ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 983 ဂျမ်းတဲလ်စနိုး၏ တောင်းဆိုချက်
” အစည်းအရုံးခေါင်းဆောင်စနိုး၊ ပူပန်စရာရှိရင် လွတ်လွတ်လပ်လပ်ပြောပါ”
ရှီဖုန်းက ပြောပြီး ရယ်မောလိုက်၏။
အုရိုဘိုရို၏ လက်ရွေးစင်များနှင့် ကျွမ်းကျင်ကစားသမားများစွာသည် ဂျမ်းတဲလ်စနိုးနောက် လိုက်ခဲ့ကြသည်။ သူသာ သူတို့အားလုံးကို ခေါ်နိုင်မည်ဆိုလျှင် ဇီးရိုးဝင်း၏ အလုံးစုံခွန်အားကို အတိုင်းအတာတစ်ခုထိ မြှင့်တင်နိုင်ပေမည်။ ဇီးရိုးဝင်း၏ အဖွဲ့ဝင်အရေအတွက်က ပထမတန်းအစည်းအရုံးများနှင့် မယှဥ်နိုင်သေးသော်ငြား ၎င်း၏ ယှဥ်ပြိုင်မှုထက် လက်ရွေးစင်များ ပိုများနေပေသည်။ ဂျမ်းတဲလ်စနိုး၏ အလားအလာကို ထိုအကြောင်းအရင်းကြောင့်လည်း တွေးထားမိတာဖြစ်၏။
သူသာ ဂျမ်းတဲလ်စနိုးကို လျှို့ဝှက်မျှော်စင်၏ တုပခြင်းလေ့ကျင့်ရေးစနစ်အား ဝင်ရောက်ခွင့်ပေးခဲ့လျှင် သူမ၏ ပါရမီနှင့် သူ၏ ကျန်သည့်လေ့ကျင့်ရေးအရင်းအမြစ်များဖြင့် သူမအဖို့ စစ်မှန်သောထိပ်သီးကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် ကြာညောင်းမှာမဟုတ်ပေ။ သူမ သူ့ကို ကျော်တက်သွားဖို့က သိပ်မကြာလောက်ပေသည်။
မည်သည့်အစည်းအရုံးကများ ထိုကဲ့သို့ ကျွမ်းကျင်သူကို မလိုချင်ဘဲ ရှိမည်နည်း။ ထို့အပြင် ဂျမ်းတဲလ်စနိုးသည် စီမံခန့်ခွဲမှုအတွေ့အကြုံချို့တဲ့သည့် မီးလျှံကကြိုးနှင့် ခရမ်းတိမ်တို့နှင့် မတူပေ။
စီမံခန့်ခွဲမှုအရည်အချင်းအရာတွင် ရေနှင်းဆီတစ်ဦးထဲသာလျှင် ဂျမ်းတဲလ်စနိုးနှင့် ယှဥ်ပြိုင်ကောင်းယှဥ်ပြိုင်နိုင်ပေသည်။ ဇီးရိုးဝင်းကိုမဝင်ခင် ရေနှင်းဆီက ဆည်းဆာပဲ့တင်သံတွင် သူမ၏ ကိုယ်ပိုင်လက်အောက်ငယ်သားများကို စီမံခန့်ခွဲခဲ့သည်။ ဂျမ်းတဲလ်စနိုးကမူ အုရိုဘိုရိုကို စီမံခန့်ခွဲခဲ့တာ ဖြစ်၏။ ထို့အပြင် သူမ၏ ယခင်အစည်းအရုံးက ဆက်တိုက်တိုးတက်လာ၏။ အစည်းအရုံးသည် ကြယ်တာရာမဟာမိတ်ကို ကျော်တက်မည့်လက္ခာဏာတောင် ပြခဲ့သေးသည်။
ဂျမ်းတဲလ်စနိုးက တောင်းဆိုချက် သုံးလေးခုပြောခဲ့လျှင်တောင် ရှီဖုန်းက သဘောတူလောက်ပေ၏။
အစည်းအရုံးတစ်ခုအဖို့ အလွှာခြောက်နတ်ဘုရားအဆင့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ချေရှိသည့် ကျွမ်းကျင်သူတစ်ဦး မည်မျှတန်ဖိုးရှိကြောင်း ရှီဖုန်းသာ အတိအကျသိပေသည်။
“နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နောက်မှာ အုရိုဘိုရိုက ကိုယ်ပိုင်ပြီးပြည့်စုံတဲ့ လေ့ကျင့်ရေးစနစ်တစ်ခု ဖွဲ့စည်းနိုင်ခဲ့တယ်၊ ဒါကြောင့် အုရိုဘိုရိုက ပထမတန်းအစည်းအရုံးတွေကြားထဲမှာ ထိပ်နားရောက်တာတော့ တခြားအစည်းအရုံးတွေနဲ့မတူပဲ ကျွန်မတို့တွေက လူသစ်စုဆောင်းစရာ ဒါမှမဟုတ် ကစားသမားတွေကိုခေါ်ဖို့မလိုပဲ ကျွမ်းကျင်သူတွေ မွေးထုတ်ပေးနိုင်တယ်၊ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ လေ့ကျင့်ရေးစနစ်က ကျွန်မတို့အဖြူရောင်မျိုးနွယ် လုပ်ငန်းစုအတွက် ကုန်ကျစရိတ်များလွန်းတယ်၊ နတ်ဘုရားသတ်ဖြတ်ခြင်းတပ်ဖွဲ့ကို ကျွန်မနဲ့အတူ ခေါ်လာနိုင်ပေမဲ့ လေ့ကျင့်ရေးစင်တာကို ယူမလာနိုင်ဘူး၊ အဖြူရောင်မျိုးနွယ်လုပ်ငန်းစုက လေ့ကျင့်ရေးစင်တာရဲ့ ရှယ်ယာ (၄၀) ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်တာ၊ တခြားကုမ္ပဏီတွေက ကျန်တဲ့ (၆၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်တာ”
” ကျွန်မက ဇီးရိုးဝင်းကို လေ့ကျင့်ရေးစင်တာ ဝယ်စေချင်တယ်”
ဂျမ်းတဲလ်စနိုး၏ တောင်းဆိုချက်က ရှီဖုန်းကို အံ့သြမှင်သက်သွားစေသည်။ နတ်ဘုရားနယ်မြေထဲတွင် အစည်းအရုံးတိုင်းအတွက် ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာ တည်ဆောက်ခြင်းက အကြီးဆုံးကိစ္စရပ် ဖြစ်ပေ၏။ ထို့ကြောင့် ဒုတိယတန်းအစည်းအရုံးများသည် ပထမတန်းအစည်းအရုံးများနှင့် မယှဥ်နိုင်တာပဲ ဖြစ်သည်။
ကျွမ်းကျင်သူလေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ရန် ကုန်ကျစရိတ်ကတင် ကုမ္ပဏီများ ဒုတိယတန်းအစည်းအရုံးများကို ထောက်ပံ့ပေးနိုင်သည်ထက် ပိုများပြားနေပြီ ဖြစ်သည်။ ထို့အပြင် ဒုတိယတန်းအစည်းအရုံးတစ်ခု၌ လေ့ကျင့်ရေးစင်တာနှင့် ပြီးပြည့်သောလေ့ကျင့်ရေးစနစ် တည်ဆောက်ရမည်ဆိုလျှင် အင်မတန်ငွေကုန်ကြေးကျများနေမှာပဲ ဖြစ်သည်။
အစည်းအရုံးတစ်ခုသည် ထိုလေ့ကျင့်ရေးစနစ်ကို ထိန်းသိမ်းထားနိုင်ရန် မလုံလောက်လျှင် မည်သည့်အစည်းအရုံး၊ သို့မဟုတ် မည်သည့်ကုမ္ပဏီများကမှ ငွေကုန်ကြေးကျများမည့်နေရာထဲတွင် ရင်းနှီးမြှုပ်နှံရန် ရူးကြမှာမဟုတ်ပေ။
ရှီဖုန်း၌ ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာ စဥ်းစားထားပြီးသား ရှိသည်။ ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာက သူ၏ လိုအပ်ချက်များကိုပြည့်မီရန် မလုံလောက်ပေ။ လေ့ကျင့်ရေးစင်တာ၌ ရိုးရှင်းသော တုပခြင်း လေ့ကျင့်ရေးစနစ်တစ်ခုတောင် ရှိမနေပေ။ သို့သော် လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ခြင်းက အင်မတန်ဈေးကြီးပေရာ ထိုပြဿနာချို့ယွင်းမှုကို သူက ဖြည်းဖြည်းချင်း ဖြေရှင်းရမှာ ဖြစ်သည်။
ဂျမ်းတဲလ်စနိုးက သူ့ကို အုရိုဘိုရို၏ လေ့ကျင့်ရေးစင်တာဝယ်ယူခိုင်းလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိချေ။ သူစိတ်မကျေနပ်ဟုပြောပါက လိမ်ညာရာသာ ရောက်ပေလိမ့်မည်။
အုရိုဘိုရို၏ လေ့ကျင့်ရေးစင်တာဖြင့် ဇီးရိုးဝင်းသည် နှစ်ပေါင်းများစွာ အားစိုက်ထုတ်မှုကို ချွေတာနိုင်ပေမည်။ ကံဆိုးသည်မှာ ပြဿနာကြီးတစ်ရပ် ရှိနေ၏။ သူ့၌ ပိုက်ဆံလုံလုံလောက်လောက် မရှိပေ။
ရှီဖုန်းသည် အတိတ်တုန်းက ဒုတိယတန်းအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် အရိပ်၏ လေ့ကျင့်ရေးစင်တာ တည်ဆောက်ခြင်းနှင့် တည်ထောင်ခြင်း၌ လူကိုဟ်တိုင်ဝင်ပါခဲ့၏။ အရိပ်သည် ဒုတိယတန်းအစည်းအရုံးအဖြစ် တရားဝင်ကြေညာပြီးမှသာ ထိုသို့ စတင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရေးစင်တာတစ်ခု၏ ကုန်ကျစရိတ်အတွက် ငွေမည်မျှလိုအပ်ကြောင်း သူသိနေပေသည်။ ကျင်းဟိုင်မြို့ထဲရှိ ကုမ္ပဏီများစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့လျှင် အရိပ်၏ လေ့ကျင့်ရေးစင်တာက ဖြစ်ထွန်းလာခဲ့မှာ မဟုတ်ပေ။ ဆိုင်များ စက်ပစ္စည်းများ ကုန်ကျစရိတ်ကလည်း ရှိသေးသည်။ သို့သော် အမျိုးမျိုးသောတုပခြင်းပစ္စည်းများနှင့် သူတို့ကို ထိန်းသိမ်းရန်အတွက် လိုအပ်သောစွမ်းအင်က မတူညီတော့ပေ။ လျှို့ဝှက်မျှော်စင်၏ သုသေသန အသီးအပွင့်ဖြစ်သည့် သူတို့၏ တုပခြင်းလေ့ကျင့်ရေးစနစ်ကို ဥပမာယူနိုင်ပေ၏။ အမြင့်ဆုံးအဆင့်၏ စွမ်းအင်သာလျှင် ထိုကဲ့သို့ စနစ်မျိုးကို စွမ်းအားပေးနိုင်ပေသည်။ နိမ့်ကျသောလေ့ကျင့်ရေးစနစ်၏ နေ့စဥ်ထိန်းသိမ်းမှု ကုန်ကျစရိတ်ကတောင် ကုမ္ပဏီကြီးများစွာကို လျင်မြန်စွာ ဒေဝါလီခံသွားစေနိုင်၏။
ဇီးရိုးဝင်း၏ လက်ရှိဘဏ္ဍာရေးခွန်အားဖြင့် ၎င်း၏ ထိန်းသိမ်းမှုကိုတက်နိုင်ရန် မဖြစ်နိုင်ပေ။ ဝယ်ယူဖို့ဆို ပြောနေရန်မလိုတော့ချေ။
“အစည်းအရုံးခေါင်းဆောင်စနိုး၊ ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်၊ ဇီးရိုးဝင်းက လေ့ကျင့်ရေးစင်တာတစ်ခု လည်ပတ်ဖို့တောင်မတက်နိုင်ဘူး၊ ပြီးပြည့်စုံတဲ့တစ်ခုကို ဝယ်ဖို့ဆို ပြောမနေနဲ့တော့၊ ကျုပ်တို့ဝယ်နိုင်ရင်တောင် တခြားကုမ္ပဏီတွေက ရောင်းပါမလားဆိုတာ သံသယဖြစ်မိတယ်၊ ပြောရရင် ဒါက အုရိုဘိုရိုရဲ့ အုတ်မြစ်ပဲလေ၊ လေ့ကျင့်ရေးစင်တာ တည်ရှိနေသရွေ့ အစည်းအရုံးက ကျွမ်းကျင်သူတွေ ပိုထုတ်နိုင်မှာ”
ရှီဖုန်းကပြောပြီး ပြုံးလိုက်၏။
ဇီးရိုးဝင်းက နတ္ထိအနေအထားဖြင့် စတင်ခဲ့တာပဲ ဖြစ်၏။ မည်သည့်ကုမ္ပဏီများ၏ ထောက်ပံ့မှုမှမရှိ။ အပြင်လောကတွင် ဇီးရိုးဝင်းအလုပ်ရုံက အစည်းအရုံး၏ နေ့စဥ်ဝင်ငွေကိုသာ အားကိုးနေရသည်။ ထို့အပြင် ရှီဖုန်းကလည်း ဂိမ်းထဲရှိ အရင်းအမြစ်များကို ခရက်ဒစ်အဖြစ် သမန်ကာရှန်ကာ မပြောင်းရဲချေ။ အဓိကကုမ္ပဏီကြီးများက နတ်ဘုရားနယ်မြေထဲ နေ့စဥ်နှင့်အမျှ ဝင်ရောက်လာပြီး ယှဥ်ပြိုင်မှုက ပိုပြင်းထန်လာခဲ့သည်။ နတ်ဘုရားနယ်မြေထဲရှိ အရင်းအမြစ်ကလည်း ပိုတန်ဖိုးရှိလာ၏။
ဂိမ်းငွေကြေးများကို ခရက်ဒစ်အဖြစ် ပြောင်းလဲခြင်းက အရူးကွက်တစ်ကွက်သာ ဖြစ်ပေသည်။
“ကျွန်မ အတော်လေး အကျိုးအကြောင်းမသင့်ဘူးဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ အခုက အဲဒါကို ဝယ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ”
ဂျမ်းတဲလ်စနိုးကလည်း လေ့ကျင့်ရေးစင်တာတစ်ခုကိုဝယ်ယူရန် မည်မျှတန်ဖိုးကြီးကြောင်း သတိပြုမိ၏။
” ရေနက်က အုရိုဘိုရိုကို ဝယ်ခဲ့တယ်ဆိုပေမဲ့ အုရိုဘိုရိုရဲ့ လေ့ကျင့်ရေးစင်တာက ကော်ပိုရေးရှင်းနဲ့ မဆိုင်ဘူး၊ လေ့ကျင့်ရေးစင်တာရဲ့ နေ့စဥ်လည်ပတ်မှုက အဲ့ဒီ ကုမ္ပဏီကြီးတွေအပေါ် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်စေတယ်၊ သူတို့တွေက တက်နိုင်သမျှ မြန်မြန်ဖယ်ရှားဖို့ ကြိုးစားကြမှာ၊ ကျွန်မတို့ အခုမဝယ်ဘူးဆိုရင် ကိုယ်ပိုင်ကျွမ်းကျင်သူပျိုးထောင်ချင်တဲ့ နောက်ထပ်ကော်ပိုရေးရှင်းက ဝယ်ယူချင်လိမ့်မယ်”
” ဇီးရိုးဝင်းက ဝယ်မယ်ဆိုရင် တန်ကြေးကို တက်နိုင်သမျှလျော့ပေးဖို့ ကြိုးစားကြည့်ပါမယ်”
” ကျုပ်နားလည်ပြီ၊ ခဏစောင့်ပါ၊ ဒီကိစ္စအတွက် အစည်းအရုံးခေါင်းဆောင်ကို ဆက်သွယ်ရမယ်”
ရှီဖုန်းပြောပြီး အခန်းထဲမှထွက်ရန် ဆင်ခြေတစ်ခုဖြစ်ပေးလိုက်သည်။ ကိုယ်ပိုင်တည်ဆောက်ခြင်းထက် လေ့ကျင့်ရေးစင်တာတစ်ခုဝယ်ယူခြင်းက အဆင်ပြေပေ၏။ သူ ယခုအချိန်တွင်ဝယ်ယူခဲ့လျှင် နောင်၌ ပြဿနာမတက်အောင် ထိန်းထားနိုင်မှာပဲ ဖြစ်သည်။ ဇီးရိုးဝင်းက စွန့်စားစရာမလိုတော့ပေ။ ရှဲဒိုးသည် အတိတ်တုန်းက ကျွမ်းကျင်သူများ ချို့တဲ့ခဲ့၏။ လေ့ကျင့်ရေးစင်တာဖြင့် သူသည် ကျွမ်းကျင်သူများစွာကို လျင်မြန်စွာမွေးထုတ်ပေးနိုင်မည်ဖြစ်ကာ သူတို့ကို မြို့များကိုသိမ်းပိုက်ရန် ခုခံရန် လွတ်နိုင်မှာပဲ ဖြစ်၏။ ပြီးနောက် ငွေကြေးနှင့် အရင်းအမြစ်များကိုသုံးကာ လေ့ကျင့်ရေးစင်တာကို အကျိုးပြုစေရန် ထိုမြို့များကို လည်ပတ်အောင် လုပ်ဆောင်နိုင်ပေမည်။ သို့သော် ဇီးရိုးဝင်းက အချိန်တိုအတွင်း ထိုမျှများပြားသည့်ပိုက်ဆံကို မစုဆောင်းနိုင်ချေ။
” ထားလိုက်တော့၊ ကြိုးစားကြည့်ကြတာပေါ့”
ရှီဖုန်းသည် အခန်းထဲမှ ထွက်သွားသည်နှင့် ရေနှင်းဆီကို ဆက်သွယ်လိုက်သည်။