ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1060 လှုပ်ရှားခြင်း
ရေနှင်းဆီ၏ တင်ပြချက်ကို ကြားသည့်အချိန်တွင် ရှီဖုန်း၏ အမူအရာက သုန်မှုန်သွားတော့သည်။
” အစည်းအရုံး ရွေ့ပြောင်းခြင်း စာလိပ်တွေကို သုံးလို့ မရဘူးလား ”
ရှီဖုန်းက အခြေအနေကို စဥ်းစားလိုက်၏။
” သူတို့တွေက ချိတ်ပိတ်ခြင်း မှော်အစီအရင်တစ်ခု သုံးနေတာများလား”
အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် ချိတ်ပိတ်ခြင်း မှော် အစီအရင်များကို သုံးပြီး မြို့များနှင့် မြို့ကြီးများကို စီးနင်းတိုက်ခိုက်နေကြ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော မှော် အစီအရင်မျိုးက အလွန်ရှားပါးပေသည်။ ပုံမှန်ဆို အဆင့် ၆၀ နှင်အထက် လျှို့ဝှက်နေရာများတွင်သာ ကစားသမားများက တစ်ခု ကြုံတွေ့ရန် အခွင့်အရေး ရှိသည်။ အစည်းအရုံး၏ လက်ရှိခွန်အားဖြင့် တစ်ခု ရဖို့က မဖြစ်နိုင်ပေ။
” အစည်းအရုံး ခေါင်းဆောင်။ အခြေအနေကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူတစ်ချို့ ခေါ်သွားသင့်လား။ ပြီးတော့မှ အစည်းအရုံးရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ကျွန်မတို့ကို ကူဖို့လာလေ။ ကျောက်တောရဲ့ ခုခံမှုနဲ့ဆိုရင် ကျွန်မတို့ရဲ့ တပ်ဖွဲ့တွေ ရောက်လာတဲ့အထိ တောင့်ခံထားနိုင်မယ်လို့ ထင်တယ်”
ရေနှင်းဆီက အကြံပြုလိုက်၏။ ရေနက်နှင့် ပန်သီအွန်က လှုပ်ရှားတာ မြန်ဆန်လွန်းသည်။ သူတို့က ကြိုတင်ပြင်ဆင်ထားသော်ငြား ရေနက်က ထိုကဲ့သို့ ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက််မည်ဟု မထင်ထားပေ။
အစည်းအရုံး ရွေ့ပြောင်းခြင်း စာလိပ်၏ အားသာချက်မရှိဘဲ ဇီးရိုး၀င်းအဖို့ ကျောက်တောမြို့ကို ရောက်ရန်အတွက် အချိန်ယူရဦးမှာပဲ ဖြစ်သည်။ တပ်ဖွဲ့များ ရောက်လာချိန်က နှောင့်နှေးနေဦးမည်။ သို့သော် ယခုအချိန်တွင် ကျောက်တောမြို့ထဲ၌ ဇီးရိုး၀င်း၏ အရာရှိအချို့ ရှိနေသည်။ ထိုအစည်းအရုံး စစ်ပွဲကြီးကို တာ၀န်ယူမည့်သူ မရှိပါက မြို့သည် အလွယ်တကူ ပြိုလဲသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ခုခံမှုကို ဦးဆောင်ရန်အတွက် ကျွမ်းကျင်သူတပ်ဖွဲ့ကို မြန်မြန်ဆန်ဆန် စေလွတ်ရန် လိုအပ်၏။
” ကောင်းပြီ။ စီးတော်ယာဥ်ရှိတဲ့ အဖွဲ့၀င်တွေကို ခေါ်သွားပြီး မြို့ရဲ့ ခုခံမှုကို စတင်ဖို့ ပြောလိုက်။ ဒါပေမဲ့ ရေနက်က ချုံခိုတိုက်ခိုက်မှာကိုလည်း သတိထား။ သူတို့က မြေပုံတစ်ချပ်လုံးကို ချိတ်ပိတ်ခဲ့ပြီးပြီဆိုမှတော့ မြို့ထဲကို လူတွေ ရောက်မလာဖို့ တားမဲ့နည်းလမ်းတွေလည်း ရှိမှာ သေချာတယ်”
ရှီဖုန်းက ပြောပြီး ခေါင်းညိတ်လိုက်၏။
လက်ရှိတွင် စီးတောာ်ယာဥ်များက နတ်ဘုရား နယ်မြေထဲတွင် သုံးနေကျ မဟုတ်သေးပေ။ စူပါ အစည်းအရုံးများတွင်တောင် အနည်းစုသော ကျွမ်းကျင်သူများသာ စီးတော်ယာဥ် ပိုင်ဆိုင်ထား၏။
ရေနှင်းဆီတို့အဖွဲ့သည် ရေနက်၏ ခုခံခြင်းလှိုင်းကို ဖောက်ထွက်သွားရန်သာ လိုအပ်သည်။ ပြီးနောက် ပြဿနာမရှိပဲ ကျောက်တောမြို့သို့ သူတို့ ရောက်နိုင်မှာပဲ ဖြစ်သည်။ စီးတော်ယာဥ် မရှိသည့် ကစားသမားများက သူတို့ကို လိုက်မှီနိုင်ရန် မျှော်လင့်ချက် မရှိပေ။
သို့သော် မတော်တဆ ကြုံတွေ့ထားမှုကြောင့် ရေနှင်းဆီသည် တာ၀န်တစ်ခု ပြီးမြောက်ပြီး လျှို့ဝှက် ငွေအဆင့် မီးတောက် မြင်းတစ်စီး ရရှိထားသည်။ လျှို့ဝှက်ငွေအဆင့် စီးတော်ယာဥ်၏ အရှိန်ဖြင့် စီးတော်ယာဥ်ရှိသော စူပါ အစည်းအရုံး၏ ကစားသမားများတောင် သူမကို လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။ ဆိုရလျင် လျှို့ဝှက်ငွေအဆင့် စီးတော်ယာဥ်များက အလွန်ရှားပါး၏။
ရှီဖုန်းသည် ရေနှင်းဆီ၏ တာ၀န်များကို ချမှတ်ပေးပြီးသည်နှင့် ဖယောင်းတိုင် ကုန်သွယ်ရေး လုပ်ငန်း၏ အခြေခံ တရားထိုင်အခန်းထဲသို့ ၀င်ကာ နတ်ဘုရား ကောင်းချီးကို အသက်သွင်းလိုက်တော့သည်။
သူ့အတွက် လွမ်းဆွေးခြင်း အပြုံး ပြင်ဆင်ပေးထားသော ကုန်ကြမ်းများကို အသုံးပြုပြီးနောက် မှော်စာလိပ် တစ်လိပ်ပြီးတစ်လိပ် စတင် ထုတ်လုပ်တော့သည်။
ရေနက်၏ တပ်ဖွဲ့သည် အနီးဆုံး ပို့ဆောင်ရေးနေရာများမှ ကျောက်တောမြို့ဆီသို့ သွားနေပြီးဖြစ်သည့်တိုင် သူတို့က ၁၀နာရီကျော် သွားရမှာပဲ ဖြစ်သည်။ ထိုမျှ ရှည်ကြာစွာ သွားလာပြီးနောက် သူတို့သည် တိုက်ပွဲမ၀င်ခင် အနားယူရမှာပဲ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သက်လုံအား ကုန်ခန်းလုနီးပါးဖြစ်နေသော တပ်ဖွဲ့တစ်ဖွဲ့သည် မြို့ကို စီးနင်းတိုက်ခိုက်ရန် ကြိုးစားပါက ရူးမိုက်ရာ ရောက်နေမှာပဲ ဖြစ်သည်။
ရှီဖုန်းက ကျောက်တော်အုပ်မြို့သို့ ကမန်းကတန်း သွားခဲ့လျှင် အချိန် မြန်မြန်ဆန်ဆန် ရောက်နိုင်၏။
ချိတ်ပိတ်ခြင်း အစီအရင်က သက်ရောက်ထားသော ဧရိယာအတွင်း ၀ိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်း အတက်အကျကို ဖန်တီးပေးပြီး ပို့ဆောင်ရေး မှော် အစီအရင်များ မလှုပ်ရှားနိုင်အောင် သင့်တော်စွာ ဟန့်တားထားနိုင်၏။ သို့သော် ရှီဖုန်း၌ အကျော်ဇေယျ ခုနှစ်ပါး လက်စွပ်ရှိသည်။ လေဟာနယ် လှုပ်ရှားခြင်းက ပို့ဆောင်ရေးနှင့် မတူပေ။ ဧရိယာတစ်ခုအတွင်း ၀ိညာဥ်ဓာတ် စွမ်းအား ကြိမ်နှုန်း အတက်အကျ ရှိနေသော်ငြား သူက သက်ရောက်ခံရမှာ မဟုတ်ပေ။ ထို့ကြောင့် သူက အနီးဆုံးမြို့သို့ ရိုးရိုးရှင်းရှင်း ပို့ဆောင်ရေး အစီအရင်သုံးပြီး ကျောက်တောမြို့သို့ ဆက်သွားနိုင်၏။ အရှိန်အရာတွင် မဟူရာ စီးတော်ယာဥ်ကို စီးနင်းနေသည့် သူတစ်ဦးတောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ချေ။
ယခု စစ်ပွဲအတွက် ပြင်ဆင်ရန် သူ ၁၀နာရီကျော် အချိန်ရသည်။ လက်ရှိအချိန်တွင် သူ၏ ထိပ်တန်းဦးစားပေးက တတ်နိုင်သမျှ မှော် အစီအရင် စာလိပ်များ ပြုလုပ်ရန် ဖြစ်သည်။ ကျန်သည့်အရာများက ဒုတိယသာ ဖြစ်လေ၏။
ကျောက်တောမြို့သို့ စစ်ကူတပ်ဖွဲ့ပို့ရန် စီမံဖို့အတွက် ထိုသို့ ပြုလုပ်ရန် စိတ်ကူးထားခြင်း မရှိပေ။ တိုက်ရိုက် တိုက်ခိုက်လျှင် ဇီးရိုး၀င်းက ဆယ်ဆ ပိုမိုသန်မာနေတောင် ရေနက်အတွက် ယှဥ်နိုင်မှာ မဟုတ်ချေ။
ရေနက်တွင် ဦးချို တစ်ချောင်းပါ မွန်းစတားများ ရှိနေသည်။ ထိုမွန်းစတားများကို ရင်ဆိုင်ရန် ကစားသမားများကို ပို့ခြင်းက သူတို့ကို သေတွင်းထဲ ပို့ခြင်းနှင့် ညီမျှနေပေ၏။ ထို့အပြင် ဇီးရိုး၀င်းက ပန်သီအွန်၏ ကျွမ်းကျင်သူ အရေအတွက်နှင့် မည်ကဲ့သို့ ယှဥ်နိုင်မည်နည်း။ ဇီးရိုး၀င်း၏ တစ်ခုတည်းသော မျှော်လင့်ချက်က မှော် အစီအရင် စာလိပ်များကို အသုံးပြုပြီး မြို့၏ ခုခံမှုကိုသာ အားထားရန်ဖြစ်သည်။
မကြာမီတွင် ရေနက်က ကျောက်တောမြို့၏ ၀န်းကျင်၌ မြေပုံကို ချိတ်ပိတ်ထားပြီးနောက် ကစားသမားများစွာသည် လေထဲရှိ ယမ်း အငွေ့အသက်ကို သတိပြုမိသည်။
ရေနက်နှင့် ကောင်းကင်ဘုံ မြုပ်နှံရာ တပ်ဖွဲ့များက ကျောက်တောမြို့နှင့် အနီးဆုံးမြို့ဆီသို့ ၀င်လာကြပြီး အနားရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများက ရေနက်သည် ကျောက်တောမြို့ကို ခိုးယူရန် ရည်ရွယ်နေကြောင်း သဘောပေါက်သွားပြီ ဖြစ်သည်။
ထိုစဥ် ကြယ်လတိုင်းပြည်၏ တရား၀င် ဖိုရမ်ပေါ်၌ အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့၏။
” ဘာ သူတို့တွေက တိုက်ခိုက်ဖို့ စနေပြီလား”
” ဒီစစ်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ သိချင်မိတယ်”
” မေးနေဖို့ လိုသေးလား။ ရေနက်ဆိုတာ သေချာနေတာပေါ့။ အစည်းအရုံးက စုထားတဲ့ ကစားသမားတွေ ဘယ်လောက်များသလဲဆိုတာ မမြင်ဖူးလား။ ဒါ့အပြင် ပန်သီအွန်ကတောင် ပါသေးတယ်လို့ ကြားထားသေးတယ်”
” ကျောက်တောမြို့က ဘယ်လိုလုပ် စီးနင်းတိုက်ခိုက်ဖို့ ဒီလောက်လွယ်နေမှာလဲ။ ဇီးရိုး၀င်းက ကျောက်တောမြို့ထဲမှာ NPC အစောင့်တွေ အများကြီး ချထားတယ်ဆိုတာ မမေ့လိုက်နဲ့။ ဒါ့အပြင် မြို့မှာရှိတဲ့ သာမန်အစောင့်တွေက အစည်းအရုံးရဲ့ အဖွဲ့၀င်တွေ ဖြစ်ပြီး ခုခံခြင်း အမြောက်တွေလည်း ပိုင်ဆိုင်ထားတာ။ ရေနက်က အရေအတွက် တပန်းသာရင်တောင် ကျောက်တောမြို့ကို သိမ်းပိုက်ဖို့က ခက်ခဲမှာပဲ။ အဲ့ဒါအပြင် ဇီးရိုး၀င်းက အိမ်ကွင်း တပန်းသာတယ်လေ။ အဖွဲ့၀င်တွေက သေသွားရင်တောင် မြို့ထဲမှာ အသက်ပြန်ရှင်နိုင်တယ်။ ရေနက်အဖွဲ့က စစ်မြေပြင်ကို ရောက်ဖို့အတွက် ၁၀နာရီကျော်ကြာ ခရီးနှင်ရဦးမှာ”
” မင်း ပြောတာ မှန်တယ်”
အချိန်အတိုင်းအတာတစ်ခုအထိ ကြယ်လတိုင်းပြည်၏ ဖိုရမ်များပေါ်တွင် အစည်းအရုံး စစ်ပွဲအကြောင်း ပြောဆိုဆွေးနွေးမှုများ ပြည့်နှက်သွားတော့သည်။ ကစားသမားများစွာသည် သတင်းရရှိပြီးနောက် ကျောက်တောမြို့သို့ သွားရန် စိတ်အားထက်သန်နေကြပြီး စစ်ပွဲကို မျက်မြင်တွေ့ချင်နေကြသည်။ လက်တွေ့တွင်မူ စစ်ပွဲအား ကြည့်ရှုရန် စိတ်အားထက်သန်နေကြသူများမှာ ကစားသမားများသာ မဟုတ်ပေ။ ကြယ်လတိုင်းပြည်၏ အစည်းအရုံးတိုင်းက ကျောက်တောမြို့ကို အာရုံစိုက်နေကြတာပဲ ဖြစ်သည်။ ဆိုရလျှင် ကြယ်လတိုင်းပြည်၏ ပထမဆုံးသော လက်နက်စစ်ပွဲဟု သတ်မှတ်၍ ရသည်။ ထိုစစ်ပွဲ၏ ရလာဒ်က သိသိသာသာပင် အရေးကြီးလှပေ၏။
ဇီးရိုး၀င်းသည် ကျောက်တောမြို့ကို ခုခံကာကွယ်ရန် ကျရှုံးခဲ့လျှင် မြို့၏ ရွှေတွင်းကြီးကို ဆုံးရှုံးပြီး ဒုတိယတန်း အစည်းအရုံးအဖြစ်သို့ လျော့ကျသွားမှာပဲ ဖြစ်သည်။ ရေနက်က ဇီးရိုး၀င်းဟူသော အမည် ကြယ်လတိုင်းပြည်ထဲတွင် မရှိတော့သည်အထိ တဖြည်းဖြည်းချင်း ဝါးမြိုသွားနိုင်သည်။ တစ်ဖက်တွင်မူ ဇီးရိုးဝင်းက ရေနက်၏ တိုက်ခိုက်မှုကို တန်ပြန်ခုခံနိုင်လျှင် စစ်ပွဲပြီးနောက် ကြယ်လတိုင်းပြည်ထဲတွင် သူတို့၏ အဆင့်က မမျှော်မှန်းနိုင်သည့်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ အချိန်တိုအတွင်း ဇီးရိုး၀င်း၏ ခွန်အားက အဆပေါင်းများစွာ ခုန်တက်သွားပေမည်။
ကြယ်လတိုင်းပြည်ထဲရှိ ကစားသမားများစွာက ရေနက် အစည်းအရုံးသည် ရေနက် ကော်ပိုရေးရှင်း၏ ထောက်ပံ့မှုရှိနေကြောင်း ခံစားမိနေကြသည်။ ကြယ်လတိုင်းပြည်၏ အုပ်စိုးသူဖြစ်လာရန်လည်း အလားအလာရှိနေသည်ဟု ခံစားမိကြသည်။ ထို့ကြောင့် ကစားသမားများစွာနှင့် ကုမ္မဏီများစွာက ထိုစစ်ပွဲကို အာရုံစိုက်နေကြသည်။
ဇီးရိုး၀င်းက အနိုင်ရခဲ့လျှင် ရေနက်အဖို့ အချိန်တိုအတွင်း ထိထိရောက်ရောက် တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့် ဇီးရိုး၀င်းက ကြယ်လတိုင်းပြည်၏ အုပ်စိုးသူအနေဖြင့်သာ ရှိနေမှာပဲ ဖြစ်သည်။
ထိုစဥ် ဆိုင်မွန်းမြို့ အဆင့်မြင့်ဘား၏ ဒုတိယအလွှာ အထူးဧည့်သည်တော်အခန်းထဲတွင် ဖြစ်သည်။
” ပန်သီအွန်က စိတ်လွတ်သွားပြီပဲ။ ဇီးရိုး၀င်းကို ဖြေရှင်းဖို့ ပင်မ တပ်မဟာတွေ လွတ်လိုက်ရင် အဆင်ပြေနေတာကို။ ဒါတောင် သူတို့ရဲ့ လျှို့ဝှက်ကတ်လေးခုထဲက ကျောက်စိမ်းနီ တပ်မဟာကို လွတ်လိုက်တယ်။ ဇီးရိုး၀င်းက ဒီတစ်ခေါက် ပန်သီအွန်ကို အပြင်းအထန် ရန်စခဲ့ပုံပဲ”
ယွမ်ထျယ်ရှင်းသည် လမ်းပေါ်တွင် စုဝေးနေသည့် လူအယောက် တစ်ထောင်ပါ တပ်ဖွဲ့ကြီးကို ပြတင်းပေါက်ကနေ ကြည့်နေရင်း လျာသပ်လိုက်လေ၏။ ထိုအယောက်တစ်ထောင်ပါ အဖွဲ့၀င်တိုင်းက အဆင့် လေးဆယ်နှင့် အထက် ရှိကြ၏။
ထို့အပြင် သူတို့အားလုံးက သွေးနီရောင် လင်းယုန်ကို ချည်ထိုးထားသည့် ထူးကဲသော ၀တ်ရုံဖြူကို ၀တ်ဆင်ထားကြ၏။ သွေးနီရောင် လင်းယုန်က ကျောက်စိမ်းနီ တပ်မဟာ၏ အမှတ်သင်္ကေတပင် ဖြစ်သည်။ ထိုကစားသမားများက တညီတညွတ်တည်း ၀တ်ထားကာ သူတို့၏ အဆင့်များပါ ထပ်ပေါင်းလိုက်သောအခါ ကြည့်နေကြသော တစ်ကိုယ်တော် ကစားသမားများကို ကြောက်လန့်သွားစေတော့သည်။
ပန်သီအွန်၌ အဓိက တပ်မဟာများစွာ ရှိသည်။ သို့သော် အကျော်ကြားဆုံးက လျှို့ဝှက်ကတ်လေးကတ်ဖြစ်သည့် တပ်မဟာ လေးခုပင်ဖြစ်၏။
ထိုတပ်မဟာများထဲမှ ကျွမ်းကျင်သူ အများစုက ပန်သီအွန် ပျိုးထောင်ထားသည့် ကျွမ်းကျင်သူများ ဖြစ်၏။ ထိုတပ်မဟာထဲသို့ ၀င်လိုသော အပြင်လူများက စစ်ဆေးချက်ကို အကြိမ်ကြိမ် ကျော်ဖြတ်ရမှာပဲ ဖြစ်သည်။
ထိုလျှို့ဝှက်ကတ်လေးခုက စူပါ အည်းအရုံးများ သို့မဟုတ် စူပါ ပထမတန်း အစည်းအရုံးများကို ဖြေရှင်းနေကျ ဖြစ်သည်။ ယခုအချိန်ထိ ပန်သီအွန်က အစည်းအရုံးလေးများကို ဖြေရှင်းရန်အတွက် လျှို့ဝှက်ကတ် တပ်မဟာများကို တစ်ခါမှ မသုံးခဲ့ဖူးပေ။
အတွဲ – ၅၃ ပြီး၏။