ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1044 အဆင့်တိုးမြင့်ရန် လိုအပ်ချက်
ရော့ဒ်နေးက စိတ်လှုပ်ရှားနေသော်ငြား ရှီဖုန်းကမူ လူသန်ကြီး၏ အမေးကိုဖြေရန် အလျင်မလိုပေ။ ထိုအစား သူက ဒုတိယအလွှာကို တိတ်တဆိတ်အကဲဖြတ်လိုက်သည်။ အမျိုးမျိုးသော တန်ဖိုးကြီးကုန်ကြမ်းများ ရှိနေသည့်နေရာကမူ စုတ်ချာသည်ဟု သတ်မှတ်၍ရသည်။
အခန်း၏ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုက နိမ့်လွန်းနေသည်။ ပတ်ဝန်းကျင်က သင့်တော်သည့် အလုပ်ရုံတစ်ရုံနှင့်မတူပေ။
ဆယ်လီအိုရာ၏ ပန်းပဲဖိုကို ဥပမာယူနိုင်ပေ၏။
ထိုအမျိုးသမီး၏ ပန်းပဲဖိုက အပြင်ဘက်တွင် စုတ်ချာပုံပေါ်သော်ငြား အမျိုးမျိုးသော မှော်အစီအရင်များက အဆောက်အဦ၏ အတွင်းပိုင်း၌ စီရင်ထားပြီး ဝိညာဥ်ဓာတ်စွမ်းအားများကို စုစည်းထားကာ အခန်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှု မြင့်မားအောင် ထိန်းထားပေးသည်။ ထိုသို့တိုင် ဒါးလ်အလုပ်ရုံ၏ ဒုတိယအလွှာကမူ မှော်အစီအရင်များများစားစား မရှိချေ။ ဤနေရာရှိ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုက အဆောက်အဦအပြင်ဘက်နှင့် တူညီနေပေ၏။
ကစားသမားတစ်ဦးကတောင် အင်ဂျင်နီယာပညာရှင်အဆင့်သို့ အဆင့်တိုးမြင့်မှုရရှိရန် ခက်ခဲရာ NPC တစ်ဦးဆိုလျှင် ပိုဆိုးချေ၏။
ထိုသို့တိုင် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်နေသော်ငြား ရော့ဒ်နေးသည် အတိတ်တုန်းက အင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ရော့ဒ်နေး၏ ပါရမီက သိသာနေပေသည်။
ထိုစဥ်က စူပါ အင်မတန်ရှားပါးသော ကုန်ကြမ်းများ စုဆောင်းထားမှုကို မှီခိုသည်မှအပ ရော့ဒ်နေးသည် သူ၏ အံ့မခမ်းအင်ဂျင်နီယာကိရိယာများကြောင့် အင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်လာခဲ့တာပင်။ ပန်းပဲသမားများ အသုံးပြုသည့်တူနှင့် မီးလျှံတို့နှင့် ဆင်တူပေသည်။
ရော့ဒ်နေးက ဒါးလ်၏ အလုပ်ရုံကို အမွေဆက်ခံထားသော်ငြား သူ၏ လက်ရှိကိရိယာများက ကြေးနီအဆင့်သာ ရှိသည်။ ထို့ကြောင့် ပုန်းကွယ်တာဝန်၏ နောက်ဆုံးအပိုင်းက သူ့အတွက် ဆန်းကြယ်သံမဏိ အင်ဂျင်နီယာကိရိယာတစ်စုံကို စုဆောင်းပေးရန် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရော့ဒ်နေးသည် ပါရမီထူးသော်ငြား ဆင်းရဲလွန်းနေသောကြောင့် အဆင့်တက်ရန် အင်မတန်ကြာညောင်းနေတာပဲ ဖြစ်သည်။ သေလွန်ပြီးသော ဂရန်းမာစတာက ထိုအကြောင်းကို သိသွားခဲ့လျှင် မည်ကဲ့သို့ တွေးမည်နည်း။
ရော့ဒ်နေး၏ ငွေရေးကြေးရေးအခြေအနေကို တွေ့မြင်ပြီးနောက် ရှီဖုန်းက ရော့ဒ်နေးဆီသို့ကြည့်ကာ လေးနက်တည်ကြည်စွာ မေးလိုက်တော့၏။
” ခင်ဗျား အဆင့်တိုးမြင့်ဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ ဒါမတိုင်ခင် ကျုပ်ရဲ့ ကုန်သွယ်ရေးလုပ်ငန်းထဲမှာ လုပ်ငန်းအတွက်ဆွေးနွေးဖို့ စိတ်ဝင်စားမလားဆိုတာ သိပါရစေ”
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများက သူတို့၏ ဆိုင်များကို စီမံခန့်ခွဲရန် NPC မန်နေဂျာများကို ငှားရမ်းခွင့်ရပြီး ဘဝပုံစံ NPC များကိုလည်း ထိုနည်းတူ ငှားရမ်းနိုင်ပေ၏။ သာမန်ဘဝပုံစံ NPC များကို ငှားရမ်းခြင်းက မတန်ရုံသာ ရှိသည်။
ဘဝပုံစံ NPC ၏ ထုတ်လုပ်သည့်နှုန်းက ကစားသမားများထက် ပိုနှေးကွေးသည်။ သူတို့က အောင်မြင်နိုင်ခြေ အနည်းငယ်ပိုမြင့်သော်ငြား အောင်မြင်နိုင်သည့်နှုန်း မြင့်မားသည်ဟု သတ်မှတ်ထားသော သာမန်အိုင်တမ်များကို ထုတ်လုပ်ချိန်တွင် အချိန်ကို အားပြုရ၏။ သာမန်ဘဝပုံစံ NPC တစ်ဦးက တစ်နေ့လျှင် အိုင်တမ်အနည်းစုထုတ်လုပ်နေချိန် အကျိုးအမြတ်က လုပ်အားခကို ဖာထေးမိရန် နီးတောင်နီးဆပ်မှာ မဟုတ်ပေ။
ထို့ကေုာင့် ကစားသမားများသည် ဘဝပုံစံ NPC များကို ငှားရမ်းသည့်အချိန်တွင် သူတို့က NPC ပညာရှင်များကိုသာ ငှားရမ်းလေ့ရှိကြ၏။ သူတို့သည် ရှားပါးပြီး တန်ဖိုးကြီးသောထုတ်ကုန်များကို ထွင်းထုနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ထိုထုတ်ကုန်များမှ ဝင်ငွေက NPC ၏ ထုတ်လုပ်မှု နှေးကွေးသောအရှိန်ကို ဖာထေးပေးရန် လုံလောက်ပေ၏။
ကံဆိုးသည်မှာ NPC ပညာရှင်တစ်ဦးကို အလုပ်အပ်ရန်က အင်မတန်ခက်ခဲသည်။ ပညာရှင် NPC တိုင်းက မြို့၏ အဓိကအထက်တန်းလွှာနှင့် ယှဥ်နိုင်သည့်အဆင့်အတန်း ပိုင်ဆိုင်ထားသည်။ ဥပမာအနေဖြင့် ဆယ်လီအိုရာက ပညာရှင်တစ်ဦးဖြစ်ချိန်တွင် မြစ်ဖြူမြို့၏ အလွှာလေး အောက်ရုံးတရားသူကြီး ဝေ့စ်မန်းတောင် သူ့ကို အလေးထားဆက်ဆံရသည်။ သို့သော် ဆယ်လီအိုရာက ဂရမ်းမာစတာတစ်ဦး ဖြစ်လာပြီးနောက် သူမ၏ အဆင့်အတန်းက ဝေ့စ်မန်းထက် ကျော်လွန်သွားခဲ့သည်။ ကြယ်လတိုင်းပြည်၏ ဘုရင်ကတောင် ဆယ်လီအိုရာကို တလေးတစား ဆက်ဆံရတာ ဖြစ်သည်။
ထို့အကြောင်းကြောင့် NPC ပညာရှင်တစ်ဦးကို ငှားရမ်းရန်က အင်မတန်ခက်ခဲသည်။
နောက်ဆုံးတွင် ထိုကဲ့သို့ NPC တစ်ဦးကို အလုပ်အပ်ရန်အတွက် နည်းလမ်းနှစ်ခုသာ ရှိသည်။
ပထမနည်းလမ်းက အလွန်တိုက်ရိုက်ကျ၏။ ကစားသမားများသည် NPC ပညာရှင်များကိုတောင် မက်မောစေနိုင်သည့် အခြေအနေကမ်းလှမ်းရန်သာ ဖြစ်သည်။ သို့သော် လူအနည်းစု သို့မဟုတ် အစည်းအရုံးအချို့သာလျှင် ထိုနည်းလမ်းကို တက်နိုင်ကြသည်။
ဒုတိယနည်းလမ်းက အဆင့်မြင့်တွင်သာ ရှိသေးပြီး ပညာရှင်တစ်ဦးဖြစ်လာရန် အလားအလာရှိသော ဘဝပုံစံ NPC တစ်ဦးကို ရင်းနှီးမြှုပ်နှံပေးတာပဲဖြစ်သည်။ ထိုနည်းလမ်းက ပထမနည်းလမ်းထက် ပိုဈေးသက်သာပြီး NPC သည် ပညာရှင်အဆင့်သို့ ရောက်မရောက်ကို ကံက ဆုံးဖြတ်ပေးမှာပဲ ဖြစ်သည်။
ရှီဖုန်းက ရော့ဒ်နေး၏ အလားအလာကို သိပြီးပြီဖြစ်သောကြောင့် ထိုအခွင့်အရေးကို လွဲချော်ခံနိုင်မှာ မဟုတ်ပေ။
လှေများထုတ်လုပ်ခြင်း သို့မဟုတ် ကြေးနီအင်ဂျင်နီယာစက်ကောင်းများ ထုတ်လုပ်ခြင်းဖြစ်စေ အင်ဂျင်နီယာပညာရှင်တစ်ဦးက သူတို့ကို အလွယ်တကူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်သည်။ ထိုကဲ့သို့ NPC ၏ အကူအညီရှိနေခဲ့လျှင် သူအလိုရှိသည့် အချိန်တိုင်းတွင် ငွေကြေးများ ရနိုင်ပေ၏။
ရှီဖုန်းပြောကြားချက်ကို ကြားသောအခါ ရော့ဒ်နေး၏ ပြင်းပြသည့်စိတ်တို့က ချက်ချင်းအေးသွားသည်။ သူက ဆုံးဖြတ်ချက်ပျက်သားစွာ ပြောလိုက်၏။
“အရှင် ကာကွယ်စောင့်ရှောက်သူ၊ ဒါးလ်အလုပ်ရုံရဲ့ အမွေဆက်ခံသူအနေနဲ့ ကျုပ်ရဲ့ တစ်ခုတည်းသောဆန္ဒက ဒီအလုပ်ရုံကို ပြန်အသက်သွင်းဖို့ပါပဲ၊ အရှင်ရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးပြုပြီး ငြင်းခွင့်ပေးပါ”
” ငြင်းဖို့ မလောနဲ့၊ မင်းကို ငါ့ရဲ့ ကုန်သွယ်ရေးလုပ်ငန်းဆီ လာခိုင်းနေတာ မဟုတ်ဘူး၊ အိုင်တမ်အချို့ ထုတ်လုပ်တဲ့နေရာမှာ ကူညီစေချင်ရုံပဲ”
ရှီဖုန်းက ထိုမျှ လွယ်ကူလိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူက နောက်တစ်လှမ်းဆုတ်ပြီးနောက် သူ၏ တောင်းဆိုချက်ကို လျှော့ပေးလိုက်သည်။
” ကျုပ် ဘယ်လိုပဲကြည့်ကြည့် ဒါးလ်အလုပ်ရုံက ထပ်မံသန်မာလာဖို့အတွက် ငွေကြေးအမြောက်အများ လိုအပ်နေတယ်၊ ခင်ဗျားကို အဆင့်တိုးမြင့်အောင် ကူညီပေးပြီးရင်တောင် ကျုပ်က ပုံမှန်လုပ်အားခနှုန်းအတိုင်း ပေးမှာပါ”
” ဒါက”
ရော့ဒ်နေးက တွေဝေနေ၏။ အချိန်တချို့တွေးဆပြီးနောက် သူက ပြောလိုက်တော့သည်။
” အရှင်က ကျုပ်ကို ပညာရှင်တစ်ယောက် ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် အရှင့်အတွက် သုံးလ အလုပ်လုပ်ပေးဖို့ ကတိပေးတယ်၊ ဘယ်လိုလဲ”
” ဒါဆို ကောင်းပြီ၊ သုံးလပေါ့”
ရှီဖုန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရ၏။
ရော့ဒ်နေးက ခေါင်းကြောမာသည့်သူဆိုတာ သူ ဝန်ခံရမှာပဲ ဖြစ်သည်။ သူ့တွင် မြို့ကာကွယ်စောင့်ရှောက်သူဘွဲ့အမည် မရှိနေခဲ့လျှင် ရော့ဒ်နေးက သုံးလတောင် ကမ်းလှမ်းမှာ မဟုတ်လောက်ပေ။
သို့သော် ထိုသုံးလအတွင်း၌ တိုက်တန်၏ သူတော်စင်မြို့ဖြင့် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာပညာရှင်တစ်ဦး မွေးထုတ်နိုင်လောက်ပေသည်။ ရော့ဒ်နေး၏ အကူအညီဖြင့် နောက်ထပ် လအနည်းငယ်အတွင်း ဖြစ်မြောက်အောင် လုပ်နိုင်ပေမည်။
ပြီးနောက် ရှီဖြန်းသည် ဆန်းကြယ်သံမဏိအင်ဂျင်နီယာကိရိယာတစ်စုံနှင့် စားပွဲအရွယ်အစားခန့် ကြီးမားသော ဒီဇိုင်းဟောင်းတစ်ခုကို ထုတ်လိုက်၏။
ပြီးနောက် သူက အိုင်တမ်အသစ်၏ ထုတ်လုပ်မှုကို မြင့်မားသောအောင်မြင်မှုဖြစ်စေရန်အတွက် ရော့ဒ်နေးအား ကိရိယာများ ပေးလိုက်၏။ ဒီဇိုင်းအတွက်မူ ယင်းက အခြေခံဝိညာဥ်ဓာတ်စွမ်းအား စုစည်းခြင်း မှော်အစီအရင် ဖြစ်သည်။
ကျောက်တောမြို့၏ အုပ်စိုးသူ ဆယ်ရီရာကို သတ်ဖြတ်စဥ်က သူ ရလာခဲ့သည့်အရာ ဖြစ်သည်။
အသက်သွင်းလိုက်သည့်အချိန်တွင် ထိုအိုင်တမ်က ကိုက်သုံးဆယ်ပတ်လည်အတွင်း ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုကို တိုးမြင့်ပေးသည်။ သို့သော် ၎င်းကို လည်ပတ်စေရန်အတွက် တစ်နာရီလျှင် မှော်သလင်းငါးဆယ် ကုန်ကျပေကာ ၎င်း၏ အကျယ်အဝန်းအတွင်း ကစားသမားနှစ်ဦးသာလျှင် နေနိုင်၏။ လူတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို လေ့ကျင့်နိုင်ရန် ပုံမှန်အသုံးပြုခြင်းက သိပ်ကို တန်ဖိုးကြီးလွန်းသည်။ ထို့ကြောင့် ရှီဖုန်းသည် ထိုအရာကို တစ်ခါမှမသုံးခဲ့ပေ။
သို့သော် ယခု မှော်အစီအရင်က ရော့ဒ်နေး၏ ဆိုးဝါးသောအလုပ်ရုံပတ်ဝန်းကျင်အတွက် ဖာထေးပေးရန် ပြီးပြည့်စုံသော အိုင်တမ်တစ်ခု ဖြစ်နေသည်။
ပြီးနောက် သူက မှော်အစီအရင်ကို အသက်သွင်းရန်အတွက် ဒီဇိုင်းကို အသုံးမပြုခင် ဒုတိယအလွှာထဲ၌ အခြေခံဝိညာဥ်ဓာတ်စွမ်းအား စုစည်းခြင်း မှော်အစီအရင်တစ်ခုကိုတည်ဆောက်ရန် မှော်သလင်းငါးဆယ် သုံးလိုက်၏။ ချက်ချင်းပင် အလွှာ၏ ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုက တိုးလာတော့သည်။ အချိန်တိုအတွင်း ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုက အံ့ဖွယ်အားကစားရုံ၏ စမ်းသပ်ခြင်းမျှော်စင်ကို ကျော်လွန်သွားတော့သည်။
” မြင့်မားလိုက်တဲ့ တိုက်ပွဲဝင်စွမ်းအား သိပ်သည်းမှုပဲ”
ရော့ဒ်နေးက မအံ့သြဘဲ မနေနိုင်တော့ချေ။
ထိုကဲ့သို့ သိပ်သည်းသောဝိညာဥ်ဓာတ်စွမ်းအားကို ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သာမန်အသက်ရှူမှုကတောင် သူ့စိတ်ကို ကြည်လင်စေ၏။ ယခုကဲ့သို့ တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုမျိုးကို သူ ယခင်က မရခဲ့ဖူးပေ။
” အခု တစ်ခုခု ဖန်တီးကြည့်”
ရှီဖုန်းက ပြောပြီးနောက် မလှမ်းမကမ်းရှိ အလုပ်ရုံကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
ယခင်က ရော့ဒ်နေးက ကိရိယာကောင်းနှင့် ကောင်းမွန်သည့်ပတ်ဝန်းကျင် နှစ်ခုစလုံး ချို့တဲ့ခဲ့သည်။ ထိုချို့တဲ့သည့်အရာများကို ထောက်ပံ့ပေးထားပြီဖြစ်ရာ ရော့ဒ်နေး၏ ပါရမီဖြင့် အင်ဂျင်နီယာ ပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် အချိန်အတိုင်းအတားတစ်ခုပဲ လိုမှာဖြစ်သည်။
” ကျေးဇူးပါ အရှင်”
ရော့ဒ်နေးက ရှီဖုန်းကို ထပ်တလဲလဲ ကျေးဇူးတင်လိုက်၏။ ပြီးနောက် သူ့အလုပ်ရုံထဲသို့သွားကာ အိုင်တမ်တစ်ခု ဖန်တီးတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ရော့ဒ်နေး၏ မျက်နှာထက်တွင် ကြည်နူးသည့်အမူအရာ ပေါ်လာတော့၏။ သူသည် လှေ၏ စွမ်းအင်ရင်းမြစ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ရှီဖုန်းက ရော့ဒ်နေး၏ အသေးစိတ်အချက်အလက်ကို ထပ်မံဖတ်ရှုချိန်၌ တစ်ဖက်လူ၏အညွှန်းက အဆင့်မြင့်အင်ဂျင်နီယာမှ အင်ဂျင်နီယာပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရုတ်တရက် တာဝန်ပြီးစီးသည့် အသိပေးသံက ရှီဖုန်းနားထဲ ပေါ်ထွက်လာ၏။
စနစ် : ပြိုင်စံရှားတာဝန် ပညာရှင်၏ အိပ်မက် ပြီးဆုံးပါပြီ။
ပြီးနောက် ရှီဖုန်း၏ အတွေ့အကြုံဘားက (၁၅) ရာခိုင်နှုန်းတက်သွားကာ သူ့ကို အဆင့် (၄၄) ၏ (၁၉) ရာခိုင်နှုန်းအထိရောက်အောင် တွန်းတင်ပေးလိုက်၏။
ဆုချီးမြှင့်ခံရသော EXP က ရှီဖုန်း ထင်ထားတာထက် ကျော်လွန်နေပေသည်။
” အရှင် ကာကွယ်စောင့်ရှောက်သူ၊ အမှန်တကယ် ကျေးဇူးတင်ပါတယ်၊ ဒါးလ်အလုပ်ရုံကို အသက်ပြန်သွင်းဖို့ အခွင့်အရေးရခဲ့ပြီ၊ ကျေးဇူးတရားကို ဖော်ပြဖို့ ကမ်းလှမ်းစရာ သိပ်မရှိပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒီရှေးဟောင်းစပိဘုတ်ကို လက်ခံပေးပါ၊ အရှင်ဒါးလ်က ဒီစပိဘုတ်ကို ကိုယ်တိုင်ဖန်းတီးခဲ့တာ၊ အလုပ်ရုံထဲမှာ အမြဲတမ်းတန်ဖိုးထားခံခဲ့ရတာပဲ၊ ကျုပ်ရဲ့အရှင် လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ရော့ဒ်နေးသည် ဖန်ပုလင်းအရွယ်အစားခန့်ရှိသော ပုလင်းတစ်လုံးကို ထုတ်ပြလိုက်၏။ ပုလင်းထဲတွင် စပိဘုတ်ငယ်လေးရှိနေကာ ရေပေါ်၌ မျောနေပေ၏။ စပိဘုတ်ကိုယ်ထည်ပေါ်တွင် မှော်ပုံစံများစွာ ဆင်ယင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုစပိဘုတ်က ထူးကဲမှန်း သိသာနေပေ၏။
” ကြေးနီအဆင့် ဖြစ်ရမှာ မဟုတ်ဘူးလား”
ရှီဖုန်းသည် စပိဘုတ်ကို မြင်သည့်အချိန်၌ အံ့သြဆွံ့အသွားကာ အကြည့်မခွာနိုင်တော့ပေ။