ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1041 အလယ်အလတ် သင်္ဘောကျင်း
ရှီဖုန်းသည် မြို့တော်ခန်းမထဲ ဝင်သည့်အချိန်၌ အဆောက်အဦထဲတွင် ကစားသမားအနည်းငယ်သာ ရှိသည်။ သူတို့က တစ်ကိုယ်တော်ကစားသမားများ ဖြစ်ကြပြီး အစည်းအရုံးကစားသမားများ မဟုတ်ကြချေ။
နတ်ဘုရားနယ်မြေ၏ NPC မြို့များထဲတွင်ရှိသော မြေများက အလွန်တန်ဖိုးကြီးပေသည်။ အစည်းအရုံးများကသာလျှင် သူတို့ကို ဝယ်နိုင်ပေ၏။ ထိုမြေများကိုတက်နိုင်သော တစ်ကိုယ်တော်ကစားသမားတစ်ဦးရှာတွေ့ရန် မဖြစ်နိုင်ပေ။
သို့သော် NPC မြို့များအတွက်မူ မတူညီတော့ပေ။ ဤနေရာရှိမြို့များက အဆပေါင်းများစွာ ဈေးချိုပေ၏။
သမုဒ္ဒရာရှုမြင်မြို့ကို ဥပမာယူနိုင်ပေသည်။ သာမန်မြေများက ရွှေပြားနှစ်ရာမှ ရွှေပြားသုံးရာသာ ကျသင့်ပြီး မြို့လယ်များရှိမြေများက ရွှေပြားငါးရာမှ ရွှေပြားခြောက်ရာ ကျသင့်သည်။ သမုဒ္ဒရာကို အံ့မခန်း ရှုမြင်နိုင်သော မြေကွင်းရှိသည့် တန်ဖိုးအရှိဆုံးမြေက ရွှေပြားကိုးရာသာ ကျသင့်သည်။ ပုံမှန်ဆို စကေးကျွမ်းကျင်သည်ဟု သတ်မှတ်၍ရသော ကျွမ်းကျင်ကစားသမားများသည် သူတို့၏ အလွှာနှစ် အဆင့်မြင့်တင်မှုပြီးနောက် ထိုမြေနေရာများကို ဝယ်နိုင်ကြသည်။
မြို့များတွင် အိမ်မဝယ်နိုင်ကြသော ကစားသမား များစွာက မြင်ကွင်းကောင်းရှိသည့်မြို့၊ သို့တည်းမဟုတ် ကြွယ်၀သော မြို့များတွင် သူတို့ အိမ်များကို ဆောက်ကြသည်။
ဆိပ်ကမ်းမြို့တစ်ခု အနေဖြင့် လူရိုင်းကျွန်းမရှိလျှင်တောင် သမုဒ္ဒရာရှုမြင်မြို့၏ မြေက ရင်းနှီးမြှုပ်နှံရန် ထိုက်တန်ပေ၏။ ဆိုရလျှင် ကစားသမားများသည် ပိုမြင့်သည့်အဆင့်သို့ ရောက်လာသည်နှင့် နတ်ဘုရားနယ်မြေထဲတွင် ဂိမ်းစနစ်က ပိုပွင့်လာမှာပဲ ဖြစ်သည်။ ဥပမာအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်စနစ် ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် လူတစ်ဦးသည် ကျန်သည့်ကစားသမားများဆီမှ ပိုက်ဆံရယူနိုင်ပြီး NPC များဆီမှ ရယူနိုင်သည်။ NPC ကုန်သည်များကို သူတို့၏ ကုန်ပစ္စည်းမျာ တင်ပို့ရန်ကူညီပေးခြင်းက နည်းလမ်းတစ်ရပ် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဝင်ငွေပမာဏ အတိုင်းအတာတစ်ခု ရရှိမှာဖြစ်၏။ သင့်တော်စွာ စီမံခန့်ခွဲနိုင်ပြီး သူတို့ကိုယ်ပိုင် သင်္ဘောများရယူကာ NPC များကြားထဲ၌ နာမည်ကျော်ကြားမှုကို ရယူနိုင်ခဲ့လျှင် သူတို့သည် ကျွမ်းကျင်ကစားသမားများထက် ပိုအောင်မြင်လာမှာပဲ ဖြစ်၏။ ယင်းက ဆိပ်ကမ်းမြို့များသည် တစ်ကိုယ်တော်ကစားသမားများကြားထဲ၌ ထိုမျှ နာမည်ကြီးနေရသော အကြောင်းအရင်းတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် ကုန်သည်ကစားသမားများ ဖြစ်သည်။
ထိုကဲ့သို့သော စနစ်ကြောင့် တိုက်ပွဲတွင် အားနည်းသော ကစားသမားများကတောင် နတ်ဘုရားနယ်မြေထဲတွင် နေထိုင်နိုင်ကြသည်။ တစ်ခါတစ်ရံတွင် ကံကောင်းပြီး ဆန်းကြယ်မှုတစ်ရပ် ကြုံတွေ့ခဲ့ရလျှင် ကျွမ်းကျင်ကစားသမားများတောင် အားကျရသည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာကို ရနိုင်ပေသည်။
လက်ရှိတွင် တစ်ကိုယ်တော်ကစားသမားများက သမုဒ္ဒရာရှုမြင်မြို့၏ မြေနေရာများကို ဝယ်ယူနိုင်ပြီး အောင်မြင်မှုအချို့ရထားသောကုန်သည် သို့မဟုတ် အရွယ်အစားသေးငယ်သော အလုပ်ရုံများမှ ကိုယ်စာလှယ်များက ရင်းနှီးမြှုပ်နှံရန် စီစဥ်နေကြပြီ ဖြစ်သည်။
မြေကို ရွေးနေကြသော ခေါင်းစွပ်ဖြင့် ကစားသမားများသည် အဆောက်အဦထဲသို့ ရှီဖုန်း ဝင်လာတာကို သတိပြုမိသည့်အချိန်တွင် သူတို့က သိချင်သည့်အမူအရာဖြင့် လှည့်လာသည်။ သူတို့က ရှီဖုန်းကို သူတို့၏ သားကောင်ကို ခိုးယူမည့်သူ ရောက်လာသည့်ပမာ ကြည့်နေကြသည်။
ရုတ်တရက် NPC ကြည့်ကြပ်သူတစ်ဦးက ရှီဖုန်းနားသို့ ချဥ်းကပ်လာ၏။ ပြီးနောက် NPC ကြည့်ကြပ်သူက တလေးတစားမေးလိုက်တော့သည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ ဒီနေ့ ဘယ်လိုဝန်ဆောင်မှုမျိုး ပေးရမလဲ”
” ကျုပ် သင်္ဘောကျင်းတစ်ခု ဝယ်ချင်လို့ပါ”
ရှီဖုန်းက ပြောလိုက်သည်။
” ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ဒုတိယအလွှာကို ကျုပ်နောက်က လိုက်ခဲ့ပေးပါ၊ သင်္ဘောကျင်းနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို အခုချက်ချင်း ယူလာပေးပါမယ်”
ရှီဖုန်း၏ တောင်းဆိုချက်ကိုကြားသောအခါ ကြည့်ကြပ်သူသည် ရှီဖုန်းကို ဒုတိယအလွှာရှိ ခန်းမဆီသို့ ခေါ်သွားပေးရာ ရှီဖုန်းကို မြို့တော်ဝန်တစ်ဦးနီးပါး ရိုကျိုးနေပေ၏။
ရှီဖုန်းကို သတိထားနေသော ကုန်သည်ကစားသမားများစွာက အံ့သြဆွံ့အသွားသည်။
” သူက ဘယ်သူလဲ”
” အုပ်ချုပ်ရေးမှူးဂျိုးဆဖ်က ဘာလို့ ဒီလောက်ထိ ရိုသေလေးစားမှု ပြနေရတာလဲ”
” သူက သမုဒ္ဒရာရှုမြင်မြို့က အငယ်တန်းမှုးမတ် ဖြစ်နေပြီးပြီလား”
” ဒါ မဖြစ်နိုင်ဘူးမလား၊ ဂျိုးဆဖ်က မြို့ရဲ့ အငယ်တန်းမှုးမတ်ကိုတောင် ဒီလို ဆက်ဆံတာမှ မဟုတ်တာ”
စီနီယာအုပ်ချုပ်ရေးမှူးဂျိုးဆဖ်ကို အနိုင်ရရန်အတွက် သူတို့သည် မျက်နှာသာပေးမှုကို တိုးမြင့်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြသည်။ သူတို့ကို မြေနေရာများ ပိုပြသရန်အတွက် စီနီယာအုပ်ချုပ်ရေးမှုးကို သွေးဆောင်ခဲ့ကြသည်။ ထိုသို့တိုင် စီနီယာအုပ်ချုပ်ရေးမှုးဂျိုးဆဖ်က ရှီဖုန်း ရောက်လာလျှင် ရောက်လာချိန် သူ့ကို ဒုတိယအလွှာသို့ ချက်ချင်း ခေါ်သွားပေ၏။
ဒုတိယအလွှာ
သမုဒ္ဒရာရှုမြင်မြို့၏ အထက်တန်းလွှာတစ်ဦးဖြစ်လာရန် သူတို့ ရုန်းကန်နေရသော်ငြား သူတို့သည် ဒုတိယအလွှာသို့သွားရန်အတွက် အရည်အချင်းမပြည့်မီသေးပေ။ ထိုကုန်သည်ကစားသမားများက ရှီဖုန်းကို မနာလိုအားမကျဘဲ မနေနိုင်တော့ချေ။
ကျန်သည့်နေရာများကဲ့သို့ပင် သမုဒ္ဒရာရှုမြင်မြို့၏ မြေကို ဝယ်ယူရန်အတွက် လုံလောက်သည် ဂုဏ်သတင်းမှတ် လိုအပ်သည်။ သာမန်အထက်တန်းလွှာများက ပထမအလွှာတွင်သာ နေရစ်ပြီး မြို့၏ အခြေခံအကျဆုံးမြေများမှ ရွေးချယ်ခွင့်ရရှိသည်။ ထိုသို့တိုင် သာမန်မြေများအားလုံးကို ရနိုင်တာ မဟုတ်ပေ။ စီနီယာအုပ်ချုပ်ရေးမှုးတစ်ဦး၏ မျက်နှာသာပေးမှုကို တိုးမြင့်ပေးခြင်းဖြင့်သာ အကွက်အကွင်းကောင်းသော မြေနေရာကို ရနိုင်မှာပဲ ဖြစ်သည်။ ပုံမှန်ဆို မြို့၏ အငယ်တန်းမှုးမတ်များသာလျှင် ဒုတိယအလွှာသို့သွားသည့်လှေကားကို သွားရန်အတွက် အရည်အချင်းမှီတာ ဖြစ်သည်။ ဒုတိယအလွှာတွင် မြို့၏ မြေအများစုကို ဝယ်ယူနိုင်ပေ၏။ အငယ်တန်းမှုးမတ်တစ်ဦးအနေဖြင့် လျှော့စျေးများတောင် ရနိုင်ပေသည်။
ရှီဖုန်းသည် ဒုတိယအလွှာသို့ သွားပြီး မကြာမီ၌ စီနီယာအုပ်ချုပ်ရေးမှုးဂျိုးဆဖ်က မြို့၏ သင်္ဘောကျင်းများနှင့် သက်ဆိုင်သော အချက်အလက်များ၊ စာရွက်စာတန်းများအားလုံးကို ယူလာပေးသည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ… သမုဒ္ဒရာရှုမြင်မြို့မှာ စုစုပေါင်း သင်္ဘောကျင်းခြောက်ကျင်း ရှိတယ်၊ ဒီမှာ သက်ဆိုင်တဲ့ စာရွတ်စာတန်းတွေပါ”
ဂျိုးဆဖ်က ပြောပြီးနောက် ရှီဖုန်းရှေ့၌ စာရွတ်စာတန်းတွေကို ဂရုတစိုက် တင်ထားလိုက်၏။ ပြီးနောက် ရှီဖုန်းကို အနည်းငယ်လေးတောင် မနှောင့်ယှက်ရဲဘဲ ဘေးထွက်ရပ်နေလိုက်၏။
” သင်္ဘောကျင်းခြောက်ကျင်းလား၊ ငါးကျင်းပဲရှိမှာ မဟုတ်ဘူးလား”
ရှီဖုန်းက အတော်လေးအံ့သြသွားတော့၏။ သူသည် သမုဒ္ဒရာရှုမြင်မြို့နှင့် အတော်လေးရင်းနီးပေ၏။ အတိတ်တုန်းက သူက လူရိုင်းနယ်မြေကို အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ဖူးသည်။
ထိုနေရာ၌ သင်္ဘောကျင်းငါးကျင်သာရှိကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ၊ အရင်တုန်းက သင်္ဘောကျင်းငါးကျင်းပဲ ရှိတာပါ၊ ဒါပေမဲ့ ဝေးကွာခြင်းသမုဒ္ဒရာကုန်သွယ်ရေးလုပ်ငန်းရဲ့ ကံဆိုးမှုနဲ့ လက်တလောသင်္ဘောပျက်စီးမှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းက သူ့ရဲ့ ဘဏ္ဍာရေးပြန်လည်တည်ထောင်နိုင်ဖို့အတွက် သင်္ဘောကျင်းရောင်းချဖို့ ဖိအားပေးခံနေရတယ်၊ လုပ်ငန်းစုက ကျွန်တော်တို့ကို သူ့ရဲ့သင်္ဘောကျင်းရောင်းတာ ကူညီပေးဖို့ တောင်းဆိုထားတာ၊ မြို့တော်ဝန်က သင်္ဘောကျင်းကို တစ်လကြာပြီးနောက် ရောင်းမထွက်ရင် သူက သင်္ဘောကျင်းကို အပေါင်ပစ္စည်းအနေနဲ့ထားပြီး ဝေးကွာခြင်းသမုဒ္ဒရာကုန်သွယ်ရေးလုပ်ငန်းကို ချေးငွေအဖြစ် ရှင်းမယ်လို့ပြောတယ်၊ ကုန်သွယ်ရေးလုပ်ငန်းက ကာကို သင်္ဘောအသစ်ကို ထုတ်လုပ်ဖို့ လက်တလောကမှ သင်္ဘောကျင်းကို တည်ဆောက်ထားတာလို့ ကျွန်တော် ကြားမိတယ်”
ဂျိုးဆဖ်က အသေးစိတ် ရှင်းပြသည်။
” ကာကို သင်္ဘောအသစ်လား”
ရှီဖုန်း၏ စိတ်ဝင်စားမှုတို့က ချက်ချင်းတိုးသွားသည်။
သင်္ဘောဒီဇိုင်းများသည် အပိုင်းအစဒဏ္ဍာရီများနည်းတူ ရှားပါးလွန်း၏။ ထို့အပြင် ဒီဇိုင်းတစ်ခု ပိုင်ဆိုင်ခြင်းက ကိစ္စတစ်ရပ်ဖြစ်သော်ငြား သင်္ဘောတစ်စင်းထုတ်လုပ်ရန်က နောက်ထပ်ကိစ္စတစ်ရပ် ဖြစ်သွားသည်။ သာမန်သင်္ဘောတစ်စင်း တည်ဆောက်ခြင်းက အရေးကြီးခွင်ကျယ် မဟုတ်ပေ။ သို့သော် အရည်အသွေးမြင့်သင်္ဘောတစ်စင်းတည်ဆောက်ခြင်းက အင်မတန်ပြဿနာ များပေသည်။ ကုန်ကြမ်းပစ္စည်းများ ရှာရန်ကပင် အချိန်ရောငွေပါ ကုန်ဆုံးစေ၏။
ပိုအရေးကြီးသည်က သင်္ဘောကျင်းများသည် မှော်မျှော်စင်ဒီဇိုင်းများနည်းတူ နှစ်ခုလုံးက အကြိမ်အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးနိုင်သော အိုင်တမ်များ ဖြစ်၏။ ပုံမှန်ဆို ဒီဇိုင်းတစ်ခုမှ သင်္ဘောဆယ်စင်း တည်ဆောက်နိုင်သည်။
ဆယ်နှစ်ကြာပြီးသည့်တိုင် အရည်အသွေးမြင့်သင်္ဘောများကို ရှားပါးသည်ဟု သတ်မှတ်၍ ရနေသေးဆဲ ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ သမုဒ္ဒရာက ကျယ်ပြောသည်။ ထို့အပြင် ဆန်းကြယ်သည့်ဖြစ်ရပ်များနှင့် ရတနာများက သမုဒ္ဒရာ၏ ကျွန်းများပေါ်တွင် ရနိုင်ပြီး လျှို့ဝှက်ဧရိယာများတွင် တွေ့ရှိနိုင်ပေ၏။ သင်္ဘော၏ အရည်အသွေးကို ထည့်မတွက်ထားဘဲ ပင်လယ်ထဲသို့ စွန့်စားသွားလာခြင်းက သေနိုင်ခြေ ပိုများပေ၏။ ထိုအကြောင်းအရင်းနှစ်ရပ်ကြောင့် အတိတ်တုန်းက ကစားသမားများသည် ငွေကြေးများစွာ ကုန်ကျသည့်တိုင် အဆင့်မြင့်သင်္ဘောများကို ငှားရမ်းလိုခြင်း၊ ဝယ်လိုစိတ်များ ဖြစ်ပေါ်နေကြတာ ဖြစ်သည်။
ပြီးနောက် ရှီဖုန်းသည်လည်း စာရွက်စာတန်းများကို စတင်စစ်ဆေးတော့သည်။
ရှီဖုန်းသည် အချက်အလက်များအားလုံးကို ဖတ်ရှုရန်အတွက် ဆယ်မိနစ် အချိန်ယူလိုက်ရသည်။
ဂျိုးဆဖ်ဆိုခဲ့သည့်အတိုင်း ဝေးကွားခြင်းသမုဒ္ဒရာကုန်သွယ်ရေးလုပ်ငန်းက ကာကို သင်္ဘောအသစ်ကို သုသေသနပြုလုပ်ခဲ့သည့် သင်္ဘောက သာမန်အဆင့်သာ ရှိသော်ငြား ၎င်းသည် ကျန်သည် သင်္ဘောကျင်းငါးကျင်း၏ သင်္ဘောများထက် (၁၅) ရာခိုင်နှုန်း ပိုမြန်ဆန်သည်။ ထို့အပြင် ဝင်ဆန့်နိုင်အားနှင့် ခံနိုင်ရည်က (၂၀) ရာခိုင်နှုန်းပိုမြင့်သည်။ ကြေးနီ သို့မဟုတ် ပိုမြင့်သည့် ကာကို သင်္ဘောမှအပ ယင်းက ကုန်သည်ကစားသမားများအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာက တန်ကြေး ဖြစ်သည်။ ယင်းက မြို့လေးတစ်မြို့ဖြစ်သော်ငြား သင်္ဘောကျင်းက မြေနေရာများနှင့် မတူပေ။ သေးငယ်သော သင်္ဘောကျင်းတစ်ကျင်းကိုတောင် ရွှေပြားတစ်သောင်းဖြင့် ရောင်းနေရာ လက်တလောမှ တည်ဆောက်ထားသော အလယ်အလတ်သင်္ဘောကျင်းဆိုလျှင် တန်ကြေးပိုမြင့်မှာ ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် သင်္ဘောကျင်း၏ အရွယ်အစားက ၎င်းတည်ဆောက်နိုင်သော သင်္ဘော၏ ပုံစံများကို ဆုံးဖြတ်ပေးသည်။ အလယ်အလတ်သင်္ဘောကျင်းက သင်္ဘောငယ်လေးများ ထုတ်လုပ်ပေးနိုင်ရုံသာမက အလယ်အလတ်သင်္ဘောများလည်း တည်ဆောက်နိုင်သည်။ ဥပမာအနေဖြင့် ကုန်တင်သင်္ဘောက အလယ်အလတ်သင်္ဘော ဖြစ်သည်။ ဝေးကွာခြင်းကုန်သွယ်ရေးလုပ်ငန်း၏ ခေါ်သည့်ဈေးက ရွှေပြားသုံးသောင်း ဖြစ်သည်။
ထိုကြေးဖြင့် ရှီဖုန်းသည် အဓိက မြို့တစ်မြို့၌ ရွှေမြေနေရာ သုံးနေရာကို ဝယ်ယူနိုင်စွမ်း ရှိပေ၏။