ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1043 နတ်ဘုရား ကစားသမား
ဆိပ်ကမ်းဈေးထဲရှိ အလုပ်ရုံများထဲတွင် ဒါးလ်၏ အလုပ်ရုံက မျက်စိဖမ်းစားနိုင်စွမ်း ရှိလာသည်တော့ မဟုတ်ပေ။ သို့သော် သမုဒ္ဒရာရှုမြင်မြို့ထဲ၌ သက်တမ်းအရင့်ဆုံး အလုပ်ရုံဖြစ်ပြီး အင်ဂျင်နီယာပညာရှင်တစ်ဦးက ဖန်တီးခဲ့တာပဲ ဖြစ်သည်။ အလုပ်ရုံက အနှစ်သုံးရာကျော် တည်ရှိလာခဲ့တာ ဖြစ်၏။
ကမ္ဘာပျက်အင်ပါယာထဲတွင် မကျော်ကြားလျှင်တောင် ဂရမ်းမာစတာအင်ဂျင်နီယာ၏ အလုပ်ရုံက သမုဒ္ဒရာရှုမြင်မြို့ထဲတွင် အကျော်ကြားဆုံး ဖြစ်သင့်သည်။
ကံဆိုးသည်မှာ အလုပ်ရုံ၏ အမွေဆက်ခံသူများ ယုတ်လျော့လာပြီး မျိုးဆက်တိုင်းတွင် ပိုမိုဆိုးဝါးလာမှုဖြင့် အလုပ်ရုံက လက်ရှိအခြေအနေသို့ ပြိုလဲလာခဲ့တာပဲ ဖြစ်သည်။ ယခုအချိန်တွင် ဒါးလ်အလုပ်ရုံ၏ ယခင် ဂုဏ်ကျက်သရေကို အားလုံးနီးပါး မမှတ်မိကြတော့ပေ။
သို့သော် အလုပ်ရုံ၏ လက်ရှိပိုင်ရှင်က အတော်လေးအရည်အချင်းရှိသည်။ သူ၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အင်ဂျင်နီယာမှတ်စုများကို အမွေဆက်ခံပြီးနောက် အင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် မှတ်စုများကို သုသေသနပြုလုပ်ရာတွင် စွဲလမ်းခဲ့၏။
ပုန်းကွယ်တာဝန်က ဒါးလ်၏ လက်ရှိအမွေဆက်ခံသူ ရော့ဒ်နေးကို ပန်းပဲပညာရှင်တစ်ဦး ဖြစ်လာရန် ကူညီပေးတာပဲ ဖြစ်သည်။ ကစားသမားက အောင်မြင်ခဲ့လျှင် သူတို့က ကြေးနီစပိဘုတ်ကို ရရှိမှာဖြစ်၏။
နတ်ဘုရားနယ်မြေထဲတွင် ကြေးနီစပိဘုတ်၏ တန်ဖိုးက အံ့ဖွယ်အိုင်တမ်နှင့် ယှဥ်နိုင်ပေ၏။
သာမန်ကြေးနီစပိဘုတ်သည် ခြောက်ယောက်နှစ်စုဆန့်ပြီး ငါးဖမ်းလှေများထက် (၂၀) ရာခိုင်နှုန်း ပိုမြန်ဆန်ပေ၏။ ထိုအပြင် အရှိန်အရည်အချင်းနှင့် လေတောင်ပံ လှိုင်းခုခံသည့်စကေး ပါလာသည်။ နှစ်မျိုးလုံးက ကျယ်ပြောသော သမုဒ္ဒရာထဲတွင် စွန့်စားသွားလာရန်အတွက် လိုအပ်ပေ၏။
ကြေးနီစပိဘုတ်က အယောက်နှစ်ဆယ် အဖွဲ့တစ်ဖွဲ့ဆန့်ပြီး ၎င်း၏ အရှိန်နှင့် ခံနိုင်ရည်က သာမန်စပိဘုတ်ထက် (၁၅) ရာခိုင်နှုန်း ပိုမြန်ဆန်သည်။ ကြေးနီစပိဘုတ်က တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေ၏။ အသက်ကယ်အရည်အချင်းအရာတွင် ကြေးနီစပိဘုတ်က သာမန်စပိဘုတ်ထက် အဆပေါင်းများစွာ ပိုသန်မာသည်။
ကြေးနီစပိဘုတ်ကို ရရှိထားသည့် ကစားသမားက ကောင်းမွန်သည့် ပင်လယ်စွန့်စားသွားလာသည့်အဖွဲ့ကို ဖွဲ့စည်းနိုင်ပြီး ကျန်သည့် ကစားသမားများ မသွားရဲသည့် အန္တရယ်များသည့်ရေထဲသို့ သွားနိုင်ခဲ့ပြီ ကမ္ဘာပျက်အင်ပါယာထဲတွင် အတော်နာမည်ကျော်ကြားခဲ့၏။
ဒါးလ်၏ အလုပ်ရုံထဲဝင်ချိန်တွင် ရှီဖုန်းက ဘက်စကတ်ဘောအရွယ်အစားခန့်ရှိသော အလုပ်ရုံထဲတွင် ကျန်သည့်ကစားသမားများစွာ စောင့်စားနေတာကို သတိပြုမိလိုက်သည်။ အဆောက်အဦထဲသို့ ရှီဖုန်း ဝင်သွားသည့်အချိန်၌ ထိုကစားသမားများက သူ့ကို စိုက်ကြည့်ကြတော့၏။ ကျန်သည့်သူများက ယင်းကို သတိပြုမိသည်။ ရှီဖုန်းက သက်ပြင်းမချပဲ မနေနိုင်တော့ချေ။
သို့သော် အတန်ငယ်စဥ်းစားပြီးနောက် သူ၏ ရလဒ်က အကျိုးအကြောင်းသင့်သည်မှန်း သူသိလိုက်သည်။ သမုဒ္ဒရာရှုမြင်မြို့က မကြီးမားသော်ငြား အဆင့်တက်ရန်အတွက် ဤနေရာသို့ လာရောက်ကြသည့် ကစားသမားအချို့ရှိသည်။ သူတို့ထဲတွင် ကျွမ်းကျင်သူများ မချို့တဲ့ပေ။ ပုန်းကွယ်တာဝန်ကို တစ်စုံတစ်ယောက်ရှာတွေ့ခြင်းက အံ့သြစရာမကောင်းပေ။
အလုပ်ရုံအတွင်းရှိ တစ်ကိုယ်တော်ကစားသမားများစွာက ထိုကဲ့သို့ ကျွမ်းကျင်သူများ ဖြစ်သည်။ စုစုပေါင်းငါးဦးရှိကာ သူတို့ထဲတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၃၉) ဖြစ်ပြီး အဆင့်အမြင့်ဆုံးက အဆင့် (၄၀) ကျွမ်းကျင်သူ ဖြစ်သည်။ ထိုလူငါးဦးက အုပ်စုနှစ်စုကွဲနေတာ သိသာပြီး အဆင့် (၄၀) ရိန်းဂျားက သုံးယောက်တစ်စုကို ဦးဆောင်လျက် အဆင့် (၃၉) ကျိန်စာအသုံးပြုသူက အဖော်တစ်ယောက် ပါသည်။
ထိုတစ်ကိုယ်တော်ကစားသမားများသည် ကောင်းမွန်သည်ဟု သတ်မှတ်၍ရသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။ တစ်ကိုယ်တော်ကစားသမားများ ဖြစ်သည့်တိုင် သူတို့ ချပ်ဝတ်တန်ဆာများက အဆင့် (၃၅) မဟူရာရွှေချပ်ဝတ်တန်ဆာအဆင့်နှင့် အထက်တွင်ရှိကြပြီး အများစုက အဆင့် (၃၅) ရွှေစင်ချပ်ဝတ်တန်ဆာ ဖြစ်ပေ၏။ သူတို့ ချပ်ဝတ်တန်ဆာများက တစ်ကိုယ်တော်ကစားသမားများကြားထဲတွင် ထိပ်ရောက်နိုင်သည်။
ကျွမ်းကျင်သူနှစ်ဖွဲ့က တာဝန်ကို လက်ခံပြီးသည့်တိုင် ရှီဖုန်းက သူတို့ကို စိတ်ထဲမထားပေ။ ထိုအစား အဆင့် (၇၀) ဆိုင်ရှင်အမျိုးသားနားဆီသို့ တိုက်ရိုက်ချဥ်းကပ်သွားတော့သည်။
” မင်္ဂလာပါ၊ ခင်ဗျားတို့ ဆိုင်ပိုင်ရှင်နဲ့ တွေ့ချင်လို့ပါ”
ရှီဖုန်းက ပြောပြီး ပြုံးလိုက်တော့သည်။
ဤလျှို့ဝှက်တာဝန်ကို မည်သည့်ကစားသမားမဆို လက်ခံနိုင်ပေသည်။ သို့သော် ရော့ဒ်နေးကို အင်ဂျင်နီယာကစားသမားဖြစ်အောင် ကူညီသည့်ကစားသမားသည် အကောင်းဆုံးဆုလာဒ်ကို ရရှိမှာဖြစ်သည်။ တာဝန်၏ ပထမဆုံးအဆင့်က ရော့ဒ်နေးနှင့် တွေ့ဆုံရန်ဖြစ်သည်။ သို့သော် ရှီဖုန်းက သူ၏ တောင်းဆိုချက်ကို ပြောလိုက်သည့်အချိန်တွင် အဆင့် (၄၀) ရိန်းဂျားတစ်ဦးက တအံ့တသြဖြင့် နှာခေါင်းရှုံ့လိုက်၏။
ဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားနေခြင်းက အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။
သာမန်လူများကမူ ဆိုင်ရှင်ကို သာမန်ဆိုင်ပိုင်ရှင်ဟူ၍ ယူဆကြပေလိမ့်မည်။ လက်တွေ့တွင်မူ ထိုဆိုင်ပိုင်ရှင်က ရော့ဒ်နေး၏ လက်ထောက်ဖြစ်သည်။ ကစားသမားများက ထိုလက်ထောက်ကို မဖြတ်ကျော်နိုင်လျှင် သူတို့က ရော့ဒ်နေးနှင့် တွေ့ခွင့်ရမှာ မဟုတ်ပေ။
ရော့ဒ်နေးနှင့် တွေ့ခွင့်ရရန်အတွက် သူတို့သည် ထိုလက်ထောက်နှင့် သူတို့၏ မျက်နှာသာပေးမှုကို မြှင့်တင်ရန် လေးရက်အချိန်ကုန်ခဲ့၏။ ဒီတော့မှ လက်ထောက်က သူတို့၏ ဆန္ဒကိုဖြည့်ပေးရန် ရော့ဒ်နေးနှင့် မိတ်ဆက်ပေးမှာပဲ ဖြစ်သည်။
အမျိုးသားဆိုင်ပိုင်ရှင်၏ မျက်ကြည်က ခေါင်းစွပ်နက်ဖြင့် ရှီဖုန်းဆီ ရောက်သွားချိန်၌ သူက ချက်ချင်း ထရပ်ပြီး တလေးတစား တုံ့ပြန်လိုက်သည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ၊ အခုချက်ချင်း ကျုပ်ဆရာကို သွားအကြောင်းကြားလိုက်ပါမယ်၊ ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်နေပေးပါ”
မြို့ရဲ့ အဓိကအထက်တန်းလွှာ
စစ်မှန်သော အင်ဂျင်နီယာတစ်ဦးတောင် ထိုအဆင့်အတန်းတွင်ရှိသည့်သူတစ်ဦးကို တလေးတစား ဆက်ဆံရသည်။ သူ့ဆရာကဲ့သို့ အဆင့်မြင့်အင်ဂျင်နီယာဖြစ်သော ရော့ဒ်နေးဆိုလျှင် ပိုလေးစားရမှာပဲ ဖြစ်သည်။
” ဘာလား”
” သူက ရော့ဒ်နေးကို ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ တွေ့ဆုံနိုင်ရတာလဲ”
စောင့်စားနေသော ကစားသမားငါးဦးသည် ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။ သူတို့က မတုံ့ပြန်နိုင်ခင် ဒုတိယအလွှာကနေ အလျင်စလိုခြေသံများ ပေါ်ထွက်လာ၏။ ခဏအကြာတွင် ဆံပင်ဖရိုဖရဲဖြင့် သန်မာသည့်လူရွယ်တစ်ဦးက အောက်ထပ်သို့ ပြေးဆင်းလာ၏။
” ဘာ၊ ရော့ဒ်နေး အလုပ်အရမ်းများနေတယ်လို့ ဆိုင်ရှင်က ပြောထားတာ မဟုတ်ဘူးလား”
” ပေါက်တက်ကရတွေ၊ အဲဒါ ဘယ်သူလဲ၊ သူက နတ်ဘုရားကစားသမားတွေထဲက တစ်ယောက်လား”
စောင့်စားနေသော ကစားသမားငါးဦးက အံ့သြကာ ဆွံ့အသွားသည်။ သူတို့သည် ရော့ဒ်နေးနှင့် တွေ့ဆုံရန်အတွက် ဒါးလ်၏ အလုပ်ရုံသို့ လာရောက်တာပဲ ဖြစ်သည်။ သို့သော် သူတို့ရောက်ချိန်တွင် အိုင်တမ်တစ်ခုကို ထုတ်လုပ်နေသည့် ရော့ဒ်နေးက အလုပ်မပြီးမချင်း အလုပ်ရုံထဲတွင်စောင့်နေရန် ဖိအားပေးခံနေရ၏။ တစ်နာရီကြာပြီးသည့်တိုင် ထိုလူ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ တစ်ဖက်တွင်မူ ရှီဖုန်းက စကားအနည်းငယ်ပြောရုံမျှဖြင့် ရော့ဒ်နေးကို ဆင့်ခေါ်ခဲ့သည်။
ရှီဖုန်းကို မြင်သောအခါ ရော့ဒ်နေး၏ လေးနက်တည်ကြည်သောအမူအရာက ရိုကျိုးမှုအဖြစ် ပြောင်းလဲသွား၏။
“အရှင် ကာကွယ်စောင့်ရှောက်သူ၊ ကျုပ်က ဒီဆိုင်ပိုင်ရှင် ရော့ဒ်နေးပါ၊ ကျုပ်ဆီကို အရှင်လာရောက်ရတဲ့ အကြောင်းအရင်းကို သိခွင့်ရမလား”
” ခင်ဗျားက အင်ဂျင်နီယာပညာရှင်အဆင့်တက်ဖို့ ကြိုးစားနေတယ်လို့ ကျုပ်ကြားထားတယ်၊ ခင်ဗျားချောချောမွေ့မွေ့ တက်နိုင်အောင်လို့ ကူညီပေးနိုင်မဲ့နည်းလမ်းတစ်ခု ကျုပ်မှာရှိတယ်၊ ခင်ဗျား စိတ်ဝင်စားလားမသိဘူး”
ရော့ဒ်နေး၏ လေးစားသောသဘောထားကြောင့် ရှီဖုန်းက မအံ့သြသွားချေ။ အဆင့်မြင့်ဘွဲ့အမည်၏ စွမ်းအားက အသေးအမွှား မဟုတ်ပေ။ ရော့ဒ်နေးက သူ၏ အဆင့်အတန်းနှင့်ယှဥ်ရန် မျှော်လင့်ချက်မရှိနိုင်ပေ။ ထို့ကြောင့် NPC ကို မျက်နှာချိုသွေးပြီး အချိန်ဖြုန်းနေရန် မလိုအပ်ချေ။
ရှီဖုန်း၏ အကြံပြုချက်ကို ကြားသောအခါ ရော့ဒ်နေး၏ မျက်လုံးက ချက်ချင်းလက်သွားပြီး သူ၏ စိတ်လှုပ်ရှားမှုတို့က သိသိသာသာပေါ်ထွက်လာ၏။
“အရှင် ကာကွယ်စောင့်ရှောက်သူ၊ အင်ဂျင်နီယာပညာရှင်အဆင့်ရောက်အောင် ကျုပ်ရဲ့အဆင့် တိုးမြှင့်ပေးနိုင်မယ်ဆိုရင် ဘယ်တန်ကြေးမဆို ပေးမှာပါ”
ရော့ဒ်နေးက ဖြေပြီးနောက် အရိုအသေပေးကာ သူ၏ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုတို့ ပြည့်နေ၏။
အင်ဂျင်နီယာပညာရှင်တစ်ဦးဖြစ်ခြင်းက သူ၏ တစ်ဘဝလုံးဆန္ဒ ဖြစ်သည်။ ထို့အပြင် သူက ဒါးလ်၏ အလုပ်ရုံကို သူ့လက်ဖြင့် ပ့န်လည်အသက်သွင်းချင်သည်။
ပြီးနောက် ရှီဖုန်းသည် စနစ်အသိပေးသံကို ကြားလိုက်ရ၏။
စနစ် : လျှို့ဝှက်တာဝန် ပညာရှင်၏ အိပ်မက်ကို အသက်သွင်းပြီပါပြီ။
တာဝန်အကြောင်းအရာ : ရော့ဒ်နေးကို အင်ဂျင်နီယာပညာရှင်တစ်ယောက်ဖြစ်လာအောင် ကူညီပေးရန်။
ဆုကြေး : အမည်မသိ။
” အပေါ်ထပ်မှာ ကျုပ်တို့ စကားဆက်ပြောရအောင်”
ရှီဖုန်းက ရယ်မောလိုက်၏။
အတိတ်တုန်းက တာဝန်တွင် ကွဲပြားခြားနားသည့်တာဝန် ရှိနေသည့်တိုင် တာဝန်က တူညီနေသေးဆဲ ဖြစ်သည်။
” အရှင် ဒီဘက်ကြွပါ”
ရော့ဒ်နေးသည် ထိုစကားကိုကြားသည်နှင့် ဦးဆောင်ခေါ်သွားတော့၏။
” အဲဒါ… အရှင်ရော့ဒ်နေး ကျုပ်တို့ကရော”
တစ်ကိုယ်တော်ကစားသမားငါးဦးက ထိုင်မနေနိုင်တော့ချေ။
” ခဏစောင့်ပါ၊ ကျုပ်ရဲ့အရှင်နဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ်”
ရော့ဒ်နေးက သူတို့ကို ဖယ်ရှားလိုက်ပြီး စိတ်ပျက်လက်ပျက်ပြောလိုက်၏။
ငါးယောက်သား ချက်ချင်းတိတ်ဆိတ်သွားပြီး သူတို့၏တာဝန်က ရော့ဒ်နေးကို ရန်စမိမည်ကို စိုးရိမ်သွားကြ၏။
” အဲဒါ ဘယ်သူလဲ”
” သူက အထင်ကြီးဖို့ကောင်းတာပဲ၊ တာဝန်တစ်ခုတောင် လက်ခံထားတယ်၊ ငါ သူနဲ့ မိတ်ဆွေဖွဲ့လို့ရရင် ကောင်းမှာပဲ”
” ဒီနတ်ဘုရားက လက်ထောက်လက်ခံမလားဆိုတာ သိချင်မိတယ်”
သူတို့သည် အဆင့်မြင့်တာဝန်များစွာကို လက်ခံထားသော်ငြား NPC တစ်ဦးသည် ကစားသမားတစ်ဦးကို တောင်းဆိုနေတာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဒုတိယအလွှာသို့ ရောက်ရှိပြီးနောက် ရှီဖုန်းသည် ခန်းမနားရှိ တန်ဖိုးကြီးကုန်ကြမ်းမျိုးစုံကို သတိထားမိလိုက်၏။ အင်ဂျင်နီယာ ကိရိယာမျိုးစုံလည်း ရှိနေသည်။
နေရာယူပြီးနောက် ရော့ဒ်နေးက စိတ်ပူပန်စွာ မေးလိုက်တော့သည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ၊ အင်ဂျင်နီယာပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ကျုပ်ဘာလုပ်သင့်လဲဆိုတာ သိခွင့်ရမလား”