ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 93 အမှောင်လူပြက်
Chapter – 93 အမှောင်လူပြက်
ကြောင်လိမ်လှေကားက အမြင့်ဆုံးအထပ်ပေါ်ရှိ ပင်မထိန်းချုပ်မှုနေရာနှင့် ဆက်သွယ်ထားသည်။
လှေကားထစ်ပေါင်းများစွာကို တက်လာပြီးနောက် ရှီဖုန်းက ပင်မနေရာသို့ ဆက်သွယ်ထားသည့် ကွေ့ပတ်နေသော စြင်္ကန်လမ်းတစ်ခုကို တွေ့လိုက်ရသည်။ စြင်္ကန်လမ်း၏ ဘေးနှစ်ဖက်ရှိ နံရံပေါ်တွင် ရှေးဟောင်းမှော်သင်္ကေတများ ရေးထွင်းထားပြီး စြင်္ကန်လမ်းက ထောင်စုနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စြင်္ကန်လမ်းတွင် အလင်းရောင် မှိန်မှိန်လေး လင်းနေသေး၏။
စြင်္ကန်လမ်း၏ အစိတ်အပိုင်းတချို့က ပျက်စီးယိုယွင်းနေပြီး ထိုနေရာရှိ ရေးထွင်ထားသည့် မှော်သင်္ကေတများကလည်း ပျက်စီးနေကာ ထိုနေရာများတွင် လုံးဝ မှောင်မိုက်နေသည်။ ကံကောင်းစွာဖြင့် ထိုကဲ့သို့ ပျက်စီးနေသည့် နေရာများကား အများကြီး မရှိပေ။ ထို့ကြောင့် ရှီဖုန်းက ရှည်ပြီး ကျဉ်းမြောင်းသည့် ဝင်္ကပါပုံစံ စြင်္ကန်လမ်းတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်လေသည်။
ရှီဖုန်းက စြင်္ကန်လမ်းပေါ်သို့ ခြေချလိုက်သည်နှင့် သတိပေးချက်က မြည်လာပြန်သည်။
“သတိပေးချက်… သတိပေးချက်… ကျူးကျော်သူက ခံတပ်မြို့ရဲ့ ဧရိယာ A မှော်စြင်္ကန်လမ်းကို ဝင်ရောက်လာပါပြီ… အကာအကွယ် ရုပ်ထုများ တာဝန်ကျပါပြီ… “
စြင်္ကန်လမ်း ထွက်လာသည့် ဆူညံသံများကို နားထောင်ပြီးနာက် ရှီဖုန်းက ဧရာမ စက်များ စတင်လှုပ်ရှားလာသံကဲ့သို့ အသံများကို ကြားလိုက်ရသည်။
ရှီဖုန်းက ရှေ့သို့ ဖြည်းဖြည်းချင်း မသွားရဲတော့ပေ။ သူက အမြန်နှုန်းမှော်စာလိပ်ကို ချက်ချင်း သုံးပြီး မှော်စြင်္ကန်လမ်းထဲသို့ ပြေးဝင်သွားတော့သည်။
မှော်စြင်္ကန်လမ်းထဲတွင် အကြိမ်ပေါင်းများစွာ ချိုးကွေ့ပြီးနောက် ရှီဖုန်းက အနီရောင်လက်နေသည့် စက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုစက်က ဘောလုံးအရွယ်အစားခန့်သာ ရှိသော်လည်း ၎င်းက အကာအကွယ်ရုပ်ထုများကို လမ်းညွှန်ပေးသည့် ပစ္စည်းတစ်ခုကဲ့သို့ အချက်ပေးသံများကို ချက်ချင်း ထုတ်ပေး၏။
ကင်းစောင့် (သာမန်အဆင့် သားရဲ)
အဆင့် ၁၀
HP 200/200
ရှီဖုန်းသည် ၎င်းက သူ့အား လွယ်ကူစွာ ရှာတွေ့သွားရသည့် အကြောင်းရင်းကို နားလည်ပေသည်။ ထိုကင်းစောင့်က ရေဒါတစ်ခုနှင့်တူပြီး ကိုက် ၅၀၀အတွင်းရှိ ရန်သူများကို အာရုံခံနိုင်သည်။ ရန်သူများကို တွေ့သည်နှင့် ၎င်းက အချက်ပေးသံများ ထုတ်ပေး၏။ ဝင်ပေါက်နှင့်စြင်္ကန်လမ်းကြားရှိ အကွာအဝေးက ကိုက် ၅၀၀ ဝန်းကျင်ရှိ၏။ ထို့ကြောင့် ကင်းစောင့်က ရှီဖုန်းကို ချက်ချင်း ရှာတွေ့သွားခြင်း ဖြစ်သည်။ ရှီဖုန်းက ကင်းစောင့်ကို သတ်နိုင်လျှင် သူက ဤနေရာတွင် ရှိကြောင်း အချက်ပေးသံများလည်း ပျောက်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကင်းစောင့်က တုန့်ပြန်သည့်နေရာတွင် အလွန်အားကောင်း၏။ ၎င်းက မည်သည့်ရန်သူကိုမဆို ကိုက် ၃၀အတွင်းသို့ အဝင် မခံပေ။ ရန်သူက ၎င်းကို တစ်ကြိမ်တိုက်ခိုက်လိုက်သည်နှင့် ၎င်းက အစွမ်းကုန်ထုတ်ပြီး နောက်ဆုတ်ပြေးလိမ့်မည်။ တစ်ချိန်တည်းမှာပင် ၎င်း၏မဟာမိတ်များကို မြန်မြန်ခေါ်မည့်အပြင် ရန်သူကိုလည်း နောက်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းကို ရင်ဆိုင်ရသည်မှာ အလွန်ခက်ခဲ၏။
“ငါ့မှာ ရွေးချယ်စရာ မရှိဘူး… ငါ တစ်ကြိမ်ပဲ ကြိုးစားလို့ ရမယ်… “
ရှီဖုန်းက ဓားနှစ်ချောင်းလုံးကို ထုတ်ယူလိုက်သည်။ ရှီဖုန်းက သူ့နောက်မှ အကာအကွယ်ရုပ်ထုများ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရသည်။ သူ၏စွမ်းအားနှင့်ဆိုလျှင် ကျဉ်းမြှောင်းသည့် ဤစြင်္ကန်လမ်းတွင် တိုက်ခိုက်ပါက သူ့သေတွင်း သူတူးသလို ဖြစ်သွားပေလိမ့်မည်။ သူ၏တစ်ခုတည်းသော အခွင့်အရေးက ကင်းစောင့်ကို တစ်ချက်တည်းဖြင့် သတ်ရန် ဖြစ်သည်။
ရှီဖုန်း ကိုက် ၃၀အကွာအဝေးနားသို့ ရောက်လာသောအခါ ကင်းစောင့်က ထွက်ပြေးရန် ပြင်သည်။
ရှီဖုန်း၏ မျက်လုံးက ကင်းစောင့်ကို သေချာကြည့်ပြီး သူ၏လက်မောင်းမှ ကြွက်သားများက ဖုဖောင်းလာကာ သူ၏တစ်ကိုယ်လုံးမှ အားအင်ဖြင့် ဓားနှစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
“ရွှီး… “
ဓားနှစ်ချောင်းစလုံးက ကင်းစောင့်ဆီသို့ ပျံသန်းသွား၏။
“တိကျတဲ့ပစ်ခတ်ခြင်း… “
ထိုစကေး၏ ပစ်ခတ်မှုအကွာအဝေးက ကိုက် ၃၀ဖြစ်ပြီး လက်နက်စွမ်းအား၏ ၁၅၀%ကို ထိခိုက်မှု ဖြစ်စေသည်။
ကင်းစောင့်က အလွန်သတိရှိ၏။ ၎င်းက ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားပြီး ကြက်သွေးရောင်ဓားကို ရှောင်လိုက်သည်။ သို့သော်လည်း ကင်းစောင့်က ကြက်သွေးရောင်ဓားကို ရှောင်လိုက်သည်နှင့် ၎င်းက ဒုတိယဓားဖြစ်သည့် အသူရာဓား၏ ပျံသန်းလာရာ လမ်းကြောင်းပေါ်သို့ ရောက်သွား၏။
“ထန်း… “
အသူရာဓားက ကင်းစောင့်ကို ဖောက်ထွက်သွားပြီး ထိခိုက်မှု -၂၁၁ ဖြစ်စေကာ ကင်းစောင့်ကို တစ်ချက်တည်းဖြင့် သတ်နိုင်လိုက်လေသည်။
System : အဆင့် ၁၀ ကင်းစောင့်ကို သတ်လိုက်ပါပြီ။ အဆင့် ကွာခြားချက် ၄။ EXP ရရှိမှုကို ၄၀၀% တိုးပေးပါသည်။ ၈၀၀ EXP ရရှိပါသည်။
ရှီဖုန်းက လေလမ်းလျှောက်ခြင်းကို ချက်ချင်း သုံးလိုက်ရာ သူ၏အမြန်နှုန်းက ထပ်၍ တိုးသွားပြန်သည်။ သူက ကြမ်းပြင်တွင် စိုက်ဝင်နေသည့် ဓားနှစ်ချောင်းကို နုတ်ယူကာ မှော်စြင်္ကန်လမ်း၏ ထွက်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။ ကင်းစောင့်၏ လမ်းညွှန်မှု မရှိတော့သဖြင့် အကာအကွယ်ရုပ်ထုများက မျက်ကန်းများကဲ့သို့ ဖြစ်သွား၏။ ၎င်းတို့က နေရာတိုင်းကို ပြေးလွှားနေကြသော်လည်း ရှီဖုန်းကို မတွေ့တော့ပေ။
မိနစ်ဒါဇင်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ရှီဖုန်းက နောက်ထပ် ကင်းစောင့် ၃ကောင်ကို သတ်ပစ်ပြီး မှော်စြင်္ကန်လမ်းမှ ထွက်လာနိုင်ခဲ့ကာ ထိန်းချုပ်ခန်းသို့ ရောက်သွား၏။
ထိန်းချုပ်ခန်း၏ အလယ်တွင် အကာအကွယ်တစ်ခု ရှိပြီး အကာအကွယ်၏ အထဲတွင် နက်ညိုရောင် သံမဏိလုံး တစ်လုံး ရှိနေသည်။ ထိုသံမဏိလုံးက စတီးခံတပ်မြို့၏ နှလုံးသားဖြစ်ကာ ခံတပ်မြို့တစ်ခုလုံး၏ စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ ၎င်းကို တိုင်တန်နှလုံးသားဟုလည်း ခေါ်သည်။
“နှစ်တွေ အများကြီး ကြာပြီးမှ ဒီနေရာကို တစ်ယောက်ယောက် ရောက်လာလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး… “
ရှီဖုန်းက တစ်ခန်းကို မလေ့လာရသေးခင်မှာပင် အကာအကွယ်ဆီး၏ ဝင်ပေါက်မှ အသံတစ်ခု ထွက်လာသည်။ ထိုအသံက ကျောချမ်းစရာ ကောင်းပြီး လူတစ်ယောက်၏ အသံမျိုး မဟုတ်ပေ။ ထိုကဲ့သို့ အသံမျိုးကို ရုပ်သေး သို့မဟုတ် အလောင်းကောင်များကသာလျှင် ထုတ်လွှတ်နိုင်လိမ့်မည်။
“ငါ့ရဲ့ စတီးခံတပ်မြို့ကနေ ကြိုဆိုပါတယ်… မင်းရဲ့ရောက်ရှိမှုကို ကြိုဆိုတဲ့အနေနဲ့ မင်းရဲ့ အသွေးအသားတွေကို ငါ့ကလေးကို ကျွေးဖို့ ဆုံးဖြတ်လိုက်ပြီ… ထွက်လာခဲ့စမ်း ငရဲခွေး… “
ရှီဖုန်းက အကာအကွယ်ထဲတွင် လူပုံသဏ္ဍာန် ပုံရိပ်တစ်ခုကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ သို့သော်လည်း ထိုပုံရိပ်က တိုင်တန်နှလုံးသားကို စုပ်ယူနေသည့်အတွက် ရှီဖုန်းကို တိုက်ခိုက်ရန် စွမ်းအားအပို မရှိပေ။ ထို့ကြောင့် ၎င်း၏ တိရစ္ဆာန်ကိုသာ လွှတ်ပေးလိုက်သည်။
“အူး… အူး… အူး… “
တစ်ကိုယ်လုံးကို မီးလျှံများ ဖုံးလွှမ်းနေသည့် အနက်ရောင်ခွေးကြီးတစ်ကောင်က အကာအကွယ်အတွင်းမှ ပြေးထွက်လာသည်။
ငရဲခွေး (လက်ရွေးစင်အဆင့်)
အဆင့် ၁၅
HP 6,000/6,000
“သေစမ်း… ငါ အချိန်မှား လာမိတာလား… “
ရှီဖုန်းက ငရဲခွေး၏ အချက်အလက်များကို မြင်ပြီး မျက်မှောင်ကျုံ့လိုက်၏။ ယခင်ဘဝမှ မှတ်ဉာဏ်များအရ ဤနေရာတွင် လူပုံသဏ္ဍာန် ပုံရိပ် မရှိချေ။ တာဝန်ကို အောင်မြင်ခဲ့သည့် ကစားသမားက တိုက်တန်နှလုံးသားကို ထိန်းချုပ်ခန်းမှ အန္တရာယ်ကင်းကင်းဖြင့် ယူလာနိုင်ခဲ့၏။ သို့သော်လည်း သူ့အလှည့်ကျမှ တိုက်တန်နှလုံးသား၏ စွမ်းအင်ကို ခိုးယူနေသည့် ထူးဆန်းသည့် ဇာတ်ကောင်တစ်ခုက ရောက်နေလေသည်။
သို့သော်လည်း ရှီဖုန်းက နောက်ထပ် ဖြစ်နိုင်သည့်အရာတစ်ခု စဉ်းစားမိလိုက်သည်။
ထိုထူးဆန်းသည့် ဇာတ်ကောင်က တိုက်တန်နှလုံးသားမှ စွမ်းအင်အားလုံးကို ခိုးယူပြီးသည့်အချိန်မှ ထိုကစားသမားက ဤနေရာသို့ ရောက်လာပြီး စွမ်းအင်မရှိတော့သည့် တိုက်တန်နှလုံးသားကို ယူဆောင်သွားခြင်း ဖြစ်နိုင်သည်။ တခြားတစ်ဖက်တွင်တော့ ရှီဖုန်းက မတော်တဆ ထိုစွမ်းအင်သူခိုးဆီသို့ ပြေးဝင်သွားမိသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ရှီဖုန်းက စွမ်းအင်သူခိုး၏ ငရဲခွေးကိုတောင် အနိုင်မယူနိုင်ပေ။
“မင်းက တိုက်ချင်မှတော့ လာခဲ့စမ်းပါ… “ ရှီဖုန်းက ဓားနှစ်ချောင်းကို ဆွဲထုတ်ပြီး တဖြည်းဖြည်း ချဉ်းကပ်လာသည့် ငရဲခွေးကို သေချာစိုက်ကြည့်လိုက်သည်။
သူနှင့် ငရဲခွေး၏ ကြားမှ အကွာအဝေးသည် တဖြည်းဖြည်း နီးလာပြီး ရှီဖုန်းက တရိပ်ရိပ် တိုးလာသည့် အပူရှိန်ကို ခံစားမိသည်။ ထိုအပူရှိန်ကြောင့် ရှီဖုန်းက အာခေါင်ခြောက်လာပြီး အအေးဖျော်ရည်ကို ထုတ်သောက်ရန် တွေးမိလိုက်သည်။ သို့သော်လည်း သူက မလှုပ်ရဲပေ။ သူက လှုပ်ရှားလိုက်သည်နှင့် သူ၏အားနည်းချက်က ချက်ချင်း ပေါ်သွားလိမ့်မည် ဖြစ်သည်။ အဆင့် ၁၅ လက်ရွေးစင်သားရဲဖြစ်သည့် ငရဲခွေး၏ ဉာဏ်ရည်က အလွန်မြင့်၏။ ထို့ကြောင့်လည်း ငရဲခွေးက အေးအေးလူလူ လျှောက်လာခြင်း ဖြစ်သည်။
ရှီဖုန်းက အားနည်းချက် သေးသေးမွှားမွှားတစ်ခု ဖော်ပြလာသည်နှင့် ငရဲခွေးက အားကုန် ကိုက်ချလိမ့်မည် ဖြစ်ပြီး ရှီဖုန်း သေသွားမှသာ လွှတ်ပေးလိမ့်မည် ဖြစ်သည်။
သူတို့နှစ်ယောက်သာ ထိပ်တိုက်ရင်ဆိုင်ကြလျှင် ငရဲခွေးက ပို၍ အစွမ်းထက်သည်မှာ သိသာလှသည်။ ထို့ကြောင့် ငရဲခွေးက ရှီဖုန်း အမှားလုပ်မည့်အချိန်ကို မစောင့်တော့ဘဲ ၎င်း၏ ခြေထောက်များက ကြမ်းပြင်ကို တွန်းကန်ပြီး လေထဲသို့ ခုန်တက်လိုက်ရာ မီးဘောလုံးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ၎င်းက ပါးစပ်ကို ဟပြီး ရှီဖုန်းဆီသို့ ခုန်အုပ်လာခြင်း ဖြစ်သည်။
ရှီဖုန်းက ငရဲခွေး၏ ခုန်အုပ်သည့် တိုက်ခိုက်မှုကို ဘေးဘက်သို့ လှိမ့်ရှောင်လိုက်သည်။
သို့သော်လည်း ငရဲခွေးက ကြမ်းပြင်ပေါ်သို့ ကျသည်နှင့် ၎င်းက မီးလျှံလက်သည်းများကို ရေပြင်ညီ လွှဲယမ်းလိုက်သည်။
ရှီဖုန်းက ထိုတိုက်ခိုက်မှုကို ခန့်မှန်းထားပြီးသား ဖြစ်သဖြင့် သူက ဓားနှစ်လက်ဖြင့် ပယ်ရီတိုက်ကွက်ကို သုံး၍ ခုခံလိုက်သည်။
“ထန်း… “
ရှီဖုန်းက ဒဏ်ရာ မရသော်လည်း သူ၏ခန္ဓာကိုယ်က နောက်သို့ လွှင့်ထွက်သွား၏။
ငရဲခွေးက ချက်ချင်းပင် ပါးစပ်ကို ဟပြီး မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ မီးလျှံများက ရှီဖုန်းကို ဝိုင်းရံသွားပြီး ထွက်ပြေး၍ မရစေရန် ပိတ်လှောင်လိုက်၏။
ရှီဖုန်းက အံကြိတ်ပြီး ပုံရိပ်ယောင်ကိုယ်ပွားကို အသုံးပြုလိုက်သည်။ ထို့နောက် သူက လေထဲတွင် ပေါ်လာသည့် ကိုယ်ပွားနှင့် နေရာချင်း ချက်ချင်း လဲလိုက်သည်။
ရှီဖုန်း၏ ကိုယ်ပွားကို မီးလျှံများက ဝါးမြို့သွားပြီး ချက်ချင်း ပြာအဖြစ်သို့ ပြောင်းသွား၏။ ထိုစဉ်တွင် စနစ်မှ သတိပေးချက်ကို ကြည့်လိုက်ရာ ကိုယ်ပွားအား ထိခိုက်မှု -၃၀၀၀ ဖြစ်စေခဲ့သည်ကို တွေ့လိုက်ရသည်။
ရှီဖုန်းက HP အပြည့်နှင့် သူ၏အသက်အကာအကွယ်ကို အသက်သွင်းထားလျှင်တောင်မှ ထိုတိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မဟုတ်ပေ။ (အသက်အကာအကွယ်က ငွေလအစုံတန်ဆာရဲ့ ဒုတိယစွမ်းရည်ကို ပြောတာပါ)
ရှီဖုန်းက ငရဲခွေး၏ စွမ်းအား အတိမ်အနက်ကို ရှင်းရှင်းလင်းလင်း သိလိုက်လေပြီ။ ထိုတိုက်ခိုက်မှုစွမ်းအားက အဆင့် ၁၅ လက်ရွေးစင်သားရဲတစ်ကောင် ထုတ်ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။ ထိုစွမ်းအားက တာဝန်၏ ဇာတ်အိမ်ကြောင့် ၎င်း၏စွမ်းအားက အလွန်မြင့်မားနေခြင်း ဖြစ်သည်။ ရှီဖုန်း၏ အတွေ့အကြုံအရ ငရဲခွေး၏ အစစ်အမှန် အဆင့်သည် အဆင့် ၃၀ကျော်တွင် ဖြစ်ပြီး ၎င်းက သခင်ကြီးအဆင့် ဘော့စ်တစ်ကောင် ဖြစ်သည်။
“အိမ်မွေးတိရစ္ဆာန်တောင် ဒီလောက် အစွမ်းထက်နေရင် ပိုင်ရှင်ကရော ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ… “
ငရဲခွေး၏ မီးလျှံလက်သည်းများက သူ့အပေါ်သို့ အုပ်မိုး၍ ကျလာသည်ကို မြင်ပြီး ရှီဖုန်းက အသူရာနှောင်ကြိုးကို အသုံးပြုလိုက်သည်။ ငရဲခွေးက အလွန်အစွမ်းထက်လျှင်တောင် ၎င်းက ၃စက္ကန့်တော့ အချုပ်ခံရမည် ဖြစ်သည်။ ထို့နောက် ရှီဖုန်းက အခန်း၏အလယ်ရှိ အကာအကွယ်အတွင်းသို့ ပြေးဝင်သွားလိုက်သည်။ ယခုအချိန်တွင် အကောင်းဆုံးအကြံဉာဏ်က တိုက်တန်နှလုံးသားကို လုယူပြီး ထွက်ပြေးရန် အကောင်းဆုံးဖြစ်သည်ဟု ရှီဖုန်းက တွေးလိုက်သည်။
သို့သော်လည်း အကာအကွယ်အတွင်းသို့ ဝင်လိုက်သည်နှင့် ရှီဖုန်းက စွမ်းအင်သူခိုး၏ ပုံသဏ္ဍာန်အမှန်ကို မြင်လိုက်ရပြီး အလွန်အံ့အားသင့်သွား၏။
“အမှောင်လူပြက်… “
ရှီဖုန်းက ထိုထူးဆန်းသည့်ဇာတ်ကောင်ကို မှတ်မိသွား၏။ သူက မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်… “ဘာလို့ ဒီကောင်က ဒီမှာ ရှိနေရတာလဲ… “