ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 981 အစည်းအရုံးများကြားရှိကွာဟချက်
“ရေနက်ကော်ပိုရေးရှင်းက ထင်တဲ့အတိုင်းပဲ၊ နတ်ဘုရားနယ်မြေပေါ်တဲ့အချိန်မှာ အာရုံစူးစိုက်မှု နည်းခဲ့တယ်ဆိုပေမဲ့ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေအများကြီး ရှိနေပြီပဲ”
ရှီဖုန်းက မှတ်ချက်ချလိုက်၏။
ရှီဖုန်း၏ မှတ်ချက်ကြောင့် ဂျမ်းတဲလ်စနိုးသည်လည်း သူ၏ အကြည့်နောက်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည့်အရာကြောင့် ပိုတောင်အံ့သြသွား၏။
မြစ်ဖြူမြို့သည် ကြယ်လမြို့ထက်တောင် ပိုမိုကြွယ်ဝပေ၏။ အထက်တန်းလွှာ ခရိုင်ထဲတွင်တောင် သူမက အလုပ်ကိစ္စဖြင့် သွားလာနေကြသည့် ကစားသမားများစွာကို တွေ့နိုင်ပေ၏။ သူမအမြင်မှ ကစားသမားများလုပ်နေတာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ မြန်မြန်ဆန်ဆန်ပင် ကစားသမားများစွာက သူမ၏ အာရုံစိုက်မှုကို ရသွားတော့၏။ ထိုကစားသမားများက သူတို့အချင်းချင်း ပြောဆိုဆွေးနွေးနေသည်ဟု ထင်ရသော်ငြား ရံဖန်ရံခါတွင် သူမနှင့် ရှီဖုန်းတို့ ယူထားသည့်အခန်းကို လှည့်ကြည့်လာကြသည်။ အဆင့်နိမ့်ကစားသမားများ မရှိပေ။ သူတို့ထဲတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၃၈) ဖြစ်ပြီး ကျန်သည့်သူများက အဆင့် (၃၉) ဖြစ်သည်။ ထိုကျွမ်းကျင်သူများကြားထဲ၌ အချို့က သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားကြ၏။ ထို့ကြောင့် ထိုလူများ မည်မျှခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း သူမ ခံစားမိသည်။
အဆောက်အဦးထဲမှ သူမ ထွက်သွားခဲ့လျှင် ပြောရန်မလို မြစ်ဖြူမြို့ထဲမှာ သူမ အသက်ရှင်လျှက် ထွက်သွားနိုင်တော့မှာ မဟုတ်ချေ။
ရေနက်ကော်ပိုရေးရှင်းသည် ပထမဆုံးချုံခိုတိုက်ခိုက်မှုအတွက် များစွာမပြင်ဆင်ထားခဲ့ပေ။ ရှီဖုန်း၏ တည်ရှိမှုကလည်း မထင်ထားသည့်အရာ ဖြစ်သည်။ သို့သော် ကော်ပိုရေးရှင်းသည် ယခုအချိန်မှစကာ ပြင်ဆင်ထားပေလိမ့်မည်။
“စိတ်အေးအေးထား၊ မင်းဒီမှာရှိနေသရွေ့ သူတို့မင်းကို မထိနိုင်ဘူး၊ မင်းရဲ့ အားနည်းတဲ့အခြေအနေကနေ ပြန်ကောင်းအထိ ဒီနေရာမှာနေနေရင် သူတို့နောက်ဆုံး၌ လက်လျှော့ပြီးထွက်သွားလိမ့်မယ်”
ရှီဖုန်းသည် ဂျမ်းတဲလ်စနိုးကို အာမခံလိုက်၏။ ဤနေရာသို့လာသည့်လမ်းတွင် သူက လျှို့ဝှက်မျှော်စင်ကနေ အုရိုဘိုရိုနှင့် သက်ဆိုင်သည့် နောက်ဆုံးအချက်အလက်များကို ဝယ်ယူခဲ့ပြီ ဖြစ်သည်။ ဝယ်ယူစရိတ်က သူ့ကို အနည်းငယ်ကုန်ကျစေသော်ငြား သတင်းကောင်းရော သတင်းဆိုးပါ နှစ်ခုစလုံးရလိုက်၏။
ရေနက်ကော်ပိုရေးရှင်းသည် ယခုအချိန်၌ နတ်ဘုရားနယ်မြေကို အာရုံစိုက်နေကြောင်း သူသိလိုက်ရသည်။ အမှန်တကယ်တွင် အုရိုဘိုရိုကို ထောက်ပံ့ပေးနေသည့်ကုမ္မဏီများကို ဖြေရှင်းပြီးဖြစ်နေသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ယခုဆို ရေနက်က အုရိုဘိုရိုကို ပိုင်နေပြီဖြစ်၏။ တရားဝင် မကြေညာသေးတာပဲ ဖြစ်သည်။ သတင်းကောင်းက သူသည် နောက်ဆုံးတော့ ဂျမ်းတဲလ်စနိုးကို ခေါ်နိုင်ပြီဖြစ်သည်။ သို့သော် ရေနက်ကော်ပိုရေးရှင်းက အသေးအမွှားမဟုတ်ပေ။ အမျိုးမျိုးသောနိုင်ငံတကာကော်ပိုရေးရှင်းများကြားတွင် ရေနက်က အတော်လေးလွှမ်းမိုးနိုင်စွမ်း ရှိပေ၏။ ထို့အပြင် ကော်ပိုရေးရှင်းက နတ်ဘုရားနယ်မြေကဲ့သို့ဂိမ်းအတွက် ယှဥ်လျှင် တိုက်ခိုက်ရေးကျွမ်းကျင်သူများက နတ်ဘုရားနယ်မြေထဲသို့ စတင်ဝင်ရောက်သည့်အချိန်၌ ပိုမြင့်မားသည့် စတင်မှတ်ရှိသည်။ နတ်ဘုရားနယ်မြေ၏ စူပါလူသားတိုက်ပွဲဝင်စနစ်နှင့် ရင်းနှီးမှုချို့တဲ့ခြင်းကသာလျှင် သူတို့ကိုထိန်းထားနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ သို့သော် သူတို့သည် တိုက်ပွဲဝင်ပုံစံနှင့် တရင်းတနှီး ဖြစ်သွားခဲ့လျှင် နတ်ဘုရားနယ်မြေထဲတွင် သူတို့အပြင်လောက၌ သင်ယူခဲ့သည့် တိုက်ပွဲဝင်နည်းစနစ်များဖြင့် နတ်ဘုရားနယ်မြေထဲတွင် မြန်မြန်ဆန်ဆန်ပင် ကျွမ်းကျင်သူများ ဖြစ်လာပေမည်။
ရေနက်ကော်ပိုရေးရှင်းက တိုက်ခိုက်ရေးကျွမ်းကျင်သူများကို ပြုစုပျိုးထောင်အတွက် ပြီးပြည့်စုံသောစနစ်တစ်ခု ရှိသည်။ ထို့အပြင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ကမ္ဘာအနှံ၌ အမျိုးမျိုးသောဒိုဂျိုများ ရှိလာခဲ့သည်။ အချိန်လုံလုံလောက်လောက်ပေးခဲ့လျှင် စူပါအစည်းအရုံးများတောင် ရေနက်ကော်ပိုရေးရှင်းကို ယှဥ်နိုင်တော့မှာ မဟုတ်ပေ။
အတိတ်တုန်းက စိတ်လေဟာနယ်စနစ်ဖော်ဆောင်ပြီး မကြာမီ၌ ရေနက်ကော်ပိုရေးရှင်းသည် နတ်ဘုရားနယ်မြေထဲ အားသုံးပြီးဝင်ရောက်ခဲ့၏။
ရေနက်သည် လူတိုင်းထက်နောက်ကျပြီးမှ စတင်ခဲ့သော်ငြား ၎င်း၏ ကိုယ်ပိုင်အစည်းအရုံးကို စူပါအစည်းအရုံးအဖြစ် မြှင့်တင်နိုင်ခဲ့သည့် ပထမဆုံးကော်ပိုရေးရှင်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖွင့်ဟခြင်းရင်းမြစ်ကဲ့သို့ ကော်ပိုရေးရှင်းများသည် စူပါအစည်းအရုံးများနှင့် စူပါပထမတန်းအစည်းအရုံးများထဲတွင်သာ ရင်းနှီးမြှုပ်နှံပြီး နတ်ဘုရားနယ်မြေထဲတွင် သူတို့ကိုသူတို့ တည်ဆောက်ခဲ့၏။ ကိုယ်ပိုင်ကျွမ်းကျင်သူများတည်ဆောက်ရန်က အလွန်ခက်ခဲပြီး ထိပ်သီးကျွမ်းကျင်သူများဆို ပိုခက်ခဲ့၏။ သူတို့ ပြုစုပျိုးထောင်ချိန်တွင် သူတို့၏ ယှဥ်ပြိုင်မှုက သူတို့ကို နောက်တွင်ကျန်ရစ်စေမှာပဲ ဖြစ်၏။
ရေနက်သည် နတ်ဘုရားနယ်မြေထဲ ဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက်နေသည့်အချိန်၌ ဂိမ်းက ဆယ်နှစ်ကျော်လည်ပတ်နေခဲ့ပြီ ဖြစ်သည်။ ဆိုရလျှင် တိုက်ခိုက်ရေးပြိုင်ပွဲများကြားထဲ၌ ဤဂိမ်း ထိုမျှနာမည်ကြီးလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ယင်းက ခေတ်သစ်တစ်ခုကို ဦးတည်နေတာပဲ ဖြစ်၏။ အမှန်တကယ်တွင် နတ်ဘုရားနယ်မြေက တိုက်ခိုက်ရေးလောကကိုသာ သက်ရောက်စေတာမဟုတ်ပေ။ ကျန်သည့်လောကများကိုလည်း သက်ရောက်စေ၏။ နတ်ဘုရားနယ်မြေသည် လူတိုင်း၏ဘဝတွင် အစားထိုးမရနိုင်သည့်အရာ ဖြစ်လာခဲ့သည်။ သူသာ လွန်ခဲ့သည့်နှစ်ရာချီက လူသားမျိုးနွယ်စုကို အင်တာနက်စနစ်နှင့် မိတ်ဆက်ပေးခြင်းနှင့် ဆင်တူပေသည်။ နတ်ဘုရားနယ်မြေ၏ အကျိုးအမြတ်များအကြောင်းသင်ယူပြီးနောက် လူတိုင်းသည် ယင်းအရာမရှိဘဲ မနေနိုင်ကြတော့ပေ။
သက်ရောက်ခံရသည့်နယ်ပယ်များကြားထဲတွင် တိုက်ခိုက်ရေးလောကက အပြင်းထန်ဆုံး ဖြစ်၏။ ရေနက်ကော်ပိုရေးရှင်းသည် နတ်ဘုရားနယ်မြေထဲတွင် အာရုံစိုက်မှုတရားဝင်စတင်သည့်အချိန်၌ ယင်းက သိသိသာသာအားနည်းခဲ့သည်။ ၎င်း၏ အမြင့်ဆုံးကာလအတွင်းရှိသည့် တစ်ဝက်ခန့်တောင် မရောက်ခဲ့ပေ။ ထိုသို့တိုင် ဆယ်စုနှစ်တစ်စုကြာပြီးနောက် နတ်ဘုရားနယ်မြေကို အုပ်စိုးနိုင်ခဲ့သည်။
လက်ရှိတွင် ရေနက်က အမြင့်ဆုံးအခြေအနေ၌ ရှိနေသေး၏။ ထိုသို့တိုင် နတ်ဘုရားနယ်မြေကို မျက်စိကျနေဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဘဏ္ဍာရေးရင်းမြစ်ဖြင့် ကျွမ်းကျင်သူများစွာရှိနေရာ ကော်ပိုရေးရှင်းသည် ကြယ်လတိုင်းပြည်၏ ဇီးရိုးဝင်းအတွက် သဘာဝကပ်ဘေးတစ်ခု ဖြစ်လာပေမည်။ ဇီးရိုးဝင်းက ထိုကပ်ဘေးကို သင့်တင်စွာ မဖြေရှင်းနိုင်ပါက ရေနက်ကော်ပိုရေးရှင်းအတွက် ခြေနင်းကျောက်တုံးတစ်တုံး ဖြစ်သွားပေမည်။
” အုရိုဘိုရိုရဲ့ လက်ရှိအခြေအနေကို ကျုပ်အကြမ်းမျဥ်းနားလည်တယ်၊ ခင်ဗျား ဘာစီစဥ်ထားလဲဆိုတာ မေးလို့ရမလား၊ ကျုပ်ကူညီပေးနိုင်တာ ရှိမလား”
ရှီဖုန်းသည် အတော်လေးစိတ်ဓာတ်ကျနေသည့် ဂျမ်းတဲလ်စနိုးကိုကြည့်ပြီး တိတ်ဆိတ်စွာမေးလိုက်၏။
” ရေနက်က အုရိုဘိုရိုရဲ့ ရှယ်ယာအများစုကို ယူပြီးပြီ၊ ကျွန်မရဲ့ အဖြူရောင်ဂိုဏ်းတောင် အဲ့ဒီအချက်အလက်ကို မပြောင်းလဲနိုင်ဘူး၊ ကျွန်မအခုလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်မ လူတွေများများခေါ်ပြီး အုရိုဘိုရိုကနေထွက်သွားပြီး တခြားနေရာမှာ စတင်ဖို့ပဲ၊ ဇီးရိုးဝင်းက ကျန်တဲ့ကုန်ကြမ်းတွေကိုဝယ်ဖို့ စိတ်ဝင်စားလား၊ ရှင့်ကို (၄၀) ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးနိုင်တယ်”
ဂျမ်းတဲလ်စနိုးက ခါးသပ်စွာပြုံးပြီး ကမ်းလှမ်းလိုက်၏။
“နတ်ဘုရားနယ်မြေထဲမှာ ကျွန်မရောင်းချင်တဲ့ မြေအချို့လည်း ရှိသေးတယ်၊ ဇီးရိုးဝင်းက ဒီလောက်အများကြီး တစ်ပြိုင်နက်ထဲ ဝယ်နိုင်ပါမလား မသိဘူး”
သူမသည် ကြယ်လတိုင်းပြည်၏ နောက်ထပ်မြို့တစ်မြို့တွင် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ရည်ရွယ်နေသေးဆဲ ဖြစ်သည်။ ဆိုရလျှင် ကြယ်လတိုင်းပြည်၏ အခြေအနေကို သူမ နားလည်၏။ သို့သော် ရေနက်ကော်ပိုရေးရှင်း၏ ခွန်အားကို မြင်တွေ့ပြီးနောက် အုရိုဘိုရိုမှထွက်ခွာပြီးသည်နှင့် သူမသည် ဤတိုင်းပြည်ထဲတွင်ကျန်ရစ်ပါက သူမ၏ ကံကြမ္မာက အဆုံးသတ်သွားပေလိမ့်မည်။ တစ်ခုတည်းသောရွေးချယ်စရာက ဤနေရာနှင့် ဝေးကွာသည့်တစ်နေရာ၌ ပြန်လည်စတင်ရန် ဖြစ်သည်။ ကြယ်လမြို့အတွင်းရှိ သူမပိုင်ဆိုင်သည့် မြေနေရာများနှင့် ဈေးဆိုင်နေရာများအတွက်မူ သူတို့ကို ထားနေစရာအကြောင်း မရှိတော့ပေ။ ထိုမြေများ အဆင့်မရှိဖြစ်လာသည်ကို ရေနက်ကော်ပိုရေးရှင်းက မြင်ရပေလိမ့်မည်။ ထို့ကြောင့် သူမ နေရာရွှေ့ပြောင်းရန် ဘဏ္ဍာငွေကြေးရှာရန်အတွက် ရောင်းချကောင်းရောင်းချနိုင်ပေသည်။
” ဘယ်မြေကို ရောင်းဖို့ကြိုးစားနေတာလဲ”
ရှီဖုန်းက မမေးဘဲ မနေနိုင်တော့ချေ။
အဓိကမြို့၏ အလားအလာမြင့်မားသော မြေနေရာဆိုပါက သူတို့သည် နေ့စဥ်နှင့်အမျှ တန်ဖိုးပိုရှိလာပေလိမ့်မည်။ သူတို့ကိုဝယ်ယူခဲ့လျှင် သူသေချာပေါက် အမြတ်ထွက်မှာပင်။
“ကျွန်မပိုင်ဆိုင်တဲ့ မြေအများစုက ကြယ်လတိုင်းပြည်ရဲ့ ထိပ်တန်းမြို့ ဆယ်မြို့ထဲမှာ၊ စုစုပေါင်း မြေနေရာဆယ့်တစ်ခုရှိတယ်၊ နဂါးနက်အင်ပါယာထဲမှာ သုံးနေရာ၊ ခရမ်းစုတိုင်းပြည်ထဲမှာ နှစ်နေရာ ရှိတယ်”
ဂျမ်းတဲလ်စနိုးက ပြောပြီး ရှီဖုန်းအား စာရင်းပြလိုက်သည်။
” ဒီမှာ မြို့ရဲ့မြေနေရာတွေနဲ့ တည်နေရာတွေကို မှတ်သားထားပြီး ဈေးတွေလည်းမှတ်ထားတယ်”
ရှီဖုန်းသည် စာရင်းကို တစ်ချက်ကြည့်ပြီးနောက် စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
ဇီးရိုးဝင်းသည် ပထမတန်းအစည်းအရုံးတစ်ခုနှင့် မယှဥ်နိုင်ပေ။ ဂျမ်းတဲလ်စနိုး၏ အမည်အောက်တွင်ရှိသော မြေနေရာတစ်ခုထဲက အုရိုဘိုရိုထိန်းချုပ်ထားသည့် မြေနေရာမှန်း မှန်းဆနိုင်ပေ၏။ တစ်ဖက်တွင်မူ ယခုအချိန်၌ ငွေကြေးများစွာရှိသော်ငြား ဇီးရိုးဝင်းသည် အဓိကမြို့များ၌ မြေနေရာများဝယ်ယူရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သူသည် စူပါအစည်းအရုံးများမှ မြေနေရာများကို ဝယ်ယူရန်အတွက် သူတော်စင်မြို့ဝင်ခွင့်ကို အသုံးပြုရန်တောင် ဖိအားပေးခံနေရသည်။
လက်ရှိဈေးကွက်တန်ဖိုးအရ နှင်းနတ်ဘုရားမ၏ စာရင်းအတွင်းရှိ ဈေးအပေါဆုံးမြေက ရွှေပြားသုံးထောင်သုံးထောင်ဝန်းကျင်ရှိပြီး ဈေးအကြီးဆုံးက ရွှေပြားရှစ်ထောင်ရှိသည်။ ထိုမြေနေရာများသည် မူလရောင်းဈေးထက် နှစ်ဆဖြစ်သွားတာ အတော်ကြာပြီဖြစ်၏။ ရှီဖုန်းခေါ်ထားသည့်ဈေးအရ သူသည် မြေနေရာဆယ့်ခြောက်နေရာလုံးကို ဝယ်ယူနိုင်ရန် ရွှေပြားရှစ်သောင်း လိုအပ်ပေမည်။ ဇီးရိုးဝင်းတောင် ထိုမျှများပြားသည့်ပိုက်ဆံ မထုတ်နိုင်ချေ။ ထို့အပြင် ဈေးက တန်လွန်း၏။ ထိုမြေနေရာများကို ကျန်သည့်သူများသာ ရောင်ချလျှင် သူက ရွှေပြားနှစ်သောင်း၊ သုံးသောင်း ထက်ပေရသည်။ ထိုသို့တိုင် ထိုမြေနေရာများကို ဝယ်ယူရန်အတွက် ကျန်သည့်သူများနှင့် တိုက်ခိုက်ရပေမည်။