ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 991 အထင်သေးခြင်း၏ တန်ကြေး
” အသိမိတ်ဆွေလား”
အဖွဲ့ထဲရှိလူတိုင်းက ရှီဖုန်းကို သေခြင်းတရားလေပြင်း နှုတ်ဆက်တာကို မြင်သည့်အချိန်တွင် သူတို့အကြည့်က အနည်းငယ်သိမ်မွေ့သွားသည်။ ထိုသို့တိုင် သူတို့က သူ့ကို အလွန်သတိထားနေဆဲ ဖြစ်သည်။
လက်ရှိတွင် ရှီဖုန်းက အနက်ရောင်ခေါင်းစွပ်ဝတ်ဆင်ထားသောကြောင့် သူ၏ အချက်အလက်ကို သူတို့ မမြင်နိုင်ပေ။ သို့သော် သူသည် စီးတော်ယာဉ်တစ်စီးကို စီးနင်လာခြင်းက အင်မတန်သန်မာကြောင့် ပြသနေတာပဲ ဖြစ်သည်။ မဟုတ်လျှင် အဆင့် (၄၀) သို့ မြန်မြန်ဆန်ဆန်ရောက်မှာ မဟုတ်ချေ။
သူတို့သည် အားနည်းသည့်အသိမိတ်ဆွေကို စိတ်ထဲမထားပေ။ သို့သော် ရှီဖုန်း၏ခွန်အားက သူတို့ကို သတိထားမိစေသည်။
” ဆောင်းဦး သူတို့ကို သိလား”
လူသန်ကြီးတစ်ဦးက သူ့ဘေးတွင်ရပ်နေသော ဆောင်းဦးဂူ့စ်ကို မေးလိုက်၏။
ထိုလူသန်ကြီးက ဘဝ၏ ကံကြမ္မာအပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ငွေမျှင်ရောင်မြင်းစီးသူရဲကောင်းသံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ အရပ်ခန့်မြင့်သော ဒိုင်းတစ်လက်ကို သယ်ဆောင်ထား၏။ သူ၏ ခါးတွင်မူ ခမ်းနားသည့် ရွှေရောင်မြင်းစီးသူရဲကောင်းဓားကို ကိုင်ဆောင်ထားသည်။ ထို့အပြင် သူက အဆင့် (၄၀) ရောက်ပြီး ဖြစ်သည်။
” အင်း၊ သူက ဇီးရိုးဝင်းရဲ့အကြီးအကဲတွေထဲက တစ်ယောက်ပဲ၊ မယုံနိုင်စရာကောင်းလှအောင် သန်မာတယ်၊ သူ့ကြောင့် ကျွန်မတို့ရဲ့ အရင်တာဝန်ကို ပြီးမြောက်ခဲ့တာလေ”
ဆောင်းဦးဂူ့စ်က လူသန်ကြီး၏ မေးခွန်းကို ခေါင်းညိတ်လိုက်သည်။ သူမက ဘာကိုမှ ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ သူမဘေးရှိလူက လေနတ်ဘုရား၏ လှံထဲမှ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကြွေလွင့်လေ ဖြစ်သောကြောင့် ဖြစ်သည်။
” ကျွန်မတို့ကို ကူညီဖို့ ရီဖုန်းကိုသာ ပြောနိုင်မယ်ဆိုရင် ဒီတာဝန်ကိုပြီးမြောက်ဖို့အတွက် ပိုမြင့်မားတဲ့ အခွင့်အရေးရှိတယ်”
ဆောင်းဦးဂူ့စ်၏ စကားကိုကြားသောအခါ ကြွေလွင့်လေသည် ရှီဖုန်းကို ထပ်မံစစ်ဆေးမိသွား၏။ ဆောင်းဦးဂူ့စ်သည် အပေါ်ယံတွင် ချဉ်းကပ်ရလွယ်သည်ဟု ထင်သော်ငြား သူမက အရိုးထဲထိ မောက်မာထောင်လွှားသူ ဖြစ်သည်။ သူမ အမြင်တွင် လူအနည်းစုကသာ ဆောင်းဦးဂူ့စ်၏ အသိအမှတ်ပြုမှုကို ရနိုင်တာ ဖြစ်သည်။
” ဆောင်းဦး၊ သူ့ကို အရမ်းတွေ ချီးကျူးလွန်းနေတာ မဟုတ်ဘူးလား၊ သူက အစည်းအရုံးကြီးတစ်ခုက ပျိုးထောင်ထားတဲ့ ကျွမ်းကျင်သူတွေပဲ မဟုတ်ဘူးလား၊ သူ ဘဟ်လောက်သန်မာနိုင်မှာ မို့လို့လဲ၊ သူ့ကို ငါတို့နဲ့အတူခေါ်သွားရင် သူက ငါတို့ကိုသာ ခရီးနှေးစေမှာ”
အညိုရောင်သားရေသံချပ်ကာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ဝင်ပြောလိုက်သည်။
သူတို့သည် အစည်းအရုံးကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်ရာမှ လေနတ်ဘုရား၏ လှံ၌ တောက်ပြောင်သည့် တိုက်ပွဲဝင်မှတ်တမ်းများ ရှိသည့်အပြင် သူတို့၏ အသစ်ရောက်လာသော ကျွမ်းကျင်သူအများစုကလည်း ပထမတန်းအစည်းအရုံးများ၏ အလိုလိုက်ခံထားရသော ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ ပိုသန်မာသည်။ ယနေ့ရှိနေသည့် အဖွဲ့ဝင်များကမူ လေနတ်ဘုရားလှံ၏ အရေးကြီးသည့်သူများ ဖြစ်ကြသည်။
ဤနေရာတွင်ရှိနေသော နတ်ဘုရားလှံအဖွဲ့ဝင်တိုင်းက အံ့မခမ်းအောင်မြင်မှုများ ရရှိထားသည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ရှီဖုန်းကဲ့သို့သူတစ်ဦးက သူတို့နှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
ထပ်ပြောရလျှင် လူငယ်သည် ရှီဖုန်း၏ အမည်ကို နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၌ တစ်ခါမှမတွေ့ဖူးပေ။
အေးစက်သောလူငယ်၏ စကားကို အမှုမထားဘဲ ဆောင်းဦးဂူ့စ်က ကြွေလွင့်လေကို တန်းကြည့်ပြီး ပြောလိုက်၏။
” အဖွဲ့မှူး၊ အစ်ကိုကြီးသေခြင်းတရားလေက ကျွန်မပြောတာကို ထောက်ခံလိမ့်မယ်ဆိုတာ ယုံကြည်တယ်”
ဆောင်းဦးဂူ့စ်က ရှီဖုန်းကို ခိုင်မြဲစွာထောက်ပံ့ပေးနေသည်။ တွေးခေါ်သူရိန်း၏ လှပသောမျက်လုံးများကလည်း မျှော်လင့်ချက်ဖြင့် တောက်ပနေပေ၏။ သူမသည် မည်သည့်အကြောင်းကြောင့်ရယ်မသိ ရှီဖုန်းနှင့် ရှိနေသည့်အချိန်တိုင်း မဖော်ပြနိုင်သော လုံခြုံမှုမျိုး ခံစားမိသည်။ ကြွေလွင့်လေကဲ့သို့ အစွမ်းထက်သည့်သူတစ်ဦးနှင့် ခရီးသွားသည့်အချိန်တွင် ထိုကဲ့သို့တောင် သူ မခံစားမိပေ။
” ဒါ စိတ်ဝင်စားစရာပဲ”
ကြွေလွင့်လေသည် ခေါင်းစွပ်နက်ဖြင့် ရှီဖုန်းကို ကြည့်ပြီး သူ၏ မျက်လုံးထဲတွင် သိချင်စိတ်များ ပေါ်နေ၏။
ရှီဖုန်း၏ အဆင့်ကို ပြောရန် မလိုတော့ချေ။ သို့သော် ဓားသမား၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို မသိရသေးချေ။ လူတစ်ဦး၏ခွန်အားကို သူတို့ဖြာထွက်နေသည့်အရှိန်အဝါဖြင့် အကဲဖြတ်ကြတာက ပုံမှန်ဖြစ်သည်။ လူတစ်ဦးသည် ပိုမိုသန်မာလေလေ သူတို့အရှိန်အဝါက ပိုသန်မာလေ ဖြစ်၏။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးက မရေမတွက်နိုင်အောင် တိုက်ပွဲများ တွေ့ကြုံပြီးမှ ရလာသည့်ယုံကြည့်ချက်ကြောင့် ဖြစ်သည်။
ထိုသို့တိုင် ရှီဖုန်းကို အချိန်အတော်ကြာ လေ့လာပြီးနောက် ရှီဖုန်း၏ ခွန်အားနှင့် ပတ်သက်သည့်အရှိန်အဝါကို ကြွေလွင့်လေ မခံစားမိပေ။
ရှီဖုန်းသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း ရှိမရှိကို မသိရပေ။ ဆိုရလျှင် ကျွမ်းကျင်သူများတောင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အကန့်အသတ်တစ်ခုထိ ရောက်မနေသေးလျှင် အရှိန်အဝါကို အပြည့်အဝဖုံးကွယ်ထားရန် ခက်ခဲနေသောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်နိုင်သည့် ကျွမ်းကျင်သူများသည် အသက် (၃၀) သို့မဟုတ် အသက် (၄၀) အတွင်း ရှိကြ၏။ အချို့ဆိုလျှင် အသက် (၅၀) အရွယ်ရောက်မှ သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိကြသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် လူငယ်တစ်ဦးအဖို့ သူတို့၏ အရှိန်အဝါကိုထိန်းချုပ်ရန် လုံလောက်အောင် ထိန်းချုပ်နိုင်ခြင်းရှိဖို့က မဖြစ်နိုင်ပေ။
သို့သော် ဆောင်းဦးဂူ့စ်နှင့် သေခြင်းတရားလေနှစ်ယောက်လုံးက ရှီဖုန်းကို လေးစားနေပုံရသည်။ ယင်းက အမှန်တကယ်ထူးဆန်းပေ၏။
” ဆောင်းဦး၊ ဒီတစ်ခေါက် သူ့ကိုမေးဖို့ကို ကျော်သွားရအောင်၊ အခွင့်အရေးကိုယ်တိုင်ပေါ်လာရင် နောင်ကျ သူ့ကို ဖိတ်ကြတာပေါ့၊ အဖွဲ့ရဲ့ တည်ကြက်ကို ဆုံးဖြတ်ပြီးပြီပဲ၊ ရုတ်တရက် ပြောင်းလဲမှုတွေက အဖွဲ့ဆီ ကျရှုံးမှုတွေ တိုးလာစေလိမ့်မယ်”
ကြွေလွင့်လေက ပြောလိုက်၏။
” ဒီတာဝန်ကို ငါတို့ ကျရှုံးလို့မရဘူး၊ ဒီတာဝန် ပြီးမြောက်ခဲ့ရင် လေနတ်ဘုရားလှံရဲ့ခွန်အားနဲ့ အဆင့်သစ်တစ်ခုကို တက်နိုင်မှာပဲ၊ လေနတ်ဘုရားရဲ့လှံက မဟူရာအင်ပါယာရဲ့ အရိပ်ထဲမှာ ထပ်ရှိရတော့မှာမဟုတ်ဘူး၊ အဲဒီအချိန်ရောက်ရင် အင်ပါယာရဲ့အစည်းအရုံးတွေကပဲ ကြွက်တွေလို ပုန်းနေရလိမ့်မယ်”
ဆောင်းဦးဂူ့စ်က စိတ်ဓာတ်ကျစွာ ပြန်ပြောလိုက်သည်။ သူမက ကြွေလွင့်လေ၏ သဘောထားကို နားလည်ပေ၏။ သူတို့သည် ဤတာဝန်၌ အားစိုက်ထုတ်မှုများစွာ မြှုပ်နှံထားရသည်။ သူတို့က နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီး အသင့်ပြင်နေချိန်၌ အဖွဲ့ဝင်များထဲမှတစ်ဦးကို အစားထိုးခဲ့လျှင် မလိုအပ်သည့်စွန့်စားမှုများ ဖိတ်ခေါ်ရာရပေလိမ့်မည်။
” ငါတို့အဖွဲ့မှူးက အကောင်းဆုံးပဲ၊ အဖွဲ့ထဲကို ထိန်းချုပ်မှုနည်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ခွင့်ပေးလိုက်ရင် သူ ငါတို့ကို သေတွင်းထဲဆွဲခေါ်သွားမှာကို ဘာလို့ စိုးရိမ်နေရမှာလဲ”
အေးစက်စက်လူငယ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးက ဆောင်းဦးဂူ့စ်၏ ပြောကြားချက်ကို ကြွေလွင့်လေငြင်းပယ်ပြီး သာမန်ဓားသွား၏ ထေ့ရိမှုကို ကြားသောအခါ သူတို့ စိတ်ပျက်သွားကြသည်။ သို့သော် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များအမြင်ဖြင့် လေနတ်ဘုရားလှံ၏ အတွင်းရေးကိစ္စများကို ကြားဝင်ရန်မသင့်တော်ပေ။ ထိုသို့တိုင် သာမန်ဓားသွား၏ ရှီဖုန်းအပေါ် လေးစားမှုမရှိခြင်းက အတော်လေးဒေါသထွက်စရာ ကောင်းသည်။
” အဖွဲ့မှူးကြွေလွင့်၊ ကျွန်မတောင်းပန်ပါတယ်၊ ဒါပေမဲ့ ဘလူးနဲ့ကျွန်မက ဒီစစ်ဆင်ရေးမှာ မပါတော့ပါဘူး၊ ပြောရရင် ဒါက လေနတ်ဘုရားလှံရဲ့ အရေးကိစ္စပဲလေ၊ ကျွန်မတို့ ဝင်ပါဖို့ မသင့်တော်ဘူး”
တွေးခေါ်သူရိန်းက ကြေညာလိုက်သည်။
သူတို့သည် ဤတာဝန်ထဲ လိုက်ပါလာခဲ့ခြင်းမှာ ကြွေလွင့်လေ၏ ဖိတ်ကြားချက်နှင့် ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများနှင့် ခင်မင်ရင်းနှီးမှုကြောင့် ဖြစ်သည်။ ယခု ဇီးရိုးဝင်း၏ အကြီးအကဲက အထင်သေးခံရကာ ဇီးရိုးဝင်းအဖွဲ့ဝင်များအနေဖြင့် သူတို့က အဖွဲ့ထဲတွင် မည်ကဲ့သို့ ကျန်နေရစ်မည်နည်း။
” သာမန်ဓားသွား၊ မစ္စရိန်းနဲ့ မစ္စဘလူးကို တောင်းပန်လိုက်”
ကြွေလွင့်လေသည် ထိုလူငယ်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး ပြောလိုက်သည်။ တွေးခေါ်သူရိန်း၏ စကားနောက်ကွယ်ရှိအဓိပ္ပါယ်ကို သူမည်ကဲ့သို့ နားမလည်ပဲနေမည်နည်း။ ထိုအခြေအနေက သာမန်ဓားသွားကို အံ့သြမှင်သက်သွားစေ၏။
သူသည် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးရှေ့၌ ကြည့်ကောင်းအောင် ကြေညာခဲ့သည်။ သို့သော် ကိစ္စများက မည်ကဲ့သို့ ဤနည်းဖြင့် အဆုံးသတ်သွားရသနည်း။ ဤနေရာတွင် မည်သည်များ ဖြစ်ပျက်သွားသနည်း။
” မစ္စရိန်းနဲ့ မစ္စဘလူးက ဇီးရိုးဝင်းက လူတွေပဲ”
ကြွေလွင့်လေက ထိုလူငယ်ကို ကြင်နာစွာသတိပေးလိုက်သည်။
သာမန်ဓားသွားသည် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးကိုကြည့်တာ ပထမဆုံးအကြိမ်ဖြစ်၏။ ထို့အပြင် ထိုအမျိုးသမီးနှစ်ဦးသည် တာဝန်အတွက်ဆောင်ရွက်ရာတွင် တစ်ကိုယ်တော်များအဖြစ် ရောက်လာပြီး သူတို့အစည်းအရုံးတံဆိပ်ကို မဝတ်ထားချေ။ ထိုကြောင့် သာမန်ဓားသွားက သူတို့နှစ်ဦးကို ဇီးရိုးဝင်းကဖြစ်မှန်း သဘောမပေါက်ခဲ့ပေ။
” မှားပြောမိတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွတ်ပေးပါ”
သာမန်ဓားသွားသည် သူ၏ မှားယွင်းမှုကို သဘောပေါက်သွားပြီးနောက် အမြန်တောင်ပန်လိုက်သည်။ သူက တွင်းတစ်တွင်းသာတူးပြီး တွင်းထဲသာခုန်ဝင်လိုက်ချင်တော့သည်။
သာမန်ဓားသွား၏ အဖြစ်ကိုမြင်သောအခါ လူငယ်နှင့်ရင်းနှီးသော ဆောင်းဦးဂူ့စ်က မရယ်မောဘဲ မနေနိုင်တော့ချေ။
လေနတ်ဘုရားလှံထဲတွင် သာမန်ဓားသွားက သူ၏ လျစ်လျူရှုတတ်မှုကြောင့် နာမည်ကြီးသည်။ သို့သော် တွေးခေါ်သူရိန်းကို ပထမဆုံးတွေ့စဥ်၌ သူမျက်လုံးများ ပြူးထွက်လာတော့၏။ ထိုလူငယ်သည် တွေးခေါ်သူရိန်းကို စိတ်ဝင်စားနေတာ သိသာပေ၏။ သို့သော် သူရှေ့တွင် အထင်ကြီးအောင် လုပ်ဆောင်ခဲ့သော်ငြား ကျရှုံးခဲ့၏။ ယခုအခေါက်တွင် သူတို့၏ အဖွဲ့မှူးတောင် သူ့ကို မကယ်တင်နိုင်တော့ချေ။ သူမနှင့် တွေးခေါ်သူရိန်းက ညီအစ်မများကဲ့သို့ ရင်းနှီးပေ၏။ တွေးခေါ်သူရိန်း၏ အကျင့်စရိုက်ကိုလည်း သိသည်။
တွေးခေါ်သူရိန်းက ဆုံးဖြတ်ချက်ချသည့်အချိန်တွင် သူမစိတ်ကို မည်သည့်အရာကမှ ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ဇီးရိုးဝင်းသို့ ဝင်ရန် တွေးခေါ်သူရိန်း၏ ဆုံးဖြတ်ချက်ကို သူမ မှတ်မိခဲ့သေးသည်။ ထိုမိန်းကလေးကို သူမ မည်မျှဖျောင်းဖျခဲ့စေကာမူ တွေးခေါ်သူရိန်းသည် အစည်းအရုံးကို ဝင်ခဲ့သေးသည်မလား။