ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1010 မြင့်မားသော စစ်ကြေညာချက်
” အစည်းအရုံးခေါင်းဆောင် တကယ်ကြီး အကောင်အထည်ဖော်တော့မလို့လား … ”
မီးတောက်သွေးကမေးပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ကျောက်တောမြို့နှင့် နီးသည့် NPC မြို့ မရှိပေ။ သူတို့က ကျောက်တောမြို့ကို စီးနင်းတိုက်ခိုက်ချင်လျှင် သူတို့က တပ်ကူများ မြန်မြန်ဆန်ဆန် ပို့နိုင်မှာ မဟုတ်ပေ။ တစ်ဖက်တွင်မူ ဇီးရိုးဝင်း အဖွဲ့ဝင်များကမူ မြို့ကို ချက်ချင်းရောက်ရန်အတွက် အစည်းအရုံးရွေ့ပြောင်းခြင်းစာလိပ်ကို အသုံးပြုနိုင်သည်။ သူတို့ သေခဲ့လျှင်တောင် မြို့ထဲ၌ ပြန်လည်ရှင်သန်လာပေလိမ့်မည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် မြို့က အလွယ်တကူခုခံနိုင်ခြင်း ရှိပေ၏။
ကျောက်တောမြို့၏ ကာကွယ်နိုင်သည့်ကာလ ကုန်ဆုံးသွားပြီဖြစ်သော်ငြား ကစားသမားများသည် NPC အစောင့်များကို ငှားရမ်းနိုင်သေးသည်။ စာရင်းတွင် ပါရှိသော NPC များ၏ အဆင့်က ကာကွယ်ခြင်းကာလအတွင်း ငှားရမ်းထားသော အဆင့် (၁၅၀) NPC အစောင့်များကဲ့သို့ ငှားရမ်းနိုင်သည့် NPC များသည် လက်ရှိ ကစားသမားများထက် ဆယ်ဆင့် ဆယ့်ငါးဆင့် ပိုမြင့်နေသေးသည်။
ကျောက်တောမြို့က ဇီးရိုးဝင်း၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ ကာကွယ်ခြင်းကာလ ပြီးဆုံးသွားပြီးနောက် ဇီးရိုးဝင်းသည် အဆင့် (၅၀) နှင့် အထက် အလွှာတစ် NPC အစောင့်ငါးရာကို ငှားရမ်းခဲ့သည်။ ထို့အပြင် ဇီးရိုးဝင်းအဖွဲ့ဝင်အများစုက မြို့ထဲ၌ ကင်းလှည့်နေကြ၏။ ဇီးရိုးဝင်းက အခြေခံဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်များလည်း တည်ဆောက်ခဲ့ပြီး ကြယ်တာရာမဟာမိတ်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့်အရာ ဖြစ်သည်။
ပြီးခဲ့သည့်စစ်ပွဲ၌ ဇီးရိုးဝင်းသည် လက်နက်၏ တိုက်ခိုက်နိုင်သည့်အကျယ်အဝန်းနှင့် အဖျက်စွမ်းအားကို လူတိုင်းအား မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် ကျောက်တောမြို့ကို စီးနင်းတိုက်ခိုက်ရန်က မလွယ်ကူချေ။ မြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ကစားသမား တော်တော်များများ စတေးမှ ရပေလိမ့်မည်။
ကျန်သည့် ကောင်းကင်ဘုံမြှုပ်နှံရာအဖွဲ့ဝင်များကလည်း တစ်ကိုယ်တော်မြှုပ်နှံရာဘက်ကို လှည့်ကြည့်ပြီး စိတ်ရှုပ်ထွေးသည့် အမူအရာများ ရှိနေသည်။
သူတို့သည် ကျောက်တောမြို့ကို တိုက်ခိုက်ရန် ယခင်က တွေးခဲ့သော်ငြား စောလွန်းနေသည်။ နတ်ဘုရားနယ်မြေသည် စီးတော်ယာဥ်ခေတ်ကို စတင်ခါစဖြစ်၏။ သူတို့ အနည်းငယ် ထပ်စောင့်သင့်ပေ၏။
” မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုကို ငါနားလည်တယ် … ဒါပေမဲ့ ဒီပြဿနာကို ငါ တွေးပြီးသား … ငါတို့ လှုပ်ရှားမယ်ဆိုတော့ ငါ အောင်မြင်မယ်လို့ ယုံကြည်လို့ပေါ့ … ”
တစ်ကိုယ်တော်မြှုပ်နှံရာက ရယ်မောလိုက်သည်။
” ဒါပေမဲ့ အချက်အလက်အသေးစိတ်ပြောဖို့ မစ္စလင်းကို ဖိတ်ခေါ်ထားတာပဲ … ”
လူတိုင်းက လင်းကျင်းရွှမ်ဆီ ကြည့်လိုက်ကြပြီး သူတို့ မျက်လုံးထဲ၌ မေးခွန်းများပြည့်နေတော့သည်။
” ဇီးရိုးဝင်းက လက်တလောမှာ ဘဏ္ဍာရေးထောက်ပံ့မှု ရဖို့အတွက် ကုမ္မဏီတွေ အများစုကို ဆက်သွယ်ခဲ့တဲ့အကြောင်း ကျွန်မ သတင်းရထားတယ် … ဒါ့အပြင် နဂါးဖီးနစ်ပွဲကြည့်စင်ကလည်း ဇီးရိုးဝင်းကို ရင်ဆိုင်ပြီး ရေအိုင်နှလုံးသားမြို့က ဇီးရိုးဝင်းရဲ့ အစည်းအရုံးခွဲကို ဖြေရှင်းဖို့ ပြင်ဆင်နေပြီးပြီ … တုံ့ပြန်တဲ့အနေနဲ့ ဇီးရိုးဝင်းက နဂါးနက်အင်ပါယာဆီကို သူတို့အဖွဲ့ဝင် တော်တော်များများ လွတ်ခဲ့တယ် … ဒါကြောင့် ကျောက်တောမြို့ထဲက အစည်းအရုံးအဖွဲ့ဝင်အရေအတွက်က သိသိသာသာလျော့နည်းနေမှာပဲ … ”
” ဒါပေမဲ့ အရေးအကြီးဆုံးက ဇီးရိုးဝင်းက မြစ်ဖြူမြို့ထဲမှာ လုပ်ဆောင်ချက်တွေကို ပြလာပြီ … သူတို့တွေက အစည်းအရုံးရဲ့ အသန်မာဆုံး အမှောင်နတ်ဘုရားတပ်မဟာကိုတောင် ပြန်ခေါ်ခဲ့တာ … ဇီးရိုးဝင်းက အမှောင်အစည်းအရုံး အဖွဲ့ဝင်တွေကို အမဲလိုက်ဖို့ အာရုံစိုက်နေမယ်ဆိုရင် အမှောင်အစည်းအရုံးအဖွဲ့ဝင်တွေက ဇီးရိုးဝင်းရဲ့ ပင်မတပ်ဖွဲ့ဝင်တွေကို ဆွဲထားနိုင်ဖို့ နည်းလမ်းတစ်ခု ရှာမှာပဲ … ရေနက်နဲ့ ကောင်းကင်ဘုံမြှုပ်နှံရာက အဲ့ဒီအချိန်ကြရင် ကျောက်တောမြို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးယူနိုင်တယ်လေ … ”
လင်းကျင်းရွှမ်၏ ရှင်းပြမှုက အထက်အရာရှိများ၏ စိတ်ဝင်စားမှုကို ရသွားသည်။ ဇီးရိုးဝင်းသည် ကျောက်တောမြို့ကို ခုခံရန်အတွက် နည်းဘလမ်းကုန်ထုတ်သုံးခဲ့လျှင် သူတို့ ဒီမြို့ကို ဘယ်တော့မှ သိမ်းပိုက်နိုင်မှာ မဟုတ်ပေ။ သို့သော် ယခု ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက တစ်ကွဲတစ်ပြားဆီ ဖြစ်နေပြီး အစည်းအရုံးနှစ်ခု၏ ခွန်အားဖြင့် ကျောက်တောမြို့ကို သိမ်းပိုက်ရန်က အသေးအမွှားသာ ဖြစ်နေပေတော့သည်။
” ကျွန်မ မေးစရာတစ်ခု ရှိတယ် … ”
မိုးသောက်မြူက ရုတ်တရက် မေးလိုက်၏။
” ဇီးရိုးဝင်းအဖွဲ့ဝင်တွေက သူတို့ အစည်းအရုံးရွေ့ပြောင်ူခြင်းစာလိပ်သုံးခဲ့ရင် ကျောက်တောမြို့ထဲမှာ အလွယ်တကူ စုဝေးလာနိုင်တာပဲ … ကျွန်မတို့ရဲ့ တပ်ကူတွေ ဘယ်လောက်မြန်မြန် ဇီးရိုးဝင်းထက် မမြန်နိုင်ဘူးလေ … ”
သူမက ထိုမေးခွန်းကို တွေးထင်ပြီးသားပုံဖြင့် လင်းကျင်းရွှမ်သည် စာလိပ်တစ်ဒါဇင်ကျော်ကို စာပွဲပေါ်တင်လိုက်၏။
” ဒါတွေက … ”
သိချင်စိတ်ဖြင့် လူတိုင်းသည် စာလိပ်အညွှန်းကို စစ်ဆေးလိုက်ကြသည်။ ချက်ချင်းပင် အားလုံးက ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူတို့မျက်လုံး သူတို့ မယုံနိုင် ဖြစ်နေသည်။
ချိတ်ပိတ်ခြင်း မှော်အစီအရင်
ထိုချိတ်ပိတ်ခြင်း မှော်အစီအရင်က အချိန်အတိုင်းအတာတစ်ခုအတွက် ဧရိယာတစ်ခုကို ချိတ်ပိတ်ထားနိုင်ပြီး ကစားသမားများကို ထိုဧရိယာထဲမှ ဝင်ရောက်နိုင်ခြင်းမရှိအောင် ဟန့်တားထား၏။ ယင်းက မြို့များနှင့် မြို့ကြီးများကို စီးနင်းတိုက်ခိုက်ရန်အတွက် နတ်ဘုရား ကရိယာတစ်မျိုး ဖြစ်ပေသည်။
ဇီးရိုးဝင်းသည် ကျောက်တောမြို့ဆီသို့ ကစားသမားများကို ပို့ဆောင်နိုင်ခြင်း မရှိခဲ့လျှင် မြို့ထဲတွင် ကင်းလှည့်နေသော ကစားသမားအနည်းစုဖြင့် သူတို့က အောင်မြင်စွာ စီးနင်းတိုက်ခိုက်နိုင်ပေလိမ့်မည်။
ကျောက်တောမြို့ကို သိမ်းပိုက်နိုင်သရွေ့ ဇီးရိုးဝင်းက သူတို့၏ အဓိကဝင်ငွေအရင်းအမြစ်ကို ဆုံးရှုံးသွားမှာပဲ ဖြစ်၏။ ကျောက်တောမြို့က်ု သိမ်းပိုက်ခဲ့ကြသည့် သူတို့ အစည်းအရုံးနှစ်ခုက မြို့၏ အကျိုးအမြတ်ကို ခံစားခွင့် ရရှိမည်။ ဇီးရိုးဝင်းကို သုတ်သင်ရှင်းလင်းပစ်ရန် အချိန်အတိုင်းအတာတစ်ခုသာ လိုတော့မှာပဲ ဖြစ်သည်။
” ရှင်တို့ရဲ့ လက်ထဲမှာ ဒီချိတ်ပိတ်ခြင်း မှော်အစီအရင်ကို ထားခဲ့မယ် … ဒါကို မြန်မြန်တည်ဆောက်နိုင်ဖို့ မျှော်လင့်မိတယ် … ဘာမှ ဆွေးနွေးစရာမရှိရင် ကျွန်မ သွားတော့မယ် … ”
လင်းကျင်းရွှမ်က ထိုသို့ပြောပြီးနောက် အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် အစည်းအဝေးခန်းထဲမှ ထွက်သွားတော့သည်။
” မြူ … မင်းနဲ့ ကျန်တဲ့သူတွေ ဒီမှာ ရှိနေတယ်ဆိုတော့ အသင့်ပြင်လိုက်တော့ … ချိတ်ပိတ်ခြင်းမှော်အစီအရင်ကို တည်ဆောက်ဖို့အတွက် ဘဝပုံစံကစားသမားတွေကို လိုအပ်တာ စီစဥ်ခိုင်းပြီးပြီ … သူတို့ တာဝန်ပြီးတဲ့အထိ မင်းက သူတို့ကို ကာကွယ်ပေးရမယ် … သူတို့ကို တခြားသူတွေ နှောက်ယှက်မှာ ခွင့်မပြုနဲ့ … ”
တစ်ကိုယ်တော်မြှုပ်နှံရာက တင်းမာစွာ အမိန့်ပေးလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် ကျုပ်တို့ဆီသာ လွဲထားလိုက်ပါ … ”
လူတိုင်းက စိတ်လှုပ်ရှားစွာ အကြောင်းပြန်၏။
ချိတ်ပိတ်ခြင်းမှော်အစီအရင်က အစွမ်းထက်ပေသည်။ သို့သော် အဓိကအားနည်းချက် ရှိသည်။ ကစားသမားများသည် မြေပုံ၏ အမျိုးမျိုးသော နေရာများ၌ မှော်အစီအရင်၏ တိုင်များကို တည်ဆောက်ရန် လိုအပ်သည်။ ထို့အပြင် မှော်အစီအရင်က ပတ်ဝန်းကျင်ဝိညာဥ်ဓာတ်စွမ်းအားကို နှောက်ယှက်နိုင်ခြင်း ရှိပေရာ အနားရှိမွန်းစတားများက စုဝေးလာပြီး လာရောက်တိုက်ခိုက်နိုင်ချေ ရှိသည်။ ထို့ကြောင့် ကစားသမားများသည် တိုင်များကို ခုခံရန်လိုအပ်၏။ ထို့ကြောင့် တစ်ကိုယ်တော်မြှုပ်နှံရာသည် ကောင်းကင်ဘုံမြှုပ်နှံရာ၏ အထက်အရာရှိများကို ပြန်လာရန် ခေါ်ခဲ့တာပဲ ဖြစ်သည်။
ကျောက်တောမြို့ကဲ့သို့ ကြီးမားသည့် မြေပုံတစ်ချပ်ကို ချိတ်ပိတ်ရန်အတွက် သူတို့သည် အနည်းဆုံး မှော်အစီအရင်တိုင် ဆယ့်လေးခု တည်ဆောက်ရန်လိုအပ်သည်။ တစ်နည်းဆိုရလျှင် သူတို့က နေရာဆယ့်လေးနေရာကိုခွဲပြီး ကာကွယ်ရန်လိုအပ်၏။ တစ်ပြိုင်နက်ထဲ ကစားသမားများစွာကို ရွေ့ပြောင်းခဲ့လျှင် ဇီးရိုးဝင်း၏ အာရုံစိုက်မှုကို ရသွားပေလိမ့်မည်။ ထို့ကြောင့် ထိုနေရာများကို ကာကွယ်ရန်အတွက် ကျွမ်းကျင်သူများကို ပို့ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။ အချိန်ကျလာသည်နှင့် သူတို့က လက်ရွေးစင်ကစားသမားများစွာကို သူတို့ ကျွမ်းကျင်သူများဖြင့် အစားထိုးနိုင်မှာပဲ ဖြစ်၏။
မြစ်ဖြူမြို့ရှိ ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာထဲတွင် ရှီဖုန်းက အမှောင်နတ်ဘုရားတပ်မဟာကို ပြန်ခေါ်ပြီးနောက် သူသည် မီးလျှံကကြိုးအား အစည်းအရုံး၏ ကျွမ်းကျင်သူများနှင့် လက်ရွေးစင်များကို စုဝေးခိုင်းပြီးနောက် ကြယ်လတိုင်းပြည်ထဲတွင် ရှိသော သူတို့ကို ပစ်မှတ်ထားနေသည့် အမှောင်အစည်းအရုံးများကို ရင်ဆိုင်တိုက်ခိုက်ရန် တရားဝင်ကြေညာတော့သည်။
ကြယ်လတိုင်းပြည်ထဲရှိ ကစားသမားတိုင်းက ထို ရုတ်တရက်ကြေညာမှုကို သတိပြုမိသည်။ မိနစ်ပိုင်းအတွင်း ရှီဖုန်းတို့၏ သတင်းက ကြယ်လတိုင်းပြည်၏ တရားဝင်ဖိုရမ်ပေါ်၌ ပေါ်လာတော့သည်။
” ရူးလောက်စရာပဲ … ဇီးရိုးဝင်းက ရူးနေပြီ … ”
” ဇီးရိုးဝင်းက အံ့သြစရာပဲ ဟေ့ … ကြယ်လတိုင်းပြည်ရဲ့ အမှောင်အစည်းအရုံးတွေကို ရင်ဆိုင်ဖို့ စစ်ပွဲတောင် ကြေညာခဲ့ပြီးပြီ … သူတို့ရဲ့ ဒေါသနဲ့ဆိုရင် အဲ့ဒီ အမှောင်အစည်းအရုံးတွေက အလွတ်ပေးမှာ မဟုတ်ဘူး … ”
” ဇီးရိုးဝင်းက ကြမ်းတာပဲ … ”
ဇီးရိုးဝင်း၏ နောက်ဆုံးကြေညာချက်က နတ်ဘုရားနယ်မြေ၏ သာမန်ကစားသမားများကို မှင်သက်သွားစေသည်။ ဇီးရိုးဝင်းက တိုင်းပြည်၏ ဧရာမအစည်းအရုံးနှစ်ခုနှင့် စစ်ပွဲရှိနေရုံသာမက အမှောင်အစည်းအရုံးများကိုလည်း စစ်ကြေညာခဲ့သည်။ အမှောင်အစည်းအရုံးက ကစားသမားအများစုရှောင်ရန် ကြိုးစားနေကြသည့် အရာတစ်ခု ဖြစ်၏။ အရူးသာလျှင် ထိုကဲ့သို့ လှုပ်ရှားပေလိမ့်မည်။
အမျိုးမျိုးသော အစည်းအရုံးကြီးများက ဇီးရိုးဝင်း၏ စစ်ကြေညာချက်ကြောင့် ပိုတောင် ထိတ်လန့်သွားကြသည်။
သာမန်ကစားသမားများသည် အမှောင်အစည်းအရုံးအကြောင်း အမှန်တရားကို သဘောမပေါက်တာ ဖြစ်နိုင်ပေ၏။ သို့သော် သူတို့က သတိပြုမိသည်။ အမှောင်အစည်းအရုံး၌ အဖွဲ့ဝင်အနည်းငယ်သာ ရှိသော်ငြား ထိုလူများအားလုံးက အင်မတန်ခေါင်းမာကြပေသည်။ သူတို့ကဲ့သို့ အစည်းအရုံးကြီးများနှင့် ဖြေရှင်းရန် ထိုလူများအတွက် တစ်ရက်ခန့်သာ အချိန်ယူရမှာပဲ ဖြစ်သည်။ ထို့အပြင် ထိုကစားသမားများ သေခဲ့လျှင်တောင် အမှောင်အစည်းအရုံးက သူတို့အတွက် လျော်ကြေးငွေ ဆုံးရှုံးမှာ မဟုတ်ပေ။ လုံလောက်အောင်မသန်မာသည့်အတွက် သူတို့ကို သူတို့သာ အပြစ်တင်ရမှာ ဖြစ်သည်။
အမှောင်အစည်းအရုံး ကစားသမားများ၏ ရှင်သန်နိုင်ချေကိုဆိုရလျှင် သူတို့က ပုံမှန်အစည်းအရုံးအဖွဲ့များထက် ပိုသန်မာပေ၏။ ပိုအရေးကြီးသည်က သာမန်အစည်းအရုံးများနှင့်မတူပဲ အမှောင်အစည်းအရုံးများသည် အစည်းအရုံးဂေဟာကဲ့သို့သော ထာဝရအခြေစိုက်စစ်ဆင်ရေးကို မပိုင်ဆိုင်ကြပေ။ ထိုအစား သူတို့က တစ်ကိုယ်တော်ကစားသမားများကဲ့သို့ လှုပ်ရှားကြပေသည်။ ရိုးရှင်းသည့် ဘားတစ်ခုက သူတို့၏ အခြေစိုက်စခန်းဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူတို့က အမှောင်အင်အားစုဖြင့် ထိန်းချုပ်ထားသောမြို့များကြား အလွယ်တကူလှုပ်ရှားနိုင်သည်။ ထို့ကြောင့် အမှောင်အစည်းအရုံးများကို ရင်ဆိုင်တိုက်ခိုက်ရန်က အလွန်ခက်ခဲပေ၏။
ထိန်ူထားနိုင်ခြင်းနှင့် ပတ်သက်လျှင် သာမန်အစည်းအရုံးများသည် သူတို့၏ အမှောင်အစည်းအရုံးများနှင့် ယှဥ်ပြိုင်နိုင်ချေက နည်းနေသေးသည်။ အမှောင်အစည်းအရုံး ကစားသမားများက ကျန်သည့်ကစားသမားများကို သတ်ဖြတ်ခြင်းဖြင့် အဆင့်တက်နိုင်၏။ သာမန်အစည်းအရုံးများအတွက်မူ ထိုကဲ့သို့ မဟုတ်ပေ။ သာမန်အစည်းအရုံးနှင့် အမှောင်အစည်းအရုံးကြား စစ်ပွဲတစ်ပွဲဖြစ်ပွားခဲ့လျှင် အမှောင်အစည်ူအရုံးက သူတို့၏ ရန်သူကို သေသည်အထိ မောပန်းအောင် ညှင်းပန်းနိုင်သည်။ သာမန်အစည်းအရုံးများသည် မလိုအပ်ပဲ ထိပ်တန်းရင်ဆိုင်တွေ့ရှိခြင်း မရှိအောင် အမှောင်အစည်းအရုံးများကို ရှောင်ကျဥ်၏။
ပုံမှန်ဆို ဇီးရိုးဝင်းက ၎င်း၏ ရန်သူများသည် လှုပ်ရှားရန်အတွက် အမှောင်အစည်းအရုံးကို ငှားရမ်းထားကြောင်း သတိပြုပြီးနောက် ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာကို ဖြေရှင်းရန် ပိုအာရုံစိုက်သင့်သည်။ ဆိုရလျှင် အမှောင်အစည်းအရုံးများက သေနတ်ငှားခြင်းမျှသာ ဖြစ်သည်။ သူတို့ကို လုံလောက်အောင် ထိန်းထားနိုင်ရန်က လွယ်ကူလှသည်။ သူတို့ အလုပ်ရှင်များ မရှိတော့သည်နှင့် သာမန်ဘဝပုံစံသို့ ပြန်ရောက်သွားမှာပဲ ဖြစ်သည်။ ထိုသို့တိုင် ဇီးရိုးဝင်းက ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာကို လျစ်လျူရှူ့ပြီး အမျိုးမျိုးသော အမှောင်အစည်းအရုံးများကိုလည်း ရန်စခဲ့၏။ ဇီးရိုးဝင်း၏ ဦးစားပေးဆောင်ရွက်ချက်က မှားနေတာ သေချာပေသည်။