ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1014 အံ့ဖွယ်သက်တော်စောင့် အဆင့်တက်ခြင်း
အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဓာတ်စွမ်းအား လည်ပတ်မှုသည် အန်နာဆီသို့ရောက်သွားတာ လူတိုင်း တွေ့နေရ၏။
တူညီသည့်အဆင့် တူညီသည့်အိုင်တမ်ရှိနေသော်ငြား အန်နာ၏ အရှိန်တို့က မြေကမ္ဘာတုန်လှုပ်ဖွယ် ပြောင်းလဲမှု ဖြစ်ပေါ်သွားခဲ့သည်။
” ဘာတွေ ဖြစ်ကုန်တာလဲ … အစည်းအရုံးခေါင်းဆောင် ဘာလုပ်လိုက်တာလဲ …”
ရေနှင်းဆီက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်နေပြီး ရှီဖုန်းနှင့် အန်နာကို တစ်လှည့်ဆီ ကြည့်လိုက်သည်။ ရှီဖုန်းသည် သူ၏ ကိုယ်ပိုင်သက်တော်စောင့်ကို အသွင်ပြောင်းရန် မည်သည့်အရာကို လုပ်ခဲမှန်း သူမသိပေ။
ယခင်က သူမသည် အန်နာဆီမှ ဖြာထွက်နေသော အစွမ်းထက်သည့်ဖိအားကို ခံစားခဲ့သည်။ သို့သော် ယခုမူ ထိုအမျိုးသမီးထံမှ ဘာမှမခံစားရပေ။
ဤကဲ့သို့သော အခြေအနေမျိုးကို သူမ ကြုံတွေ့ဖူးတာ ပထမအကြိမ် မဟုတ်ပေ။ ထို့ကြောင့် ပြောင်ူလဲမှုအကြောင်းအရင်းကို သူမ အပြည့်အဝသိနေပေ၏။ အကြီးမားဆုံးသော အန္တာရာယ်က သင်သည် ဤအရာကို အာရုံမခံနိုင်ခြင်းသာ ဖြစ်ပေသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် အန်နာ၏ ခွန်အားအသစ်က သူမ၏ သိမြင်နားလည်မှုကို ကျော်လွန်နေပေ၏။ ရေနှင်းဆီနှင့် မီးလျှံကကြိုးက ထိတ်လန့်နေစဥ် ရှီဖုန်းက အင်မတန်စိတ်ပူပန်နေ၏။
သက်တန့်သစ်သီးက နတ်ဘုရားအသုံးအဆောင် ဖြစ်ပေ၏။ သူသည် နောက်ထပ်တစ်ခု ရနိုင်မှာ မဟုတ်ပေ။ ထို သစ်သီးကိုဟစားသုံးပြီးနောက် မဟူရာရွှေသက်တော်စောင့်အဆင့်သာ ဖြစ်နေခဲ့လျှင် ဆုံးရှုံးမှုက ကြီးမားပေလိမ့်မည်။
ရှီဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် အန်နာ၏ အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။
အန်နာ ရီဖုန်း၏ ကိုယ်ပိုင်သက်တော်စောင့် အဆင့် (၆၅)
သစ္စာရှိမှု = ၉၅
ကြီးပြင်းနိုင်သည့်အလားအလာ = ၁၀၅ အံ့ဖွယ်အဆင့်
သူက အံ့ဖွယ်အဆင့် ရောက်သွားခဲ့ပြီ။ ရှီဖုန်းက ပျော်ရွှင်ကြည်နူးသွားသည်။
အံ့ဖွယ်အဆင့် သက်တော်စောင့်တစ်ယောက်အကြောင်း သူတစ်ခါမှ မကြာခဲ့ဖူးပေ။ အတိတ်တုန်းက အံ့ဖွယ်အဆင့်သက်တော်စောင့် ရှိလား၊ မရှိလားတောင် သူ မသိခဲ့ပေ။ သူသည် ထိုစဥ်က ဒုတိယတန်းအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင်မျှသာ ဖြစ်ခဲ့သည်။ နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက်အများစုကို သူ မသိခဲ့ပေ။ သို့သော် သူ သေချာတာ တစ်ခုတော့ရှိသည်။ အံ့ဖွယ်သက်တော်စောင့်များ ကြားထဲတွင်တောင် တစ်ရာ့ငါးမှတ်ထိ မြင့်မားသော ကြီးထွားမှုအလားအလာရှိသည့်သူ တစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲလောက်သည်။
နတ်ဘုရားနယ်မြေထဲတွင် NPC တစ်ဦး၏ ကြီးပြင်းမှု အလားအလာ၏ အရေးပါမှုသည် သူတို့ ပိုမြင့်သည့်အဆင့်ကို ရောက်လာသည်နှင့် တိုးလာတော့၏။ ပိုမြင့်သည့်အဆင့်တွင် အမှတ်တစ်မှတ်ကတောင် အစောင့်၏ အရည်အချင်းများကို အဆင့်တိုင်း၌ မြင့်တင်ပေးရာတွင် ရလဒ်ပြောင်းလဲသွားစေနိုင်သည်။ ထို့ကြောင့် အဆင့်အတန်းတူ အဆင့်တူ ကိုယ်ပိုင်သက်တော်စောင့်များကတောင် ကွဲပြားခြားနားသည့် အရည်အချင်းများ ရှိနေပေသည်။
ကိုက်ကို ဥပမာယူနိုင်ပေ၏။ သူ၏ ကြီးပြင်မှုအလားအလာသည် ယခင်ကထက် နှစ်မှတ်သာ တိုးလာသော်ငြား အဆင့်တူအလွှာတူ ရောက်ရှိပြီးနောက် သူ၏ ခွန်အားသည် အတိတ်တုန်းက သူ့ထက် (၁၀) ရာခိုင်နှုန်း ကျော်တက်ခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခဲ့လျှင် လက်ရှိ ကိုက်က အချိန်တိုအတွင်း အတိတ်တုန်းက ကိုက်ကို အလွယ်တကူဖိနှိပ် အနိုင်ယူနိုင်မှာပဲ ဖြစ်သည်။ ထို့အပြင် မဟူရာရွှေအဆင့်အတွက် နှစ်မှတ်ကွာခြားချက်သာ ဖြစ်သည်။ အံ့ဖွယ်အဆင့်ဆိုလျှင် ပြောရန်တောင် မလိုအပ်တော့ပေ။
အတိတ်တုန်းက အံ့ဖွယ်အစောင့်များအတွက် ရှင်းလင်းနေသည့် စံသတ်မှတ်ချက် မရှိခဲ့ဖူးပေ။ ကြီးပြင်မှုအလားအလာ တစ်ရာကျော်ပိုင်ဆိုင်ထားသည့် မည်သည့် NPC မဆို အံ့ဖွယ်အစောင့်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ လက်ရှိတွင် အန်နာ၏ ကြီးပြင်းမှု အလားအလာက ကိုက်ထက် ဆယ့်တစ်မှတ်သာနေပြီ ဖြစ်သည်။ အန်နာက အဆင့် (၇၀) သို့မဟုတ် (၈၀) သို့ ရောက်သည့်အချိန်၌ သူမသည် ကိုက်ကို အနီးကပ်တိုက်ပွဲတွင်တောင် အနိုင်ယူနိုင်သည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ တိုက်ပွဲဝင်စွမ်းအားအရာတွင် လက်ရှိ အန်နာကတောင် ကိုက်ကို အနိုင်ယူနိုင်ပေ၏။ NPC နှစ်ဦးစလုံးက အဆင့်တိုးလာသည်နှင့် သူတို့ နှစ်ယောက်ကြားရှိ ကွာဟချက်က ပိုကြီးမားလာရုံသာ ရှိသည် အဆုံးတွင်မှု ကိုက်ကတောင် အန်နာကို မော့ကြည့်နေရမှာ ဖြစ်သည်။
အံ့သြဖို့ကောင်းလိုက်တာ။ အန်နာရဲ့အဆင့်က အံ့ဖွယ်အဆင့်အထိ ရောက်သွားပြီဆိုတော့ အံ့ဖွယ်တာဝန်ကို အောင်မြင်နိုင်ချေက (၆၇) ရာခိုင်နှုန်းရောက်သွားပြီ။ မဟူရာရွှေသက်တော်စောင့် အဖွဲ့တစ်ဖွဲ့ကတောင် ဒီလို ရာခိုင်နှုန်းရနိုင်ပါမလားဆိုတာ သံသယဖြစ်မိတယ်။
ရှီဖုန်းက ဆွံ့အနေပေ၏။
သူမ၏ အဆင့်တိုးမြင့်မှုဖြင့် စကေးသစ်များစွာကို သင်ယူခဲ့ပြီ ဖြစ်သည်။ ယခု သူမ၌ အလွှာနှစ် ကျိန်စာသုံးခုရှိနေပြီး ယခင်ကထက် တစ်ခု ပိုလာသည်။ ပိုအရေးကြီးသည်က သူမသည် အလွှာနှစ်စကေးတစ်ခုကို သင်ယူခဲ့တာပဲ ဖြစ်၏။ ထို နယ်မြေစကေးဖြင့် အန်နာက အလွှာနှစ်အမျိုးအစားကြားထဲတွင် ပြိုင်ဘက်ကင်းမဲ့နေပေလိမ့်မည်။ ကျန်သည့်အဖွဲ့က နယ်မြေးစကေးတစ်ခု မပိုင်ဆိုင်ထားခဲ့လျှင် ကိုက်နှစ်ဦးကတောင် အန်နာကို ယှဥ်နိုင်မှာ မဟုတ်ချေ။
ပြီးနောက် ရှီဖုန်းသည် ကိုက်နှင့် အန်နာကို အံ့ဖွယ်တာဝန်ဆောင်ရွက်ခိုင်းလိုက်၏။ သူတို့မြန်မြန်ဆန်ဆန်ပြီးမြောက်လေ သူတို့၏ ခွန်အား ပိုတိုးတက်လေဖြစ်၏။
” အစည်းအရုံးခေါင်းဆောင် … ရေနက်က သူတို့ရဲ့ ထိပ်တန်းကစားသမားတွေ အများကြီးကို ပို့လိုက်တယ်ဆိုတဲ့သတင်း ခုနကပဲ ရလိုက်တယ် … ဒါကို ကြည့်ခြင်းအားဖြင့် အမှောင်အစည်းအရုံးတွေကို ကူညီဖို့ ပို့လိုက်တဲ့ပုံပဲ … အမျိုးမျိုးသော အမှောင်အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေကလည်း တပ်ဖွဲ့ထဲ ဝင်လာခဲ့ပြီးပြီ … သူတို့က အဖွဲ့တွေကို ပစ်မှတ်ထားနေရုံတင်မကဘူး အယောက်တစ်ရာအဖွဲ့တွေကိုလည်း စတင် ချုံခိုတိုက်ခိုက်နေပြီ … ”
ရေနှင်းဆီသည် သူမ ရရှိသည့်သတင်းကို တင်ပြလိုက်၏။
” ဒါ့အပြင် ရေနက်က မြစ်ဖြူမြို့ထဲမှာ နောက်ထပ်ဆိုင်တစ်ဆိုင်ဖွင့်ပြီး သံမဏိသံချပ်ကာကိရိယာအစုံနဲ့ ဝိညာဥ်ရောနှောရည်တို့ကို ပမာဏအများကြီး ရောင်းနေတာ … သူတို့ရဲ့ တန်ကြေးကိုတောင် လျော့လိုက်သေးတယ် … ဆိုင်ထဲကို ကစားသမားအများကြီး ခေါ်နိုင်ခဲ့ပြီးပြီ … သူတို့က ရှားပါးတဲ့ ဆေးပင်တွေနဲ့ သတ္ထုရိုင်းတွေကို ကြယ်လတိုင်းပြည်နေရာအနှံ့ကနေ ဈေးမြင့်မြင့်ပေးပြီး ဝယ်နေပြီ … သူတို့ တကယ်ကြီး အတည်ဆောင်ရွက်နေတဲ့ပုံပဲ … ”
” အတည်ဆောင်ရွက်တာတဲ့လား … ဟမ် … ”
ရှီဖုန်းက ရယ်မောလိုက်၏။
” သူတို့က ဒီဂိမ်းကို ဆော့ချင်တယ်ဆိုမှတော့ ငါတို့လည်း အတည်လုပ်ပေးရတော့မှာပေါ့ … ”
ထိုသို့ပြောပြီးနောက် ရှီဖုန်းသည် စွန့်စားသူအဖွဲ့အစည်းမှ ရုပ်ဖျက်ခြင်းစာလိပ်တစ်ရာကို ဝယ်ယူလိုက်သည်။
ထိုစာလိပ်များက စွန့်စားသူအဖွဲ့အစည်းအတွက် တစ်မူထူးခြားပေ၏။ အလွှာသုံးစွန့်စားသူများသာလျှင် ယင်းတို့ကို ဝယ်ယူနိုင်ပြီး စာလိပ်တစ်လိပ်လျှင် ရွှေပြားနှစ်ဆယ် ကျသင့်ပေသည်။
ရုပ်ဖျက်ခြင်းစာလိပ်များသည် ကစားသမားများကို ကွင်းပြင်ထဲ၌ စီးနင်းတိုက်ခိုက်ရာတွင် အသုံးဝင်စေသည်။ အသုံးပြုသည့်အချိန်၌ စာလိပ်သည် ကစားသမားများကို ကိုက်နှစ်ဆယ်အတွင်း၌ ခေါင်းစွပ်အာနိသင်ကို ပေးစွမ်းမည်ဖြစ်ကာ ခြေရာမခံနိုင်အောင်၊ ရှာဖွေခြင်းမခံရအောင် ဟန့်တားပေးထားမည် ဖြစ်သည်။ ထိုကစားသမားများ၏ လှုပ်ရှားမှုအရှိန်က နှစ်နာရီတာ (၁၀) ရာခိုင်နှုန်း တိုးလာမှာပဲ ဖြစ်၏။
ယင်းက ထွက်ပြေးရန်နှင့် ရန်သူများကို လိုက်ရန်အတွက် ရှိကိုရှိရမည် ပစ္စည်းတစ်မျိုးဖြစ်သည်။ ကံဆိုးသည်မှာ စွန့်စားသူအဖွဲ့အစည်းမှ အိုင်တမ်များကို ဝယ်ယူခဲ့သည့်သူ တစ်ဦးထဲကသာလျှင် ထိုအရာများကို အသုံးပြုနိုင်တာ ဖြစ်သည်။ ကြယ်နှစ်ပွင့်စွန့်စားသူများသည် ခေါင်းစွပ်စာလိပ်နှင့် ဆင်တူသည့် စာလိပ်ကို ဝယ်ယူနိုင်၏။ သို့သော် ထိုစာလိပ်က သူတို့ကိုယ်တိုင်အတွက်သာ သက်ရောက်မှုရှိပေသည်။
ပြီးနောက် ရှီဖုန်းသည် အမှောင်နတ်ဘုရားတပ်မဟာ၏ အဖွဲ့ဝင်များနှင့် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့များကို အစည်းအဝေးခန်းထဲ၌ စုဝေးလိုက်သည်။ ပြီးနောက် သွေးရောင်ဝါသလင်းနှင့် ချုံထည်စာလိပ်တို့ကို သုံးလိုက်၏။ ချက်ချင်းပင် လူတိုင်းက အဆင့်တိုးမြင့်ကို ရသွားသည်။
မြစ်ဖြူမြို့ဒေသ နှင်းတောအုပ်ထဲတွင် ဖြစ်သည်။ နှင်းတောအုပ်က အဆင့် (၄၀) မှ အဆင့် (၅၀) အရင်းအမြစ်မြင့်မားသောမြေပုံတစ်ချပ်ဖြစ်၏။ ပုံမှန်ဆို မြစ်ဖြူမြို့၏ အမျိုးမျိုးသော အစည်းအရုံးကြီးများသည်။ အဆင့်တက်ရန် ဤနေရာသို့ ရောက်လာကြသည်။ သို့သော် ယခုအချိန်၌ ဇီးရိုးဝင်းနှင့် အမျိုးမျိုးသောအမှောင်အစည်းအရုံးများကြား စစ်ပွဲဖြစ်ပွားရာ အဓိက စစ်မြေပြင်ဖြစ်လာခဲ့သည်။
” နတ်ဘုရားမီး … မင်းက တကယ်အံ့သြဖို့ကောင်းတာပဲ … ဇီးရိုးဝင်းက အဆင့် (၃၉) ကျွမ်းကျင်သူကို သုံးကွက်ထဲနဲ့ အနိုင်ယူခဲ့တာ … ”
ဆူးချွန်သံချပ်ကာကို ဝတ်ထားသည့် အဆင့် (၃၉) ရှေးစစ်သည်တော်က မီးခိုးရောင်မှော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဆင့် (၄၀) လူငယ်ကို လေးစားစွာ ကြည့်လိုက်တော့သည်။ သူတို့၏ အမှောင်အစည်းအရုံးများက အတူတကွဆောင်ရွက်ရန် သဘောတူညီချက် ရထားသည်နှင့် တစ်ကိုယ်ထဲမလှုပ်ရှား။ အဖွဲ့လေးများဖြင့် မလှုပ်ရှားတော့ပဲ အဖွဲ့ကြီး ဖွဲ့လိုက်တော့၏။
တိုက်ပွဲများစွာကို အတူတကွတွေ့ကြုံပြီးနောက် အဖွဲ့ထဲရှိလူတိုင်းက ထို အဆင့် (၄၀) ဓာတ်ကြီးလေးပါးအသုံးပြုသူကို လေးစားလာကြသည်။
” ဘာမှ မဟုတ်ပါဘူးကွာ … ဇီးရိုးဝင်းက ကျွမ်းကျင်သူတွေက ငတုံးတွေပဲ … ငါ့ရဲ့ မဟာမီးနဂါး နည်းစနစ်ကို မရှောင်နိုင်ကြဘူးလေ … ငါတို့ အစည်းအရုံးရဲ့ ကျွမ်းကျင်သူတွေနဲ့ ငါတို့ တိုက်ခိုက်နေရင် သူတို့တွေက ငါ့ရဲ့ ချိန်းကြိုးတိုက်ကွက်ကို အညံ့ခံမဲ့အစား တိုက်ကွက်ကို အလွယ်တကူ ရှောင်နိုင်ကြမှာ … ”
ကင်တရင်ဖိုင်းယားဟု အမည်ရသည့် လူငယ်က ရယ်မောပြီး ပြောလိုက်သည်။
” ဂေါ့စ်ဖိုင်းယားက မင်းက နိမ့်ချလွန်းတယ် … မင်းရဲ့အစည်းအရုံးမှာ ထိပ်အဆင့်က ဓာတ်ကြီးလေးပါးအသုံးပြုသူတစ်ယောက်လို့ ငါကြားထားတယ် … ကြယ်လတိုင်းပြည်ရဲ့ ဓာတ်ကြီးလေးပါးအသုံးပြုသူကြားထဲမှာ မင်းလောက်သန်မာတာ လက်တစ်ဆုပ်စာပဲ ရှိတယ် … ”
နောက်ထပ် အဆင့် (၄၀) မျက်နှာဖုံးဝတ် လုပ်ကြံသတ်ဖြတ်ရေးသမတစ်ဦးက ပြောလိုက်၏။
ကျန်သည့်သူများ ဂေါ့စ်ဖိုင်းယား၏ ခွန်အားကိုသဘောမပေါက်တာ ဖြစ်နိုင်သော်ငြား သူ သိပေ၏။ ဆိုရလျှင် ဂေါ့စ်ဖိုင်းယား၏ အစည်းအရုံးြ သာမန်မဟုတ်ပေ။ ဓာတ်ကြီးလေးပါးအသုံးပြုသူက ပြုံးရွှင်ခြင်းအိမ်ဂျယ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပေသည်။ ယင်းက များစွာသောတိုင်းပြည်များနှင့် အင်ပါယာများထဲတွင် လုပ်ရှားနေသည့် ထိပ်တန်းအဆင့် အမှောင်အစည်းအရုံးတစ်ခု ဖြစ်သည်။ အစည်းအရုံး သူတို့၏ အမှောင်အစည်းအရုံးများထက် အဆပေါင်းများစွာ ပိုသန်မာပေသည်။
လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ ပြောဆိုနေကြစဥ် အပြာရောင်အလင်းတန်းငါးခုက အဖွဲ့ကို ဖြတ်တိုက်သွား၏။
မျက်တောင်တခက်အတွင်း အယောက်ငါးဆယ်အဖွဲ့ထဲ၌ ငါးယောက် သေဆုံးခဲ့ကြပြီး အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ ကွယ်ပျောက်သွားပြီး လက်နက်များနှင့် ချပ်ဝတ်တန်ဆာ အပိုင်းအစတစ်ခုသာ ကျန်ခဲ့သည်။
” ဘယ်သူလဲ … ”
အမှောင်အစည်းအရုံး ကစားသမားများသည် နောက်ဆုံးတော့ တုံ့ပြန်လာကြတော့၏။ သူတို့သည် အပြာရောင်အလင်း၏ ဇစ်မြစ်ကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးက ကျွမ်းကျင်သူများဖြစ်၏။ ထိုသို့တိုင် အဖွဲ့ဝင်ငါးယောက် သေဆုံးပြီးမှသာ ချုံခိုတိုက်ခိုက်မှုကို သတိပြုမိကြသည်။ ယင်းက မခန့်မှန်းထားနိုင်စရာ ဖြစ်နေ၏။
” ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေကို သတ်ပြီး မင်းတို့ အသက်အန္တရာယ်က လွတ်မြောက်နိုင်လိမ့်မယ်လို့ တွေးတောင်မတွေးနဲ့ … “