ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1067 အစွန်းကို ဖြတ်တောက်ခြင်း
ရှီဖုန်းသည် မှော်မျှော်စင်ကို အသက်သွင်းလိုက်သည်နှင့် မျှော်စင်အထက်တွင် အပြာနုရောင် မှော်အစီအရင်တစ်ခု ပေါ်လာလေ၏။ တစ်ဝက်ဖောက်ထွင်းမြင်နေရသော ကာကွယ်ရေးအရံအတားတစ်ခုက ကျောက်တောမြို့တစ်ဝိုက်တွင် ပေါ်လာပြီး ၎င်းကို ပိတ်ထားလိုက်တော့သည်။
” ဘာတွေ ဖြစ်ကုန်တာလဲ”
” အဲဒါက ဘာလဲ”
ကျောက်တောမြို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသည့်တိုင် စွန့်ပစ်ခံလှိုင်းနှင့် အနှိုင်းမဲ့က ရုတ်တရက်ပြောင်းလဲမှုကို ခံစားမိလိုက်သည်။ မြို့သည် ယခင်က အန္တရာယ်မပေးနိုင်သည့် အိပ်ပျော်နေသော သိုးတစ်ကောင်ဖြစ်နေခဲ့လျှင် ယခုမူ နိုးထလာသော သားရဲတစ်ကောင်ပမာ ခံစားနေရသည်။
” အစည်းအရုံးခေါင်းဆောင် ကျွန်တော်တို့ရဲ့ သူလျှိုတွေပြောတာတော့ မြို့ထဲက ဇီးရိုးဝင်းအဖွဲ့ဝင်တွေ အကုန်လုံး အခြေခံမြင့်တင်မှု (၁၅) ရာခိုင်နှုန်း ရသွားပြီ၊ သူတို့ တိုက်ခိုက်မှု ဖော်ဆောင်တဲ့ ထိခိုက်မှုကလည်း (၂၀) ရာခိုင်နှုန်း တိုးသွားပြီ၊ လှုပ်ရှားမှုအရှိန်ကလည်း (၁၅) ရာခိုင်နှုန်း တိုးသွားတယ်”
စွန့်ပစ်ခံလှိုင်းဘေးရှိ ရယ်မောခြင်းယစ်ထုတ်က ကြေညာလိုက်လေ၏။
” ဘယ်လိုလုပ် ဒီလောက် ကြီးကြီးမားမား တိုးလာရတာလဲ”
သတင်းကြားသည့်အချိန်တွင် အနှိုင်းမဲ့က မျက်မှောင်ကြုတ်လိုက်သည်။
” သူတို့ကို အပြီးသတ်ဖို့ အချိန်ပို ယူရအုံးမဲ့ ပုံပဲ”
သူတို့၏ အဆင့်သို့ ရောက်လာပြီးနောက် အရည်အချင်း (၅) ရာခိုင်နှုန်း တိုးခြင်းကတောင် ကစားသမားတစ်ဦး၏ ခွန်အားကို အလွန်မြင့်မားသွားစေ၏။ (၁၅) ရာခိုင်နှုန်းတိုးလျှင် ပြောနေရန်မလိုတော့ချေ။ ထို့အပြင် ထိခိုက်မှုဖော်ဆောင်ရာတွင် (၂၀) ရာခိုင်နှုန်းနှင့် လှုပ်ရှားမှုအရှိန် (၁၅) ရာခိုင်နှုန်း တိုးမှုလည်း ပါသေးသည်။
ထိုကဲ့သို့ တိုးတက်မှုက လက်ရွေးစင်ကစားသမား၏ စံသတ်မှတ်ချက်ကို အဆင့်သစ်တစ်ခုအထိ မြင့်တင်ပေးရန် လိုအပ်သည်။ ကစားသမားများကြားရှိ ပူးပေါင်းဆောင်ရွက်မှုပြီးနောက် ဇီးရိုးဝင်းအဖွဲ့ဝင်များ၏ တိုက်ပွဲဝင်စွမ်းအား မြင့်တက်လာမှုက ပိုတောင် ပြင်းထန်နေသည်။ ရုတ်တရက်ပေါ်ပေါက်လာသည့်အခြေအနေက ကျောက်တောမြို့ကို စီးနင်းတိုက်ခိုက်သည့် အခက်အခဲကို နှစ်ဆတိုးသွားစေသည်။
” ဒီတော့ ဇီးရိုးဝင်းက ဒီအကြောင်းကြောင့် တပ်ကူတွေ မပို့တာပဲ၊ သူတို့က ဒီလိုအကွက် ရှိနေသေးတယ်၊ ကံဆိုးတာက ဒီတစ်ခေါက် သူတို့ရဲ့ ပြိုင်ဘက်က ကစားသမားမဟုတ်ပဲ မွန်းစတားတွေလေ၊ ဒီ အသေးအမွှားလေးက သူတို့ တခြားကစားသမားတွေကို ရင်ဆိုင်ရတယ်ဆိုရင် ကွာဟချက် ဖြစ်စေအုံးမယ်” –
စွန့်ပစ်ခံလှိုင်းက ရယ်မောလိုက်၏။ ရုတ်တရက် ပေါ်ပေါက်လာသည့် အခြေအနေသည် သူ့ကို အံ့အားသင့်စေသော်ငြား အခြေအနေက သူ့ ထိန်းချုပ်အောက်တွင် ရှိနေသေးသည်။
” ဘယ်လိုပဲဖြစ်ဖြစ် ဘလက်ဖလိမ်းရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်သွားတာကို ကြည့်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ”
” အဟုတ်ပဲ၊ သူတို့က ထပ်တိုးတစ်ခုပဲ ရထားတာ၊ ဒီလောက်များပြားတဲ့ အစွမ်းထက်တဲ့ မွန်းစတားတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ အသေးအမွှားခွန်အား တိုးတာလေးက အခြေအနေအလုံးစုံကို မပြောင်းလဲနိုင်ဘူး”
အနှိုင်းမဲ့က ထောက်ခံကြောင်း ခေါင်းညိတ်လိုက်လေ၏။ သူက ရယ်ရယ်မောမောဖြင့် ဆက်ပြောတော့သည်။
” နောက်တစ်ဆင့်အတွက် အစ်ကိုလှိုင်းကိုပဲ အားကိုးရတော့မှာပဲ”
” စိတ်ချထားလိုက်၊ မင်း ထိုင်ပြီး ပွဲကြည့်နေလို့ရတယ်”
စွန့်ပစ်ခံလှိုင်းက ကျောက်တောမြို့ကို စတင်တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ မြို့ကို လေးဘက်လေးနှံကနေ တိုက်ခိုက်ရန် မွန်းစတားများကို အမိန့်ပေးလိုက်တော့၏။ ကစားသမားများသည် မြို့တစ်မြို့ကို စီးနင်းတိုက်ခိုက်သည့်အချိန်တွင် ဆုံးရှုံးမှုနည်းပါးစေရန်အတွက် နေရာတစ်ခုထဲကိုသာ အားသုံးတိုက်ခိုက်ကြ၏။ သို့သော် ထိုကစားသမားများက မွန်းစတားများသေဆုံးမှာကို စိုးရိမ်ပူပန်စရာ မလိုပေ။ ထို့ကြောင့် သူတို့သည် စိုးရိမ်ပူပန်ခြင်းမရှိပဲ ဘက်ပေါင်းစုံကနေ ကျောက်တောမြို့ကို တိုက်ခိုက်နေသည်က မြို့ကို ခုခံရပိုခက်ခဲသွားစေ၏။
မွန်းစတားတပ်ဖွဲ့က မြို့ကို စတင်ဝိုင်းလာသည်နှင့် မြို့တွင်းရှိ ဇီးရိုးဝင်းအဖွဲ့ဝင်များကလည်း စိတ်လှုပ်ရှားမှု တိုးလာသည်။
မြို့ကို တိုက်ခိုက်နေသည့်မွန်းစတားများက ကွင်းပြင်ထဲတွင် ပုံမှန် တိုက်ခိုက်နေသည့်မွန်းစတားနှင့် မတူညီပေ။ ထို မွန်းစတားများက မြင့်မားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပြီး အဆင့်တူလက်ရွေးစင်ကစားသမားကတောင် တစ်ဦးချင်းတိုက်ပွဲ၌ လက်ရွေးစင်မွန်းစတားကို ရင်ဆိုင်ရာတွင် အနိုင်မရလောက်ပေ။ ထို့အပြင် သူတို့က ထို မွန်းစတားများထက် အဆင့်ဆယ်ဆင့်ကျော် နိမ့်နေပြီး အရေအတွက်အားဖြင့် ဆယ်ပုံတစ်ပုံ ကွာဟနေလေ၏။ မှော်မျှော်စင်က သူတို့၏ အရည်အချင်းများကို သိသိသာသာတိုးမြင့်ပေးသည့်တိုင် မွန်းစတားများ၏ အရည်အချင်းများနှင့် ယှဥ်လျှင် ထို တိုးတက်မှုက ပြောပါးလောက်ခြင်း မရှိပေ။
” အစည်းအရုံးခေါင်းဆောင်၊ ကျွန်မတို့တွေ နိုင်နိုင်မှာလား”
ရေနှင်းဆီ၏ ယုံကြည်ချက်ကတောင် ယိမ်းယိုင်နေလေ၏။
သူတို့၏ ရန်သူက သာမန်ကစားသမားများဆိုလျှင် အဆင်ပြေ၏။ သို့သော် ဘက်ပေါင်းစုံမှ မွန်းစတားများစွာ လာရောက်နေသည်က သူမကိုတောင် အတော် စိတ်ပူပန်စေ၏။
ဇီးရိုးဝင်းက မတည်ငြိမ်တာ ရှင်းနေသည်။ ယခုမူ ကျောက်တောမြို့ထဲတွင် လက်ရွေးစင်အဖွဲ့ဝင် နှစ်သောင်းကျော်သာ ရှိသည်။ သူတို့ကို အရပ်လေးမျက်နှာကို ခွဲထုတ်လိုက်၏။ တစ်ဖက်ဆီ၌ ကာကွယ်ရန် အဖွဲ့ဝင်ငါးထောင်သာ ရှိသည်။
” ငါတို့ ကြိုးစားရုံပဲပေါ့”
ရှီဖုန်းက စိတ်ငြိမ်စွာ တုံ့ပြန်လိုက်လေ၏။
” မှော်မျှော်စင် တည်ဆောက်တာရော ဘယ်လိုလဲ”
” အုတ်မြစ်ချတာ ပြီးသွားပါပြီ၊ ပင်မ မှော်ပုံစံ ရေးဆွဲဖို့ပဲ လိုတော့တာ”
ရေနှင်းဆီက သတင်းပို့၏။
” ကောင်းတယ်၊ အမှောင်နတ်ဘုရားတပ်မဟာကို ဦးဆောင်ပြီး အရင်ဆုံး မဟာအရှင်နှင့် အထက် မွန်းစတားတွေကို ဖြေရှင်းလိုက်၊ အလွှာနှစ်နဲ့ အလွှာသုံး မှော်စာလိပ်တွေကိုသုံးပြီး ဒဏ္ဍာရီမွန်းစတားတွေကို ဆွဲထားလိုက်၊ မြို့ရဲ့ မီးစွမ်းအားက မဟာအရှင်အောက်ရဲ့ မွန်းစတားတွေကိုပဲ အားပြုတာ၊ ဒါပြီးသွားရင် ငါတို့ တက်နိုင်သမျှ တောင့်ခံထားရမယ်၊ မီးလျှံကကြိုးအဖွဲ့က သူတို့တာဝန်ပြီးသွားပြီဆိုတာနဲ့ တိုက်ပွဲရဲ့ ဒီရေက ငါတို့ဘက်ကို အခွင့်အရေးရှိလာလိမ့်မယ်”
ရှီဖုန်းက ညွှန်ကြားလိုက်တော့၏။ တစ်ဖက်တွင် သူက မှော်မျှော်စင်တည်ဆောက်ရာနေရာသို့ သွားလိုက်၏။
မှော်မျှော်စင်သည် မြို့များနှင့် မြို့ကြီးများ၏ အဓိကခုခံခြင်းအဆောက်အဦ ဖြစ်လာရခြင်းမှာ သူတို့၏ ထူးချွန်သော ခုခံခြင်းအရည်အချင်းများကြောင့် ဖြစ်သည်။ အဖျက်စွမ်းအားကြီးမားသော ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်တစ်ခု ပါရုံသာမက ဒေသအတွင်းကစားသမားများ၏ အရည်အချင်းကိုလည်း တိုးမြင့်ပေးသည်။ အရည်အချင်းတိုးမြင့်မှုက မှော်မျှော်စင်တည်ရှိသည့် အရေအတွက်ပေါ် မူတည်နေတာပဲ ဖြစ်သည်။
မှော်မျှော်စင်သုံးခုသာ အမြင့်ဆုံး အာနိသင်ကို ရရှိနိုင်သည်။ မှော်မျှော်စင်သုံးခုဖြင့် ကစားသမားများက သူတို့၏ အရည်အချင်း (၃၀) ရာခိုင်နှုန်း ရရှိမှာပဲ ဖြစ်သည်။ ထို့ကြောင့် အတိတ်တုန်းက အမျိုးမျိုးသောအစည်းအရုံးကြီးများသည် သူတို့ စီမံခန့်ခွဲသည့် မြို့လေးများနှင့် မြို့ကြီးများထဲတွင် မျှော်စင်တည်ဆောက်ရန် ကြိုးစားကြတာပဲ ဖြစ်၏။ အဓိကမြို့လေးများနှင့် မြို့ကြီးများတွင် မှော်မျှော်စင်များကို တည်ဆောက်ကြသည်။
ကြိုတင်သတိပြုသည့်အနေဖြင့် ရှီဖုန်းက ပို့ဆောင်ရေးအိမ်နားတစ်ဝိုက်ရှိ မြေများကို ရောင်းချရာမှ ရလာသည့်ငွေကြေးများဖြင့် မှော်မျှော်စင်တည်ဆောက်ရန် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ရန် ရေနှင်းဆီအား ခိုင်းထားလိုက်သည်။ ပြီးနောက် သူတို့က ကျောက်တောမြို့၌ မှော်မျှော်စင်နှစ်ခု တည်ဆောက်ခဲ့၏။ မြို့ကိုကာကွယ်နေသော မှော်မျှော်စင် သုံးခုဖြင့် ထိုမျှများပြားသည့် ဉာဏ်ရည်မြင့်ကစားသမားများကို ရင်ဆိုင်လျှင်တောင် သူတို့က အနိုင်ရရန် အခွင့်အရေးရှိမှာ မဟုတ်ပေ။
ရှီဖုန်း၏ နောင်လာမည့်မြို့များအတွက် မှော်မျှော်စင်များကမူ ရွေးချယ်စရာမရှိပေ။ ခုခံရန် နောက်ထပ်နည်းသာ စဥ်းစားရမှာ ဖြစ်သည်။ ဆိုရလျှင် သူက ကျောက်တောမြို့ကိုတောင် မကာကွယ်နိုင်လျှင် မြို့ကြီးတစ်မြို့ကို ဘယ်တော့မှ ကာကွယ်နိုင်မှာ မဟုတ်ပေ။
” တိုက်ကြ”
စွန့်ပစ်ခံလှိုင်း၏ အမိန့်အောက်တွင် မွန်းစတားတပ်ဖွဲ့က ဒေါသတကြီး ဟိန်းဟောက်လျက် ကျောက်တောမြို့ဆီသို့ တစ်ဟုန်ထိုးဝင်ရောက်သွားတော့၏။
” ဒါက ရေနက်ရဲ့ ခွန်အားလား”
” ကျောက်တောမြို့က ဒီတစ်ခေါက် အဆုံးသတ်ပြီပဲ၊ NPC အစောင့်တွေကတောင် ဒီလောက်များတဲ့ မွန်းစတားတွေကို မထိန်းနိုင်ဘူး”
ဘေးကနေ စစ်ပွဲကို လေ့လာနေကြသော ကစားသမားများသည် ကျောက်တောမြို့ဆီသို့ တစ်ဟုန်ထိုးဝင်လာသည့် မွန်းစတားလှိုင်းကြီးကြောင့် မှင်တက်နေကြ၏။ သူတို့က ယခုစစ်ပွဲတွင် ကျောက်တောမြို့ ရှင်သန်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်မရှိတော့ပေ။ နှစ်ဖက်ခွန်အား ကွာဟချက်က တစ်ချက်ကြည့်ရုံဖြင့် သိသာနေပေ၏။
စစ်ပွဲကို စောင့်ကြည့်နေကြသည့် အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အထက်အရာရှိများကလည်း အံ့သြနေကြလေသည်။
မွန်းစတားအကောင်နှစ်သိန်းတပ်ဖွဲ့ကို ကြယ်လတိုင်းပြည်ထဲတွင် မည်သူကများ ရင်ဆိုင်နိုင်မည်နည်း။ ထို မွန်းစတားများကို တိုက်ခိုက်ခြင်းက သေရန် ကြိုးစားနေခြင်း ဖြစ်၏။
” အစ်မကြီးရေ သူတို့ လာနေပြီ”
ဘလက်ကီက စိတ်ပူပန်စွာ သထွေးမျိုချလိုက်တော့သည်။
“ကောင်းတယ်၊ ခုခံခြင်းအမြောက်တွေကို အာရုံစိုက်၊ မှော်မျှော်စင်ရဲ့ တိုက်ကွက်တွေက မဟာအရှင်အောက်က မွန်းစတားတွေကိုပဲ တိုက်ခိုက်တာ၊ တိုက်ကြဟေ့”
ရေနှင်းဆီက အမိန့်ပေးပြီးနောက် မြို့ရိုးထိပ်ကနေ ချဥ်းကပ်လာသော မွန်းစတားများကို ကြည့်လိုက်လေ၏။ ချက်ချင်းပင် ခုခံခြင်းအမြောက်လေးခုက မြို့နားတစ်ဝိုက်မြည်ဟီးလာပြီး မွန်းစတားများဆီ တိုးဝင်ကာ ပေါက်ကွဲသံများ ပေါ်ထွက်လာတော့၏။
ပေါက်ကွဲမှုအတွင်းရှိ လက်ရွေးစင် မွန်းစတားများက နေရာတွင်ပင် သေသွားကြသည်။ ပေါက်ကွဲမှုလေးခုက မွန်းစတားရာကျော်ကို သေဆုံးသွားစေ၏။ ကံဆိုးသည်မှာ ခုခံခြင်းအမြောက်များက လက်ရွေးစင်အဆင့် နှင့် အထက် မွန်းစတားများကိုသာ ထိခိုက်စေပြီး သူတို့ကို မသတ်နိုင်ပေ။
” ဟား၊ ဟား၊ ဟား၊ ခုခံခြင်းအမြောက်တွေက အစွမ်းထက်ပေမဲ့ အကွာအဝေးက ကျဥ်းလွန်တာ နှမြောစရာပဲ”
အစပိုင်း ပေါက်ကွဲမှု၌ မွန်းစတားရာဂဏန်းသာ သေဆုံးကြောင်း မြင်သည့်အချိန်တွင် စွန့်ပစ်ခံလှိုင်းက ရယ်မောမိသွား၏။
သူ ယခင်က တွေးခဲ့သည်မှာ ခုခံခြင်းအမြောက်များသည် အနည်းနှင့်အများ သူ၏ မွန်းစတားတပ်ဖွဲ့ကို ခြိမ်းခြောက်နိုင်လောက်သည်။ သို့သော် ယခုမူ သူ၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ပုံ ပေါ်၏။
ပြီးနောက် မှော်မျှော်စင်ထိပ်၌ သက်တံရောင်အလင်းတန်းက ပေါ်ထွက်လာ၏။ ချက်ချင်းပင် တိမ်များက သွေဖယ်လျက် အလင်းတန်းက မွန်းစတားတပ်ဖွဲ့ဆီ ဦးတည်သွားသည်မှာ အားလုံးကို ထိတ်လန့်သွားစေတော့သည်။
သက်တံအလင်းတန်း တိုက်မိသွားသည်နှင့် မွန်းစတားတပ်ဖွဲ့ကို သိမ်းကြုန်းဖြတ်တိုက်သွားတော့၏။ အလင်းတန်းဖြတ်သန်းသွားသည့်နေရာတိုင်း၌ မီးတောက်များ ပေါက်ကွဲလာတော့သည်။ အရှင်အဆင့်အောက်ရှိ မွန်းစတားများအားလုံး ငွေ့ရည်ပျံကုန်သည်။ ရှင်ကျန်ရစ်သည့် အရှင်များကမူ သူတို့ HP တစ်ဝက်အောက်သာ ကျန်ရှိတော့၏။
သက်တံရောင်ခြည်တန်း ပျောက်ကွယ်သွားသည့်အချိန်၌ မွန်းစတားသုံးထောင်ကျော် ကွယ်ပျောက်သွားပြီ ဖြစ်သည်။ မွန်းစတားတပ်ဖွဲ့ထဲ၌ နေရာတစ်နေရာက ရှင်းသွားလေတော့၏။