ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1066 ဘလက်ဖလိမ်း ပေါ်ပေါက်လာခြင်း
ကျောက်တောမြို့၏ မှော်မျှော်စင်ထိပ်တွင် ရပ်နေသည့် ရေနှင်းဆီနှင့် အဖော်အပေါင်းများက တလိပ်လိပ်တက်လာသော ဖုန်လုံးများကို သတိပြုမိပြီး မြို့၏ ခုခံမှုကို ဂရုစိုက်တာ ပြီးစီးသွား၏။ အနီးကပ် စစ်ဆေးပြီးနောက် ဖုန်မှုန့်များအောက်၌ မွန်းစတားများစွာကို သူတို့ တွေ့ရှိသွားသည်။
” ဒီလောက်များတဲ့ မွန်းစတားတွေ ဘယ်လိုလုပ် ရှိနိုင်ရတာလဲ”
ဘလက်ကီက ကျောက်တောမြို့ကို ချဥ်းကပ်လာနေသော အနက်ရောင်အုပ်ကြီးတစ်အုပ်ကို ကြည့်ပြီး သူ့ရင်ထဲ ထိတ်လန့်မှုများ ပြည့်နေလေ၏။ ကျိုင်းကောင်းတစ်အုပ် မြို့ဆီသို့ ချဥ်းကပ်လာသည့်ပမာ ဖြစ်နေတော့သည်။
ဘလက်ကီတစ်ဦးထဲသာ အံ့သြနေတာ မဟုတ်ပေ။ ထို မြင်ကွင်းကို မျက်မြင်တွေ့သည့် ကစားသမားများအားလုံး ကြောက်လန့်နေကြ၏။
သူတို့သည် ယခင်က အဆင့်မြင့်မွန်းစတားများကို တွေ့ဖူးသည့်တိုင် ထိုမျှများပြားသည့် အဆင့်မြင့်မွန်းစတားများ တညီတညွတ်ထဲ လှုပ်ရှားနေတာကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်၏။ မွန်းစတားများ လှုပ်ရှားမှုကြောင့် မြေကြီးတောင် လှုပ်ခါနေလေသည်။
ကစားသမားများသည် ထို မွန်းစတားများရှေ့၌ ဘာမှမဟုတ်ပေ။
ထို မွန်းစတားများအားလုံးက အဆင့် (၆၀)နှင့် အထက် ဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးက လက်ရွေးစင်အဆင့်တွင် ရှိ၏။ မျိုးနွယ်စုအကြီးအကဲများ၊ အရှင်များ၊ အဆင့်မြင့်အရှင်၊ မဟာအရှင်နှင့် သုံးဆယ်မီတာကျော်ခန့်မြင့်မားသော ခမ်းနားသောအရှင်များလည်း ပါရှိသည်။
” လခွမ်း၊ အဲဒါ ဘာတွေလဲ”
မိုင်နာလေသည် သူ၏ အမြင်အာရုံကို သာမန်ကစားသမားများထက် တိုးမြှင့်ပေးနိုင်သော လင်းယုန်မျက်လုံးကို အသုံးပြုပြီးနောက် ထအော်လိုက်လေ၏။
လက်ရှိတွင် သာမန်ကစားသမားများသည် ဦးတည်လာသည့် မွန်းစတားများကိုသာ မြင်တွေ့ရတာ ဖြစ်သည်။ သူတို့က မွန်းစတားတပ်ဖွဲ့နောက်မှ လျှောက်လာသည့် မီတာတစ်ရာကျော်မြင့်မားသော မျက်လုံးတစ်လုံး မွန်းစတားသုံးကောင်ကို မမြင်နိုင်ကြချေ။
” မိုင်နာ ဘာဖြစ်လို့လဲ၊ ဘာက နင့်ကို ဒီလောက်ကြောက်စေတာလဲ”
ရေနှင်းဆီက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
” ဒဏ္ဍာရီ ဒဏ္ဍာရီမွန်းစတား”
မိုင်နာလေက အထစ်ထစ်အငေါ့ငေါ့ဖြင့် သူ၏ အသားအရောင်က ဖြူလျော့လာလေ၏။
” အဲဒီမှာ သုံး သုံးကောင်တောင် ရှိနေတယ်”
လက်ရှိ ကစားသမားများအဖို့ ဒဏ္ဍာရီမွန်းစတားများက ကျော်လွှား၍ မရနိုင်သောအရာ ဖြစ်သည်။ သူတို့သည် ကစားသမားများကြားရှိ အလွှာလေးအမျိုးအစားနှင့် တူညီပေ၏။
လက်ရှိတွင် ကစားသမားများ ရင်ဆိုင်ဖူးသည့် အသန်မာဆုံးမွန်းစတားက ခမ်းနားသောအရှင်များ ဖြစ်၏။ ထိုသို့တိုင် ခမ်းနားသောအရှင်များကို သတ်ဖြတ်ရန် အစီအစဥ်များစွာနှင့် စတေးမှုတို့ လိုအပ်နေရာ ဒဏ္ဍာရီမွန်းစတားဆိုလျှင် ပြောနေရန်တောင် မလိုချေ။
မဟူရာတောင်ရိုးမြို့ထဲတွင် အဆင့် (၆၀) ဒဏ္ဍာရီမွန်းစတားတစ်ကောင်ကို လူတိုင်းရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ တည်ရှိမှုကို ရင်ဆိုင်ရာ၌ သူတို့မည်မျှ အစွမ်းမဲ့နေကြောင်း သဘောပေါက်သွားခဲ့၏။ ဒဏ္ဍာရီမွန်းစတားရှေ့တွင် ကစားသမားအယောက်တစ်သောင်းအဖွဲ့ကတောင် ဘာမှမဟုတ်ချေ။
ဒဏ္ဍာရီမွန်းစတားသုံးကောင်လုံးက အဆင့် (၆၅) ဖြစ်ကြသည်။ သူတို့က မဟူရာတောင်ရိုးမြို့ထဲရှိ ဒဏ္ဍာရီမွန်းစတားထက်တောင် ပိုသန်မာသည်။
” ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ တစ်ကောင်ပဲ ရှိရမှာ မဟုတ်ဘူးလား”
ရေနှင်းဆီက မျက်မှောင်ကြုတ်သွားသည်။
ရေနက်၏ ဒဏ္ဍာရီမွန်းစတားကို ရင်ဆိုင်ရာတွင် သူတို့၏ အောင်ပွဲကို သေချာစေရန် အဆက်အသွယ်များကို အသုံးပြုပြီး အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ် ငါးခုကို ရအောင်ယူခဲ့သည်။ သူမက လျှို့ဝှက်မျှော်စင်နှင့် ညှိနှိုင်းပြီး အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ်သုံးခုအတွက် အလွှာသုံးကျောက်ရိုင်းပမာဏများစွာကိုတောင် လဲလှယ်ခဲ့၏။ အလွှာသုံး ဆင့်ခေါ်ခြင်း ရှစ်လိပ်ဖြင့် ဒဏ္ဍာရီမွန်းစတားတစ်ကောင်ကို သူတို့ ရှင်းနိုင်ပေ၏။ ယခု သုံးကောင်ရှိနေ၏။
” အစ်မကြီးရေ ရေနက်ရဲ့ ဦးဆောင်တဲ့တပ်ဖွဲ့ ရောက်လာပြီ”
မိုင်နာလေက သတင်းပို့လိုက်လေ၏။
” အယောက်ငါးဆယ်လောက် ရှိလောက်တယ်၊ ရေနက်ရဲ့ အစည်းအရုံးခေါင်းဆောင် စွန့်ပစ်ခံလှိုင်း ဖြစ်ပုံပဲ၊ ပန်သီအွန်အဖွဲ့ဝင်တွေလည်း သူနှင့် ရှိနေတယ်”
သာမန်ကစားသမားများသည် ကျောက်တောမြို့ကို ရောက်ရန်အတွက် ဆယ်နာရီကျော် ပြေးလာရန် လိုအပ်သည်။ သို့သော် စီးတော်ယာဥ်များဖြင့် ကစားသမားများကမူ မြို့ကို လေးနာရီအကြာတွင် ရောက်နိုင်ပေ၏။
မိုင်နာလေက တပ်ဖွဲ့ရောက်လာကြောင်း ကြေညာပြီးသည်နှင့် လူတိုင်းက ကောင်းကင်ထဲ၌ အစီအရင် တစ်ဒါဇင်ကျော် ပေါ်လာတာကို တွေ့လိုက်ရသည်။
ထို အစီအရင်များက ကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဥ်ဓာတ်စွမ်းအား ပမာဏများစွာကို စတင်စုစည်းပြီး ထိုအစီအရင်များမှ နှစ်ဆယ်၊ သုံးဆယ်မီတာခန့်မြင့်မားသော မွန်းစတားများက ပေါ်လာတော့၏။
” သူတို့မှာ ဒီလောက်များပြားတဲ့ အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ်တွေ ရှိနေရတာလဲ”
ဘလက်ကီက မကြောက်လန့်ဘဲ မနေနိုင်တော့ချေ။
ဇီးရိုးဝင်းသည့် အခက်အခဲများစွာ ကြုံတွေ့ပြီးနောက် ထိုစာလိပ်ရှစ်လိပ်သာ ရခဲ့တာ ဖြစ်သည်။ ထို့သို့တိုင် ရေနက်က အလွှာသုံး ဆင့်ခေါ်ခြင်းစာလိပ် ဆယ့်ခုနှစ်လိပ်ကို ပြင်ဆင်ထားခဲ့၏။ ထို့အပြင် မွန်းစတားတပ်ဖွဲ့ထဲရှိ မွန်းစတားများနှင့်မတူပဲ ကစားသမားများက ထို ဆင့်ခေါ်ထားသော သတ္တဝါများကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ ကျောက်တောမြို့ကို သိမ်းပိုက်ရန်အတွက် သူတို့ ခြိမ်းခြောက်မှု သာမန်မဟာအရှင်ထက် သာလွန်နေပေတော့သည်။
ကျောက်တောမြို့နှင့် ခပ်ဝေးဝေးရှိ တောင်ထိပ်ပေါ်၌ စွန့်ပစ်ခံလှိုင်းနှင့် ပန်သီအွန်၏ တပ်မဟာခေါင်းဆောင် အနှိုင်းမဲ့တို့က ရပ်နေပြီး သူတို့ရှေ့ရှိ မွန်းစတားတပ်ဖွဲ့ကိုကြည့်ကာ ရယ်မောလိုက်တော့၏။
” ဒီလောက်များတဲ့ မွန်းစတားတွေကို ရင်ဆိုင်ရရင် NPC မြို့တစ်မြို့တောင် ယိမ်းယိုင်မှာပဲ၊ ဒါကို ဇီးရိုးဝင်း ဘယ်လို ဖြေရှင်းမလဲဆိုတာ မြင်ချင်တယ်”
စွန့်ပစ်ခံလှိုင်းက ယုံကြည်ချက်ရှိသည့်အပြုံးမျိုး ပြုံးလာတော့၏။
” အစ်ကိုလှိုင်း၊ အစ်ကိုက စိတ်လှုပ်ရှားလွန်းနေတယ်၊ NPC မြို့တစ်မြို့က စီးနင်းတိုက်ခိုက်ဖို့ ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ၊ အဆင့် (၂၀၀) အလွှာလေး NPC တစ်ယောက်က မြို့ထဲမှာ ရှိနေခဲ့ရုံနဲ့ ကျွန်တော်တို့ကို အကြိမ်ပေါင်းများစွာ အလွယ်တကူ ဖြေရှင်းနိုင်တယ်”
အနှိုင်းမဲ့ကပြောပြီး စွန့်ပစ်ခံလှိုင်းကို ကြည့်လိုက်လေ၏။ သို့သော် စွန့်ပစ်ခံလှိုင်းခေါ်လာသည့် မွန်းစတားများက မယုံနိုင်လောက်အောင်သန်မာကြောင်း သူ ဝန်ခံရမှာပဲ ဖြစ်သည်။ လက်ရှိ ကစားသမားများ၏ ခွန်အားဖြင့် ထိုမွန်းစတားများကို ရင်ဆိုင်ဖို့က မဖြစ်နိုင်ပေ။
” ကျွန်တော် နောက်နေတာပါ”
စွန့်ပစ်ခံလှိုင်းက ရယ်မောလိုက်၏။
” ဒါပေမဲ့ အခုအချိန်မှာတောင် ဘလက်ဖလိမ်းက ပေါ်မလာသေးဘူး၊ ဇီးရိုးဝင်းက ကျောက်တောမြို့ကို လက်လျှော့လိုက်ပြီ ထင်တယ်”
” ဒီလို မဖြစ်လောက်ဘူး၊ ကျောက်တောမြို့က ဇီးရိုးဝင်းရဲ့ ရွှေတွင်းပဲ၊ သူတို့ စွန့်ပစ်မှာ မဟုတ်ဘူး”
အနှိုင်းမဲ့က တည်တင်းစွာ ပြောလိုက်လေ၏။
” ဒီလို ဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ၊ ဒါမှ ငါ ပြင်ဆင်ဖို့ ခက်ခက်ခဲခဲကြိုးစားထားရတဲ့ လျှို့ဝှက်ကတ်အချို့ကို သုံးလို့ရမှာ”
စွန့်ပစ်ခံလှိုင်းက သမန်ကာရှန်ကာ ပြောလိုက်လေသည်။ ကျောက်တောမြို့ကို သိမ်းပိုက်ပြီး အောင်ပွဲရစေရန်အတွက် သူက အလွန် ဂရုတစိုက် ပြင်ဆင်ထားခဲ့သည်။
ဇီးရိုးဝင်းမည်မျှ ရုန်းကန်စေကာမူ ကျောက်တောမြို့သည် ရေနက်အပိုင် ဖြစ်ရမည်။
ကြယ်လမြို့ဒေသ စိုင်မူမြို့ထဲတွင် ဖြစ်သည်။ အဆင့်မြင့်ဘား၏ ဒုတိယအလွှာ အထူးဧည့်သည်တော်အခန်းထဲ၌ အယောက်နှစ်ဆယ်အဖွဲ့က စုဝေးနေတော့သည်။ ထို လူများအားလုံးက အဆင့် (၄၀) နှင့် အထက် ဖြစ်ကြ၏။ ထို့အပြင် သူတို့အားလုံးက လုပ်ကြံသတ်ဖြတ်ရေးသမားများ ဖြစ်ကြသည်။ ထို အဖွဲ့ခေါင်းဆောင် မီးလျှံကကြိုးကမူ အဆင့် (၄၄) ဖြစ်၏။
” အစည်းအရုံးခေါင်းဆောင်၊ ကျွန်မတို့တွေ သွားကူညီဖို့ တကယ်မလိုဘူးလား”
မီးလျှံကကြိုးက အခန်းထဲဝင်လာသည့် ရှီဖုန်းကိုကြည့်ပြီး စိုးရိမ်စွာ မေးလိုက်၏။
သူမသည် ရေနှင်းဆီကြောင့် အခြေအနေကို နားလည်ပြီး ဖြစ်သည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ကျောက်တောမြို့၏ အခြေအနေက မလှပေ။
ကျောက်တောမြို့ကို မွန်းစတားအကောင်ရေနှစ်သိန်းကျော် ဝိုင်းထားလေ၏။ ထို့အပြင် အဆင့်အနိမ့်ဆုံး မွန်းစတားက အဆင့် (၆၀) ဖြစ်သည်။ မျိုးနွယ်စုအကြီးအကဲများနှင့် အရှင်များက မဟာအရှင်များတောင် ရောထွေးနေသည်။ ဇီးရိုးဝင်းအဖွဲ့ဝင်များ NPC စစ်သည်များနှင့် ကျောက်တောမြို့ထဲရှိ အစောင့်များကို ထို မွန်းစတားတိုက်ပွဲကို ဟန့်တားဖို့က မလုံလောက်ပေ။
မွန်းစတားများက ကစားသမားတစ်ယောက်၏ အမိန့်အောက်တွင် ရှိသည်။ ကျောက်တောမြို့ကို သိမ်းပိုက်ရာ၌ အောင်မြင်စေရန်အတွက် ကစားသမားက စစ်မြေပြင်နားသို့ မွန်းစတားများကို ကပ်စေရန် ထိန်းချုပ်နေတာ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်ရေးသမားများက ထို ကစားသမားများကို ဖယ်ရှားခဲ့လျှင် မွန်းစတားတပ်ဖွဲ့က အစီအစဥ်မကျ ဖြစ်သွားပေမည်။ ယင်းက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များ မြို့ကို ကာကွယ်ရာ၌ ပိုလွယ်ကူသွားစေမှာပဲ ဖြစ်သည်။
” မလိုဘူး၊ မင်းတို့ကို လုပ်ခိုင်းဖို့ တာဝန်တစ်ခု ရှိတယ်”
ရှီဖုန်းက ပြောပြီး ခေါင်းခါလိုက်၏။ ပြီးနောက် သူက အလွှာနှစ် ငွေရောင်မှော်စာလိပ် တစ်ဒါဇင်ကျော်ကို ထုတ်ပြီး မီးလျှံကကြိုးအား ပေးလိုက်တော့သည်။
“ဒီငွေရောင်မှော်စာလိပ်တွေက သက်သေပြုမှော်စာလိပ်တွေပဲ၊ သူတို့က ကိုက်သုံးထောင်အတွင်းမှာရှိတဲ့ မွန်းစတားအားလုံးကို အာရုံခံနိုင်တယ်၊ မင်းတို့တာဝန်က ကျောက်တောမြို့ကို ချိတ်ပိတ်ထာတဲ့ မှော်အစီအရင်နေရာကို ရှာဖို့ပဲ၊ အဲ့ဒီ အမှတ်တွေက ရှာဖို့လိုတယ်၊ မွန်းစတားအစုအဝေးကြီးကို မြင်ပြီဆိုတာနဲ့ ကျောက်ချထားတဲ့ နေရာတစ်ခုဆိုတာ (၉၀) ရာခိုင်နှုန်း သေချာတယ်”
” ဒါပေမဲ့ ရေနက်ရဲ့ လူတွေက အရူးတွေမဟုတ်ဘူး၊ သူတို့က အဲ့ဒီမှာ လုံခြုံရေး တင်းကျပ်ထားမှာ၊ အဲ့ဒီ ကျောက်ချထားတဲ့ နေရာတွေကို ဖျက်ဆီးဖို့ဆိုတာလည်း အလွန်ခက်ခဲတယ်၊ သူတို့ကို ဖျက်ဆီးတဲ့အချိန် ထို အလွှာနှစ်မှော်စာလိပ်တွေကို သုံး၊ ချိတ်ပိတ်ထားတာ ပွင့်ပြီဆိုတာနဲ့ ငါတို့ လူတွေကို ကျောက်တောမြို့ဆီ ပို့နိုင်ပြီ”
ရှီဖုန်းသည် ညွှန်ကြားပြီးနောက် ကျောက်တောမြို့သို့သွားရန် လေဟာနယ်ရွေ့လျားခြင်းကို အသုံးပြုလိုက်၏။
ရှီဖုန်း၏ ရုတ်တရက်ပေါ်ပေါက်လာမှုက မြို့ထဲရှိ လူအားလုံး၏ အာရုံစိုက်မှုကို ရသွားတော့သည်။ ရှီဖုန်းက သူ့ကိုသူ ဘလက်ဖလိမ်းအနေဖြင့် နတ်ဆိုးမျက်နှာဖုံးကိုသုံးပြီး ရုပ်ဖျက်ထားပြီးသား ဖြစ်သည်။ သူ့ကို လူအများက အာရုံမစိုက်ရန် ကြိုးစားလျှင်တောင် ဖြာထွက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ့ကို လျစ်လျူရှု့မိရန် ခက်ခဲစေ၏။
” အဲဒါက အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းလား”
ညှို့ငင်ခြင်းဆမ်းမားက ရှီဖုန်းကိုကြည့်ပြီး မအံ့သြဘဲ မနေနိုင်တော့ချေ။
ထိုလူက အဆင့် (၄၄) ဖြစ်ရုံသာမက ရပ်နေရုံဖြင့် သူ၏ အရှိန်အဝါက သမိုင်းမတိုင်မီခေတ်က သားရဲနှင့် ဆင်တူနေပေသည်။ ထိုကဲ့သို့ အကွာအဝေးကနေတောင် သူမ စိတ်ထဲ သတိပေးသံများ မြည်လာပြီး သူမကို သတိပေးနေတော့၏။
” သူရောက်လာပြီလား”
စွန့်ပစ်ခံလှိုင်းက သတင်းရသွားတော့၏။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။
” ဒီတော့ ဘာဖြစ်လဲ”
ရှီဖုန်းသည် မှော်မျှော်စင်၏ ထိပ်သို့တက်သွားသည်နှင့် သလင်းလုံးပေါ် လက်တင်လိုက်တော့သည်။
” တိုက်ပွဲဝင် အခြေအနေကို အသက်သွင်းမယ်”