ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1028 တော်ဝင်အစောင့်
ညှို့ငင်ခြင်းဆမ်းမားသည် ပြိုင်ကွင်းအပြင်ဘက်၌ အသက်ပြန်ရှင်လာသည်နှင့် အထဲမှ ထွက်လာသော မိန်းကလေးကို လှည့်ကြည့်ပြီး သူမ မျက်နှာထက်တွင် ထိတ်လန့်မှုများ ပြည့်နေတော့၏။
သူမသည် ယခင်က ကျွမ်းကျင်သူများစွာကို ရင်ဆိုင်တွေ့ခဲ့ဖူးပြီး သူမကို တစ်ကွက်ထဲဖြင့် သတ်ဖြတ်နိုင်သည့်သူ မရှိဖူးပေ။ ထိုကဲ့သို့သူ ရှိလိမ့်မည်ဟုလည်း သူမက မယုံကြည်ချေ။ သတ်ဖြတ်နိုင်သည့်သူက မိန်းမငယ်လေးတစ်ဦးဆိုလျှင် ပိုတောင်ဆိုးချေသေး၏။
ဘာကြောင့် ကွာဟချက်က ဒီလောက် ကြီးမားနေရတာလဲ။ ညှို့ငင်ခြင်းဆမ်းမားသည် ရလဒ်ကြောင့် မှင်သက်သွားမိသည်။ ဘေးဘက်တွင် ရပ်နေသော ရေနှင်းဆီက သူမ သူငယ်ချင်း၏ မျက်နှာအထက်ရှိ မှင်သက်နေသောအကြည့်ကို မြင်သောအခါ အတိတ်ကို ပြန်သတိမရဘဲ မနေနိုင်တော့ချေ။
ထိုစဥ်က ရှီဖုန်း ပြသခဲ့သည့်ခွန်အားကို သူမ မြင်သည့်အခါ သူမက အံ့သြဆွံ့အခဲ့သည်။ ယခု ညှို့ငင်ခြင်းဆမ်းမားနှင့် ဆင်တူသော အခြေအနေကို ကြုံတွေ့ခဲ့တာပဲ ဖြစ်သည်။
ဤပွဲစဥ်၏ ရလဒ်က မည်သည့်နည်းနှင့်မဆို ရေနှင်းဆီအဖို့ အံ့သြစရာမဟုတ်ပေ။ သူတို့သည် တူညီသည့်ဂိမ်းကို အမှန်တကယ် ဆော့နေခြင်းလားဟူ၍ တွေးမိစေလောက်ပေ၏။
ညှို့ငင်ခြင်းဆမ်းမားသည် ယခုအချိန်တွင် တူညီသောမေးခွန်းကို တွေးနေတာ ဖြစ်နိုင်၏။ ဤအခြေအနေကြောင့် စိတ်ရှုပ်ထွေးနိုင်လောက်ပေသည်။ သို့သော် ယင်းက အစစ်အမှန်ဖြစ်ပြီး အင်မတန်ရက်စက်သော အမှန်တရားပင် ဖြစ်သည်။ ယင်းက ဂိမ်း၏ ယုတ္တိမရှိဆုံး ရှုထောင့်ဖြစ်၏။
သာမန်ပုံရိပ်ယောင် အစစ်အမှန် ဂိမ်းထဲတွင် အရည်အချင်းစုဆောင်းမှုက ကစားသမားများကြားရှိ ကွာဟချက်တစ်ခုအတွက် အလွယ်တကူ ဖာထေးပေးနိုင်သည်။ နတ်ဘုရားနယ်မြေကမူ ပုံမှန်ပုံရိပ်ယောင် အစစ်အမှန်ဂိမ်းများထက်တောင် ပိုထူးခြားနေ၏။ အရည်အချင်း ကွာဟချက် ရှိရုံသာမက တိုက်ပွဲဝင် အတွေ့အကြုံနှင့် နည်းစနစ်ကွာဟချက်လည်း ရှိနေသေးသည်။
တုံ့ပြန်မှုအရှိန်၊ လေ့လာခြင်းစွမ်းအား၊ စကေးအသုံးပြုမှု၊ အချိန်ကိုက်လှုပ်ရှားမှုနှင့် ကျန်သည့်ရှုထောင့်များ ဖြစ်သည်။ လူတစ်ယောက်က ထိုဂါထာများအားလုံးနှင့် သူတို့၏ ပြိုင်ဘက်ထက် အနည်းငယ်ပိုသန်မာနေခဲ့လျှင် တိုက်ခိုက်ရေးသမားနှစ်ဦးက တူညီသည့်အရည်အချင်းကို ပိုင်ဆိုင်ထားသည့် အခြေအနေ၌ သူတို့သည် ပြသသော တိုက်ပွဲဝင်စွမ်းအား၌ ကွာခြားချက်ကြီးတစ်ခု ရှိနေအုံးမှာပဲ ဖြစ်သည်။
ဤတိုက်ပွဲက သံသယဖြစ်ဖွယ်မရှိ အကောင်းဆုံးသက်သေပင် ဖြစ်၏။
အရည်အချင်းအရာတွင် လက်ရှိ၌ အဆင့် (၄၄) သို့ရောက်ပြီးသည့် ခရမ်းတိမ်က ညှို့ငင်ခြင်းဆမ်းမားကို အပြည့်အဝ ကျော်တက်နိုင်သည်။ တိုက်ပွဲဝင်နည်းစနစ်အရာတွင် သန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးသော ခရမ်းတိမ်ကလည်း ညှို့ငင်ခြင်းဆမ်းမားထက် သာလွန်ပေ၏။ ညှို့ငင်ခြင်းဆမ်းမားက သန့်စင်ခြင်းနယ်ပယ်တစ်ဝက်သာ ရောက်သေးတာ ဖြစ်သည်။ ထိုအသာစီး ရရှိမှုများ၏ ပေါင်းစည်းခြင်းရလဒ်က တစ်ချက်ထဲဖြင့် မောက်သပ်လိုက်နိုင်တာပဲ ဖြစ်သည်။
အချိန်အတော်ကြာ တွေဝေမှင်သက်နေပြီးနောက် ညှို့ငင်ခြင်းဆမ်းမားသည် ရေနှင်းဆီဘက်ကို လှည့်ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်တော့၏။
” ရေ၊ ရိုးရိုးသားသားပြောအုံး၊ ဒီအစည်းအရုံးထဲမှာ သူ့ရဲ့အဆင့်က ဘယ်လောက်လဲ”
နတ်ဘုရားနယ်မြေထဲတွင် သူမ စတင်ဆော့ကစားချိန်မှစပြီး ထိုကဲ့သို့အစွမ်းထက်သော ဘာသာရေးခေါင်းဆောင်တစ်ဦးကို ရင်ဆိုင်ကြုံတွေ့ရတာ ညှို့ငင်ခြင်းဆမ်းမား၏ ပထမဆုံးအကြိမ် ဖြစ်သည်။
ဇီးရိုးဝင်း၏ ထိပ်တန်းဆယ်ယောက်အတွင်းသာလျှင် ခရမ်းတိမ် ဝင်နိုင်လိမ့်မည်ဆိုတာ သူမ မယုံကြည်ပေ။ သူမ၏ တွက်ချက်မှုအရ ထိုမိန်းကလေးသည် အနည်းဆုံးတော့ ထိပ်တန်းသုံးယောက်အတွင်း ရှိသင့်ပေ၏။
အစည်းအရုံးတစ်ခု၌ ထိုကဲ့သို့ ကျွမ်းကျင်သူသုံးဦး ရှိနေခဲ့လျှင် ဇီးရိုးဝင်းက ကြယ်လတိုင်းပြည်၏ နံပါတ်တစ်အစည်းအရုံးဟု သတ်မှတ်ခံရတာ အံ့သြစရာမရှိပေ။
” ထိပ်တန်းငါးယောက်ထဲမှာ များလား”
ရေနှင်းဆီက မသေချာမရေရာ ပြောလိုက်၏။ သူမ သိထားပုံအရ ရှီဖုန်းသည် ဂျမ်းတဲလ်စနိုးနှင့် ကျန်သည့်သူများ ဇီးရိုးဝင်းသို့ ဝင်လာပြီးနောက် သူတို့ကို ပျိုးထောင်ချိန်တွင် ထိမ်ချန်မထားခဲ့ပေ။ ထို့အပြင် ဂျမ်းတဲလ်စနိုးသည် ဇီးရိုးဝင်းသို့ မဝင်ခင်ကတောင် သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်ကြောင်း ရေနှင်းဆီ ကြားထားသည်။ သူမ ကိုင်ဆောင်သည့်လက်နက်ကလည်း မှော်လက်နက်တောင် ဖြစ်နေသေး၏။ နှစ်ဆရှေးစစ်သည်တော်ကို အသုံးပြုနိုင်စွမ်းရှိသော ပုန်းကွယ်အမျိုးအစားလည်း ရှိနေသည်။
ထို့အပြင် အစည်းအရုံးလှုပ်ရှားမှုများထဲတွင် ပါလေ့ပါထမရှိသော တွေးခေါ်သူရိန်း ရှိနေ၏။ ထိုမိန်းကလေးက အလွန်သန်မာပြီး ထူးကဲသောအမွေအနှစ်တစ်ခုရှိသည့်သူ တစ်ဦးဖြစ်သည်။
” သူက သိပ်သန်မာတယ်၊ ဒါတောင် ထိပ်တန်းငါးယောက်အတွင်းပဲ ဝင်တာတဲ့လား”
ညှို့ငင်ခြင်းဆမ်းမားက အထိတ်တလန့်ပြောလိုက်၏။
” နင် ငါ့ကို နောက်နေတာမလား”
ဇီးရိုးဝင်းက မည်ကဲ့သို့ အစည်းအရုံးဖြစ်ကြောင်း မှန်းဆရန်ခက်ခဲနေသည်။
အစည်းအရုံးထဲတွင် ခရမ်းတိမ်ကဲ့သို့ မွန်းစတားလေးကောင် ရှိနေသေးသည်။ ကျန်သည့်အစည်းအရုံများက ဇီးရိုးဝင်းကို မည်ကဲ့သို့ ရင်ဆိုင်တော့မည်နည်း။
” နင့်ကို လိမ်လို့ ငါ ဘာအကျိုးထူးမှာလဲ”
ညှို့ငင်ခြင်းဆမ်းမားကို ရေနှင်းဆီက မျက်စောင်းထိုးကြည့်လိုက်၏။ သူမက ထပ်ပေါင်းပြောလိုက်သည်။
” အခု ဇီးရိုးဝင်း ဘယ်လောက်သန်မာလဲ နင် သိပြီမလား”
ရေနှင်းဆီက အတော်ကျေနပ်အားရနေသောပုံစံ ပြုမူနေသော်ငြား ညှို့ငင်ခြင်းဆမ်းမားက မည်သည့်နည်းနှင့်မဆို သူမ၏ စကားများကို အာရုံမစိုက်ခဲ့ပေ။ ထိုအစား ခရမ်းတိမ်ဆီသို့ တန်းသွားပြီးနောက် ထို မိန်းကလေးကို ဆက်လက်စိန်ခေါ်ရန် မျှော်လင့်နေမိသည်။
ဒါမတိုင်ခင်၌ သူမက ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးကိုရှာတွေ့ရန် အင်မတန် ခက်ခဲခဲ့သည်။ ယခု မွန်းစတားလေးက သူမရှေ့တွင် ရှိနေပြီဖြစ်ရာ ဤအခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်ခံမည်နည်း။ ညှို့ငင်ခြင်းဆမ်းမားကဲ့သို့ တိုက်ပွဲဆာလောင်သူအဖို့ အခြေအနေက ဆာလောင်နေသောဝံပုလွေအရှေ့ လက်လက်ဆက်ဆက်အသားများ ချပေးခြင်းနှင့် ဆင်တူနေပေတော့သည်။
တစ်ချိန်ထဲတွင် ညှို့ငင်ခြင်းဆမ်းမားက ဇီးရိုးဝင်းထဲဝင်ချိန်၌ ကြယ်လမြို့နှင့် မလှမ်းမကမ်းတွင် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
သိပ်မကြာမီ၌ မွန်းစတားများက ကြယ်လမြို့မှ ပိုင်ဆိုင်သော NPC မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ကာ မြို့အတွင်းရှိ ကစားသမားတိုင်းကို သတ်ဖြတ်ပြီး မြို့၏ လူဦးရေက လျော့ကျသွားကာ ကစားသမားနှစ်သောင်းနီးပါး သေဆုံးခဲ့သည်။
တုံ့ပြန်သည့်အနေဖြင့် ကြယ်လမြို့က ကစားသမားများသည် ထိုမြို့ကို စစ်ဆင်နွှဲနိုင်ကြောင်း ကြေညာခဲ့သည်။ သူတို့က မြို့အတွင်းမှ မွန်းစတားများကို ရှင်းထုတ်ပေးနိုင်သရွေ့ ကြယ်လမြို့၏ မြို့စားအဆင့်သို့ တိုက်ရိုက်တိုးမြင့်ပေးခြင်းအပါအဝင် တန်ဖိုးကြီးဆုလာဘ်များစွာ ရရှိမှာပဲ ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် ဂုဏ်သတင်းက ကစားသမားများအဖို့ အရေးပါပေ၏။ ကစားသမားတစ်ဦး၏ ဂုဏ်သတင်းက မြင့်မားလေ သူတို့က အဆင့်မြင့် သို့မဟုတ် ရှားပါးသောတာဝန်များကို ရရှိရန် ပိုလွယ်ကူလေ ဖြစ်သည်။ ကစားသမားများသည် သူတို့၏ ပြန်ပြင်ခြင်းစရိတ်နှင့် ပို့ဆောင်ဆက်သွယ်ခများအတွက် လျှော့စျေးများလည်း ရရှိနိုင်သည်။ အရေးအကြီးဆုံးက သူတို့ ငှားရမ်းနိုင်သော ကိုယ်ပိုင်သက်တော်စောင့်အရေအတွက်က တိုးလာမှာပဲ ဖြစ်သည်။ မြို့စားငယ်အဆင့်တွင်မူ ကစားသမားများက ကိုယ်ပိုင်သက်တော်စောင့်နှစ်ဦးသာ ထားရှိခွင့် ရှိ၏။ မြို့စားကြီးအဆင့်တွင်မူ ကစားသမားများက လေးယောက်ရနိုင်သည်။
ကစားသမားတစ်ဦးက ကိုယ်တိုင်မသန်မာလျှင်တောင် သူတို့သည် သူတို့နားတစ်ဝိုက်၌ အရည်အချင်း မြင့်မားသော ကိုယ်ပိုင်သက်တော်စောင့်လေးဦးကို ခေါ်ထားနိုင်ခဲ့လျှင် ကျွမ်းကျင်ကစားသမားများကတောင် သူတို့ကို ရှောင်တိမ်းသွားမှာပဲ ဖြစ်သည်။ ထို့အပြင် ကွင်းပြင်ဘော့စ်များကို စီးနင်းတိုက်ခိုက်ခြင်းကလည်း အလွန်လွယ်ကူသည့် တာဝန်တစ်ရပ် ဖြစ်လာလိမ့်မည်။ အရည်အသွေးမြင့်သော ကိုယ်ပိုင်သက်တော်စောင့်များကို ရှာတွေ့ရန် အင်မတန်ခက်ခဲရုံသာ ရှိ၏။ လက်ရှိတွင် ဆန်းကြယ်သံမဏိအစောင့်တစ်ဦးကတောင် တန်ကြေး အလွန်မြင့်မားနေရာ လျှို့ဝှက်ငွေနှင့် ရွှေစင်အစောင့်ဆိုဝေးစွ ဆန်းကြယ်သံမဏိအစောင့်ကတောင် တန်ဖိုးမြင့်လွန်းနေ၏။
သို့သော် ကစားသမားများက အရူးများမဟုတ်ပေ။ လက်ရှိတွင် အမျိုးမျိုးသော အစည်းအရုံးကြီးများကတောင် ဆန်းကြယ်သံမဏိသက်တော်စောင့်အချို့သာလျှင် ရှာတွေ့ပြီး လျှို့ဝှက်ငွေသက်တော်စောင့်ဆိုလျှင် ပိုနည်းပေ၏။ တစ်ယောက်ရသည့်သူက NPC များကို သေချာပေါက် သူတို့၏ ဘိုးဘေဘောင်ဆက်အမွေအနှစ်သဖွယ် ဆက်ဆံကြမှာပဲ ဖြစ်သည်။ သူတို့က မည်သည့်နည်းနှင့်မဆို NPC ကို ရောင်းချမှာ မဟုတ်ပေ။
မြို့သိမ်းတိုက်ပွဲအတွက် ဆုလာဘ်များထဲမှ တစ်ခုက ဘုရင့်၏ ကိုယ်ပိုင်သက်တော်စောင့်မှ သက်တော်စောင့်တစ်ဦးကို ရွေးချယ်နိုင်ရန် အခွင့်အရေးတစ်ခု ရရှိတာပဲ ဖြစ်သည်။
ဘုရင့်၏ ကိုယ်ပိုင်သက်တော်စောင့်
ကြယ်လတိုင်းပြည်၏ လက်ရွေးစင်များ စုဝေးနေသည့် နေရာဖြစ်သည်။ အထူးချွန်ဆုံးအစောင့်များသာလျှင် တော်ဝင်အစောင့်ဖြစ်နိုင်၏။ သူတို့၏ ကြီးပြင်းမှု အလားအလာက လမ်းပေါတွင် ရှာတွေ့နိုင်သည့် NPC ကစားသမားများထက် သိသိသာသာပိုတော်ပေသည်။
သာမန်ကစားသမားတစ်ဦးက ဆန်းကြယ်သံမဏိအစောင့်သာ ရနို၈်ခဲ့လျှင်တောင် သူတို့က အပြင်လောကရှိ အလုပ်မှ ချက်ချင်းနုတ်ထွက်ပြီးနောက် သူတို့ကိုသူတို့ ထိန်းသိမ်းရန်အတွက် နတ်ဘုရားနယ်မြေထဲ ရပ်တည်ကြတော့မှာပဲ ဖြစ်သည်။ လျှို့ဝှက်ငွေအစောင့်ကို ရနိုင်ခဲ့လျှင် NPC ကို အစည်းအရုံးကြီးဆီ တိုက်ရိုက်ရောင်းချပြီးနောက် သူတို့သည် လက်ကျန်ဘဝ၌ သုံးစွဲနေထိုင်ရန် စရိတ်အကြောင်း စိုးရိမ်ပူပန်ရန် လိုတော့မှာမဟုတ်ပေ။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် ကြယ်လမြို့တစ်ခုလုံး ဥသြသောင်းတင်ဖြစ်ကုန်သည်။ တစ်ကိုယ်တော်နှင့် အစည်းအရုံးကစားသမားများက အဖွဲ့များဖွဲ့ကာ မြို့ကို ပြန်သိမ်းရန် အစီအစဥ် ရေးဆွဲကြတော့၏။ အစည်းအရုံးများစွာနှင့် အလုပ်ရုံများကဆို ကိရိယာများ စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင်၊ ကျုပ်တို့တွေ လူပိုပို့သင့်လား၊ ဘယ်လိုပဲဖြစ်ဖြစ် မြို့က ကျောက်တောမြို့နဲ့ သိပ်မဝေးဘူးလေ”
ဘလက်ကီက မှော်မျှော်စင်၏ အဆောက်အဦကို လှမ်းကြည့်နေသော ရှီဖုန်းကို လှည့်ကြည့်ပြီး အကြုံပြုလိုက်တော့သည်။
” မလောနဲ့၊ မျှော်စင် တည်ဆောက်ပြီးမှသွားရင် အဆင်ပြေတယ်”
ရှီဖုန်းက ပြန်ပြောကာ ခေါင်းခါလိုက်သည်။ လက်တွေ့တွင်မူ သူတောင် ထိုဆုကြေးကြောင့် မက်မောမိ၏။
တော်ဝင်အစောင့်ထဲရှိ NPC များက လူသားများကြားထဲရှိ နဂါးများသာ ဖြစ်သည်။
ပုံမှန်ဆို အထက်မှူးမတ်အဆင့်သို့ ရောက်ပြီးသည့်ကစားသမားများသာလျှင် တော်ဝင်အစောင့်မှ ကိုယ်ပိုင်သက်တော်စောင့်တစ်ဦး ရွေးချယ်ခွင့်ရရှိတာ ဖြစ်သည်။ ထိုသို့တိုင် ယင်းတို့ကို ရရှိရန်အတွက် ပြီးမြောက်ရန်လိုအပ်သောတာဝန်က အံ့ဖွယ်တာဝန်၏ အခက်အခဲအောက် မလျော့ပေ။ အနည်းစုသော ကစားသမားများသာလျှင် ယင်းကို ပြီးမြောက်နိုင်ကြတာ ဖြစ်သည်။ ကံကောင်းသည်မှာ ဤတာဝန်က ဆုကြေးသီးသန့် တာဝန်အမျိုးအစားဖြစ်နေ၏။ ထို့ကြောင့် ကစားသမားများသည် ကျရှုံးခဲ့လျှင်တောင် ပြစ်ဒဏ်ပေးခံရမှာကို စိုးရိမ်ပူပန်စရာ မလိုပေ။ အလွန်ဆုံးမှာ သူတို့သည် တော်ဝင်အစောင့်ကိုခေါ်နိုင်သည့် အခွင့်အရေးဆုံးရှုံးရုံသာ ရှိ၏။
ထိုသို့တိုင် ယခုအချိန်၌ ကစားသမားများသည် ဆုကြေးရရန်အတွက် မြို့တစ်မြို့ကို သိမ်းပိုက်ရန်သာ လိုအပ်သည်။ ရှီဖုန်းသည် အခြေအနေကြောင့် အတော်လေးဇဝေဇဝါ ဖြစ်နေ၏။