တမ်များကို ထုတ်ယူလိုက်သည်။
ရတနာသေတ္တာထဲမှ ထူးခြားသံအဆင့် ကျောက်တုံးနက်ဒိုင်းတစ်ခုကို ရသည်။ ထိုအိုင်တမ်က အဆင့် ၁၀ ထိပ်တန်းအဆင့် အိုင်တမ်တစ်ခု ဖြစ်သည်။
ကျောက်တုံးနက်ဒိုင်း (ထူးခြားသံအဆင့်)
အဆင့် ၁၀
ချပ်ဝတ်တန်ဆာ တပ်ဆင်ရန် လိုအပ်ချက် = သန်မာမှု ၂၅
ခုခံမှု +၆၉
ခုခံမှုနှုန်း ၂၉%
သန်မာမှု +၇၊ ခံနိုင်ရည် +၁၀
HP +200
ဒိုင်းကို တပ်ဆင်လိုက်လျှင် အဘက်ဘက်မှ လာသည့် ထိခိုက်မှုများအားလုံးကို ၁၀% လျှော့ချပေးလိမ့်မည်။
သေတ္တာထဲမှ ထူးခြားသံအဆင့် ကျွမ်းကျင်မှုစာအုပ်ကိုလည်း ရရှိ၏။ စာအုပ်ကို အသုံးပြုလိုက်မည်ဆိုလျှင် ကစားသမားများက အခမဲ့ကျွမ်းကျင်မှုအမှတ် ၁၀မှတ်မှ ၅၀မှတ်အထိ ကျပန်း ရရှိနိုင်သည်။ ကျွမ်းကျင်မှုအမှတ်စာအုပ်က ကျောက်တုံးနက်ဒိုင်းထက် အဆပေါင်းများစွာ ရှားပါး၏။ ကျွမ်းကျင်မှုအမှတ်က ကစားသမားတစ်ယောက်ထံတွင် အမြဲတမ်း ရှိနေမည်ဖြစ်ပြီး ကျောက်တုံးနက်ဒိုင်းကတော့ မဟုတ်ပေ။
“ငါ့ရဲ့ကံက မဆိုးဖို့ မျှော်လင့်ရတာပဲ… “ ရှီဖုန်းက ဆုတောင်းလိုက်ပြီး ကျွမ်းကျင်မှုစာအုပ်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။
ထို့နောက် System က ၁၀မှ ၅၀အထိ နံပါတ်များကို စတင် လည့်လိုက်သည်။ ရှီဖုန်းက ‘ရပ်’ ဟု အော်လိုက်သည်နှင့် နောက်ဆုံးကျသည့် နံပါတ်က သူရရှိမည့် ကျွမ်းကျင်မှုအမှတ် ဖြစ်သွားလိမ့်မည်။
ယခင်ဘတွင် များစွာသော ကျွမ်းကျင်သူများက သူတို့၏ လက်နက်ကျွမ်းကျင်မှုကို တိုးမြှင့်ရန်အတွက် ကျွမ်းကျင်မှုစာအုပ်များကို လိုက်လံစုဆောင်းကြသည်။ သို့သော်လည်း ကျွမ်းကျင်မှုစာအုပ်များက အလွန်ရှားသည့်အပြင် ပိုက်ဆံနှင့်လည်း ဝယ်၍ မရချေ။ ကစားသမားများ အားလုံးနီးပါးက ကျွမ်းကျင်မှုစာအုပ်များ ရလာလျှင် ရောင်းမည့်အစား ကိုယ်တိုင်အတွက် အသုံးပြုကြသည်။ ထို့ကြောင့် ကျွမ်းကျင်မှုအမှတ် ၁မှတ် ရရန်ပင် အလွန်အမင်း ခက်ခဲ၏။
ယခင်ဘဝက ရှီဖုန်းသည် ရွှေစင်အဆင့် ကျွမ်းကျင်မှုစာအုပ်ကို ရရှိသည်အထိ ကံကောင်းခဲ့သော ကစားသမားတစ်ယောက်ကို အမှတ်ရလိုက်သည်။ ကစားသမားများစွာက ထိုကစားသမားကို အလွန်အားကျခဲ့ပြီး တစ်ချို့ဆိုလျှင် ခရက်ဒစ် ၁သန်းဖြင့် ပြန်လည်ရောင်းချပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ထိုကစားသမားက အားလုံးကို ငြင်းပယ်ခဲ့ပြီး သူ့အတွက်သာ အသုံးပြုခဲ့သည်။ ရွှေစင်အဆင့် ကျွမ်းကျင်မှုစာအုပ်သည် ကျွမ်းကျင်မှုအမှတ် ၃၀မှ ၂၀၀အထိ ရရှိနိုင်သည်။ အားလုံးက ထိုကစားသမား ကံအလွန်ကောင်းသည်ဟု တွေးခဲ့ကြသည်။ သို့သော်လည်း ထိုကစားသမားက ကျွမ်းကျင်မှုစာအုပ်မှ ကျွမ်းကျင်မှုအမှတ် ၃၁မှတ်သာ ရရှိခဲ့ပြီး အဆုံးတွင် အားလုံး၏ ရယ်စရာဟာသတစ်ခု ဖြစ်ခဲ့ရသည်။
လည်နေသည့် နံပါတ်များကို ကြည့်ပြီး ရှီဖုန်း၏ နှလုံးသားက တဒုန်းဒုန်း ခုန်ပေါက်လာသည်။
“ရပ်… “ ရှီဖုန်းက အော်လိုက်သည်။
လည်နေသည့် နံပါတ်များက ရုတ်ချည်း ရပ်တန့်သွား၏။ ရှီဖုန်းက မျက်လုံးကို ပြူးပြီး သေချာကြည့်လိုက်သည်။
“၃၂မှတ်… “
တော်တော်လေးကောင်းသည့် နံပါတ်ဖြစ်သည်။ ယခု ရှီဖုန်းက မကြိုးစားရဘဲ အခမဲ့ကျွမ်းကျင်မှုအမှတ် ၃၂မှတ်ကို ရရှိလိုက်လေပြီ။ ပုံမှန်ဆိုလျှင် သူက အဆင့် ၂၀သို့ ရောက်မှာသာ ထိုအမှတ်များကို ရနိုင်ပေလိမ့်မည်။
ရှီဖုန်းက လက်တစ်ဖက်ဓားကျွမ်းကျင်မှု စာမျက်နှာကို ဖွင့်လိုက်သည်။
လက်ရှိတွင် သူ၏ လက်တစ်ဖက်ဓား ကျွမ်းကျင်မှုအမှတ်က ၂၀ ထိ ရောက်သေး၏။ ထို့ကြောင့် သူက အခြေခံပညာသင်ဓားသမားအဆင့်သို့သာ ရောက်သေးပြီး သူ၏အခြေခံတိုက်ခိုက်မှုစွမ်းအားကို ၁၀%သာ တိုးပေးနိုင်သည်။
အဆင့် ၅သို့ တက်ရာမှ ရရှိထားသော အခမဲ့ကျွမ်းကျင်မှုအမှတ် ၈မှတ်နှင့် ယခင်က ကျန်နေသေးသော ၅မှတ်ကိုပါ ပေါင်းလိုက်လျှင် သူ၏ အခမဲ့ကျွမ်းကျင်မှုအမှတ်က ၄၅မှတ် ရှိနေလေပြီ။
ရှီဖုန်းက ကျွမ်းကျင်မှုအမှတ် ၃၀ကို လက်တစ်ဖက်ဓားကျွမ်းကျင်မှုထဲသို့ ချက်ချင်း ပေါင်းထည့်လိုက်ရာ သူ၏ လက်တစ်ဖက်ဓားကျွမ်းကျင်မှုက အလယ်အလတ်ပညာသင် ဓားသမားအဆင့်သို့ ရောက်ရှိသွား၏။ အလယ်အလတ်ပညာသင်ဓားသမားအဆင့်က သူ၏အခြေခံတိုက်ခိုက်မှုစွမ်းအားကို ၁၅% တိုးပေးသည်။ အဆင့်မြင့်ပညာသင် ဓားသမားအဆင့်သို့ ရောက်ရန်ကတော့ နောက်ထပ် အမှတ် ၅၀ လိုအပ်၏။
အခြေခံတိုက်ခိုက်မှုစွမ်းအားကို ၅%သာ တိုးစေသော်လည်း ထိုပမာဏက သေးသေးမွှားမွှား မဟုတ်ပေ။ ထိုအခြေခံတိုက်ခိုက်မှုစွမ်းအား ၅%သည် စကေးများမှ အပိုဆုများကြောင့် မူလထက် အဆပေါင်းများစွာ တိုးသွားပေလိမ့်မည်။ တစ်ခါတစ်ရံတွင် သာမန်ကျွမ်းကျင်သူနှင့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများသည် သူတို့၏ အခြေခံတိုက်ခိုက်မှုစွမ်းအားကြောင့် ကွာဟသွားကြသည်။ ဂိမ်း၏ ယခုအဆင့်တွင် အနည်းငယ်သော ကျွမ်းကျင်သူများသာ အခြေခံကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေကြလိမ့်မည်။ သို့သော်လည်း ရှီဖုန်းက အလယ်အလတ်အဆင့် ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့ကို နောက်တွင် အပြတ်အသတ် ချန်ထားလိုက်နိုင်ပြီဟု ဆိုနိုင်သည်။
ရှီဖုန်းက စတီးခံတပ်မြို့အတွင်းသို့ ဆက်ဝင်သွားရန် ပြင်လိုက်သည့်အချိန်တွင် ခံတပ်မြို့၏ သတိပေးချက် မြည်လာသည်။