ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 98 ဓားသွေးကျောက်လုပ်နည်းအညွှန်း
Chapter – 98 ဓားသွေးကျောက်လုပ်နည်းအညွှန်း
မတွေ့ရသည်မှာ တစ်ရက်ကျော်လေးသာ ရှိသေးသော်လည်း ဂျမ်းတဲလ်စနိုးနှင့် သူမအဖွဲ့မှ အဖွဲ့ဝင်များ၏ ချပ်ဝတ်တန်ဆာများက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ထူးကဲကောင်းမွန်သည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး ဝတ်ဆင်ထားသည့် အဆင့် ၅ ချပ်ဝတ်တန်ဆာများက လက်ရှိတွင် ရရှိနိုင်သည့် အကောင်းဆုံး ချပ်ဝတ်တန်ဆာများ ဖြစ်သည်။
ထိုချပ်ဝတ်တန်ဆာများနှင့်ဆိုလျှင် အသင်းအဖွဲ့ခေါင်းဆောင်က အမိန့်ကို ကောင်းမွန်စွာ ပေးမည်ဆိုလျှင် သူတို့က မြေအောက်ခန်းနှင့် ရင်းနှီးသွားသည်နှင့် အမှောင်လတောင်ကြား၏ သာမန်အဆင့်ကို ရှင်းနိုင်ပေလိမ့်မည်။
“ရှင် လာဖို့ သတိရသေးတယ်နော်… “
“တော်ပြီ… သူလည်း ရောက်လာပြီဆိုတော့ အဖွဲ့ ဖွဲ့ကြရအောင်… “
ကျောက်ယွဲ့ရူက ရှီဖုန်းကို လှောင်ပြောင်ချင်နေသော်လည်း ဂျမ်းတဲလ်စနိုးက သူမကို တားဆီးလိုက်သည်။
ဂျမ်းတဲလ်စနိုးက အနည်းငယ် ဒေါသထွက်နေသော်လည်း ရှီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှီဖုန်းက အဆင့် ၆သို့ ရောက်နေသည်ကို ကြည့်ပြီး အံ့အားသင့်သွား၏။
လက်ရှိအချိန်၌ အဆင့် ၆ ကစားသမားများသည် အနီရောင်သစ်ရွက်မြို့ရှိ ကစားသမားအားလုံးတွင် ထိပ်ဆုံး၌ ရပ်နေသူများ ဖြစ်သည်။
သူမနှင့် ယခင်တစ်ကြိမ်တွေ့စဉ်က ရှီဖုန်း၏ အဆင့်သည် ဘာမှမဟုတ်သေးပေ။ သာမန်ထက်ပင် နိမ့်ကျသေး၏။ ယခုတော့ သူက အားလုံးကို လိုက်မီသွားသည့်အပြင် ထိပ်ဆုံးတောင်မှ ရောက်နေလေပြီ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရှီဖုန်း၏ အဆင့်တက်နှုန်းက အလွန်မြန်သည်ကို သိနိုင်သည်။ သူ့နောက်တွင် ရပ်နေသည့် အဖွဲ့ဝင်များကလည်း အဆင့် ၅သို့ အသီးသီး ရောက်နေကြပြီဖြစ်၏။ သူတို့က ကြေးအဆင့် ချပ်ဝတ်တန်ဆာများကို အပြည့်အစုံ ဝတ်ဆင်ထားကြပြီး လက်ရှိယာယီအသင်းအဖွဲ့များထက် တော်တော်လေးကောင်းသည်ဟု ဆိုနိုင်သည်။
ရှီဖုန်းက အဖွဲ့ကို ဖျက်သိမ်းပြီး ဂျမ်းတဲလ်စနိုး၏ အသင်းအဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်သည်။
ပတ်ဝန်းကျင်မှ ကစားသမားများသည် ရှီဖုန်း၏ အဖွဲ့က ဂျမ်းတဲလ်စနိုး၏ အသင်းအဖွဲ့ထဲသို့ ပူးပေါင်းသွားသည်ကို မြင်လိုက်ရသည်။ ရှီဖုန်းတို့အဖွဲ့မှ ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာများကို အကဲဖြတ်ရလျှင် ရှီဖုန်းတို့က အိုရိုဘိုရို့စ်အဖွဲ့ဝင်များ မဟုတ်သည်မှာ သိသာလှသည်။ သို့သော်လည်း သူတို့က ဂျမ်းတဲလ်စနိုး၏ အသင်းအဖွဲ့နှင့် ပူးပေါင်းပြီး မြေအောက်ခန်းကို အတူဝင်မည့်ကိစ္စက သူတို့ကို အလွန်ထူးဆန်းနေသကဲ့သို့ ခံစားရစေသည်။
ရှီဖုန်းတို့ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများက အစုံတန်ဆာများ မဟုတ်ဘဲ ရိုးရိုးအိုင်တမ်ချပ်ဝတ်တန်ဆာများသာ ဖြစ်သည်။ ထိုချပ်ဝတ်တန်ဆာများက ယာယီအသင်းအဖွဲ့များမှ ချပ်ဝတ်တန်ဆာများနှင့် ကွာခြားမှု မရှိပေ။
အသင်းအဖွဲ့မြေအောက်ခန်းအတွက် ပထမရှင်းလင်းသူနေရာက အလွန်အရေးကြီး၏။ ဒီလိုအဖွဲ့လေးကို ဖိတ်ခေါ်ပြီး ဂျမ်းတဲလ်စနိုးက ပထမရှင်းလင်းသူနေရာကို အလွယ်တကူ ရမယ်များ ထင်နေတာလား။
ဝေဒနာနှလုံးသားတစ်ယောက်သာလျှင် ရှီဖုန်း၏ အရည်အချင်းကို သိ၏။
“အစ်ကိုကျန်း… အဲ့ဒီကောင်လေးပဲ… ကျွန်တော့်တို့ကို လုပ်သွားတာ… “ ရှီဖုန်းကို မြင်သောအခါ ဖလိမ်းမင်းတိုက်ဂါးက အမုန်းများပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“သူလား… “
ကျန်းလောဝေကက မျက်ခုံးကို ပင့်ပြီး ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်… “သူက ဂျမ်းတဲလ်စနိုးနဲ့ ဆက်ဆံရေးတချို့ ရှိပုံရတယ်… သူတို့ကို ပြဿနာ သွားမရှာနဲ့တော့ … ငါတို့က အခုချိန်မှာ ပထမတန်းစား အစည်းအရုံးကို မယှဉ်နိုင်သေးဘူး… “
ဖလိမ်းမင်းတိုက်ဂါး၏ တစ်ဖွဲ့လုံးကို သတ်ပစ်လိုက်သည့်အပြင် ဂျမ်းတဲလ်စနိုးနှင့်ပါ ဆက်ဆံရေးတစ်ချို့ ရှိနေခြင်းက မရိုးရှင်းပေ။ ထိုလူ၏ အကြောင်းကို အရင်ဆုံး စုံစမ်းကြည့်ရပေမည်။ ထိုလူက ကံကောင်း၍ ဂျမ်းတဲလ်စနိုး၏ အဖွဲ့သို့ ပူးပေါင်းခွင့် ရခဲ့သည်ဆိုလျှင် သူက ထိုလူအား လုပ်ခဲ့သည့် လုပ်ရပ်များအတွက် ကျိန်းသေ တာဝန်ယူခိုင်းရပေမည်။
“ဟုတ်ကဲ့… အစ်ကိုကျန်း… “ ဖလိမ်းမင်းတိုက်ဂါးက ရှီဖုန်းကို စိုက်ကြည့်ပြီး အံ့ကြိတ်ကာ အဖြေပေးလိုက်သည်။
သို့သော်လည်း သိုင်းအဖွဲ့ဘက်မှ အခြေအနေကတော့ အလွန်ကွဲပြား၏။
သိုင်းအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ရှီဖုန်းကို ချက်ချင်း သတ်ပစ်ချင်နေကြသည်။ အထူးသဖြင့် သံမဏိဓားခြင်္သေ့ဖြစ်သည်။
သူက ရှီဖုန်းကို အဆင့် သုညထိ ရောက်အောင် သတ်ပစ်မည်ဟု ကြုံးဝါးခဲ့သော်လည်း ယခု ရှီဖုန်းက အဆင့် ၆သို့ ရောက်နေသည်ကို မြင်လိုက်ရသည်။ သူတောင်မှ အဆင့် ၅ သာ ရောက်သေး၏။ ထို့အဖြစ်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားရသည်။
“လုပ်ကြံသတ်ဖြတ်သူတွေ ဘာလုပ်နေကြတာလဲ… သူတို့က ဒီကောင့်ကို ဒီအတိုင်း လွှတ်ပေးထားကြတာလား… “
သံမဏိဓားခြင်္သေ့၏ မျက်နှာက ဒေါသကြောင့် နီရဲလာပြီး ဆက်ပြောလိုက်သည်… “လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို ချက်ချင်း ဆက်သွယ်လိုက်… အဲ့ကောင်တွေ ဘာလုပ်နေကြတာလဲ… “
“ဘော့စ်… ဘာများဖြစ်လို့လဲ… “ ဟိုတယ်ရှေ့တွင် ရပ်နေသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က မေးလိုက်သည်။
“ဘာဖြစ်လို့လဲ… ဟုတ်လား…
ထိုစကားကို ကြားပြီး သံမဏိဓားခြင်္သေ့က အသက်ရှူ ရပ်လုနီးပါး ဖြစ်သွား၏။ သူက အော်ပြောလိုက်သည်… “ရီဖုန်းကို သေချာစောင့်ကြည့်နေပါလို့ ပြောထားတယ်လေ… မင်းတို့အားလုံး ဘာလုပ်နေတာလဲ… “
“ဘော့စ်… ငါတို့အခုချိန်ထိ သေချာစောင့်ကြည်နေပါတယ်… ဒါပေမဲ့ ရီဖုန်းက အခုထိ ဟိုတယ်ထဲက ထွက်မလာသေးဘူး… ကျွန်တော့အထင် အဲ့ကောင် ကြောက်နေလောက်ပြီ… “
“မင်းက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေတယ်… ဟုတ်လား… ကဲ မင်း ပြောစမ်း… အခု ငါ ရှေ့မှာ ရပ်နေတာ ဘယ်သူလဲ… “ သံမဏိဓားခြင်္သေ့က ဓာတ်ပုံတစ်ခုကို ပို့ပေးပြီး အေးစက်စွာ မေးလိုက်သည်။
“မဖြစ်နိုင်တာ… ကျွန်တော်တို့ သေချာစောင့်ကြည့်နေတာပါ… သူ တစ်ခါမှ ဟိုတယ်ထဲက ထွက်လာတာ မတွေ့ဘူး… “ လုပ်ကြံသတ်ဖြတ်သူက ရှီဖုန်းကို မြင်ပြီး မှင်သက်နေသည်။
“မင်းတို့ကောင်တွေက တော်တော်အသုံးမကျတဲ့ကောင်တွေပဲ… လူတစ်ယောက်တည်းကိုတောင် မထိန်းနိုင်ဘူး… သိုင်းအဖွဲ့ကနေ အခုချက်ချင်း ထွက်… ငါ မင်းတို့ကို ထပ်မမြင်ချင်ဘူး… “
သံမဏိဓားခြင်္သေ့၏ စိတ်ထဲတွင် ဒေါသက အလိပ်လိုက် တက်လာသည်။ ထို့နောက် သူက ရှီဖုန်းကို ရှိရာသို့ လှည့်ကြည့်ပြီး သူ့လက်အောက်ငယ်သားတစ်ယောက်ကို ပြောလိုက်သည်… “ငါတို့ လူတွေကို ခေါ်လိုက်… များနိုင်သမျှ များများ ရအောင်ခေါ်… သူတို့ မြေအောက်ခန်းက ထွက်လာတာနဲ့ အဲ့ကောင်ကို သေအောင် သတ်မယ်… “
“ဘော့စ်သံမဏိဓား… ဒါက မကောင်းဘူးထင်တယ်… ဘယ်လိုပဲဖြစ်ဖြစ် သူက ဂျမ်းတဲလ်စနိုးနဲ့ သိနေတယ်… ကျွန်တော်တို့က အိုရိုဘိုရို့စ်နဲ့ အဆင်မပြေရင် ကျွန်တော်တို့အစည်းအရုံးရဲ့ အနာဂါတ်ကို ထိခိုက်လာစေနိုင်တယ်… “ ဘုန်းတော်ကြီးက ပြောလိုက်သည်။
“ငါတို့က ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေကြရတာ… အခု တစ်ယောက်ယောက်က ငါတို့ရဲ့ ဂုဏ်သိက္ခာကို နင်းခြေနေပြီ… အဲ့တော့ ငါတို့က ဘယ်သူ့ကို ဂရုစိုက်ရဦးမှာလဲ… “
သံမဏိဓားခြင်္သေ့က အထင်သေးသည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်… “ဂျမ်းတဲလ်စနိုးဖြစ်နေတော့ရော ဘာဖြစ်လဲ… သူက သူ့အဖေဖြစ်တဲ့ ငါနဲ့ မတွေ့သေးလို့ပါ… သူကသာ လိမ္မာပါးနပ်ရင် ငါကို သူ့ကို မျက်နှာသာပေးနိုင်တယ်… ဒါပေမဲ့ သူက အလိုက်ကန်းဆိုး မသိရင် ဂျမ်းတဲလ်စနိုးဖြစ်နေလဲ အဆင့် သုညထိရောက်အောင် လုပ်ပစ်မယ်… “
“ဘော့စ် မှန်တယ်… နတ်ဘုရားနယ်မြေက အခုမှ အစပဲ ရှိသေးတာ… သိုင်းကမ္ဘာကို ကစားလာတဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာက ဘယ်လောက်တောင် ကြီးမားခဲ့သလဲ… အခု ကျွန်တော်တို့က နတ်ဘုရားနယ်မြေမှာလည်း အဲ့လို ကျော်ကြားအောင် လုပ်ရမယ်… ကျွန်တော်တို့က ဘာလို့ ကြောက်နေရမှာလဲ… “
ထိုကစားသမားများက သံမဏိဓားခြင်္သေ့၏ စကားကို ထောက်ခံလိုက်ကြသည်။
သူတို့၏ အမြင်တွင် ပုံရိပ်ယောင်ဂိမ်းများ ကစားသည့်အခါ ကစားသမားများက ရက်စက်ကြမ်းကြုတ်သင့်သည်။ ဝူရှဂိမ်းများနှင့်ယှဉ်လျှင် နတ်ဘုရားနယ်မြေက ကစားသမားပိုများရုံသာ ရှိ၏။ ထို့အပြင် နတ်ဘုရားနယ်မြေ၌ နေ့တိုင်း လုပ်ဆောင်ရသည့် ပြဿနာများစွာက ရှိနေသည်။ ထို့ကြောင့် သေးသေးမွှားမွှား ကိစ္စလောက်ဖြင့် သူတို့က တခြားသူများကို ဂရုစိုက်နေစရာ မလိုပေ။ သူတို့က ထိုပထမတန်းစား အစည်းအရုံးများကို အရှုံးပေးသည်အထိ သတ်ပစ်လိုက်လျှင် ကိစ္စအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ယခင်က သူတို့ ကစားခဲ့သည် ဝူရှဂိမ်းကဲ့သို့ အောင်မြင်ရန်အတွက် နတ်ဘုရားနယ်မြေတွင်လည်း ရက်စက်ပြရန် လိုအပ်ပေသည်။
မကြာသေးခင်ကမှ အစည်းအရုံးအတွင်းသို့ ဝင်လာသည့် ဘုန်းတော်ကြီးတစ်ယောက်သာ ခေါင်းကို ရမ်းပြီး သက်ပြင်းချလိုက်သည်။
‘ဒီလူတွေက အရူးတွေပဲ… ‘
ရှီဖုန်းက သိုင်းအဖွဲ့၏ လှုပ်ရှားမှုများကို သတိမပြုမိပေ။ သူက ဂျမ်းတဲလ်စနိုးနှင့် ပူးပေါင်းမည့်ကိစ္စကိုသာ ဆွေးနွေးနေလေသည်။
“မြေအောက်ခန်းက ရတဲ့ အိုင်တမ်တွေကို ကစားသူအမျိုးအစားအတိုင်းပဲ ခွဲဝေယူကြတာပေါ့… နှစ်ဖက်စလုံးက အိုင်တမ်တစ်ခုထဲသို့ လိုတဲ့အခါ အဲ့အိုင်တမ်အတွက် ကြတာပေါ့… ဘယ်လိုလဲ… “
“ချပ်ဝတ်တန်ဆာတွေအတွက်ကတော့ ဘာမှပြဿနာ မရှိဘူး … ဒါပေမဲ့ ဘဝစတိုင်ကစားသမားအတွက် လုပ်နည်းတွေနဲ့ ပစ္စည်းတွေကို ငါ လိုချင်တယ်… “
ရှီဖုန်းက ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာ အဆင့်မြင့်ဓားသွေးကျောက်လုပ်နည်းအတွက် ဖြစ်သည်။ ချပ်ဝတ်တန်ဆာများကို သူက အရေးပင် မစိုက်ချေ။
“နင်… ဒီမြေအောက်ခန်းကို ဝင်ဖို့ ခေါ်တာ ငါတို့ဆိုတာလည်း မမေ့နဲ့ဦး… ပြီးတော့ ဘဝစတိုင်ကစားသမားတွေအတွက် လုပ်နည်းက ဘယ်လောက်တောင် အဖိုးတန်လဲ နင် သိတယ်… “ ရှီဖုန်း၏ စကားကို ကြားပြီး ကျောက်ယွဲ့ရူက ဒေါသထွက်သွားပြီး ကြိမ်းကြုတ်သည့် ကျားမလေးတစ်ကောင်ကဲ့သို့ ပြောလာသည်။
ဂျမ်းတဲလ်စနိုး၏ အသင်းအဖွဲ့မှ တခြားအဖွဲ့ဝင်များသည်လည်း သူတို့ဘက်က အလွန်နစ်နာသည်ဟု ခံစားရသည်။ အကြောင်းရင်းမှာ ရှီဖုန်းနှင့် သူ့အဖွဲ့က အစည်းအရုံးများအတွင်းသို့ မဝင်ရသေးသည့် ကစားသမားများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ချပ်ဝတ်တန်ဆာများကို ခွဲဝေပေးခြင်းကပင် ရှီဖုန်းတို့အား အလွန်များသော အကျိုးအမြတ်များ ပေးလိုက်သည်ဟု ထင်နေကြသည်။ ယခုလည်း ရှီဖုန်းက သူတို့ဆီမှ အကျိုးအမြတ်များ ထပ်လိုချင်နေလေသည်။
“အစ်ကိုဖုန်း… အစ်ကို့ရဲ့ တောင်းဆိုမှုက နည်းနည်းများနေသလိုပဲ… အဖွဲ့ထဲမှာ ငါတို့ရဲ့ ချပ်ဝတ်တန်ဆာက သူတို့ထက် နည်းနည်းလေး နိမ့်ကျနေတယ်… ဒါ့ကြောင့် အစ်ကို့ရဲ့တောင်းဆိုမှုကို နည်းနည်းလောက် ပြောင်းလိုက်ပါလား… “ ဘလက်ကီက အကြံပေးလိုက်သည်။
ဘလက်ကီတို့ ဝတ်ထားသည့် ချပ်ဝတ်တန်ဆာများက အလွန်ကောင်းသော်လည်း တစ်ဖက်မှလူများ၏ အစုံတန်ဆာနှင့်ယှဉ်လျှင် ခြေလှမ်းတစ်လှမ်းစာလောက် နောက်ကျနေသေး၏။ ချပ်ဝတ်တန်ဆာများကို ခွဲဝေရရှိခြင်းကပင် သူတို့အတွက် အလွန်ကောင်းသည့် အခြေအနေဖြစ်သည်။ ဘဝစတိုင်ကစားသမားများအတွက် လုပ်နည်းအညွှန်းများကတော့ မည်သူမှ ပေးချင်လိမ့်မည် မဟုတ်ပေ။
ရှင်းရှင်းလင်းလင်း ပြောရလျှင် သူတို့က မပူးပေါင်းလျှင်တောင်မှ ဂျမ်းတဲလ်စနိုး၏ အသင်းအဖွဲ့က အမှောင်လသင်္ချိုင်းကို ရှင်းနိုင်မည့်ဟန် ရှိသည်။
ရှီဖုန်းက ခေါင်းကို ခါယမ်းလိုက်သည်။ သူကက တခြားလုပ်နည်းအညွှန်းများကို မလိုချင်ပေ။ သို့သော်လည်း သူက အဆင့်မြင့် ဓားသွေးကျောက်လုပ်နည်းကိုတော့ နည်းနည်းလေးမှ မစွန့်လွှတ်နိုင်ပေ။ သူက တခြားသူများ၏ စိတ်ဝင်စားမှုကို ရှောင်ရန်အတွက် မည်သည့်ထူးခြားမှုကိုမှ မပြောပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသင်းအဖွဲ့မြေအောက်ခန်းကို မသိမ်းပိုက်နိုင်ခင်အထိ ဂိမ်း၏ တရားဝင်ဝက်ဆိုဒ်မှ မြေအောက်ခန်းသည့် ပတ်သတ်သည့် မည်သည့်အချက်အလက်ကိုမှ မဖော်ပြပေ။
လူနှစ်ဆယ် မြေအောက်ခန်းက ၃ရက်တွင် တစ်ကြိမ် ပြန်လည်သစ်လွင်စေသည်။ အနီးအနားတွင်လည်း အသင်းအဖွဲ့မြေအောက်ခန်းများ များစွာ ရှိပြီး မြေအောက်ခန်းတစ်ခုချင်းစီတိုင်းက အလွန်တန်ဖိုးရှိ၏။ ရှီဖုန်းက အဆင့်မြင့်ဓားသွေးကျောက်လုပ်နည်းကို အရင်ရလေ သူက တခြားကစားသမားများထက် ပိုပြီး အကျိုးအမြတ်ရလေ ဖြစ်သည်။ အစွန်အဖျားတွင် ရပ်နေရသည့် သူတို့အလုပ်ရုံအတွက်နှင့် တခြားအကြောင်းရင်းများစွာကြောင့် သူက အဆင့်မြင့်ဓားသွေးကျောက်လုပ်နည်းကို လက်လွှတ်မခံနိုင်ပေ။
အေးစက်သော အမူအရာနှင့် ဂျမ်းတဲလ်စနိုးက ရှီဖုန်းကို ကြည့်ပြီး ပြောလိုက်သည်… “ဘဝစတိုင်ကစားသမားတွေအတွက် လုပ်နည်းအညွှန်းက ငါတို့ အစည်းအရုံးအတွက် အရမ်းအရေးကြီးတယ်… ဒါ့ကြောင့် နင့်ရဲ့ တောင်းဆိုမှုကို ငါ လက်မခံပေးနိုင်ဘူး… “