ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1086 ဆန်းကြယ်မှုက ထပ်မံပေါ်ပေါက်လာခြင်း
ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် ပျက်စီးနေသော အစည်းအရုံးဂေဟာထဲမှ သူတို့ဆီ တစ်ဟုန်ထိုး ဝင်ရောက်လာတာကို မြင်သောအခါ ရေနက်အဖွဲ့ဝင်များက မှင်တက်နေကြသည်။
သူတို့ ရထားသောသတင်းအရ ကျောက်တောမြို့အတွင်းရှိ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက မှော်မျှော်စင်များကိုသာ အားစိုက်နေကြပြီး မြို့ရိုးပေါ်တွင်သာ ရှိကြ၏။ တစ်ဖွဲ့ကမူ ပန်သီအွန်၏ တပ်မဟာသုံးခုကို ဖယ်ရှားရန် စေလွှတ်ခံထားရသည်။ ထို့ကြောင့် အစည်းအရုံး၌ သူ၏ အစည်းအရုံးဂေဟာကို ခုခံရန် လူစွမ်းအားအရင်းအမြစ် များများစားစား မရှိသင့်ပေ။ ထိုသို့တိုင် ယခုမူ ကစားသမား ရာပေါင်းများစွာ ထွက်ပေါ်လာ၏။ ထို့အပြင် သူတို့၏ လက်နက် ချပ်ဝတ်တန်ဆာများနှင့် အဆင့်များအားလုံးက ထိပ်တန်းအမျိုးအစားများ ဖြစ်ကြသည်။ သူတို့ မည်ကဲ့သို့ မထိတ်လန့်ပဲ နေမည်နည်း။
သို့သော် ရေနက်အဖွဲ့ဝင်များက များများစားစားမတွေးထားချေ။ လက်ရှိ ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာကို ဝိုင်းထားသည့် ကစားသမားတစ်သောင်း ရှိသည်။ သူတို့ထဲ၌ ကျွမ်းကျင်ကစားသမားရာကျော် ပါဝင်၏။ ထိုမျှကျယ်ဝန်းသည့်နေရာတွင် ဇီးရိုးဝင်းက မြေမျက်နှာသွင်ပြင်ကို အားကိုးပြီး တိုက်ခိုက်၍ မရပေ။
ရေနက်အဖွဲ့ဝင်များက တင်းမာနေသည့်စိတ်တို့ ပြေလျော့သွားပြီး သူတို့ရန်သူများနှင့် တိုက်ခိုက်တော့သည်။
ပြီးနောက် ရေနက်၏ MT ရာပေါင်းများစွာက ဒိုင်းများကို မြှောက်လျက် ချဥ်းကပ်လာသော ဇီးရိုးဝင်းအဖွဲ့ဝင်များကို ရိုက်ချတော့သည်။
ဖန်း… ဖန်း… ဖန်း…
သူတို့သည် ကုန်တင်ကားတစ်စီးဖြင့် အတိုက်ခံလိုက်ရသည့်နယ် ရေနက်အဖွဲ့ဝင်များက လေထဲလွင့်ထွက်သွားပြီး သူတို့နောက်ရှိ ကစားသမားအုပ်ကြီးနှင့် ဝင်တိုက်မိတော့သည်။ အစပိုင်းတိုက်ခိုက်မှုက အစစ်အမှန်ဒိုင်းများနှင့် ဘာသာရေးခေါင်းဆောင် ကျိန်စာအသုံးပြုသူတို့ ရွတ်ဆိုနေသော ကာကွယ်မှုများကို ပြိုကွဲသွားစေရုံသာမက MT များ၏ HP များလည်း သိသိသာသာ လျော့ကျသွား၏။
ထို့အပြင် ရှေ့တန်းရှိ ဇီးရိုးဝင်းအဖွဲ့ဝင်များထဲတွင် မည်သူကမှ သူတို့ရန်သူကို တိုက်ခိုက်ရန် အုပ်စုဖွဲ့မည့် လက္ခာဏာမပြပေ။ ထိုအစား လူစုခွဲပြီး ရေနက်လူအုပ်ကြီးဆီသို့ လမ်းကြောင်းဖန်တီးလျက် ဝင်သွားကြတော့သည်။ ယင်းက ရေနက်၏ အကွာအဝေးကျယ် ကစားသမားများအတွက် ဒုက္ခဖြစ်စေ၏။
နတ်ဘုရားနယ်မြေသည် စနစ်အဆင့်မြင့်တင်မှုများစွာ ပြောင်းလဲလာပြီးနောက် အဖွဲ့တူ ကစားသမားများကတောင် တစ်ယောက်နှင့်တစ်ယောက် သူတို့၏ တိုက်ခိုက်မှုများဖြင့် မထိခိုက်စေနိုင်သည့် အကွာအဝေးကျယ်ကစားသမားများက နေရာကျယ်ဝန်းသည့် ဧရိယာထဲတွင် ဂါထာများ တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲ့လျှင် ရလဒ်နှစ်ခုသာ ထွက်ပေါ်လာနိုင်၏။ သူတို့၏ ပစ်မှတ်ကို ထိလျှင်ထိ၊ မဟုတ်လျှင် မဟာမိတ်ကို ထိမှာပဲ ဖြစ်သည်။
ပိုဆိုးသည့် ကိစ္စရပ်များတွင် ရေနက်၏ အနီးကပ်ကစားသမားများက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များ လူစုခွဲတာကို မဟန့်တားနိုင်တာပဲ ဖြစ်သည်။
ထို ဇီးရိုးဝင်း အဖွဲ့ဝင်များသည် ဆေးသုံးထားသည့်အလာ အဆင့်တူအရှင်အဆင့် မွန်းစတားများ၏ ခွန်အားများကို ပြသခဲ့ပြီး အချို့ဆို အရှင်များကိုတောင် ကျော်လွန်ပေ၏။ ရေနက်၏ တပ်ဖွဲ့က ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို ပိတ်တောင်မပိတ်ဆို့နိုင်လေရာ သူတို့ကို တားရန်ဆိုလျှင် ပိုမဖြစ်နိုင်ပေ။
” အဲဒီ လူတွေက ဘယ်သူတွေလဲ”
နတ်ဘုရားနယ်မြေထဲရှိ ကစားသမားများက ထိုတိုက်ပွဲကို ကြည့်နေစဥ် သူတို့က အံ့သြဆွံ့အကုန်၏။
ရာချီသော ဇီးရိုးဝင်းအဖွဲ့ဝင်များက အစွမ်းထက်လွန်းသည်။ သူတို့က သိုးအုပ်ထဲသို့ ဝင်သွားသော မြေခွေးများပမာ ဖြစ်နေတော့သည်။ အချိန်တိုင်း၌ လေထဲသို့ ရေနက်အဖွဲ့ဝင်များစွာ လွင့်ထွက်လာတာကိုသာ မြင်နေရသည်။ စူပါလူသားနှင့် သာမန်လူသားကြားရှိ တိုက်ပွဲတစ်ဖွဲ့ ဖြစ်နေသည့်ပမာ တစ်ဖက်သတ် သတ်ဖြတ်မှု ဖြစ်နေချေ။
တိုက်ပွဲစတင်ပြီး တစ်မိနစ်မပြည့်မီ၌ ရေနက်တပ်ဖွဲ့ဝင်များသည် အဖွဲ့ဝင်တစ်ထောင်ကျော် ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထို့အပြင် ဤ အရေအတွက်က လျင်မြန်စွာ တက်နေလေ၏။ အရည်အချင်းနှင့် တိုက်ပွဲဝင်နည်းစနစ် ကွာဟချက်က ရေနက်၏ လက်ရွေးစင်တပ်ဖွဲ့ကို ကူကယ်ရာမဲ့သွားစေသည်။
” အစည်းအရုံးခေါင်းဆောင် အဲဒီ လူတွေက ရှေးစစ်သည်တော်စကေး အသက်သွင်းထားတဲ့ပုံပဲ၊ အခုတော့ ကျွန်တော်တို့နောက်ဆုတ်ပြီး စကေးသုံးစွဲနိုင်တဲ့ကာလ ကုန်ဆုံးတဲ့အထိစောင့်စားဖို့ အကြံပေးချင်တယ်၊ အခုဆို အရေးနိမ့်နေမှာ”
ရယ်မောခြင်းယစ်ထုတ်က အမြန်အကြံပေးလိုက်တော့သည်။
” နားလည်ပြီ၊ အားလုံးလူစုခွဲဖို့ အမိန့်ပေးလိုက် အကွာအဝေးအမျိုးအစားတွေ ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေကို ဆွဲချထား”
စွန့်ပစ်ခံလှိုင်း၏ မျက်ဝန်းတို့က ဒေါသအရိပ်အယောင်ပေါ်လာပြီး သူရှေ့ရှိ သတ်ဖြတ်မှုကို ကြည့်နေတော့သည်။
” သူတို့စကေးတွေ ကုန်သွားတာနဲ့ သူတို့အားလုံးကို ဖြေရှင်းချင်တယ်”
ရှေးစစ်သည်တော်စကေးများက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးသည်။ ကြွယ်ဝသော အရင်းအမြစ် သန်မာသောလွှမ်းမိုးမှုရှိသော ရေနက်အတွက်တောင် ပမာဏအနည်းငယ်သာ ရထားပြီး အစည်းအရုံး၏ ကျွမ်းကျင်သူအနည်းစုသာလျှင် သင်ယူရန် အရည်အချင်းမှီတာ ဖြစ်သည်။ သာမန်ကျွမ်းကျင်သူများက သူတို့ ကိုယ်ပိုင်အသုံးပြုနိုင်ရန် အိပ်မက်မမက်သင့်ပေ။ ထိုသို့တိုင် ဇီးရိုးဝင်းက ကစားသမားရာကျော်အတွက် ရှေးစစ်သည်တော်စကေးများ ထောက်ပံ့နိုင်သေး၏။ ထိုကစားသမားရာချီမျှဖြင့် ဇီးရိုးဝင်းသည် ရေနက်၏ လက်ရွေးစင်တပ်ဖွဲ့ဝင်များကို ကြွက်စုတ်များပမာ ထွက်ပြေးရအောင် ဖိအားပေးနိုင်ခဲ့သည်။ ယင်းက နတ်ဘုရားနယ်မြေထဲတွင် ထိုကဲ့သို့အရာမျိုး ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
အချိန်ကုန်လာသည်နှင့် ရေနက်သည် သေကြေပျက်စီးမှုကို ပိုခံစားလာရ၏။ ဆန့်ကျင်ဘက်အနေဖြင့် ဇီးရိုးဝင်း၏ ရာချီသော ကစားသမားများက သေဆုံးနှုန်းအလွန်နည်းပါးသည်။
” ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အဖွဲ့ဝင်တွေ ဒီကို မရောက်သေးဘူးလား”
စွန့်ပစ်ခံလှိုင်းက စိတ်ပူပန်စွာ မေးလိုက်တော့သည်။
ပုံမှန်ဆို ရှေးစစ်သည်တော်စကေးသည် အလွန်ဆုံးနှစ်မိနစ် သုံးမိနစ်ခန့်သာ ကြာရှည်ခံသော်ငြား ယခု ငါးမိနစ်ကုန်လွန်ပြီးသည့်တိုင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက ခွန်အားအပြည့်ဖြင့် တိုက်ခိုက်နေသေးဆဲ ဖြစ်သည်။ တစ်ဖက်တွင်မူ သူ၏ လက်ရွေးစင်အဖွဲ့တစ်ဝက်ကျော်က သေဆုံးပြီဖြစ်သည်။ ယင်းက အိပ်မက်ဆိုးတစ်ခု ဖြစ်နေလေ၏။
” အစည်းအရုံးခေါင်းဆောင် သူတို့ မြို့ဝင်ပေါက်ကို ရောက်ပြီ၊ လက်ရှိ ဒီနားကို လာနေပါပြီ”
ရယ်မောခြင်းယစ်ထုတ်က ပြန်ပြောလိုက်တော့၏။
ယခုအချိန်တွင် ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာ မြေအောက်ခန်းထဲ၌ ကစားသမားသုံးထောင် စုဝေးနေလေသည်။ အချိန်ကုန်လာသည်နှင့်အမျှ ကစားသမားများ ပိုမို ရောက်ရှိလာတော့၏။
“အစည်းအရုံးခေါင်းဆောင်၊ ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အဖွဲ့ဝင်တွေက မြို့ကိုရောက်လာပါပြီ၊ ကျွန်မတို့တွေ စတိုက်ခိုက်သင့်ပြီလား”
“ဟုတ်တယ်၊ သူတို့ကို ဆက်သတ်ဖြတ်ဖို့ ပင်မတပ်ဖွဲ့ ခွင့်ပြုထားမယ်ဆိုရင် စစ်ပွဲအကျိုးဆောင်အမှတ်တွေကို သူတို့ ခိုးယူသွားမှာပေါ့”
“အစည်းအရုံးခေါင်းဆောင် တစ်ခွန်းပဲ ပြောလိုက်၊ ရေနက်က အဲဒီမျိုးမစစ်တွေကို တောင်းပန်လာအောင် လုပ်နိုင်တယ်”
အစည်းအရုံးဂေဟာသို့ လာရန် အစည်းအရုံးစာလိပ်ကို အသုံးပြုခဲ့ကြသော ဇီးရိုးဝင်း၏ လက်ရွေးစင်အဖွဲ့ဝင်များက တိုက်ခိုက်လိုစိတ်များ ဆာလောင်နေကြပြီ ဖြစ်သည်။
သူတို့သည် အစောတုန်းက နေရာရွေ့ပြောင်းမှု အသုံးမပြုနိုင်ရာ ခပ်ဝေးဝေးကနေသာ စစ်ပွဲကို ကြည့်ခဲ့ရသည်။ သူတို့၏ မဟာမိတ်များ သတ်ဖြတ်ခံနေရသည့်တိုင် သူတို့ ဘာအကူအညီမှ မပေးနိုင်ခဲ့ပေ။ တည်ဆောက်ခြင်း အချည်းအနှီးဖြစ်မှုက သီးမခံနိုင်စရာ ဖြစ်သည်။ အစည်းအရုံး၏ အထက်အရာရှိများက ကျောက်တောမြို့ထဲသို့ သူတို့ ပြေးဝင်လာမှာကို မဟန့်တားထားလျှင် သူတို့က ရဲဝံ့စွာ ခရီးဆက်ကြမှာပဲ ဖြစ်သည်။ သူ၏ အစည်းအရုံးအဖွဲ့ဝင်များကို တုံ့ပြန်ရမည့်အစား ရှီဖုန်းက ရေနှင်းဆီကို ဆက်သွယ်ပြီး မေးလိုက်၏။
” ရေ… ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အဖွဲ့ဝင်တွေကို တွေ့ပြီလား”
” သူတို့တွေ ရောက်နေပါပြီ၊ အစည်းအရုံးဂေဟာဆီကို ဦးတည်နေတာ၊ တွက်ချက်ထားပုံအရ သူတို့အရေအတွက်က သုံးသောင်းကျော်မယ်”
ရေနှင်းဆီက သတင်းပို့လိုက်တော့၏။
ရှီဖုန်းက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့သည်။
” ကောင်းတယ်၊ မင်းတို့အဖွဲ့တွေ နောက်ဆုတ်နိုင်ပြီ၊ အစည်းအရုံးဂေဟာဆီကို လူတွေ တတ်နိုင်သမျှ မျှားခေါ်ဖို့ ကြိုးစားကြည့်”
” သူတို့ကို မျှားခေါ်ရမှာလား”
ရေနှင်းဆီက အတော်ဇဝေဇဝါဖြစ်သွားလေ၏။
မြို့ပေါ်ရှိ ချိပ်ပိတ်မှု ဖယ်ရှားပြီးဖြစ်မှန်း သူမ သိသော်ငြား ဇီးရိုးဝင်းဂေဟာ၏ ကျယ်ဝန်းသောနေရာက တိုက်ခိုက်ရန်အတွက် ဗျူဟာကျသော တည်နေရာ မဟုတ်ပေ။ သို့သော် ရေနှင်းဆီက ဂရုမစိုက်တော့ပေ။ သူမရှေ့ရှိ ကျောက်စိမ်းနီတပ်မဟာက အစွမ်းထက်လွန်း၏။ အမှောင်နတ်ဘုရားတပ်မဟာမှ အဖွဲ့ဝင်များက သူတို့၏ ရှေးစစ်တော်စကေးကို အသက်သွင်းထားလျှင်တောင် ကျောက်စိမ်းနီတပ်မဟာ အဖွဲ့ဝင်များကလည်း သူတို့ ကိုယ်ပိုင်စကေးများ ရှိကြသည်။ သူတို့သည် ကျောက်စိမ်းနီတပ်မဟာနှင့် ဆက်လက်တိုက်ခိုက်နေပါက သူတို့ သုတ်သင်ရှင်းလင်းခံရရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာပဲ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင်လှိုင်း ခင်ဗျားကို စောင့်ခိုင်းခဲ့မိပြီ”
ဦးချိုတစ်ချောင်း ဘွတ်ဖိနပ်ကို ဝတ်လာသော တစ်ကိုယ်တော်မြှုပ်နှံရာက ဖြည်းဖြည်းချင်း ချဥ်းကပ်လာပြီး စွန့်ပစ်ခံလှိုင်းကို နှုတ်ဆက်လိုက်လေ၏။
ဤလာသည့်လမ်းတောက်လျှောက်၌ ကျောက်တောမြို့အတွင်းရှိ တိုက်ပွဲအကြောင်း သတင်းများစွာ ကြားခဲ့ရသည်။
သတင်းပို့ချက်ရသည့်အချိန်၌ သူက ပျော်ရွှင်သွား၏။ သူ၏ အစည်းအရုံးကို ကျောက်တောမြို့အား အစောပိုင်းတိုက်ခိုက်မှုအတွင်း ဝင်မပါခိုင်းမိသည့်အတွက် စိတ်ထဲ၌ ပျော်သွားမိသည်။ မဟုတ်လျှင် ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကံကြမ္မာက ရေနက်၏ ကံကြမ္မာထက် ပိုဆိုးဝါးပေလိမ့်မည်။
စွန့်ပစ်ခံလှိုင်းက တစ်ကိုယ်တော်မြှုပ်နှံရာကို ပြန်ပြောမည့်အချိန်တွင် ထိုလူ၏ မျက်နှာထားပြောင်းလဲမှုကို မြင်လိုက်ရ၏။ ချက်ချင်းပင် တစ်ကိုယ်တော်မြှုပ်နှံရာက မယှဥ်သာအောင် သုန်မှုန်သည့်အမူအရာ ပေါ်လာတော့သည်။
တစ်ကိုယ်တော်မြှုပ်နှံရာ၏ အသားအရောင်ကို မြင်သောအခါ စွန့်ပစ်ခံလှိုင်းက သိချင်စိတ်ဖြင့် မေးလိုက်တော့၏။
” အစည်းအရုံးခေါင်းဆောင် မြှုပ်နှံရာ”
ယခု ကောင်းကင်ဘုံမြှုပ်နှံရာ၏ တပ်ဖွဲ့ရောက်လာပြီ ဖြစ်သောကြောင့် အောင်ပွဲက သူတို့လက်အတွင်း ရောက်နေပြီ ဖြစ်သည်။ ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကျန်ရှိသောတပ်ဖွဲ့ ရောက်လာရန်က အချိန်အတိုင်းအတာတစ်ခုပဲ လို၏။
ယခုအချိန်တွင် တစ်ကိုယ်တော်မြှုပ်နှံရာက အတော်စိတ်ကျေနပ်နေသင့်သည်။ ဤကဲ့သို့ အရုပ်ဆိုးသော အမူအရာ ရှိမနေသင့်ပေ။
” ကျောက်တောမြို့ပေါ်က ချိပ်ပိတ်မှု ဖျက်ဆီးခံလိုက်ရတယ်လို့ သတင်းအခုပဲ ရလိုက်တယ်”
တစ်ကိုယ်တော်မြှုပ်နှံရာက အနေရခက်စွာ ရှင်းပြလိုက်လေ၏။
” ဇီးရိုးဝင်းက ကျောက်တောမြို့ချိပ်ပိတ်မှုကို ဖျက်ဆီးလိုက်တယ်လို့ မင်းပြောတာလား”
တစ်ကိုယ်တော်မြှုပ်နှံရာက ချက်ချင်းပင် ဖြူဖျော့သွားတော့၏။
ချိပ်ပိတ်မှု ဖယ်ရှားလိုက်သည်နှင့် ဇီးရိုးဝင်းသည် ကျောက်တောမြို့ဆီသို့ အဆုံးမရှိ စစ်ကူများပို့ပေးနိုင်တော့မှာ ဖြစ်သည်။ သူတို့သည် ကျောက်တောမြို့ကို ခုခံနေသော ဇီးရိုးဝင်း၏ အဖွဲ့ဝင်နှစ်သောင်းကို သတ်ဖြတ်ရန် အင်အားစိုက်ထုတ်မှုများစွာ သုံးစွဲပြီး ကုန်ခမ်းနေပြီ ဖြစ်သည်။ နောက်ထပ် လေးသောင်း ငါးသောင်းက တိုက်ပွဲထဲ ဝင်လာခဲ့လျှင် …။
” နေအုံး၊ တစ်ခုခုတော့ မဟုတ်သေးဘူး၊ ကျောက်တောမြို့ရဲ့ ချိပ်ပိတ်မှုက အစောပိုင်းထဲက ဖျက်ဆီးခံလိုက်ရတာပဲ ဖြစ်မှာ၊ ဒီမှာ ဘာကြောင့် အရေအတွက် အနည်းငယ်ပဲ ရှိရတာလဲ “
တစ်ကိုယ်တော်မြှုပ်နှံရာသည် ရှင်းလင်းနေသော ဇီးရိုးဝင်း အစည်းအရုံးဂေဟာကို ကြည့်မိပြီး တစ်စုံတစ်ခု လွဲချော်နေတာကို သတိပြုမိလိုက်သည်။ သို့သော် သူ ပြောပြီးသည်နှင့် သေခြင်းတရားခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
ထိုခံစားမှုကို တွေ့ကြုံရတာ တစ်ကိုယ်တော်မြှုပ်နှံရာတစ်ယောက်ထဲ မဟုတ်ပေ။ ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာရှိ အဖွဲ့ဝင်များအားလုံး ထိုခြိမ်းခြောက်မှုကို ခံစားမိသည်။ ထို့အပြင် ထိုခံစားချက်က စက္ကန့်နှင့်အမျှ ပိုပြင်းထန်လာတော့၏။
ဖုန်း…
ရုတ်တရက် ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာအောက် စစ်မြေပြင်က ပေါက်ကွဲသွားပြီး အပျက်အစီးထဲမှ မြင့်မားသည့် မျှော်စင်တစ်ခု ပေါ်လာတော့သည်။ ထိုမျှော်စင်ပေါ်ပေါက်လာချိန်တွင် အားလုံးက အသက်ရှူကြပ်သလို ခံစားလိုက်ရတော့၏။
ထိုမျှော်စင်က ကျောက်တောမြို့ကို သူ ပထမဆုံးသိမ်းပိုက်ခဲ့စဥ်က ရှီဖုန်း ချိတ်ဖွင့်ခဲ့သော အော့ခ်ဘလစ်ပင် ဖြစ်သည်။