ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 986 ပထမတန်းအစည်းအရုံးများ၏ စစ်ပွဲ
“ဘော့စ်လှိုင်း၊ မမှားပါဘူး၊ ကျွန်တော်ပြောတာ မယုံရင် ဒီပုံတွေကို ကြည့်လိုက်၊ ဒီနေရာတွေမှာရှိတဲ့ ကျွန်တော်တို့ဆိုင်ကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အခု ပိုင်ဆိုင်သွားပြီ”
ကတုံးပြောင်လူရွယ်က သတင်းပို့လိုက်ပြီးနောက် လက်အောက်ငယ်သားများရယူခဲ့သည့် ဓာတ်ပုံများကို ပြလိုက်၏။
စွန့်ပစ်ခံလှိုင်း၏ အမူအရာက မှုန်ကုပ်သွားကာ ဓာတ်ပုံများကို ကြည့်နေလိုက်သည်။
” ဂျမ်းတဲလ်စနိုး”
စွန့်ပစ်ခံလှိုင်းသည် သစ်သားစာပွဲကို ဒုန်းခနဲရိုက်ချလိုက်ရာ ဝိုင်ခွက်နှင့် ကဝေ့မျက်ရည်ပုလင်းတို့က ပျောက်ကျသွားပြီး မြေကြီးပေါ်လဲကျကုန်၏။
ဂျမ်းတဲလ်စနိုးကို ရာထူးမှထုတ်ပယ်လိုက်ပြီး သူမ၏ လက်အောက်ငယ်သားများကို သတ်ဖြတ်လိုက်သည်နှင့် ထိုအမျိုးသမီး တန်ပြန်လှုပ်ရှားမှု ချက်ချင်း ပြုလုပ်လာလိမ့်မည်ဟု သူ မတွေးခဲ့မိပေ။ သူ၏ အောင်ပွဲကိုတောင် မခံစားရသေးချေ။ လက်တွေ့တွင်မူ စွန့်ပစ်ခံလှိုင်းတစ်ဦးထဲသာလျှင် ဂျမ်းတဲလ်စနိုး၏ အပြုအမူကြောင့် ဒေါသထွက်နေတာ မဟုတ်ချေ။ ကြယ်လတိုင်းပြည်၏ အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ အထက်အရာရှိများကလည်း သတင်းကြားသည့်အချိန်၌ မျက်နှာများရှုံ့မဲ့ကုန်သည်။
” ဂျမ်းတဲလ်စနိုးက ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“သူစိတ်လွတ်သွားတာလား၊ ဒီလောက် အလားအလာမြင့်မားတဲ့ မြေတွေကို ဇီးရိုးဝင်းဆီ တကယ်ကြီး ရောင်းခဲ့တယ်ပေါ့”
အမျိုးမျိုးသောအစည်းအရုံးကြီးများသည် ဂျမ်းတဲလ်စနိုး၏ နောက်ဆုံးဆုံးဖြတ်ချက်ကို သဘောမတွေ့ကြချေ။ သူတို့သည် ဂျမ်းတဲလ်စနိုး၏မြေကို ဝယ်ယူရန် ဈေးနှစ်ဆပေးပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလက်ထဲကို ထိုမြေများပေးအပ်မည်ထက် သူတို့သာ ယူထားမှာပဲ ဖြစ်သည်။
ထိုမြေများသည် အုရိုဘိုရို၏ စန္ဒာသစ်ကုန်သွယ်ရေးလုပ်ငန်းရှိသည့် နေရာဖြစ်သည်။ သို့သော် ယခုမူ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ပိုင်သွားပြီ ဖြစ်သည်။ ဆိုင်ခန်းအခင်းအကျင်က ဈေးအပေါဆုံးဖြစ်သော်ငြား စပ်စုသည့်ကစားသမားများသည် ဈေးဆိုင်၏ဝင်ပေါက်၌ အုံနေကြပြီး ရုတ်တရက်ပြောင်းလဲမှုကို စိတ်ဝင်စားလာကာ အိုင်တမ်များကို ဝယ်ယူနေကြ၏။
ဆိုင်၏အမိုးကို နတ်ဘုရားနယ်မြေထဲရှိ နောက်ထပ်ကစားသမားတစ်ဦးကို ရွှေ့ပြောင်းပေးရန် အလွန်လွယ်ကူသည်။ မြို့တော်ခန်းမသို့သွားရောက်ပြီး လိုအပ်သည့်အပြင်အဆင်များကို ဆောင်ရွက်ရန်သာ လိုအပ်၏။ ဆိုင်ကို ပြုပြင်မွမ်းမံလိုစိတ်မရှိလျှင် အမည်ကတ်ပြောင်းပြီး သူတို့က NPC များကို လွတ်လွတ်လပ်လပ်ခိုင်းနိုင်၏။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် ၎င်း၏ အလင်းကျောက်တုံးများနှင့် သံချပ်ကာကိရိယာအစုံများကြောင့် လူသိများပေသည်။
အလယ်အဆင့် သံချပ်ကာကိရိယာများသည် ပစ္စည်းရောက်သည်နှင့် ချက်ချင်းရောင်းကုန်လေ့ရှိ၏။ ထုတ်လုပ်သည့်နှုန်း နိမ့်နေသောကြောင့်သာမဟုတ်လျှင် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းသည် ကြယ်လတိုင်းပြည်၏ဈေးကွက်ကို အစောထဲက မင်းမှုစိုးမိုးနိုင်ခဲ့တာ ကြာပြီဖြစ်သည်။ ထိုသို့တိုင် ဖယောင်းတိုင်အလင်းက ကြယ်လတိုင်းပြည်၏ နံပါတ်တစ်ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်လာသေး၏။
ထို့အပြင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ခံချို့တဲ့မှုကြောင့် သူတို့သည် အဆင့်မြင့်မြေနေရာအနည်းစုကိုသာ ဝယ်ထားနိုင်ခဲ့သည်။ ကြိုးစားအားထုတ်ခဲ့သော်ငြား အဆင့်မြင့်မြေနေရာအနည်းစုကိုသာ ဝယ်ထားနိုင်၏။ ပင်မမြို့ကြီးများ၏ ရွှေမြေနေရာများအတွက်မူ ရှေးဦးစွာ ကုန်သွယ်ရေးလုပ်ငန်းသည် သူတို့ကို မသတ်နိုင်။ ဆိုရလျှင် ရွှေမြေနေရာတစ်ခုသည် အဆင့်တူမြို့ရှိ တူညီသောမြို့ထဲရှိ အလားအလာမြင့်မားသော မြေသုံးနေရာလေးနေရာဝန်းကျင်ခန့် တန်ကြေးရှိပေသည်။ ဇီးရိုးဝင်းက ၎င်း၏ ပင်မဌာနချုပ်အနေဖြင့် မြို့ကြီးတစ်မြို့တည်ဆောက်ရန် မရည်ရွယ်ထားခဲ့လျှင် သို့မဟုတ် အပိုသုံးချင်စိတ်မရှိလျှင် သူတို့၏ ရွှေမြေနေရာကို ဝယ်ယူမှာမဟုတ်ပေ။ ဒုတိယအချက်အနေဖြင့် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် ကျန်သည့်မြို့ကြီးများ၌ ရွှေရောင်မြေများကိုဝယ်ယူရန် လိုအပ်သည့်ဂုဏ်သတင်းမှတ်များ မရှိကြပေ။ ထို့ကြောင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ကြယ်လတိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်မှုက အကန့်အသတ်ဖြင့် ဖြစ်၏။
တစ်ဖက်တွင်မူ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် ယှဥ်ပြိုင်မှုကို ရှောင်တိန်းရန်အတွက် ဂျမ်းတဲလ်စနိုး၏ အလားအလာမြင့်မားသောမြေများက မြို့များထဲတွင် ဝယ်ယူထားပြီဖြစ်ရာ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ တည်ရှိမှုကိုချို့တဲ့စေသည့် သို့မဟုတ် ဖယောင်းတိုင်အလင်း၏ ဈေးဆိုင်များနှင့် ဝေးကွာသည့်နေရာတွင် တည်ဆောက်ထားခဲ့တာ ဖြစ်သည်။
ထိုမြေများကို ဇီးရိုးဝင်းအားရောင်းချခြင်းဖြင့် ဂျမ်းတဲလ်စနိုးသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ပြတ်လပ်မှုအတွက် လျော်ကြေးပေးရမှာ ဖြစ်သည်။ ထို့အပြင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် လက်တလော၌ ဘဝပုံစံကစားသမားများစွာ စုဆောင်းထားခဲ့တာ ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းသည် ထိုဘဝပုံစံကစားသမားများကို ပျိုးထောင်သည်နှင့် ဈေးကွက်၏ထောင့်ဘက်တွင် ကန့်သတ်ခံထားပြီ ဖြစ်သော သူတို့အစည်းအရုံးများအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ကြယ်လတိုင်းပြည်ထဲတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကိုဖိနှိပ်ရန် သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။
ကြယ်လတိုင်းပြည်၏ အမျိုးမျိုးသောအစည်းအရုံးကြီးများက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ ခွန်အားအသစ်ကို ဖြေရှင်းရန် နည်းလမ်း စဥ်းစားနေကြစဥ် ရှီဖုန်းကမူ နဂါးနက်အင်ပါယာ၏ တော်ဝင်မြို့ နဂါးနက်မြို့ကြီးကနေ မြစိမ်းမြို့သို့ သွားလိုက်၏။
ရှီဖုန်းသည် ပို့ဆောင်ရေးခန်းမမှ ထွက်သည်နှင့် မြစိမ်းမြို့ထဲရှိ ကစားသမားများသည် မြစ်ဖြူမြို့ကဲ့သို့များပြားကြောင်း သိလိုက်ရသည်။ ကစားသမားများ၏အဆင့်နှင့် ချပ်ဝတ်တန်ဆာက သူ၏ မွေးရပ်မြို့ထက် အနည်းငယ်နိမ့်ကျရုံသာ ရှိသည်။
လက်ရှိတွင် ပို့ဆောင်ရေးအိမ်တော်ကြောင့် မြစ်ဖြူမြို့၏ လမ်းမများပေါ်၌ အဆင့် (၃၇) သို့မဟုတ် အဆင့် (၃၈) ကစားသမားများ လှည့်လည်သွားလာနေတာကို တွေ့ရပေမည်။ အဆင့် (၃၉) ကျွမ်းကျင်သူများကမူ ဖီးနစ်၏ငှက်မွေးကဲ့သို့ ရှားပါးလွန်းသည်။
သို့သော် မြစိမ်းမြို့ကမူ မတူပေ။ ရှီဖုန်းသည် လမ်းပေါ်တွင် အဆင့် (၃၆) ကစားသမားများ လှည့်လည်သွားလာနေတာကို မြင်တွေ့ရတာ ရှားပါးလွန်း၏။ အဆင့် (၃၇) သို့မဟုတ် ထိုထက်မြင့်သည့် ကစားသမားများက ပိုတောင်နည်းသည်။ သို့သော် နတ်ဘုရားနယ်မြေ၏ အင်ပါယာများထဲတွင် လူဦးရေသန်းကျော်ရှိသည့် ပထမအဆင့်၊ ဒုတိယအဆင့်မြို့များနှင့် မတူပေ။ ထိုမြို့တွင် အခြေစိုက်ထားသော ဂိမ်းအလုပ်ရုံများစွာနှင့် အစည်းအရုံးများကို အလွယ်တကူရှာနိုင်ပေ၏။ မြစိမ်းမြို့သည် နဂါးနက်အင်ပါယာ၏ ထိပ်တန်းမြို့ဆယ်မြို့ထဲမှတစ်မြို့ဖြစ်သည်နှင့်အညီ ရှီဖုန်းသည် ကွဲပြားသည့်အစည်းအရုံး ဆယ်ခုထက်မနည်း တွေ့လိုက်ရသည်။
ထိုသို့သော မြင်ကွင်းမျိုးက ကြယ်လတိုင်းပြည်တွင် ရှားပါးပေ၏။ အဓိကမြို့ကြီးတွင် အစည်းအရုံးကြီး သုံးလေးခုသာလျှင် အားပြိုင်လျှက်ရှိတာ ဖြစ်သည်။ တစ်ဖက်တွင် မြစိမ်းမြို့ကမူ အစည်းအရုံးဆယ်ခုကျော်ပြီး သူတို့ထဲတွင် အားအနည်းဆုံးက ဒုတိယတန်းအစည်းအရုံးဖြစ်ပေသည်။ ပထမတန်းအစည်းအရုံးများအတွက်မူ ရှီဖုန်းက သူရပ်နေသည့်နေရာကနေ လှည့်ကြည်ကာ အစည်းအရုံးသုံးခုကို တွေ့ခဲ့၏။ မြစိမ်းမြို့က ကြယ်လတိုင်းပြည်ကဲ့သို့ ပထမတန်းအစည်းအရုံးများစွာ ရှိပေသည်။
” အတိတ်တုန်းက အဲဒီမရှုံးနိမ့်သောမင်းဆက်က မြစိမ်းမြို့ရဲ့ အုပ်စိုးသူအစည်းအရုံးဖြစ်ခဲ့တယ်ဆိုတာ ငါမှတ်မိတယ်၊ ပထမတန်းအစည်းအရုံးတွေကြားထဲမှာ မရှုံးနိမ့်သောမင်းဆက်က အတော်လေးခံနိုင်ရည် ရှိတယ်၊ ငါဒီမှာ ဆိုင်တစ်ဆိုင်တည်ဆောက်ရင် ပြဿနာကို စိုးရိမ်ပူပန်နေစရာ မလိုလောက်ဘူး”
ရှီဖုန်းသည် မြို့၏အခြေအနေကို တိတ်တဆိတ်တွက်ချက်ပြီးနောက် အဆင့်မြင့် မြင်းလှည်းကို စီးလိုက်၏။
သူမြင်ထားပုံအရ အစည်းအရုံးကစားသမားများစွာက စိတ်ကူးယဥ်ဗိမ္မာန်နှင့် မရှုံးနိမ့်သောမင်းဆက်ပိုင်ဆိုင်သည့် လမ်းများပေါ်တွင် လှည့်လည်သွားလာနေကြ၏။ ကျန်သည့် ပထမတန်း အစည်းအရုံးက လောကစိုးမိုးသူဖြစ်ပြီး ရှီဖုန်းနှင့် အတော်လေးရင်းနှီးပေ၏။
ဇီးရိုးဝင်းသည် မြစ်ဖြူမြို့၏ အုပ်စိုးသူဖြစ်လာချိန်မှစပြီး လောကစိုးမိုးသူများသည် ကြယ်လတိုင်းပြည်မှ ထွက်ခွာပြီး နဂါးနက်အင်ပါယာနှင့် ကျန်သည့်တိုင်းပြည်များသို့ ရွှေ့ပြောင်းသွားတော့၏။
တောင်တန်းဒေသက မြစိမ်းမြို့ကို ဝန်းရံလျက်ရှိပြီး ယင်းက ရှားပါးသောသတ္တုရိုင်းများနှင့် မြစိမ်းများကို ထုတ်ပေး၏။ နဂါးနက်အင်ပါယာထဲတွင် အကွက်အကွင်းကောင်းသော မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်နိုင်ပေသည်။ ယခုအချိန်တွင် မြို့ထဲတွင် အစည်းအရုံးများစွာ ရှိသည်။ အကြောင်းမှာ နဂါးဖီးနစ်ပွဲကြည့်စင်က သူတို့ကို အာရုံသိပ်မစိုက်သောကြောင့် ဖြစ်သည်။
ရှီဖုန်းသည် မြင်းလှည်းကနေ ထွက်လာပြီးနောက် တစ်ကိုယ်တော်ကစားသမားတစ်ဒါဇင်ကျော် စန္ဒာသစ်ကုန်သွယ်ရေးလုပ်ငန်းကနေ ထွက်ခွာသွားတာကို တွေ့လိုက်ရ၏။ ထိုကစားသမားများသည် အဆင့်အလွန်မြင့်ပြီး သူတို့ထဲတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၃၆) ဖြစ်ကာ အဆင့်အမြင့်ဆုံးက အဆင့် (၃၇) ဖြစ်သည်။ အစည်းအရုံးကြီးတစ်ခုထဲတွင် သူတို့က လက်ရွေးစင်အဖွဲ့ဝင်များ ဖြစ်လောက်ပေ၏။ သူတို့၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်အတွက်မူ ဂိမ်း၏ ဤအဆင့်၌ တစ်ကိုယ်တော် ကစားသမားများသည် စမ်းသပ်ခြင်းမျှော်စင်၏ ပဥ္စမအလွှာသို့ အဆင့် (၃၇) ၌ ရောက်ရန်ခက်ခဲနေ၏။ ထို့အပြင် ထိုကစားသမားများက ကောင်းမွန်သည့်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ သူတို့ဝတ်ဆင်ထားသည့် အနိမ့်ဆုံးချပ်ဝတ်တန်ဆာက အဆင့် (၃၅) လျှို့ဝှက်ငွေအဆင့် ဖြစ်သည်။ သာမန်ကစားသမားမျာ၏ အမြင်တွင် သူတို့က ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခံထားရမှာ သေချာပေ၏။
” သေစမ်း၊ အလယ်အဆင့် ပြန်လည်ဖြည့်တင်းခြင်းဆေးရည်နဲ့ အလယ်အဆင့် ဝိညာဥ်ဓာတ်စွမ်းအား ပြန်ဖြည့်ခြင်းဆေးရည်တွေ မြန်မြန်ဆန်ဆန်ရောင်းထွက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ငါသာ ဒီလိုဖြစ်မယ်မှန်းသိရင် အများကြီးဝယ်ထားမှာပေါ့၊ အခု ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား မဝယ်နိုင်တော့ဘူး”
” ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ၊ စိတ်ကူးယဥ်ဗိမာန်နဲ့ မရှုံးနိမ့်သောမင်းဆက်တို့က မြစိမ်းမြို့ထဲမှာ စစ်ပွဲစတင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ သူတို့တွေက တစ်ဖက်အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေကိုတောင် ဆုကြေးတွေ တင်ထားပြီးပြီ”
” တကယ်ပဲ အဲဒီအစည်းအရုံးတွေ ဘာဖြစ်နေတာလဲကွာ၊ သူတို့က တစ်ဖက်နဲ့တစ်ဖက် ဘာကြောင့် ရုတ်တရက်ကြီး စစ်ကြေညာရတာ ၊ အခုအချိန်ထိ ကောင်းကောင်းမွန်မွန် သည်းခံခဲ့တာပဲ မဟုတ်ဘူးလား”
” မီသရယ်သတ္တုကြောအထက်မှာ မြို့တစ်မြို့ကို ရှာတွေ့တဲ့ပုံပဲ၊ မြို့က သိမ်းပိုက်ခံရမယ်ဆိုရင် ကစားသမားတွေက သတ္တုကြောကို လွတ်လွတ်လပ်လပ်တူးဖော်နိုင်ပြီ”
” မီသရယ်သတ္တုကြောလား၊ မြို့ကိုသိမ်းပိုက်လိုက်ရင် သူတို့ ချမ်းသာသွားမှာ မဟုတ်ဘူးလား”
” ငါသိတယ်၊ ဟုတ်ပြီလား၊ ဒါပေမဲ့ အဲ့ဒီမြို့ကိုစောင့်နေတဲ့ NPC တွေက ထူးကဲတယ်၊ မြို့ကိုသိမ်းပိုက်ဖို့က အလွန်ခက်ခဲတာ၊ အစည်းအရုံးက တစ်ဖက်ကိုချုံခိုတိုက်ခိုက်ခဲ့ရင် တစ်ဖက်လူရဲ့ အားစိုက်ထုတ်မှုတွေက အချည်းနှီးဖြစ်သွားမှာပဲ၊ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးက မြစိမ်းမြို့ထဲကနေ တစ်ယောက်ကိုတစ်ယောက် မောင်းထုတ်ဖို့ကြိုးစားနေကြတာပဲ”
” အစည်းအရုံးကြီးတွေရဲ့ အဖွဲ့ဝင်တွေက လွယ်ကူတာပဲ၊ ငါတို့လို တစ်ကိုယ်တော်ကစားသမားတွေက သာမန်သတ္တုရိုင်းတွေကိုရှာဖွေဖို့ ရုန်းကန်နေရတာ၊ သူတို့ကကတော့ မြို့ထဲမှာ အေးအေးဆေးဆေးပဲ၊ မီသရယ်သတ္တုကြောကို ရနိုင်တယ်”
ထိုလူများသည် မီသရယ်သတ္တုကြောအကြောင်းပြောနေစဥ် သရေကျလုနီးပါး ဖြစ်နေ၏။ မီသရယ်သတ္တုကြောသည် တန်ဖိုးသိပ်မရှိသော်ငြား လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ပြုလုပ်ရန်အတွက် မကြာခဏအသုံးပြုရသည်။ မီသရယ်သတ္တုရိုင်းတစ်ခုကို အလွယ်တကူ ရောင်းချနိုင်ပေ၏။ သူတို့သည် သတ္တုရိုင်းပမာဏများစွာကို ပုံမှန်ထုတ်ယူနိုင်ခဲ့မယ်ဆိုလျှင် သူတို့မှန်းဆထားသည်ထက် ငွေကြေးပိုရနိုင်ပေ၏။
” မီသရယ်သတ္တုကြောလား”
ရှီဖုန်းသည် တစ်ကိုယ်တော်ကစားသမားများ ထွက်ခွာသွားတာကိုကြည့်ပြီး ပြုံးလိုက်၏။