ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 985 ထိတ်လန့်ဖွယ်ကြယ်လတိုင်းပြည်
” ဒါက”
ရေနှင်းဆီသည် ဖန်သားပြင်ပေါ်ရှိ ဟောင်းနွမ်းနေသောစာရွက်၏ အချက်အလက်ကို အနီးကပ် ကြည့်မိသည့်အချိန်၌ အံ့သြသွားသည်။
မြို့ကြီးတစ်မြို့ တည်ဆောက်ခွင့်
ထိုအိုင်တမ်သည် သိမ်းပိုက်ထားတဲ့မြို့လေးများထက် တန်ဖိုးပိုရှိပေ၏။ စူပါအစည်းအရုံးများသည် မြို့များကိုသိမ်းပိုက်ရန် အချိန်များ၊ အားစိုက်ထုတ်မှုများ မြှုပ်နှံနေရစဥ် ရှီဖုန်းကမူ မြို့ကြီးတည်ဆောက်ခွင့်တစ်ခု ရရှိခဲ့ပြီဖြစ်သည်။
ရေနှင်းဆီက သူမမျက်လုံးကို ပွတ်လိုက်သည်။ မျက်လုံးများက သူမကို လှည့်စားနေသည်ဟု တွေးနေမိသည်။ ကြယ်လတိုင်းပြည် မြို့တည်ဆောက်ခွင့်ဟူသည် အဘယ်နည်း။ ယင်းက ကြယ်လတိုင်းပြည်ထဲတွင် ကစားသမားတစ်ဦးသည် မြို့ကိုတည်ဆောက်ပိုင်ခွင့်ရှိသည်ဟုသော သက်သေပင်ဖြစ်သည်။ သို့သော် လက်ရှိနတ်ဘုရားနယ်မြေထဲရှိ ကစားသမားမြို့များက လူဦးရေးသုံးသောင်းမှ ငါးသောင်းအထိဆန့်ပေ၏။ သို့သော် မည်သည့်အစည်းအရုံးများကမှ သူတို့၏ မြို့လေးများထဲတွင် ကျန်သည့်တိုင်းပြည်များလို့ အိမ်များတည်ဆောက်ခွင့် မပေးထားပေ။ သူတို့အားလုံးက တည်းခိုဆောင်များသာ တည်ဆောက်ရသည်။ ဤနည်းဖြင့် မြို့လေးများသည် ရွှေ့ပြောင်းနိုင်သည့်ကစားသမားများ ပိုမိုနေထိုင်မည်ဖြစ်ကာ ဝင်ငွေများပိုရလာမည်ဖြစ်၏။ အစည်းအရုံးအဖွဲ့ဝင်များမှအပ ကစားသမားများသည် တစ်သက်တာနေထိုင်သူများ ဖြစ်ခွင့်မရှိပေ။ ထိုသို့တိုင် ကစားသမားမြို့လေးကမူ လူဦးရေအနည်းငယ်ကိုသာ ထိန်းထားနိုင်မှာ ဖြစ်၏။
ကျောက်တောမြို့ကို ဥပမာယူနိုင်ပေသည်။ ကျောက်တောမြို့သည် ကျောက်လက်သည်းတောင်တန်းနှင့် အလွန်နီးကပ်ပေ၏။ နတ်ဘုရားနယ်မြေ၏ ကစားသမားအများစုက အဆင့် (၃၀) သို့ရောက်ပြီဖြစ်သောကြောင့် မြို့၏လူဦးရေကလည်း နေ့စဥ်နှင့်အမျှ ထူးထပ်လာပြီး မြစ်ဖြူမြို့ထက်တောင် ပိုသက်ဝင်လှုပ်ရှားနေ၏။ အဆုံးတွင် ဇီးရိုးဝင်းက ရွေးချယ်စရာမရှိတော့ဘဲ ကျောက်တောမြို့၏ တည်းခိုဆောင်များတွင် ကစားသမားများကို နေထိုင်ရန်အချိန်ကန့်သတ်ထားရတော့သည်။
ထို့ကြောင့် ကုမ္ပဏီများစွာသည် ဇီးရိုးဝင်းနှင့်ပူးပေါင်းနိုင်ရန်အတွက် အင်မတန် ကြိုးစားနေရတာပဲ ဖြစ်သည်။
သို့သော် မြို့၌ ကိုယ်ပိုင်အကန့်အသတ် ရှိပေ၏။ ကျာက်တောမြို့တစ်ဝိုက် ဧရိယာက သေးရုံသာမက ဒေသပတ်ဝန်းကျင်ကလည်း ပြဿနာကြီးတစ်ရပ် ရှိနေ၏။ ကစားသမားများအဖို့ ဖျော်ဖြေမှုရှာဖွေရန် မသင့်တော်ပေ။ အပြင်လောကကုမ္ပဏီတစ်ခုက ပုံရိပ်ယောင်ဆိုင်ကနေ ရိတ်သိမ်းနိုင်သည့် အကျိုးအမြတ်များကို ကန့်သတ်ထားသည်။
တစ်ဖက်တွင်မူ မြို့လေးတစ်မြို့က မြို့ကြီးတစ်မြို့ထက် အဆပေါင်းများစွာ ပိုကြီးသည်။ ပုံမှန်ဆို မြို့တစ်မြို့က နေထိုင်သူကစားသမားလူဦးရေ နှစ်သိန်းခန့်ဆန်နိုင်သည်။ ရွှေ့ပြောင်းကစားသမားများ မပါဝင်ပေ။ သူတို့က သင့်တော်သည့်နေရာကို ရွေးချယ်ခဲ့ပါက ဖျော်ဖြေရေးကိုရှာဖွေကြသည့် လူအများစုက အလွယ်တကူ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ သူတို့က စွန့်စားသွားလာရတာကို မနှစ်သက် တိုက်ခိုက်ရတာကို မနှစ်သက်ကြပေ။
” မြို့တည်ဆောက်ခွင့်ကို မင်းကိုယ်တိုင်တွေ့ပြီးပြီပဲ၊ ဇီးရိုးဝင်းနဲ့ပူးပေါင်းတဲ့ ကုမ္ပဏီတွေက မြို့ကြီးထဲမှာ မြေနေရာတစ်ခုဝယ်ယူတဲ့အချိန်ကြရင် ဇီးရိုးဝင်းက ဦးစားပေးမှာပဲ၊ တစ်ဘီလီယန် ခရက်ဒစ်အတွက်ကတော့ ဒါက စရံငွေပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူတို့ကို ဒီလျှို့ဝှက်ချက် ပေးမသိခင်မှာ အမှန်တကယ် ပူးပေါင်းလိုစိတ်ရှိတဲ့ ကုမ္ပဏီတွေကိုရှာ၊ ဒါ့အပြင် သူတို့တွေက ယုံကြည်ချက်သဘောတူစာချုပ်တစ်ခု ချုပ်ဆိုရမယ်၊ ဒီသတင်း မပေါက်ကြားစေချင်ဘူး၊ လူတိုင်းရဲ့ အာရုံစိုက်မှုကို မရချင်ဘူး”
ရှီဖုန်းက ရှင်းပြလိုက်သည်။
အမှန်တကယ်တွင် သူသည် မြို့၏ မြေနေရာများကို မရောင်းချချင်ပေ။ သူတို့က နောင်တွင် တန်ဖိုးများစွာ ရှိလာနိုင်သောကြောင့် ဖြစ်သည်။ သူ၏ မြို့ကြီးကိုလူဦးရေသန်းချီရှိသည့် မြို့တစ်မြို့အဖြစ် ပျိုးထောင်နိုင်ခဲ့လျှင် နေ့စဥ်နှင့်အမျှ ဇီးရိုးဝင်းသည် မြို့၏မြေနေရာများငှားရမ်းရာမှ အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မှာ ဖြစ်သည်။
ကံဆိုးသည်မှာ အချိန်တိုအတွင်း၌ ထိုမျှများပြားသည့်ပိုက်ဆံကိုရရန် နည်းလမ်းမရှိချေ။
” ကျွန်မ နားလည်ပါပြီ၊ လိုအပ်တာတွေ အခုချက်ချင်းသွားစီစဥ်လိုက်မယ်”
ရေနှင်းဆီက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။
လက်ရှိတွင် ကျောက်တောမြို့၏ မြေနေရာတန်ဖိုးက အဓိကမြို့ကြီးများရှိ အလားအလာမြင့်မားသော မြေနေရာများနှင့် ယှဥ်နိုင်ပေသည်။ သို့သော် သူတို့က မြို့ကိုတည်ဆောက်ရန်အတွက် ဗျူဟာကျသောတည်နေရာတစ်ခုကို ရွေးချယ်ခဲ့လျှင် မြို့၏ မြေနေရာများက ကျောက်တောမြို့၏ မြေနေရာများကို အလွယ်တကူကျော်တက်သွားမှာပဲ ဖြစ်သည်။ အဆပေါင်းဆယ်ဆတောင် တက်သွားနိုင်၏။ သူမက သတင်းကို လွင့်ခဲ့ပါက ကော်ပိုရေးရှင်းများစွာသည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေမှာပဲ ဖြစ်၏။
” ဒီကိစ္စပြီးအောင်လုပ်ဖို့ အချိန်ဘယ်လောက်လိုလဲ”
ရှီဖုန်းက မေးလိုက်သည်။
” ငါအခု ပိုက်ဆံအရေးတကြီး လိုနေတာ”
” အကြမ်းဖျင်း သုံးရက်ကနေ ငါးရက်လိုမယ်၊ ပြောရရင် အဓိကကုမ္ပဏီတွေအများစုက အချိန်တိုအတွင်းမှာ ဒီလောက်များပြားတဲ့ပိုက်ဆံတွေကိုစုဖို့ ခက်ခဲမှာပဲ”
စဥ်စားပြီးနောက် ရေနှင်းဆီက အကြံပြုလိုက်သည်။
” ရှင်ပိုက်ဆံ အရေတကြီးလိုတယ်ဆိုရင် ကျွန်မမိသားစုက ရှင့်ကို အရင်ပေးထားနိုင်တယ်၊ ဒါမှမဟုတ် မြို့သစ်ရဲ့မြေနေရာတချို့ကို သူတို့ကို ကမ်းလှမ်းလို့ရတယ်၊ သူတို့က သေချာပေါက်စိတ်ပါမယ်လို့ ကျွန်မယုံကြည်တယ်”
မြို့သစ်တစ်မြို့ကို မတည်ဆောက်ရသေးသော်ငြား ကုမ္ပဏီတစ်ခုသည် မြို့ကြီးထဲသို့ဝင်နိုင်ပြီး ၎င်း၏ ကိုယ်ပိုင်ပုံရိပ်ယောင်ဆိုင်တစ်ဆိုင် ချက်ချင်းတည်ဆောက်နိုင်မည်ဆိုလျှင် နတ်ဘုရားနယ်မြေထဲတွင် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးအမြတ်ရှိစေလိမ့်မည်။ ဆိုရလျှင် မြို့သစ်တည်ဆောက်ပြီးသွားသည်နှင့် ဖျော်ဖြေရေးရှာဖွေသည့်သူများစွာက မြို့ကိုလည်ပတ်ကြမှာပဲ ဖြစ်သည်။ ကုမ္ပဏီတစ်ခုက ထိုကစားသမားများအပေါ် နက်ရှိုင်းသည့်အမြင် ချန်ထားနိုင်ခဲ့ပါက လူများသည် ကျန်သည့်မြို့များတွင် ထိုဆိုင်များစတင်သည်နှင့် သူတို့ကို မှတ်မိကြပေလိမ့်မည်။ ယင်းက တံဆိပ်သတိပြုမှုကို ဖန်တီးခြင်းပင် ဖြစ်၏။
” ကောင်းပြီ၊ သတင်းကောင်းစောင့်နေမယ်”
ရှီဖုန်းက ပြောလိုက်သည်။ သူသည် လိုအပ်သောခရက်ဒစ်ဘီလီယန်တစ်ဆယ်ကို စုဆောင်းနိုင်သရွေ့ သူစိတ်ကျေနပ်ရမှာ ဖြစ်သည်။ ပြီးနောက် ရေနှင်းဆီသည် ဂိမ်းထဲမှထွက်ပြီးနောက် လိုအပ်သည့်စီမံမှုများကို ကမန်းကတမ်းဆောင်ရွက်တော့သည်။ ရှီဖုန်းကမူ အခန်းထဲသို့ ပြန်သွားလိုက်၏။
” အစည်းအရုံးခေါင်းဆောင်စနိုး၊ ဇီးရိုးဝင်းက မင်းရဲ့တောင်းဆိုချက်တွေကို သဘောတူတယ်၊ ဒါပေမဲ့ လိုအပ်တဲ့ခရက်ဒစ်တွေကိုစုဆောင်းဖို့ အချိန်နည်းနည်း လိုအပ်တယ်၊ ကျွန်တော်တို့ တစ်ရက်နှစ်ရက်အတွင်း လုပ်နိုင်မှာမဟုတ်ဘူး”
ရှီဖုန်းက ရှင်းပြလိုက်၏။
” ဒါက ပြဿနာမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ရေးစင်တာကို မြန်မြန်ဆန်ဆန်ရနိုင်မှာ မဟုတ်ဘူး၊ ဈေးလျော့ဖို့အတွက် အချိန်ပိုပေးနိုင်တာပေါ့”
ဂျမ်းတဲလ်စနိုးက ပြုံးပြီးပြောလိုက်သည်။
အစက သူမသည် သူမ၏တောင်းဆိုချက်ကို ဇီးရိုးဝင်းငြင်းပယ်လိမ့်မည်ဟု ထင်ထားတာဖြစ်သည်။ မဟုတ်လျှင် အစည်းအရုံးကလိုအပ်သည့်ဘဏ္ဍာငွေများကိုစုဆောင်းရန်အတွက် အချိန်အတော်ကြာ လိုအပ်မှာပဲ ဖြစ်သည်။ အစည်းအရုံးက ပိုက်ဆံ မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်လိမ့်မည်ဟု သူမ မထင်ထားချေ။ သူမ ပိုမိုကြုံတွေ့လာသည်နှင့် အစည်းအရုံးအကြောင်း သူမ သိထားတာ နည်းပါးသေးကြောင်း သဘောပေါက်သွား၏။ ပြီးနောက် ရှီဖုန်းနှင့် ဂျမ်းတဲလ်စနိုးတို့သည် စာချုပ်ပါ အသေးစိတ်အချက်အလက်ကို ဆွေးနွေးကြ၏။
ရှေးဦးစွာ ဂျမ်းတဲလ်စနိုးသည် သူမ၏ အမိန့်အောက်တွင်ရှိသော လက်ရွေးစင်များနှင့် ကျွမ်းကျင်သူများကိုခေါ်ပြီး ဇီးရိုးဝင်းသို့ ဝင်လာမည်ဖြစ်သည်။ တစ်ချိန်ထဲတွင် ဂျမ်းတဲလ်စနိုးက သူမ၏ ထိန်းချုပ်ပိုင်ခွင့်ရှိသည့်မြေအားလုံးကို ဇီးရိုးဝင်းဆီရွှေ့ပြောင်းပေမည်။ ဂျမ်းတဲလ်စနိုးသည် ဇီးရိုးဝင်း၏ ရှယ်ယာ (၁၅) ရာခိုင်နှုန်းကိုရရှိမည်ဖြစ်ကာ ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာမည်။ သူမက အုရိုဘိုရိုတပ်မဟာ၏ ကပ္ပတိန်အဖြစ်ဆောင်ရွက်ပြီး တပ်မဟာ၏ အရေးကိစ္စအားလုံးကို စီမံခန့်ခွဲခွင့်ရရှိမှာ ဖြစ်သည်။
နှစ်ဦးနှစ်ဖက်က သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ဂျမ်းတဲလ်စနိုးသည် ဂိမ်းထဲမှထွက်ကာ အုရိုဘိုရိုကိုဝယ်ယူရန် သူမ၏ အစီအစဥ်ကို စတင်ပြင်ဆင်တော့သည်။ တစ်ဖက်တွင်မူ ရှီဖုန်းက မြစ်ဖြူမြို့၏ မြို့တော်ခန်းမသို့ ဦးတည်သွားပြီးနောက် ဂျမ်းတဲလ်စနိုးပိုင်ဆိုင်သည် မြေဆယ့်ခြောက်နေရာ၏ ပိုင်ရှင်ကို လက်လွဲယူလိုက်သည်။ ပြီးနောက် သူသည် ဝယ်ယူထာသည့် မြေနေရာဆယ့်ခြောက်နေရာတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို တည်ဆောက်သည်။ ထပ်တိုးအနေဖြင့် ဖယောင်းတိုင်အလင်းလုပ်ငန်း၏ဝင်ငွေက သိသိသာသာတိုးတက်လာမှာ ဖြစ်၏။
” ဂျမ်းတဲလ်စနိုးရဲ့အမြင်က အထင်ကြီးဖို့ကောင်းတာပဲ၊ နဂါးနက်အင်ပါယာမှာ မြေနေရာသုံးနေရာ၊ မြစိမ်းမြို့မှာ တစ်နေရာ၊ ငါက မြစိမ်းမြို့ရဲ့ အရင်းအမြစ်အတွက် မရှာရသေးဘူး”
ရှီဖုန်းသည် ကြယ်လတိုင်းပြည်၏ မြေနေရာဆယ့်တစ်နေရာကို သွားရောက်လည်ပတ်ပြီးနောက် နဂါးနက်အင်ပါယာထဲတွင်ရှိသည့် မြေနေရာသုံးခုကိုကြည့်ပြီး သူအားပါးတရ ပြုံးချင်စိတ်ကို မထိန်းဘဲ မနေနိုင်တော့ပေ။
မြစိမ်းမြို့သည် အင်ပါယာ၏ ထိပ်တန်းမြို့ဆယ်မြို့ထဲမှ တစ်မြို့ဖြစ်သည်။ မြစ်ဖြူမြို့ထက် လူဦးရေမလျော့ပေ။ မြစိမ်းမြို့နားတစ်ဝိုက်တွင် ကစားသမားများသည် သတ္ထုရိုင်းများစွာကို ရှာဖွေနိုင်ပြီး မြစိမ်းများက အတွေ့အများဆုံးဖြစ်သောကြောင့် မြစိမ်းမြို့ဟူ၍ ခေါ်သည်။
မြစိမ်းသည် အဆင်တန်ဆာများထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ်အသုံးပြုများပြီး ဝိညာဥ်ဓာတ်စွမ်းအား သိုလှောင်နိုင်သည့် အရည်အချင်းရှိသည်။ ကျန်သည့်အိုင်တမ်များ ထုတ်လုပ်ရာတွင် အသုံးပြုတာရှားပါးလွန်း၏။ သို့သော် ဝိညာဥ်ဓာတ်စွမ်းအားကျောက်တုံး လိုအပ်သည့်အပြင် တိုက်တန်မြို့၏ မှော်အလင်းအစုံ ချပ်ဝတ်တန်ဆာက မြစိမ်းများစွာလိုအပ်သည်။
မြစိမ်းမြို့တွင် ဆိုင်တစ်ဆိုင်တည်ရှိခြင်းဖြင့် သူသည် မြစိမ်းများကို ရေရှည်ဝယ်ယူနိုင်မှာပဲ ဖြစ်သည်။ သူ၏ အစည်းအရုံးအဖွဲ့ဝင်များက မြို့ကိုသွားလိုက်ပြန်လိုက် လုပ်စရာမလိုတော့ပေ။ ပြီးနောက် ရှီဖုန်းသည် နဂါးနင်အင်ပါယာဆီသို့ ကြယ်လမြို့၏ ပို့ဆောင်ရေးခန်းမကနေသွားလိုက်သည်။ ရှီဖုန်း ထွက်သွားပြီး မကြာမီ၌ ကြယ်လတိုင်းပြည်၏ အမျိုးမျိုးသောအစည်းအရုံးကြီးများတွင် ထိတ်လန့်ဖွယ်သတင်းတစ်ခု ပေါ်လာတော့သည်။
” မင်း ဘာပြောလိုက်တာလဲ၊ ဇီးရိုးဝင်းက အခု ဂျမ်းတဲလ်စနိုးရဲ့ မြေတွေကို ပိုင်သွားပြီ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စွန့်ပစ်ခံလှိုင်းသည် သတင်းရသည့်အချိန်၌ အံ့သြမှင်သက်သွားတော့၏။