ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1037 ရူးနေသော အမျိုးသမီး
ရှီဖုန်း၏ စကားများက အခန်းထဲတွင် နောက်ထပ် အုတ်အော်သောင်းတင်း ဖြစ်သွားစေပြန်သည်။
မည်သည့်ကိုယ်စားလှယ်ကမှ အစထဲက ထိုရည်ရွယ်ချက် ရှိလိမ့်မည်ဟု မထင်ထားကြချေ။ ဤ ရုတ်တရက် ကြေညာချက်က သူတို့ကို အမှန်တကယ် အံ့သြသွားစေမိ၏။ မူလက နီးကပ်စွာ ထိုင်နေခဲ့ကြသည့် ကုမ္ပဏီကိုယ်စားလှယ်များသည် ချက်ချင်းပင် သူတို့ဘေးရှိလူကို မျက်စိထောင့်ထောက်ကြည်ကြပြီး သူတို့မျက်နှာထက်တွင် သတိထားသည့် အမူအရာ ပေါ်လာ၏။ တစ်ချိန်ထဲတွင် သူတို့ ကုမ္ပဏီများ၏ ဒါရိုက်တာများနှင့်လည်း တိတ်တဆိတ်ဆက်သွယ်ကာ သူတို့ထံမှ မြန်မြန်ဆန်ဆန်အကြောင်းပြန်မှုကိုရရန် မျှော်လင့်နေကြသည်။
လက်ရှိ မည်သူကမှ အရူးမဟုတ်ကြချေ။ သူတို့က ဤနေရာတွင် လောင်းကြေးမည်မျှများမှန်း သူတို့ သိလိုက်တာပဲ ဖြစ်သည်။
မှော်မျှော်စင်ဖြင့် မြို့တစ်မြို့၏ တန်ဖိုးက ကစားသမားပိုင်ဆိုင်သည် မြို့ရှစ်မြို့ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် မြို့ရှစ်မြို့သိမ်းပိုက်ရန်က အလုပ်ထက် အပြောက ပိုလွယ်ကူပေ၏။ မြို့များစွာကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် ထိုမြို့များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုက လိုအပ်သေးကာ သာမန်အစည်းအရုံးကြီးများ ထောက်ပံ့ပေးနိုင်သည့်အရာ မဟုတ်ပေ။
စူပါအစည်းအရုံးကြီးကဲ့သို့ တည်ရှိမှုကသာလျှင် မြို့ရှစ်မြို့ကို ဂိမ်း၏ ဤအဆင့်၌ စီမံခန့်ခွဲနိုင်စွမ်း ရှိမှာ ဖြစ်သည်။ စူပါအစည်းအရုံးများ ပို၈်ဆိုင်သည့်မြို့များ၌ မြေတစ်နေရာဝယ်ယူရန်က သူတို့ ကုမ္ပဏီများအတွက် မဖြစ်နိုင်ပေ။ ငွေကြေးလုံလောက်မှုဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာတစ်ရပ် မဟုတ်တော့ချေ။
စူပါအစည်းအရုံးကြီးများသည် သာမန်အစည်းအရုံးများနှင့် ကွဲပြားခြားနားပေ၏။ သူတို့က ပုံရိပ်ယောင်နယ်မြေ၏ ရှယ်ယာကို လက်ဝါးကြီးအုပ်လိုသော ရည်ရွယ်ချက်ဖြင့် ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းထဲ စောနေကြတာပဲ ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန် အရည်အချင်းကလည်း ရှိပေ၏။ ထို့ကြောင့် သူတို့အကျိုးအမြတ်ကို တစ်ပါးသူနှင့် အဘယ်ကြောင့် ခွဲဝေချင်မည်နည်း။
တစ်ဖက်တွင်မူ ဇီးရိုးဝင်းက မြို့ရှစ်မြို့၏ အကျိုးခံစားခွင့်နှင့် ညီမျှသောမြို့တစ်မြို့ကို သိမ်းပိုက်ရန်သာ လိုအပ်သည်။ သူတို့ကုမ္ပဏီများက ဇီးရိုးဝင်း၏ မြို့များအတွင်း ရင်းနှီးမြှုပ်နှံရန် ဦးစားပေးမှု ရရှိခဲ့လျှင် သူတို့က နတ်ဘုရားနယ်မြေ၏ ပုံရိပ်ယောင်နယ်ပယ်ထဲ၌ သူတို့ကိုသူတို့ တည်ဆောက်နိုင်မှာပဲ ဖြစ်သည်။ ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်ခံနိုင်မည်နည်း။
ကြေညာပြီးနောက် ရှီဖုန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေတာကို မြင်သောအခါ ရေနှင်းဆီက မမေးပဲ မနေနိုင်တော့ချေ။
” အစည်းအရုံးခေါင်းဆောင် လေလံမစသေးဘူးလား”
” ခဏနေအုံး၊ ဒီကိစ္စကို အလျင်လိုဖို့ မလိုဘူး၊ ဒီအချက်အလက်ကို သူတို့ကို အရင်ဆုံး ချေဖြတ်ခွင့် ပေးလိုက်အုံးမယ်၊ အချိန်ရောက်လာတဲ့အခါ သူတို့က ပိုတောင် ကြမ်းကြမ်းတမ်းတမ်း ယှဥ်ပြိုင်ကြတာပေါ့”
ရှီဖုန်းက ပြန်ပြောလိုက်၏။ ပြီးနောက် သူတို့ အထက်အရာရှိကိုဆက်သွယ်ပြီး အလုပ်များနေကြသော ကုမ္ပဏီကိုယ်စားလှယ်များကို ကြည့်လိုက်သည်။
မူလက ပူးပေါင်းဆောင်ရွက်သည့် အရေးကိစ္စက အတော်လေးအရေးတကြီးဖြစ်နေခဲ့တာပင်။ သူသည် အုရိုဘိုရို၏ လေ့ကျင့်ရေးစင်တာကို ဝယ်ယူရန်အတွက် လုံလောက်သောဘဏ္ဍာငွေများကို စုစည်းနိုင်ရန်အတွက် အစည်းအရုံးတည်ဆောက်ခွင့်အမိန့်ကို ထုတ်ဖော်ပြသမည့် စွန့်စားမှုကိုတောင် စီစဥ်ထားခဲ့သည်။
လေ့ကျင့်ရေးစင်တာတစ်ခု တည်ရှိခြင်းက အစည်းအရုံးတစ်ခုအတွက် အရေးပါလွန်းပေ၏။
ယင်းက လက်ရှိ သိုင်းသင်တန်းကျောက်များနှင့် ဆင်တူသည်။ သိုင်းသင်တန်းကျောင်းများတွင် ပျိုးထောင်ထားသော ကျွမ်းကျင်သူများက ပြိုင်ပွဲမျိုးစုံ၌ ဝင်ပါကြမှာပဲ ဖြစ်သည်။ လေ့ကျင်ရေးစင်တာကလည်း ထိုကဏ္ဍများတွင် ဆင်တူကာ လေ့ကျင့်ရေးစင်တာတွင် ပျိုးထောင်ထားသော ကျွမ်းကျင်သူများက ပုံရိပ်ယောင်ယှဥ်ပြိုင်ပွဲများအားလုံးထဲ ဝင်ပါကြပေလိမ့်မည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်က ပုံရိပ်ယောင်ပြိုင်ပွဲများက လွှမ်းမိုးမှုပိုကြီးပြီး ယှဥ်ပြိုင်စိတ်ပိုများတာပဲ ဖြစ်သည်။
ထို့အပြင် ရှီဖုန်း၌ ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာတစ်ခု ရှိနေခဲ့လျှင် ကိစ္စရပ်များကို ပိုလွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်သည်။ သူက ကျန်သည့် ကိစ္စရပ်များကို စိုးရိမ်စရာ ပိုနည်းသွားမှာ ဖြစ်၏။
ပိုအရေးကြီးသည်က သူသည် ကန့်သတ်ထားသော အရေအတွက်ထက် ပိုများသည့် အဖွဲ့ဝင်များကို ခေါ်ယူနိုင်မှာပဲ ဖြစ်သည်။ ဇီးရိုးဝင်းဆီသို့ လူများစွာကိုလည်း စွဲဆောင်နိုင်ပေမည်။ ထို့ကြောင့် စူပါအစည်းအရုံးကြီးများသည် နှစ်စဥ်နှစ်တိုင်း လူသစ်စုဆောင်းမှု ချို့တဲ့ခြင်းမရှိရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ်လည်း ဖြစ်သည်။ ဆိုရလျှင် မည်သူကမှ သေဆုံးပြီးသော အစည်းအရုံးအတွက် သူတို့ တစ်ဘဝလုံးကို တိုက်ခိုက်လိုစိတ်ရှိမှာ မဟုတ်ပေ။ အပြင်လောကတွင် သင့်တော်သည့် အလုပ်နေရာတောင် မရှိသည့် အစည်းအရုံးတွင် မည်သူကမှ အလုပ်မလုပ်ချင်ပေ။ ထိုအကြောင်းကြောင့် ဒုတိယနှင့် တတိယတန်းအစည်းအရုံးများက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် မကြာခဏရပ်တည်ရန် ခက်ခဲနေပြီး ပထမတန်းအစည်းအရုံးများနှင့် ထိုထက် မြင့်မားသည့် အစည်းအရုံးများကမူ နယ်ပယ်ထဲ၌ တောင်တစ်တောင်ပမာ ခိုင်မြဲစွာ ရပ်တည်နေနိုင်ကြသည်။
ရှီဖုန်းသည် အချိန်ခဏစောင့်ပြီးနောက် ကုမ္ပဏီကိုယ်စားလှယ်အသီးသီးက သူတို့တာဝန်အလုပ်များ ပြီးဆုံးသွားကြသည်။ ပြီးနောက် သူတို့က ရှီဖုန်းဘက်လှည့်ကြည့်ပြီး သူ၏ စိတ်ရှည်မှုအတွက် သူတို့မျက်လုံးထဲ၌ အသိအမှတ်ပြုမူများ ပြည့်နေသည်။
” ဒါဆို ခင်ဗျားတို့အားလုံး ပြင်ဆင်ပြီးတဲ့ပုံ ပေါ်ပါရဲ့၊ ဒါဆို စလိုက်ကြရအောင်”
ရှီဖုန်းသည် အားလုံးထံမှ အသံတိတ်အဖြေပေးမှုကို ရလိုက်ပြီးနောက် ပြောလိုက်တော့၏။
” ပထမဆုံးပူးပေါင်းဖို့နေရာအတွက် စခေါ်တဲ့ဈေးကတော့ ခရက်တစ်တစ်ဘီလီယံပါ၊ တစ်ကြိမ်တိုးရင် ဆယ်သန်းအောက် မလျော့ရဘူး”
” တစ်ဘီလီယံ သန်းနှစ်ဆယ်”
” တစ်ဘီလီယံ သန်းသုံးဆယ်”
” တစ်ဘီလီယံ သန်းလေးဆယ်”
ယခုအချိန်တွင် အမျိုးမျိုးသော ကုမ္ပဏီကိုယ်စားလှယ်များက တွေဝေမနေတော့ပဲ တစ်ယောက်ပြီးတစ်ယောက် ဈေးခေါ်ကြတော့သည်။
သူတို့က နေရာဆယ်ခုသာ ရနိုင်တာ ဖြစ်သည်။ အကောင်းဆုံးအခြေအနေတွင် ကုမ္ပဏီဆယ်ခုက ဇီးရိုးဝင်းနှင့် ပူးပေါင်းနိုင်မှာ ဖြစ်သည်။ လက်ရှိက ကုမ္ပဏီနှစ်ဆယ် ရှိနေတာ ဖြစ်၏။ အချို့သော ကုမ္ပဏီများက အနည်းငယ်လောဘကြီးပြီး ဇီးရိုးဝင်း၏ အနာဂတ်အပေါ် လောင်းကြေးထပ်ကာ တန်ကြေးပေးရန် ဆန္ဒရှိခဲ့လျှင် ကုမ္ပဏီတစ်ခုက မြေနှစ်နေရာ သို့မဟုတ် နေရာသုံးခုတောင် ဝယ်နိုင်ပေ၏။ ဆိုရလျှင် မြို့လေးတစ်မြို့က မည်မျှသေးငယ်စေကာမူ ဈေးဆိုင်နှစ်ဆိုင် သို့မဟုတ် သုံးဆိုင်ရှိနေလျှင် ပြဿနာမဟုတ်သေးပေ။ ဈေးဆိုင်က ဆိုင်အချင်းချင်းလည်း ထိခိုက်မှု သိပ်မဖြစ်စေပေ။ အရေးကြီးဆုံးက သူတို့မြှုပ်နှံသော ငွေကြေးများကို ပြန်ရနိုင်တာပဲ ဖြစ်၏။ ယခုက မြေနေရာများ ငှားရမ်းခြင်းအတွက် စရန်ငွေပေးထားရုံမျှသာ ဖြစ်သည်။
ထို့အပြင် နတ်ဘုရားနယ်မြေ၏ ကျော်ကြားမှုကို အကဲဖြတ်ခြင်းအားဖြင့် သူတို့က ပုံရိပ်ယောင်နယ်ပယ်၏ အနာဂတ်က မည်သို့မည်ပုံဆိုတာ ပြောနိုင်နေပြီ ဖြစ်သည်။ ပိုအရေးကြီးသည်က အပြင်ဘက်မြေရာလုပ်ငန်းထက် အကျိုးအမြတ်ပိုရှိနေတာ ဖြစ်သည်။
ထို့ကြောင့် အမျိုးမျိုးသောကုမ္ပဏီများသည် သူတို့ ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်ရန် နေရာများစွာရရန် ရည်ရွယ်နေကြတာပဲ ဖြစ်၏။
မြန်မြန်ဆန်ဆန်ပင် ပထမဆုံးပူးပေါင်းဆောင်ရွက်သည့် မြေနေရာ၏ တန်ကြေးက တစ်ဘီလီယံ သန်းနှစ်ရာအထိ မြင့်တက်သွားတော့သည်။ ထို့အပြင် ဈေးခေါ်သူက ရပ်တန့်မည့် လက္ခာဏာမပြပေ။
” ရေ၊ နင်တို့ အစည်းအရုံးခေါင်းဆောင်က စီးပွားရေးလုပ်တာ တော်တာပဲ၊ သူက အခုချိန်မှာ သူတို့ကို ဓားပြတိုက်နေတာပဲ”
ညှို့ငင်ခြင်းဆမ်းမားကပြောလိုက်၏။
ထိုကဲ့သို့ အရောင်းအဝယ်ကြီးများ ပြုလုပ်ကြတာကို သူမ ပထမဆုံးအကြိမ် မြင်ဖူးတာ မဟုတ်ပေ။ အပြင်လောကရှိ ကြယ်ငါးပွင့်ဟော်တယ်တစ်ခု၏ တည်ဆောက်သည့် ကုန်ကျစရိတ်က ခရက်တစ် တစ်ဆယ်ဘီလီယံနီးနီးကုန်ကျသည်။ ယင်းက ကြယ်ခြောက်ပွင့်နှင့် ကြယ်ခုနှစ်ပွင့် ဟော်တယ်များအတွက်ဆိုလျှင် ပိုတောင်ဈေးများသေး၏။ သို့သော် ပုံရိပ်ယောင်ဈေးဆိုင်ခန်းတစ်ခုအတွက် ထိုမျှမြင့်မားသည့်တန်ကြေးဖြင့် ရောင်းချနေတာကို သူမ ပထမဆုံးမြင်ဖူးတာ သေချာပေ၏။
” ဒါက ဘာမှမဟုတ်ဘူး၊ နောင်ကျ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေက ပိုတောင်မြင့်တဲ့ တန်ကြေးပေးရမှာ”
ရေနှင်းဆီကပြောပြီး ထိုအခြေအနေကြောင့် မအံ့သြနေပေ။
နတ်ဘုရားနယ်မြေရှိ မြို့လေးများက ကောင်းမွန်သည့်တိုင် မြို့ကြီးတစ်မြို့နှင့်ယှဥ်လျှင် ဝေးကွာနေသေး၏။ ယင်းက နတ်ဘုရားနယ်မြေထဲတွင် ကစားသမားပိုင်ဆိုင်သည့် ပထမဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ သူတို့က မြို့ကြီးတည်ဆောက်ခွင့်အမိန့် အရေးကိစ္စကို လူတစ်ဦးရှေ့ မကြေညာခဲ့လျှင်တောင် ထိုကုမ္ပဏီများက ဇီးရိုးဝင်းနှင့် ညှိနှိုင်းဆွေးနွေးရန် အရည်အချင်းရှိမှာ မဟုတ်ပေ။
ရေနှင်းဆီက ညှို့ငင်ခြင်းဆမ်းမားနှင့် ပြောနေစဥ် ပူးပေါင်းဆောင်ရွက်မှုအတွက် တန်ကြေးက တစ်ဘီလီယံ သန်းသုံးရာသို့ ရောက်သွားသည်။ သို့သော် ဈေးက ဆက်မြင့်နေပြီး တစ်ဘီလီယံနှင့် သန်းငါးရာကြားသို့ ချဥ်းကပ်လာရာ တဖြေးဖြေးလျော့ပါးလာကြတော့သည်။ ထိုစဥ် ကြည်လင်သည့်အသံတစ်သံက ပေါ်ထွက်လာ၏။
” နှစ်ဘီလီယံ”
လူတိုင်းက ဈေးခေါ်သည့်သူကို အထိတ်တလန့် လှည့်ကြည့်လိုက်ကြသည်။ ထိုလူက ဖီးနစ်မိုးပင် ဖြစ်၏။
” ဒီမိန်းမက စိတ်လွတ်သွားတာပဲ၊ တကယ်ကြီး နှစ်ဘီလီယံခေါ်နေတယ်”
” သူက ဘယ်သူလဲ”
လူတိုင်းက ဖီးနစ်မိုး၏ လေလံဈေးကြောင့် ထိတ်လန့်သွားကြသည်။ သူတို့တွင်လည်း ထိုမျှများပြားသည့် ပိုက်ဆံရှိသော်ငြား သူတို့ပိုမိုစုဆောင်းနိုင်လေလေ ပိုကောင်းလေဖြစ်၏။
” ပိုမြင့်တဲ့ဈေး ပေးချင်တဲ့သူရှိလား”
ရှီဖုန်းသည် အတည်ပြုမှုအတွက် မေးပြီးနောက် ရှိနေသည့်သူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။
သူက ဖီးနစ်မိုး၏ ဈေးကြောင့် မအံ့သြသွားပေ။ ဆိုရလျှင် သူမက အမှောင်ပြိုင်ကွင်းအတွက် တိုက်ပွဲဝင်အဖွဲ့နေရာ တစ်နေရာကို ရယူနိုင်စွမ်းရှိသည့် သူတစ်ဦး ဖြစ်၏။ သူမ၏ ဇစ်မြစ်က မည်ကဲ့သို့ သာမန်ဖြစ်မည်နည်း။
ရှီဖုန်းသည် သုံးကြိမ်သုံးခါတိုင်တိုင် အတည်ပြုပြီးနောက် ပထမဆုံးတရားဝင်စာချုပ်ကို ဖီးနစ်မိုးအား ပေးလိုက်၏။ ပြီးနောက် သူမက လက်မှတ်ထိုးရန်သာ လိုအပ်သည်။
ကိုယ်စားလှယ်များအားလုံးက စာချုပ်ကို ကြည့်မိသည့်အချိန်တွင် အားကျမှုတို့က ပြည့်သွား၏။ ပြီးနောက် သူတို့က ဒုတိယစာချုပ်အတွက် ဈေးခေါ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ရှီဖုန်းက ဒုတိယစာချုပ်အတွက် ကြေညာသည်နှင့် ဖီးနစ်မိုးက ညင်သာစွာ ပြောလိုက်ပြန်သည်။
” နှစ်ဘီလီယံ”
တိတ်ဆိတ်မှုက ထပ်မံကြီးစိုးသွားသည်။ ကိုယ်စားလှယ်များက ဖီးနစ်မိုး၏ အမူအရာကြောင့် မုန်းတီးမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ခံစားလာရသည်။
” ဒီမိန်းမက ဘာလားဟ”
” သူတကယ် ရူးနေတာပဲ၊ မြေနေရာဆယ်နေရာစာ ရနိုင်တာလေ၊ သူ တတိယတစ်နေရာကို ယူနိုင်မယ်ဆိုတာ ငါမယုံဘူး”
လူတိုင်းသည် အစက ဖီးနစ်မိုးသည် မြေတစ်နေရာစာအတွက် နှစ်ဘီလီယံနှင့် ဝယ်ပြီးသည့်နောက် သူမ၏ အကန့်အသတ်သို့ ရောက်သွားမည်ဟု တွေးခဲ့တာပဲ ဖြစ်သည်။ ထိုကဲ့သို့ ထက်လှုပ်ရှားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သို့သော် သူတို့၏ အမြင်တွင် ဖီးနစ်မိုးက လေးဘီလီယံကို အသုံးပြုပြီးနောက် လက်ထဲတွင် ငွေကြေးကုန်ဆုံးသွားသင့်သည်။ နောက်ထပ်နေရာများအတွက် သူမ ခြိမ်းခြောက်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပေ။
လက်တွေ့ကမူ ထိုကိုယ်စားလှယ်များ တွေးထားသည်ထက် ပိုရက်စက်နေပေ၏။
တွေဝေမနေပဲ ဖီးနစ်မိုးသည် မြေခုနှစ်နေရာစာကို ဝယ်သွားခဲ့၏။ နှစ်ဘီလီယံခရက်တစ်ပဲ ပေးသွားတာ ဖြစ်သည်။ သူမ၏ မပြုအမူများက ကုမ္ပဏီအားလုံး၏ ကိုယ်စားလှယ်များကို ကြောက်လန့်သွားစေတော့သည်။ ဖီးနစ်မိုးသည် ယခုအချိန်တွင် ဇီးရိုးဝင်းအတွက် သရုပ်ဆောင်ပေးနေတာလား ဟူ၍တောင် သံသယဖြစ်လာခဲ့ပြီ ဖြစ်သည်။
သို့သော် လူတိုင်းက ထိုအရာကို တွေးနေစဥ် ဖီးနစ်မိုးက ရုတ်တရက် ပါးစပ်ဟပြီးနောက် ပြောလိုက်၏။
“အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း၊ ဒီလေလံကို ရှေ့ဆက်ဖို့မလိုတော့ဘူး၊ ကျွန်မ ကျန်တဲ့နေရာအားလုံး လိုချင်တယ်၊ ကျွန်မတို့နှစ်ယောက် ဒီနေရာမှာ အချိန်ဖြုန်းနေမဲ့အစား အေးအေးဆေးဆေးထိုင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကိစ္စကို ဆွေးနွေးကြဖို့ မျှော်လင့်မိတယ်”