ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1035 အချိန်တွေက ပြောင်းလဲရမယ်
ရှီဖုန်းက ယင်းကို သဘောမပေါက်ခင် သူက ဖိုင်များကို ဖတ်ရှုနေစဥ် အခန်းထဲ၌ နာရီဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ပိုဖတ်လေ ပိုထိတ်လန့်လာလေ ဖြစ်၏။
ပုံမှန်ဆို ကြုံတွေ့ရန်ခက်ခဲသည့် ဉာဏ်ရည်မြင့် NPC များက ယခုမူ လူဦးရေထောင်ချီရနိုင်ပေ၏။ ရှီဖုန်းက ဉာဏ်ရည်ရှစ်ဆယ်ဖြင့် NPC တစ်ဦးကိုတောင် ရှာတွေ့ခဲ့သည်။
ပင်မနတ်ဘုရားစနစ်က စွန့်စားသူအဖွဲ့အစည်းမှ NPC များကို ကစားသမားများ၏ ကိုယ်ပိုင်သက်တော်စောင့်များအဖြစ် မထားရန် တောင်းဆိုထားခြင်းသာ မရှိလျှင် ရှီဖုန်းက ထို NPC များအားလုံးကို ခေါ်သွားပြီး ကိုယ်ပိုင်သက်တော်စောင့်တပ်ဖွဲ့တစ်ဖွဲ့ဖွဲ့ရန် တွေးမိမှာပဲ ဖြစ်သည်။
” ဒါဆိုလည်း ဆယ်ယောက်ရွေးလိုက်တာပေါ့”
ရှီဖုန်းသည် အမည်စာရင်းများကို ကြည့်ပြီးနောက် သူသည် အဆင့်မြင့် NPC ဆယ်ဦး၏ အမည်ကို ရွေးချယ်လိုက်သည်။ ကိုးဦးက ခုနှစ်ဆယ်ရှိပြီး တစ်ဦးက ဉာဏ်ရည်ရှစ်ဆယ်နှစ် ရှိပေ၏။
နတ်ဘုရားနယ်မြေထဲတွင် ဉာဏ်ရည်ရှစ်ဆယ့်နှစ်ရှိသော NPC တစ်ဦး၏ ဉာဏ်ထက်မြတ်မှုက အလွှာသုံး NPC တစ်ဦးနှင့် ညီမျှပေ၏။
ရှီဖုန်းက ပိုမိုငှားရမ်းချင်သည့်တိုင် သူ ငှားရမ်းနိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။
အရွယ်အစားသေးငယ်သော မြို့လေးတစ်မြို့က အလွန်ဆုံးအဆင့်မြင့် NPC ဆယ်ဦးသာ ငှားရမ်းနိုင်သည်။
ထို့အပြင် အဆင့်မြင့် NPC များကို ငှားရမ်းခြင်းက ရိုးရှင်းသည့်အလုပ် မဟုတ်ပေ။ အကန့်အသတ်မရှိပဲ တစ်လလျှင် ရွှေပြားနှစ်ပြားဖြင့်သာ ငှားရမ်းနိုင်သော သာမန် NPC များနှင့်မတူပဲ ထို NPC များတောင်းဆိုသောလစာနှင့် သူတို့၏ တောင်းဆိုချက်များကိုလည်း ဖြည့်စီးပေးရမှာ ဖြစ်သည်။
ဉာဏ်ရည်ရှစ်ဆယ့်နှစ်ရှိသော NPC ၏ တောင်းဆိုချက်က သာမန်အစည်းအရုံးတစ်ခုကို သေသွားစေနိုင်လောက်သည်။
အကြောင်းအရင်းမှာ NPC က တစ်ရက်လျှင် ရွှေပြားဆယ်ပြား လစာတောင်းဆိုထားသောကြောင့် ဖြစ်သည်။ ရှီဖုန်းက တစ်လ စရန်ကြိုပေးရန်လည်း လိုအပ်၏။ ထို့အပြင် NPC စီမံခန့်ခွဲသည့် ဈေးဆိုင်က အနည်းဆုံးကျန်သည့် အလုပ်သမားငါးရာ ရှိရမှာ ဖြစ်သည်။
သာမန်ဆိုင်တစ်ဆိုင်တွင် ၎င်းကို စီမံခန့်ခွဲရန် NPC အယောက်နှစ်ဆယ်ဝန်းကျင် ရှိနေသည်က လုံလောက်တာထက် ပိုနေပြီ ဖြစ်သည်။ NPC အယောက်ငါးရာဖြင့် ဆိုင်တစ်ဒါဇင်ကျော်ကို ဦးစီးနိုင်သည်။ ထိုတောင်းဆိုချက်ကို ဖြည့်စီးပေးခြင်းက သာမန်ဆိုင်တစ်ဆိုင်အတွက် ဖြစ်နိုင်မှာ မဟုတ်ပေ။
ကံကောင်းသည်မှာ ရှီဖုန်းက ကြီးမားသောတိုက်ပွဲပြိုင်ကွင်းကို ဦးစီးမှာပဲ ဖြစ်သည်။ သူက အဆောက်အဦကို လည်ပတ်ရန်အတွက် သာမန် NPC များစွာ ငှားရမ်းရန်လိုအပ်နေ၏။ မဟုတ်လျှင် နေ့စဥ်နေ့တိုင်း ကွင်းသို့ လာရောက်လည်ပတ်ကြသော ကစားသမားများစွာကို စီမံခန့်ခွဲနိုင်ရန် နည်းလမ်းရှိမှာ မဟုတ်ပေ။
ရှီဖုန်းသည် သူ၏ ရွေးချယ်မှုကို အတည်ပြုပြီးနောက် သူ၏ဘေးရှိ NPC မိန်းမလှလေးက ငွေပေးချေမှုကို ပျော်ရွှင်စွာဆောင်ရွက်ပေးပြီးနောက် သူ့ကို ပြောလိုက်တော့၏။
” အရှင်ဝိညာဥ်သတ်ဖြတ်သူ၊ ရှင်က အဆင့်မြင့်မန်နေဂျာဆယ်ယောက်နဲ့ သာမန်မန်နေဂျာငါးရာကို ရွေးချယ်ခဲ့တာပါ၊ သူတို့အားလုံးအတွက် တစ်လ စရန်ကြိုပေးဖို့လိုတယ်၊ စုစုပေါင်းရွှေပြားလေးပြားလေးထောင်ပါ၊ ပေးပြီးသွားပြီဆိုတာနဲ့ ကျွန်မတို့က သူတို့ကို ကျောက်တောမြို့ဆီ တစ်နာရီအတွင်း ပို့ဆောင်ပေးမှာပါ၊ အရှင်ဝိညာဥ်သတ်ဖြတ်သူက အခြားတောင်းဆိုစရာ ရှိသေးလားဆိုတာ သိပါရစေ”
” ဒါပါပဲ”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် စရန်ငွေရွှေပြားလေးထောင်ကို ပေးလိုက်သည်။ သူ့ရင်ထဲတွင်မူ အနည်းငယ်တင်းကြပ်နေ၏။
သာမန်အဆင့်ကစားသမားများက ယခုအချိန်တွင် ထွန်းတောက်နေပြီဖြစ်ကာ ယခင်ကထက် သူတို့ရရှိသည့် ငွေကြေးက ပိုမြင့်လာ၏။ သို့သော် ကြေးနီပြားများက သိသာထင်ရှားသည့် ဝယ်ယူခြင်းစွမ်းအင်ကို ပိုင်ဆိုင်နေသေးဆဲ ဖြစ်၏။ ရွှေပြားများဆိုလျှင် ပြောနေရန်တောင်မလိုချေ။ နတ်ဘုရားနယ်မြေတစ်ခုလုံးထဲရှိ မည်သည့်အစည်းအရုံးကမှ အဆောက်အဦတစ်ခုအတွက် NPC များ ငှားရမ်းဖို့ရာ ရွှေပြားလေးထောင်ကို ရက်ရက်ရောရောပေးမည့်သူ မရှိပေ။
သို့သော် ရှီဖုန်းက ယင်းက လိုအက်သောကုန်ကျစရိတ်ဖြစ်ကြောင်း သိနေပေသည်။ သာမန်ကစားသမားများအတွက် တိုက်ပွဲပြိုင်ကွင်း၏ စီမံခန့်ခွဲမှုကို လိုက်မှီဖို့က မဖြစ်နိုင်ချေ။
ရှီဖုန်းသည် NPC များကို ငှားရမ်းပြီးနောက် အချိန်ကို ကြည့်လိုက်၏။ အဓိကကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ရန် အချိန်သိပ်မလိုတော့ကြောင်း မြင်သောအခါ သူက စွန့်စားသူအဖွဲ့အစည်းမှ ထွက်ခွာပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီသို့ အဆင့်မြင့် မြင်းလှည်းဖြင့် သွားတော့၏။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ သတ္တမအလွှာရှိ အထူးဧည့်သည်တော်အခန်းထဲတွင် ဖြစ်သည်။
အမျိုးမျိုးသော အဓိကကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ်များက ဤနေရာတွင်စောင့်စားနေတာ အချိန်အတိုင်းအတာတစ်ခု ရှိနေပြီဖြစ်သည်။ သို့သော် မည်သူကမှ မကျေနပ်သည့် အရိပ်အယောင် မပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နေ၏။
ယခုအချိန်တွင် မြစ်ဖြူမြို့သည် ကြယ်လတိုင်ပြည်ထဲ၌ လူဦးရေအထူထပ်ဆုံးမြို့ ဖြစ်လာပြီ ဖြစ်သည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက မြစ်ဖြူမြို့၏ စီးပွားရေးဗဟိုခရိုင်ထဲတွင် တည်ရှိသည်။ NPC များဦးစီးသည့် အဆောက်အဦများမှ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ အဆောင်အဦက ဤနယ်ပယ်တွင် အမြင့်ဆုံးဖြစ်၏။ အဆောက်အဦ၏ ထိပ်ဆုံးအပေါ်ကနေ မြို့အပေါ် သူတို့မြင်ကွင်းကနေ အဟန့်အတားမရှိပေ။ တစ်မြို့လုံးကို အုပ်မိုးကြည့်နေသော ဘုရင်များသဖွယ် သူတို့ခံစားမိနေသည်။
သို့သော် ထိုတစ်မူထူးခြားသော မြင်ကွင်းက သူတို့လက်ခံရရှိသည့်သတင်းနှင့်ယှဥ်လျှင် ဒုတိယအချက်သာ ဖြစ်သေး၏။
ယခုအချိန်တွင် ကျောတောမြို့တွင် နေထိုင်သော ကစားသမားအရေအတွက်က ငါးသိန်းရောက်နေပြီ ဖြစ်သည်။ နောက်၌ အရေအတွက်က နှစ်ဆဖြစ်သွားမှာ သေချာ၏။
ကစားသမားလူဦးရေတစ်သန်းက အဓိက NPC မြို့တစ်မြို့၏ လူဦးရေနှင့် ညီမျှသည်။ သူတို့က ထိုလူစည်းကားသိုက်မြိုက်သော မြို့လေး၌ ဈေးဆိုင်တစ်ဆိုင် တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် ဈေးဆိုင်က ဝယ်သူ မပျက်မှာ သေချာသည်။ တစ်ခုတည်းသော ပြဿနာက ကျောက်တောမြို့သည် သေးငယ်လွန်းနေတာပဲ ဖြစ်၏။
မြို့သည် အလယ်အလတ်အရွယ်အစားမြို့လေးတစ်မြို့ဖြစ်ခဲ့လျှင် ပြီးပြည့်စုံပေလိမ့်မည်။ သို့သော် ကျောက်တောမြို့၏ ကာကွယ်ခြင်းကာလက လက်တလောတွင် ပြီးဆုံးသွားခဲ့တာ ဖြစ်သည်။ မြို့သည် အစ၌ NPC များကိုသာ စွဲဆောင်နိုင်ခဲ့၏။ အဆင့်တိုးမြင့်ရန်အတွက် အချိန်အတိုင်းအတားကို ထည့်တွက်ရအုံးမှာပဲ ဖြစ်သည်။ ထို့အပြင် ဇီးရိုးဝင်းက တောင်းဆိုသည့်ငွေက များပြားလွန်းသည်။
ခရက်တစ် တစ်ဘီလီယံဖြင့် အဓိကကုမ္ပဏီကြီးများစွာသည် သူတို့ကိုယ်တိုင် စူပါအစည်းအရုံးကြီးတစ်ခု တည်ထောင်လျှင်ထောင် မဟုတ်လျှင် ဒုတိယတန်းအစည်းအရုံးတစ်ခုထဲတွင် ရင်းနှီးမြှုပ်နှံနိုင်ပေ၏။ ဒုတိယတန်းအစည်းအရုံးတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်အတွက်မူ သူတို့က ရှယ်ယာအရေအတွက်ကိုသာ ရနိုင်မှာ ဖြစ်သည်။ ဇီးရိုးဝင်းနှင့် ပူးပေါင်းခြင်းဖြင့် သူတို့က မြို့တစ်မြို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးကို ရရှိလာမည်ဖြစ်သည်။ သူတို့က ဇီးရိုးဝင်းသိမ်းပိုက်ထားသော မြို့များထဲမှ ရွှေမြေနေရာတစ်ခုကို သေချာပေါက် ငှားရမ်းနိုင်မည်ဟု အာမခံချက်တစ်ခုသာ ရရှိမှာ ဖြစ်သည်။ ထိုမြေများ၏ ငှားရမ်းခကို ထို တစ်ဘီလီယံစရန်ငွေမှ နုတ်သွားမှာပဲ ဖြစ်၏။ ထိုတောင်းဆိုချက်က အမှန်တကယ် ချဲ့ကားရာရောက်ပေသည်။
သူတို့သဘောတူညီချက် စာချုပ်ရေးထိုးပြီးနောက် ဇီးရိုးဝင်းထံမှ မြေငှားရန် ဆန္ဒမရှိခဲ့လျှင် သူတို့က နှစ်ဝက်ကြာပြီးနောက် ကျန်ရှိသည့်ငွေကို ပြန်ယူနိုင်မှာပဲ ဖြစ်သည်။
သို့သော် ကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ်များက တန်ကြေးကို ညှိနှိုင်းရန် ရည်ရွယ်နေသေးဆဲ ဖြစ်၏။
ဆိုရလျှင် ကြယ်လတိုင်းပြည်ထဲရှိ လက်ရှိအခြေအနေက မတည်ငြိမ်ပေ။ ဇီးရိုးဝင်းကို ဆန့်ကျင်ရန် အကောက်ကြံ့နေသော ရေနက်အစည်းအရုံးကလည်း ရှိနေသေးသည်။ ထို့ကြောင့် တန်ကြေးကို လျှော့ချရန် ဤအခွင့်အရေးကို အသုံးပြုဖို့ သူတို့ ရည်ရွယ်နေကြသည်။
လူတိုင်းက ဇီးရိုးဝင်းနှင့် ဆွေးနွေးညှိနှိုင်းရမည်ပုံကို တွေးတောနေကြစဥ် တံခါးက ရုတ်တရက်ပွင့်လာ၏။ ထူးကဲသောသွင်ပြင်ဖြင့် အမျိုးသမီးတစ်ဦးက အထဲသို့ဝင်လာသည်။ သူမ၏ မျက်နှာကို ခေါင်းစွပ်နက်ဖြင့်ကာထားသော်ငြား သူမ၏ ကျက်သရေရှိသော သွင်ပြင်အရ သူမ၏ အနေအထားမြင့်မားမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
” ဒီမိန်းမလှလေးက ဇီးရိုးဝင်းနဲ့ ပူးပေါင်းဖို့ ကြိုးစားနေတာလား”
အခန်းထဲရှိလူတိုင်းက ချက်ချင်းပင် သူတို့ကြားထဲ၌ ထိုမိန်းမလှလေး မည်သူမည်ဝါဆိုတာကို တိတ်တဆိတ်ဆွေးနွေးနေကြသည်။ သို့သော် ထိုအမျိုးသမီး၏ ထိုင်ခုံက ဂုဏ်သရေရှိ ထိုင်ခုံဘေးတွင်ဖြစ်ကြောင်း သူတို့ မြန်မြန်ဆန်ဆန် သတိပြုမိသွား၏။ ထိုအနှိုင်းမဲ့အလှလေးက ဇီးရိုးဝင်းအတွက် မည်မျှအရေးပါကြောင်း မှန်းဆနိုင်ပေသည်။
ထိုအနှိုင်းမဲ့အလှလေးသည် ဖီးနစ်မိုးပင် ဖြစ်သည်။ ဖီးနစ်မိုးသည် အခန်းထဲသို့ဝင်လာချိန်တွင် သူမကလည်း အနည်းငယ်အံ့သြသွား၏။
ထိုမျှများပြားသည့် ကုမ္ပဏီများက ဇီးရိုးဝင်းနှင့်ပူးပေါင်းရန် စိတ်ဝင်စားနေလိမ့်မည်ဟု သူမ တစ်ခါမှမတွေးခဲ့မိချေ။ ထို့အပြင် ကုမ္ပဏီများအားလုံးက ရေနှင်းဆီ၏ နေနှင့်လလုပ်ငန်းစုကိုတောင် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် နောက်ခံကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်သည်။
သူမ အထဲသို့ ဝင်လာပြီးနောက် ရေနှင်းဆီသိသိသာသာ ပိုသန်မာလာကြောင်းလည်း သတိပြုမိလိုက်သည်။ ကျိန်စာအသုံးပြုသူက သူမ၏ အဆင့်ကို ဖုံးကွယ်ထားသောငြား ဖြာထွက်နေသော အရှိန်အဝါတို့က သံသယဖြစ်ဖွယ်မရှိပေ။ ထို့အပြင် ရေနှင်းဆီဘေးတွင်ရပ်နေသော ခရမ်းတိမ်က ပိုတောင်အံ့သြဖွယ်ကောင်း၏။ ဖီးနစ်မိုးကိုယ်တိုင်က ထိုအမျိုးသမီးလေးထံမှ သိသာထင်ရှားသော အန္တရာယ်ကို ခံစားမိနေ၏။
ရေနှင်းဆီဘေးတွင်ရှိနေသော ညို့ငင်ခြင်းဆမ်းမားကလည်း သိသိသာသာ အစွမ်းထက်၏။ အဆင့် (၄၁) ဓာတ်ကြီးလေးပါးအသုံးပြုသူသည် မည်သည့်အစည်းအရုံးတွင်မဆို ထိပ်တန်းသို့ အလွယ်တကူ ဝင်နိုင်၏။ ထို့အပြင် ညို့ငင်ခြင်းဆမ်းမားက အတော်လေးငယ်ရွယ်သေးကာ သူမက ကြီးပြင်းရန် အလားအလာကောင်းရှိလောက်သေးသည်။
” ဒါက ငါသိတဲ့ ဇီးရိုးဝင်း ဟုတ်ရဲ့လား”
ဖီးနစ်မိုးက ခရမ်းတိမ်ကို လေ့လာပြီးနောက် ထိုအမျိုးသမီး၏ လှုပ်ရှားမှုတိုင်းက အလွန်သဘာဝဆန်သည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ထို ရှာဖွေတွေ့ရှိမှုက သူမကို အံ့သြသွားစေတော့သည်။
သူမသည် ခရမ်းတိမ် ယခင်က အမှောင်ပြိုင်ကွင်းထဲတွင် တိုက်ခိုက်တာကို မြင်ခဲ့ဖူးသည်။ ထိုမိန်းမပျိုလေးသည် ထိုစဥ်က မလှုပ်ရှားခဲ့သည့်တိုင် ခရမ်းတိမ်က သန့်စင်ခြင်းနယ်ပယ်သို့ မရောက်သေးမှန်း သူမ ပြောနိုင်ပေ၏။ မည်သို့ပင်ဆိုစေကာမူ အချိန်တိုအတွင်း ခရမ်းတိမ်က သန့်စင်ခြင်းနယ်ပယ်တစ်ဝက်မှ သန့်စင်ခြင်းနယ်ပယ်သို့ တန်းရောက်လာနိုင်ခဲ့တာ ဖြစ်သည်။
ခရမ်းတိမ်သည် ဆယ်ကျော်သက်တစ်ဦး ဖြစ်နေသေးဆဲဆိုတာ သိသာထင်ရှားပေ၏။ ထိုသို့တိုင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် သန့်စင်ခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူမက နဂါးဖီးနစ်ပွဲကြည့်စင်တွင်ဆိုလျှင် ပွဲကြည့်စင်၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးအဖြစ် သေချာပေါက်သတ်မှတ်ခံရမှာ ဖြစ်သည်။ ဖီးနစ်ပြာကဲ့သို့ ပါရမီရှင်ကတောင် ခရမ်းတိမ်၏အရွယ်တွင် သန့်စင်ခြင်းနယ်ပယ်သို့ မရောက်ခဲ့ပေ။
ဖီးနစ်မိုးက ထိုင်ခုံတွင်ထိုင်ပြီးနောက် ရှီဖုန်းက တံခါးဖွင့်ကာ ဝင်လာတော့သည်။