ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1084 ပိတ်ဆို့မှု ဖယ်ရှားခြင်း
စင်္ကြန်ထဲရှိ ကစားသမားတစ်စုက မိုးနီ၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် တိတ်ဆိတ်သွားကြသည်။
မည်သူကမှ မိုးနီထံမှ အကြည့်မလွဲနိုင်ကြချေ။ ယင်းက မိုးနီ၏ အလှတရားကြောင့် သိသာထင်ရှားနေသောပုံရိပ်ကြောင့် မဟုတ်ပေ။ ထိုအစား ဖြာထွက်နေသော ဖိနှိပ်နိုင်သည့် အရှိန်အဝါကြောင့် ဖြစ်ပေသည်။
လက်ရှိတွင် အားအနည်းဆုံးကတောင် အစည်းအရုံး၏ လက်ရွေးစင်ကစားသမားတစ်ဦး ဖြစ်သည်။ သူတို့က နတ်ဘုရားနယ်မြေထဲ၌ တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးသည်။ သူတို့၏ အန္တရာယ်ကို အာရုံခံရာတွင် တိုးတက်နေခဲ့တာ ကြာပြီ ဖြစ်သည်။ မိုးနီထံမှ ရရှိသည့်ဖိအားက သာမန်မျှမဟုတ်ကြောင်း ထိုကစားသမားများ ပြောနိုင်ပေ၏။ လက်တွေ့တွင်မူ သူမ နောက်ကျောရှိ တိုက်ပွဲဝင်ပုဆိန်ကမူ အဓိကတရားခံဖြစ်နေတော့၏။ တိုက်ပွဲဝင်ပုဆိန်ထက် ယင်းကို ဧရာမအနက်ရောင်မြက်ရမ်းဓားဟူ၍ ခေါ်သည်က ပိုသင့်တော်ပေမည်။ မြက်ရမ်းဓားပေါ်၌ သွေးနီရောင်သဏ္ဍာန်ကွက်များစွာ သန်းနေလျက် လက်နက်က လူတို၈်းကို မသက်မသာဖြစ်စေနိုင်သော မိစ္ဆာအရှိန်အဝါ ထုတ်ဖော်ပေး၏။ မိုးနီ ချဥ်းကပ်လာသည်နှင့် မသက်မသာ ဖြစ်မှုက ထင်ရှားလာတော့သည်။
ထိုကစားသမားများက သူတို့၏ အတွေးများ တဖြည်းဖြည်းချင်း နှေးကွေးလာတာကို ခံစားလိုက်ရသည်။
” သူ ဒီမှာ ဘာကြောင့် ရှိနေတာလဲ”
လျှို့ဝှက်အခန်းထဲတွင် ရပ်နေသော ခရမ်းတိမ်က မိုးနီကို မြင်သည့်အချိန်၌ သူမ၏ မျက်ဝန်းထဲတွင် အကြောက်တရားများ ပေါ်လာလေ၏။ အမြန်ပင် သူမက ရှီဖုန်းကို သတိပေးလိုက်တော့သည်။
” အစည်းအရုံးခေါင်းဆောင် ဂရုစိုက်မှရမယ်၊ အဲဒီ အမျိုးသမီးက သိပ်အစွမ်းထက်တာ၊ အဆင့် (၆၅) အလွှာနှစ်အစောင့်တွေတောင် သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး၊ ဒါ့အပြင် သူ့ရဲ့ တိုက်ပွဲဝင်ပုဆိန်က မကောင်းဆိုးဝါးပဲ၊ ရန်သူရဲ့ တုံ့ပြန်မှုကို နှေးကွေးစေနိုင်တယ်”
လက်ရှိ ကစားသမားများအဖို့ အဆင့် (၆၅) အလွှာနှစ်အစောင့်များ၏ အရည်အချင်းကို ယှဥ်နိုင်ဖို့က မဖြစ်နိုင်ပေ။ ခွန်အားအရာတွင် သူတို့က အဆင့် (၆၅) အရှင်များနှင့် ညီမျှပေ၏။ သူတို့က HP ပိုနိမ့်ရုံသာ ရှိသည်။ သို့သော် သူတို့၏ ပိုမြင့်မားသော တိုက်ပွဲဝင်စံသတ်မှတ်ချက်ဖြင့် ကွာဟချက်ကို ဖာထေးနိုင်သည်။ သူတို့က အဆင့် (၆၅) အရှင်ထက် ပိုသာသော စကေးများကိုလည်း ပိုင်ဆိုင်ထား၏။ ပုံမှန်ဆို ကစားသမားများသည် အလွှာနှစ် NPC ထက် အရှင်အဆင့် မွန်းစတားတစ်ကောင်ကို တိုက်ခိုက်ရန် ပိုလိုလားပေ၏။ သူမသည် အဆင့် (၆၅) အလွှာနှစ် NPC ကို ရင်ဆိုင်ရမည်ဆိုလျှင် လှည့်ပြေးမှာ ဖြစ်၏။ မီးလျှံကကြိုးနှင့် ပူးပေါင်းတိုက်ခိုက်လျှင်တောင် အနိုင်ရရန် မျှော်လင့်ချက်မရှိပေ။ သို့သော် မိုးနီက သူမ ကိုယ်တိုင်အဆင့် (၆၅) အလွှာနှစ် NPC တစ်ဦးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။ ခရမ်းတိမ်အဖို့ ထိုတိုက်ခိုက်မှုက မယုံနိုင်စရာကောင်းပေ၏။
သို့သော် အပြုအမူများက စကားထက် ပိုကျယ်ပေ၏။ သူမက မိုးနီသည် နောက်ထပ် အလွှာနှစ် NPC တစ်ဦးကို သူမကိုယ်တိုင် မျက်လုံးဖြင့် သေချာမြင်လိုက်ရသည်။ သက်တောင့်သက်သာ အမူအရာဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပေ၏။ လက်ရှိတွင် ရှီဖုန်းက အားနည်းသည့်အခြေအနေကို ခံစားနေရသည်။ ယခုအချိန်တွင် တိုက်ခိုက်နေသော မိုးနီက အိမ်မက်ဆိုးတစ်ခု ဖြစ်နေ၏။
ရှီဖုန်းက ခရမ်းတိမ်၏ စိုးရိမ်ပူပန်မှုကို ခေါင်းတစ်ချက်ညိတ်ပြီး တုံ့ပြန်လိုက်လေ၏။ သူမက အမျိုးသမီးရှေးစစ်သည်တော်နှင့် ပတ်သက်သော အချက်အလက်များကို သူက ထပ်မမေ့ခဲ့ချေ။ ဆိုရလျှင် နတ်ဘုရားနယ်မြေထဲတွင် ကျန်သည့်သူများက ရှီဖုန်းထက် မိုးနီအကြောင်းကို ပိုမသိလောက်ပေ။
အတိတ်တုန်းက ကောင်းကင်ခွင်းနတ်ဘုရားမ မိုးနီအကြောင်းကို လူတိုင်း သိကြသည်။
နတ်ဘုရားနယ်မြေ၏ အစောပိုင်းကာလအတွင်း၌ မိုးနီသည် နတ်ဘုရားနယ်မြေ မှော်လက်နက်စာရင်းရှိ အဆင့် (၇၃) ဖြစ်သော မှော်လက်နက် ဘလက်ဒီမယ်ရီကို ကိုင်ဆောင်ခဲ့၏။
လျှို့ဝှက်မျှော်စင်သည် အတိတ်တုန်းက နတ်ဘုရားနယ်မြေ၏ မှော်လက်နက်စာရင်းကို ပြုစုခဲ့ပြီး သူတို့ ရရှိထားသော အချက်အလက်များအားလုံး စုစည်းပြီးနောက် ဂိမ်း၏ အကောင်းဆုံး မှော်လက်နက်တစ်ရာကို ဖော်ပြခဲ့သည်။
မှောိလက်နက်များက အံ့ဖွယ်လက်နက်များထက် ပိုရှားပါးပေ၏။ သို့သော် တိုင်းပြည်တိုင်း အင်ပါယာတိုင်းတွင် တချို့တစ်လေရှာဖို့က ဖြစ်နိုင်ပေ၏။ ထို့ကြောင့် ထိုစာရင်းထဲရှိ မှော်လက်နက်များက အကောင်းတက အကောင်းဆုံးများ ဖြစ်ပေသည်။ သူတို့အားလုံးက ထူးကဲသော အာနိသင်များ ပိုင်ဆိုင်ထားပြီး သာမန်မှော်လက်နက်များက သူတို့နှင့် မယှဥ်နိုင်ချေ။ ထိပ်တန်းမှော်လက်နက်တစ်ရာထဲတွင် ဘလက်ဒီမယ်ရီ၏ အထူးအာနိသင်က ဝိညာဥ်ဓာတ်စွမ်းအား ထိန်းချုပ်မှု ဖြစ်သည်။
လက်နက်သည် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားများကို အလိုအလျောက်စုပ်ယူပြီး ကိုင်ဆောင်သူထဲ၌ စုဝေးကာ သူတို့၏ တိုက်ပွဲဝင်စွမ်းမားကို မြင့်တင်ပေး၏။ ထိုအာနိသင်က ဘလက်ဒီမယ်ရီ၏ ဝိညာဥ်ဓာတ်စွမ်းအားတစ်ဝိုက် ဧရိယာကိုလည်း ဝိညာဥ်ဓာတ်စွမ်းအား နည်းပါးစေ၏။
ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအား နည်းပါးနေလျှင် ကစားသမားများ၏ လုပ်ဆောင်ချက်ကို တိုက်ရိုက်ထိစေ၏။ အာနိသင်က ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းသောပတ်ဝန်းကျင်တွင် ကစားသမားများ အဆင့်မြင့်တင်မှု ရရှိသည့်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ထို့အပြင် စကေးများ ဂါထာများကလည်း ဝိညာဥ်ဓာတ်စွမ်းအားများ လျော့ပါးသည့် ဧရိယာများတွင် ပိုအားနည်းသွားသည်။
ရလဒ်အနေဖြင့် ဘလက်ဒီမယ်ရီကို ကိုင်ဆောင်သူက အလွန်သန်မာသော တိုက်ပွဲဝင်စွမ်းအား ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် ကိုင်ဆောင်သူသည် ကစားသမားများနှင့် NPC များကို တိုက်ခိုက်သည့်အချိန်တွင် ဖြစ်ပေသည်။
ကစားသမားများသည် တိုက်ပွဲဝင်ရာ၌ သူတို့၏ အခြေခံအရည်အချင်းများကို အားထားရသည်။ ကစားသမားများနှင့် NPC များက သူတို့၏ စကေးများနှင့် ဂါထာများကို ပိုမိုအားကိုးရ၏။ စကေးများနှင့် ဂါထာများ အားနည်းနေလျှင် ယင်းက ကစားသမားများနှင့် NPC များ၏ တိုက်ပွဲဝင်စွမ်းအားကို သိသိသာသာ လျော့ကျသွားပေမည်။ ထို့အပြင် ဝိညာဥ်ဓာတ်စွမ်းအား လျော့နည်းမှုကြောင့် ကစားသမားများနှင့် NPC များက အနည်းငယ် နှေးကွေးသွားကြမှာပဲ ဖြစ်သည်။
ကျွမ်းကျင်သူများကြားရှိ တိုက်ပွဲတစ်ပွဲတွင် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းက မျက်တောင်တခက်စာအတွင်း ဆုံးဖြတ်ပေးနိုင်တာ ဖြစ်သည်။ ထိုကဲ့သို့ အရှိန်လျော့ခြင်း အာနိသင်က သေစေနိုင်ပေ၏။ ထိုအကြောင်းအရင်းကြောင့် မြန်ရမ်းဓား ဘလက်ဒီမယ်ရီသည် မှော်လက်နက်စာရင်းထဲ၌ အဆင့်ဝင်ရန် အရည်အချင်းပြည့်မီ၏။
ဘလက်ဒီမယ်ရီ၏ အဆင့် တိုးလာသည်နှင့် ဝိညာဥ်ဓာတ်စွမ်းအား ထိန်းချုပ်မှု အာနိသင်ကလည်း ပိုသန်မာလာသည်။
” ရှင်က ဇီးရိုးဝင်းရဲ့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းလား”
မိုးနီက မေးပြီး နှုတ်ခမ်းတို့ အနည်းငယ်ကွေးတက်သွားကာ ရှီဖုန်းနှင့် ကိုက်နှစ်ဆယ်အတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာလေ၏။ ရှီဖုန်းကို စူးစမ်းကြည့်ပြီးနောက် ပြောလိုက်တော့၏။
” ရှင်က ကောလာဟလတွေအတိုင်း တကယ် သန်မာပါပေတယ်၊ အတော်ချောတဲ့ လူတစ်ယောက်လဲ ဟုတ်တယ်၊ မဟုတ်ဘူးလား၊ အနှိုင်းမဲ့ကြီးက ရှင်သေဖို့လိုတယ်လို့ ကြေညာထားတာကတော့ နှမြောစရာပဲ၊ မဟုတ်ရင် ရှင့် အထွတ်အထိပ်ကာလမှာ ရှင်နဲ့ လက်ရည်ချင်းယှဥ်ဖို့ တကယ် စိတ်ဝင်စားတယ်”
သူမက ရှီဖုန်းကို တကယ် လေးစားမိသည်။ သို့သော် လူတစ်ယောက်တည်းက အခြေအနေအလုံးစုံကို ပြောင်းလဲပစ်ရန် မသန်မာပေ။
ရှေးဦးစွာ သူသည် အမှောင်ဓားသွားကို တိုက်ခိုက်ပြီးနောက် အားနည်းသည့်အခြေအနေထဲ ဝင်ရောက်သွား၏။ ပြီးနောက် ရေနက်မှ လက်ရွေးစင်နှင့် ကျွမ်းကျင်သူများစွာကို တိုက်ခိုက်ခဲ့ရသည်။ ယခုအချိန်တွင် ရှု့ထောင့်အားလုံး၌ သူ၏ အကန့်အသတ်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ သူမ၏ တိုက်ခိုက်မှု မရှိလျှင်တောင် တိုက်ပွဲက ပြီးနေပြီဖြစ်သည်။ ထို့အပြင် ရေနက်၏ လက်ရွေးစင်နှင့် ကျွမ်းကျင်သူများစွာက ရောက်လာနေပြီ ဖြစ်၏။
ရှီဖုန်းက သူ ကိုယ်တိုင် လူမည်မျှများများ ခံတိုက်နိုင်မည်နည်း။
ပြီးနောက် မိုးနီက ဘလက်ဒီမယ်ရီကို ဆွဲထုတ်ပြီး လွဲရမ်းလိုက်တော့၏။ ရုတ်တရက် စင်္ကြန်၏ ဝိညာဥ်ဓာတ်စွမ်းအားများ ဝါးမျိုခံလိုက်ရသည့်ပမာ ရှိနေသည့်ကစားသမားများက အသက်ရှူကြပ်လာသလို ခံစားလာရသည်။ မိုးနီသာလျှင် လန်းဆန်းနေတာ ဖြစ်၏။
” အစွမ်းထက်လိုက်တဲ့ ထူးကဲအာနိသင်ပဲ”
ရှီဖုန်းသည် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားများ မရှိသလောက်ဖြစ်သွားတာကို ခံစားမိသောအခါ ထိတ်လန့်သွားတော့၏။
အတိတ်တုန်းက သူသည် ဘလက်ဒီမယ်ရီ၏ အစွမ်းထက်သော ဝိညာဥ်ဓာတ်စွမ်းအား ထိန်းချုပ်မှုကိုသာ ကြားခဲ့ဖူးတာ ဖြစ်သည်။ ကိုယ်တိုင်မကြုံတွေ့ဖူးပေ။
လက်ရှိတွင် သူနှင့် မိုးနီကြား ကိုက်နှစ်ဆယ်သာ ကွာဝေး၏။ ဘလက်ဒီမယ်ရီ မည်မျှအစွမ်းထက်ကြောင်း သူ ခံစားမိသည်။
သူ့ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးတောင် ဝိညာဥ်ဓာတ်စွမ်းအား ချို့တဲ့သည့် ပတ်ဝန်းကျင်တွင် ထိခိုက်မှုအနည်းငယ် ရှိသေးသည်။ မြို့အလွှာတစ်ခုက သူ၏ ဦးနှောက်ကို ပိတ်ဆို့ထားသည့်ပမာ ခံစားရ၏။ သူသည် လေထဲရှိ အတက်အကျများကို အာရုံခံနိုင်ခြင်း မရှိတော့ချေ။ လက်နက်၏ စွမ်းအားက သူ့ကို ရင်ဆိုင်ရာတွင် အာနိသင် ရှိနေလေရာ ကျန်သည့်သူများဆိုလျှင် ပြောနေရန် မလိုတော့ချေ။
ထိုကဲ့သို့ အခြေအနေမျိုး၌ အလွှာနှစ် NPC များက မိုးနီကို မယှဥ်နိုင်တာ အံ့သြစရာမရှိတော့ပေ။ ဝိညာဥ်ဓာတ်စွမ်းအားက NPCများအတွက် ပိုတောင် အရေးပါပေ၏။ ထိုကဲ့သို့ ဝိညာဥ်ဓာတ်စွမ်းအားချို့တဲ့သည့် ပတ်ဝန်းကျင်၌ အလွှာနှစ် NPC က သူတို့၏ ပုံမှန်တိုက်ပွဲဝင်စွမ်းအား၏ (၁၀) ရာခိုင်နှုန်းကိုတောင် ထုတ်ဖော်နိုင်မှာ မဟုတ်ပေ။ သူတို့ အရည်အချင်းများက သာလွန်နေလျှင်တောင် ရှုံးနိမ့်ဖို့သာ ဖြစ်ရန်များသည်။
ရုတ်တရက် မိုးနီက တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ခြင်းကို အသုံးပြုလျက် ရှီဖုန်း ရှေ့သို့ ရောက်လာသည်။ ပြီးနောက် ပိုင်းဖြတ်ခြင်းပါ လိုက်ပါလာကာ အပိုလှုပ်ရှားမှုများမပါဘဲ ဖြစ်စဥ်က ပြီးစီးသွားသည်။ သူမ၏ လှုပ်ရှားမှုများက မဖော်ပြနိုင်လောက်အောင် လှပသည်။ ထို့အပြင် မိုးနီက ရှီဖုန်း၏ လှုပ်ရှားမှုများကို ပြီးပြည့်စုံစွာ ဖမ်းဆုပ်မိ၏။ သူမ၏ တိုက်ခိုက်မှုက ရှီဖုန်းကို ရှောင်တိမ်းစရာ နေရာမရှိ ဖြစ်စေသည်။
” မြန်လိုက်တာ”
ရှီဖုန်း၏ နှလုံးသားက အေးစက်သွားတော့၏။
ဖန်း
သေရေးရှင်ရေးအခြေအနေ၌ ရှီဖုန်းသည် ခုခံခြင်းဓားသွားကို အသက်သွင်းလျက် မိုးနီ၏ တိုက်ပွဲဝင်ပုဆိန်ကို ပိတ်ဆို့လိုက်တော့သည်။
သို့သော် မိုးနီက ရှီဖုန်းကို အသက်ရှူရန် အချိန်ပေးဖို့ ရည်ရွက်ချက် မရှိပေ။ ချက်ချင်းပင် သူမက ဆက်တိုက်တိုက်ခိုက်တော့၏။ သူ၏ မူလအရည်အချင်း (၃၀) ရာခိုင်နှုန်းဖြင့် ရှီဖုန်းက မိုးနီအတွက် ပြိုင်ဘက်မဟုတ်ပေ။ သူ၏ တုံ့ပြန်မှုများ နှေးကွေးသည့်အချက်ပါ ထက်ပေါင်းလိုက်ရာ မိုးနီ၏ တိုက်ခိုက်မှုများကို ခုခံရသည်က ပိုတောင် ခက်ခဲလာတော့၏။
ရှီဖုန်းသည် ဓားလမ်းကြောင်းကို ထုတ်ဖော်ပြီးသည့်တိုင် သူ၏ စိတ်ထဲရှိ သက်ရောက်မှုကြောင့် ခုခံမှုက အကောင်းဆုံးတွင် ရှိမနေပေ။ ရလဒ်အနေဖြင့် မိုးနီက သူ၏ ဓားသွားများကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ပြီး ဓားသွားများကို ရှောင်တိမ်းခဲ့၏။ အဆုံးတွင်မူ သူ့ ခုခံခြင်ဓားသွား၏ ပိတ်ဆို့သည့်အရေအတွက် မှတ်ထားခံရသည်ကိုသာ ကြည့်နေရသည်။
မိုးနီက ရှီဖုန်းကို ဖိနှိပ်နေစဥ် ကျောက်စိမ်းနီတပ်မဟာ၏ ကျန်သည့်ကျွမ်းကျင်သူများက ရှီဖုန်းကို ဝိုင်းထားပြီး လျှို့ဝှက်ခန်းထဲ ဝင်သွားကြ၏။
ဤအရာကို မြင်သောအခါ ခရမ်းတိမ်က ကျန်သည့် ဇီးရိုးဝင်းအဖွဲ့ဝင်များကို ဦးဆောင်လျက် ချဥ်းကပ်လာသော ရန်သူများကို ထိန်းထားလိုက်သည်။ ကံဆိုးသည်မှာ သင့်တော်စွာတိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောသူက ခရမ်းတိမ်သာ ဖြစ်သည်။ ကျောက်စိမ်းနီတပ်မဟာ၏ ကျွမ်းကျင်သူများက သူမ၏ အသင်းဖော်များကို အလွယ်တကူ ဖိနှိပ်နိုင်၏။ အချိန်တိုအတွင်း၌ ဇီးရိုးဝင်းအဖွဲ့ဝင်ငါးဦး သေဆုံးသွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရန်သူ ကျွမ်းကျင်သူများက အသက်ရှင်လျက် ရှိနေ၏။ နှစ်ဖက်ခွန်အားက တစ်ချက်ကြည့်ရုံဖြင့် သိသာနေပြီ ဖြစ်သည်။
” အခု ထွက်သွား”
မိုးနီက ရှီဖုန်းနှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိပေ။ ခုခံခြင်းဓားသွား၏ ပိတ်ဆို့မှုအရေအတွက် ကုန်ခမ်းအောင် ပြုလုပ်ပြီးနောက် သူမက မီးတောက်ပိုင်းဖြတ်ခြင်းကို အသုံးပြုလိုက်သည်။ ချက်ချင်းပင် ကြီးမားသောမြက်ရမ်းဓားက မီးမြွေတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ရှီဖုန်းကို ဝါးမျိုရန် ကြိုးစားတော့၏။
ဖန်း ဖန်း ဖန်း
သို့သော် မီးမြွေက ရှီဖုန်းနား ရောက်ချိန်၌ ဓားသမားရှေ့၌ ရေခဲချွန်များ ပေါ်ထွက်လာပြီး မီးမြွေကို ဆက်တိုက်ပိတ်ဆို့လိုက်၏။
” အဲဒီ ရေခဲဆူးချွန်တွေက ဘယ်က ရောက်လာတာလဲ”
မိုးနီက ဇဝေဇဝါဖြစ်သွားတော့၏။
သို့သော် သူမက အဖြစ်အပျက်ကို မဖော်ထုတ်နိုင်ခင် နောက်ထပ် ရေခဲဆူးချွန်က မြေကြီးထဲမှ ပေါ်ထွက်လာ၏။ ယခုအခေါက်တွင် ရေခဲဆူးချွန်က မိုးနီ၏ နှလုံးသားကို ချိန်ရွယ်နေသည်။ မြန်မြန်ဆန်ဆန်ပင် မိုးနီက လေပွေပိုင်းဖြတ်ခြင်းကို သုံးလျက် ရေခဲတိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တော့သည်။ သို့သော် လျှို့ဝှက်အခန်းထဲရှိ ကျောက်စိမ်းနီတပ်မဟာအဖွဲ့ဝင်များကမူ ကံမကောင်းပေ။ ရေခဲဆူးချွန်များက သူတို့ထဲမှ အနည်းစုကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားစေပြီး ဇီးရိုးဝင်း၏ အဖွဲ့ဝင်များအား သူတို့ကို သတ်ဖြတ်ရန် အခွင့်အရေးတစ်ခု ပေးလိုက်၏။
” ထင်တဲ့အတိုင်း အေးစိမ့်ခြင်းစက်ကွင်းက ငါ့ရဲ့ လက်ရှိ အရည်အချင်းနဲ့ သိပ်ပြီး သက်ရောက်မှု မရှိဘူးပဲ”
ရှီဖုန်းက မိုးနီသည် သူ၏ ရေခဲဆူးချွန်တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းသွားသည်အား မြင်သည့်အချိန်၌ အတော်လေး ကူကယ်ရာမဲ့သွားတော့၏။
နယ်မြေစကေးတစ်ခုကို အသုံးပြုခဲ့သော်ငြား မိုးနီကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။ သူက မိုးနီကို နောက်ဆုတ်ရန်သာ ဖိအားပေးနိုင်ခဲ့သည်။
သို့သော် မိုးနီ၏ လေပွေပိုင်းဖြတ်ခြင်းအဆုံးသတ်သွားချိန်၌ ရှီဖုန်းက ပျောက်ကွယ်သွားပြီး မိုးနီရှေ့၌ ပြန်ပေါ်လာ၏။
ရုတ်ခြည်းထိုးနှက်ချက်
ပုံရိပ်ယောင် အရိပ်
ချက်ချင်းပင် သတ်ဖြတ်ခြင်းရောင်ခြည်က အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မိုးနီဆီ ပိုင်းဖြတ်တော့သည်။ ရှီဖုန်းက တိုက်ကွက်တစ်ကွက်တည်းသုံးကာ ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထား၏။ ထိုအရာကို မြင်သောအခါ မိုးနီက တွေဝေမနေဘဲ ခုတ်ပိုင်းခြင်းကို အသုံးပြုလိုက်သည်။
သူတို့၏ ခွန်အားနှင့် ခွန်အားထိခိုက်မှုချင်း ယှဥ်လျှင် အားနည်းနေသော ရှီဖုန်းက သူမကို ရင်ဆိုင်နိုင်ရန် မျှော်လင့်ချက် မရှိပေ။
ထိုသို့တိုင် တိုက်ကွက်များစွာ ဖလှယ်ပြီးနောက် မိုးနီက မြေပြင်ပေါ်သို့ ပြိုလဲသွားသည့် ပထမဦးဆုံးသူ ဖြစ်သည်။ ရှီဖုန်းက အထိအခိုက်မရှိ ဖြစ်နေသေး၏။
” ဘာတွေ ဖြစ်ကုန်တာလဲ”
ကျောက်စိမ်းနီတပ်မဟာအဖွဲ့ဝင်များက အံ့သြဆွံ့အကုန်သည်။ သူတို့က ဖြစ်ပျက်သွားတာကို မဖော်ပြနိုင်ပေ။ သူတို့သည် အရာအားလုံးကို သူတို့မျက်လုံးဖြင့် ကြည့်နေခဲ့၏။ နှစ်ဖက်ကစားသမားများက လက်နက်များဖြင့် အချင်းချင်းတိုက်ခိုက်နေကြသည်။ အဆုံးတွင်မူ ရှီဖုန်းက အထိအခိုက်မရှိ ရပ်နေပြီး မိုးနီကမူ အသက်ဆုံးရှုံးသွားတော့၏။
မိုးနီသည် ထိုတိုက်ပွဲအတွင်း၌ မမျှတမှုကို ခံစားခဲ့ရသည်။ သူတို့၏ ပိုင်းဖြတ်မှုမစတင်ခင် ရှီဖုန်းက မြေ၏ ရောင်ဝါ အကြွင်းမဲ့ခုခံခြင်းကိုသုံးလျက် ထိခိုက်မှုများအားလုံးကို ငါးစက္ကန့်တာ ပပျောက်စေသည့် စကေးကို အသက်သွင်းထားလိမ့်မည်ဟု မထင်ထားပေ။ သူသည် တိုက်ကွက် ဖလှယ်ရမှာကို မကြောက်ခဲ့ပေ။
ထို့အပြင် ရှီဖုန်းက မိုးနီ၏ အကျင့်စရိုက်ကို နားလည်ပေ၏။ မောက်မာထောင်လွှားခြင်းနှင့် ယုံကြည်ချက်ရှိခြင်းဟူသော စကားလုံးများက ထိုအမျိုးသမီးကို ဖော်ပြရာ၌ ကိုက်ညီပေသည်။ ထို့အပြင် သူက အားနည်းနေသော အခြေအနေကို ခံစားနေရဆဲ ဖြစ်သောကြောင့် သူတို့ကို ရှောင်မည့်အစား သူ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် သူမ ရွေးချယ်ခဲ့သည်။
မိုးနီ သေဆုံးသွားပြီးနောက် ကျန်ရှိသော ကျောက်စိမ်းနီတပ်မဟာအဖွဲ့ဝင်များကလည်း တိုက်ခိုက်လိုစိတ် မရှိတော့ချေ။
ကျောက်တောမြို့ အပြင်ဘက်ကနေ ဤတိုက်ပွဲကို တိုက်ရိုက်ကြည့်နေသော စွန့်ပစ်ခံလှိုင်းက ထိုင်မနေနိုင်တော့ဘဲ ရေနက်၏ ကျွမ်းကျင်သူများကို ကိုယ်တိုင်ဦးဆောင်လျက် မြို့ထဲသို့ ဝင်သွားသည်။
ရှီဖုန်းက ပိုအစွမ်းထက်နေလျှင်တောင် သူက လူတစ်ယောက်သာ ဖြစ်၏။ သူကိုယ်တိုင် ကစားသမားတစ်သောင်းကို ခုခံနိုင်ဖို့က မဖြစ်နိုင်ပေ။
” အားလုံးပဲ ဇီးရိုးဝင်းရဲ့ အစည်းအရုံးဂေဟာထဲ ဝင်ကြ၊ ဘလက်ဖလိမ်း ဘယ်လောက်ထိ ခံမလဲဆိုတာ ငါမြင်ချင်တယ်”
စွန့်ပစ်ခံလှိုင်းက နောက်ဆုံးတွင် ရူးသွပ်သွားတော့၏။
သူသည် ကျောက်တောမြို့ကို သိမ်းပိုက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ ပန်းတိုင်ကို ရရှိရန် နီးကပ်နေသည့်အချိန်၌ အလျော့ပေးစရာအကြောင်း မရှိပေ။
ရေနက်၏ ကျန်သည့် ကျွမ်းကျင်များကလည်း စွန့်ပစ်ခံလှိုင်း၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြသည်။
လက်ရှိတွင် ဇီးရိုးဝင်းအဖွဲ့ဝင်က ငါးထောင်အောက်သာ ကျန်တော့သည်။ တစ်ဖက်တွင်မူ ရေနက်က ကစားသမားငါးသောင်းကျော် ရှိနေသေး၏။ ဇီးရိုးဝင်းအတွက် အခြေအနေကို ပြောင်းပြန်လှန်ဖို့က ဆန်းကြယ်မှုတစ်ရပ် ဖြစ်နေသည်။
” အဆုံးမှာတော့ ကွာဟချက်ကြီးက ရှိနေသေးတာလား”
ရှီဖုန်းသည် ရေနှင်းဆီ၏ နောက်ဆုံးစစ်ပွဲ သတိပေးချက်ကို ဖတ်ပြီးသည့်အချိန်၌ မျက်မှောင်ကြုတ်မိသွားတော့သည်။
သူတို့ တပ်ဖွဲ့များကြား အရေအတွက်ကွာဟချက်က မှော်မျှော်စင်တောင် ထိုကွာဟချက်ကို မဖာထေးနိုင်ပေ။
ရုတ်တရက် ရှီဖုန်းက စာတစ်စောင်ရလိုက်တော့သည်။ ယင်းက မီးလျှံကကြိုးထံမှ ဖြစ်၏။
ရှီဖုန်းက မက်ဆေ့စ်ကို ချက်ချင်းဖတ်လိုက်သည်။
စာထဲ၌ စာကြောင်းတစ်ကြောင်းသာ ပါသည်။ မှော်အစီအရင်ရဲ့ အဓိကအစိတ်အပိုင်းတွေ အားလုံးကို ဖျက်ဆီးပြီးပါပြီ။