ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1091 တစ်ပါးသူ၏ ကံဆိုးမှုကို အမြတ်ထုတ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1091 တစ်ပါးသူ၏ ကံဆိုးမှုကို အမြတ်ထုတ်ခြင်း
လန့်စ်လော့သည် မိစ္ဆာမြေနဂါးသုံးကောင်ရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်ပမာ ဖြစ်နေတော့သည်။ တစ်ချက်ရိုက်ရုံဖြင့် သူ့အသက်ကိုနုတ်ရန် လုံလောက်တာထက် ပိုနေပုံရသည်။
” ဝေါင်း”
မိစ္ဆာမြေနဂါးသုံးကောင်က သူတို့၏ မိစ္ဆာဟိန်းသံစကေးများကို ဆက်တိုက်ထုတ်ဖော်လိုက်ပြီး ရောင်ခြည်တန်းသုံးခုဖြင့် လန့်စ်လော့ကို တိုက်ခိုက်တော့၏။
မိစ္ဆာမြေနဂါး၏ ထူးခြားသည့်စကေးဖြစ်သည်နှင့်အညီ သူတို့၏ မိစ္ဆာဟိန်းသံက အကွာအဝေးအလွန်ကျယ်သည်။ ထိမိခဲ့လျှင် အဆင့်တူ ဒဏ္ဍာရီမွန်းစတားများကတောင် သိသိသာသာထိခိုက်မှု ရရှိမှာပဲ ဖြစ်သည်။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားများတောင် အားနည်းသွားနိုင်၏။
ခပ်ဝေးဝေးကနေ ကြည့်နေကြသော ကစားသမားများက ထိုမီးခိုးရောင် ရောင်ခြည်သုံးခုကို မြင်တွေ့သည့်အချိန်၌ ကျောများ စိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။
မဟူရာတောင်ရိုးမြို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြသည့် ကစားသမားတစ်သောင်းကျော်သည် ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ရသည့်အကြောင်းအရင်းကို သူတို့ နောက်ဆုံး၌ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ မြို့ကို တိုက်ခိုက်သည့် ကစားသမား မည်မျှများစေကာမူ ကိစ္စမရှိပေ။ ထိုကဲ့သို့ စကေးကို ရင်ဆိုင်ရာတွင် အားလုံးသေကြမှာ ဖြစ်သည်။
ဖုန်၊ ဖုန်၊ ဖုန်၊
အလင်းတန်းသုံးခုက တစ်နေရာထဲ စုပေါင်းသွားပြီး နားစည် ထိခိုက်လောက်ဖွယ် ပေါက်ကွဲသံကြီးတစ်ခု ဖန်တီးလိုက်တော့သည်။
လေထဲ၌ ပေါက်ကွဲမှု ပေါ်လာသော်ငြား လှိုင်းများက မြို့တွင်းရှိ ကစားသမားများကို လွင့်ထွက်သွားစေ၏။
” ဘလက်ဖလိမ်း၊ အလွှာလေး NPC တစ်ယောက်က ငါတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”
စွန့်ပစ်ခံလှိုင်းက ပြောလိုက်ပေ၏။
သူတို့သည် ကျောက်တောမြို့ကို ဆုံးရှုံးပြီး ဇီးရိုးဝင်းနှင့် သူတို့စစ်ပွဲက သရေဖြစ်သွားသော်ငြား ကြယ်လတိုင်းပြည်အတွင်းရှိ ကစားသမားတိုင်းက ရေနက်သည် သူ၏ အင်အားကို ပြသခဲ့ပြီဖြစ်ကြောင်း အကုန်သိကြမှာပဲ ဖြစ်သည်။ အစည်းအရုံးက နောင်၌ ကျွမ်းကျင်ကစားသမားများကို စုဆောင်းရာတွင် ပြဿနာမရှိတော့ချေ။ ရေနက်က ၎င်း၏ ဆုံးရှုံးမှုကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်နိုင်မှာပဲ ဖြစ်သည်။ သို့သော် ဇီးရိုးဝင်းက မည်ကဲ့သို့ ဖြစ်မည်နည်း။
ကျောက်တောမြို့မရှိပဲ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းတစ်ခုထဲသာလျှင် ဇီးရိုးဝင်း၏ အရင်းအမြစ်ဖြစ်လာမည်။ ကုန်သွယ်ရေးလုပ်ငန်း၏ အကျိုးအမြတ်က ဇီးရိုးဝင်းကဲ့သို့ အရွယ်အစားကို မဖြည့်ပေနိုင်သည်။ ထို့အပြင် ဇီးရိုးဝင်းက မြစ်ဖြူမြို့နားတစ်ဝိုက်တွင်သာ လှည့်လည်သွားလာနိုင်တော့မှာပဲ ဖြစ်သည်။ ရေနက်နှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်ကို မည်ကဲ့သို့ ယှဥ်နိုင်တော့မည်နည်း။
နဂါးဖီးနစ်ပွဲကြည့်စင်ကလည်း ဇီးရိုးဝင်း၏ ချဲ့ထွင်မှုကို နဂါးနက်အင်ပါယာထဲတွင်လည်း ဖိနှိပ်နေမှာပဲ ဖြစ်သည်။ ထို့ကြောင့် ရေနက်က ဇီးရိုးဝင်းကို ဖိနှိပ်နိုင်ရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူက ကြယ်လတိုင်းပြည်ထဲမှ ဇီးရိုးဝင်း၏ အမည်ကို ထာဝရဖယ်ရှားနိုင်မှာပဲ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် ကြည့်အုံး”
စွန့်ပစ်ခံလှိုင်း၏ မျှော်လင့်ချက်တို့ ပေါက်ဖွားလာစဥ် ရယ်မောခြင်းယစ်ထုတ်က မျက်လုံးပြူးကျယ်လျက် ကောင်းကင်ကို အထိတ်တလန့်ကြည့်နေတော့သည်။
လေထဲတွင် ပျံဝဲနေသေးဆဲဖြစ်သော လန့်စ်လော့က အထိအခိုက်မရှိပေ။ ငါးလွှာရေခဲအရံအတားက ချက်ချင်းပြိုကွဲသွားပြီး မြေပြင်ပေါ် ပြုတ်ကျလာတော့၏။
” သူ အထိအခိုက်မရှိဘူးတဲ့လား”
” သူ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ”
” အဲဒါက အလွှာလေး NPC တစ်ယောက်လား”
ကြည့်နေသည့် လူအုပ်ကြီးက ယင်းကို မြင်လိုက်သည့်အချိန်၌ ပင့်သက်ရှိုက်မိသွားကြကာ သူတို့ နှလုံးခုန်ရန် မေ့လုနီးပါး ဖြစ်သွားကြတော့သည်။
မိစ္ဆာဟိန်းသံတစ်ချက်က ကစားသမားထောင်ချီကို အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်ရုံသာမက အဆင့်တူခမ်းနားသောအရှင်ကိုတောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေနိုင်သည်။ ထိုသို့တိုင် လန့်စ်လော့က ထိုတိုက်ကွက်သုံးကွက် အတိုက်ခိုက်ခံရပြီးနောက် အထိအခိုက်မရှိ ပေါ်ထွက်လာ၏။ လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။ ထိုအလွှာလေး တည်ရှိမှုများကြားထဲ၌ ခွန်အားကွာဟချက်က အဘယ်ကြောင့် ထိုမျှကြီးမားရသနည်း။
” ဆက်တိုက်ခိုက်ကြ၊ သူ အသက်ကယ်စကေးသုံးထားတာပဲ ဖြစ်ရမယ်၊ ခဏခဏသုံးနိုင်မှာ မဟုတ်ဘူး”
ရလဒ်ကလည်း စွန့်ပစ်ခံလှိုင်းကို အံ့သြသွားစေ၏။ သို့သော် သူက အခြေအနေကို ပိုချုံငုံမြင်နိုင်သည်။ NPC များနှင့် မွန်းစတားများကြား အကြီးမားဆုံးကွာဟချက်က သူတို့စကေး၏ ခွန်အားပင် ဖြစ်သည်။ မဟုတ်လျှင် NPC များက အလွှာတူမွန်းစတားများကို မည်ကဲ့သို့ စိန်ခေါ်နိုင်စွမ်း ရှိမည်နည်း။
စွန့်ပစ်ခံလှိုင်း ခန့်မှန်းသည့်အတိုင်းပင် အလွှာငါးရေခဲမှန်က အလွှာလေးမဟာမှော်ပညာရှင်၏ အသက်ကယ်စကေး ဖြစ်သည်။ ထိုစကေးကို အချိန်တိုအတွင်း ထပ်မံအသုံးပြု၍ မရပေ။ ထို့အပြင် စကေးက သုံးစွဲနိုင်သည့်ကြာချိန် ဆယ်စက္ကန့်သာ ရှိသည်။
ချက်ချင်းပင် ဂါထာထောင်သောင်းချီ မြားများစွာက လန့်စ်လော့ဆီသို့ တိုးဝင်သွားကြ၏။
သို့သော် လန့်စ်လော့က ပစ်မှတ်တစ်ခုဖြစ်ရန် သေးငယ်လွန်းနေသည်။ တိုက်ကွက်တစ်ရာကျော်သာလျှင် NPC ကို တကယ်ထိမိ၏။ တုံ့ပြန်သည့်အနေဖြင့် လန့်စ်လော့က လက်ဆန့်ထုတ်ကာ သူ့ရှေ့ရှိ လေဟာနယ်ကို ရှင်းလင်းပစ်လိုက်တော့သည်။ ရုတ်တရက် အပြာရောင်ဖျော့ဖျော့ဒိုင်းက သူ့နားတစ်ဝိုက်တွင် ပေါ်လာပြီး တလက်လက်တောက်ပပြီး မျက်စိဖမ်းစားနိုင်စွမ်းရှိသော ခုခံမှုကို ထုတ်ဖော်နေတော့သည်။ ဂါထာနှင့် မြားများက မှော်ဒိုင်းနှင့် တွေ့ဆုံသည့်အချိန်တွင် သူတို့က ဖြိုခွဲ၍မရသော ကျောက်တုံးများကို ဝင်တိုက်သည့်ပမာ ဖြစ်နေသည်။ မှော်အရံအတားသည် တိုက်ကွက်တစ်ရာကျော် လက်ခံရရှိပြီးသည့်တိုင် အကောင်းပကတိရှိနေသေး၏။
ပထမဆုံး တိုက်ခိုက်မှုလှိုင်း အဆုံးသတ်သွားသည်အချိန်တွင် လန့်စ်လော့က အလွှာလေးဂါထာ မြေကမ္ဘာခုန်နှုန်းကို ရွတ်ဆိုပြီးသွားသည်။ ဂါထာက ကိုက်သုံးရာအာနိသင် ရှိပေ၏။ ဂါထာထုတ်ဖော်နေစဥ် ကာလအတွင်း သက်ရောက်ခံရသော ဧရိယာထဲရှိ မြေပြင်က တစ်စစီဖြစ်သွားပေမည်။ နေရာ၌ ကစားသမားတစ်ထောင်ကျော် သေဆုံးသွားတော့သည်။ အရှင်အဆင့်အောက် မွန်းစတားများကလည်း အသက်ခံလိုက်ရသည်။
ချက်ချင်းပင် လန့်စ်လော့က သူ၏ လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။ မြေကမ္ဘာခုန်နှုန်း၏ သက်ရောက်မှု ဧရိယာမှ အနက်ရောင်တိမ်တိုက်များက တလူလူတက်လာပြီး လန့်စ်လော့ဆီသို့ ပျော်ဝင်သွားကြသည်။
ထိုအနက်ရောင်မီးခိုးက သတ်ဖြတ်ခံလိုက်ရသော ကစားသမားများ၏ ဝိညာဥ်ပင် ဖြစ်သည်။ ကစားသမားများ၏ အင်မော်တယ်ဝိညာဥ်ထက် မည်သည့်အရာကမှ လန့်စ်လော့ကို ပို အားမဖြည့်ပေးနိုင်ပေ။
လန့်စ်လော့သည် အနက်ရောင်မီးခိုးများကို စုပ်ယူနေစဥ် သူ၏ မျက်နှာထက်၌ သာယာသည့်အကြည့်တို့ ပေါ်လာ၏။ သူ၏ အရှိန်အဝါကလည်း အနည်းငယ် ပိုအားကောင်းလာတော့သည်။
” သူ သူက ဝိညာဥ်တွေကို စုပ်ယူနိုင်တယ်”
စွန့်ပစ်ခံလှိုင်းသည် ထိုရင်းနှီးနေသော မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့်အချိန်၌ မျက်လုံးထဲ၌ အကြောက်တရား ပေါ်လာတော့သည်။
အင်မော်တယ်ဝိညာဥ်က ကစားသမားများအတွက် အလွန်အရေးပါသည်။ ကစားသမားတစ်ဦး၏ အင်မော်တယ်ဝိညာဥ် စုပ်ယူခံလိုက်ရလျှင် ပြစ်ဒဏ်က ရက်အနည်းငယ်ကြာ ဂိမ်းထဲမဝင်နိုင်ခြင်းမှ ထာဝရသေဆုံးသည့် အခြေအနေသို့ ရောက်စေသည်။ နောက်ဆုံးအခြေအနေတွင် အနှိုင်းမဲ့နှင့် တစ်ကိုယ်တော်မြှုပ်နှံရာတို့က စွန့်ပစ်ခံလှိုင်း၏ စကားကိုကြားသည့်အချိန်တွင် သူတို့ကလည်း ဖြူဖျော့သွားကြသည်။
သူတို့က သာမန်ကစားသမားများ မဟုတ်ပေ။ အင်မော်တယ်ဝိညာဥ်ကို သူတို့ အကြမ်းမျဥ်း နားလည်သဘောပေါက်ထား၏။
NPC က လက်ရှိ သူတို့အစည်းအရုံးအဖွဲ့ဝင်များ၏ ဝိညာဥ်ကို စုပ်ယူလိုက်သည့်အချိန်တွင် နောက်ဆက်တွဲက ဆိုးဝါးပေလိမ့်မည်။ ထိုသို့တိုင် အစွမ်းထက်သော ဆွဲငင်အားက သူတို့အား လန့်စ်လော့ဆီသို့ရောက်အောင် ဆက်လက်ဆွဲယူနေသည်။ သူတို့ NPC ထံမှ မလွတ်မြောက်နိုင်ပေ။
” ကြည့်ရတာ သူတို့ကို သဲလွန်စတချို့ ပေးရမယ်နဲ့ တူတယ်”
ရှီဖုန်းက ထိုကစားသမားများ၏ စိတ်ပျက်အားငယ်မှုကို မြင်သောအခါ မရယ်ပဲမနေနိုင်တော့ချေ။ ချက်ချင်းပင် သူက တရားဝင်ဖိုရမ်ပေါ်၌ အမည်မသိစာတစ်စောင်တင်လိုက်ပြီး သူက လန့်စ်လော့၏ အားနည်းချက်ကိုသိကြောင်း ဖော်ပြလိုက်သည်။ သို့သော် အချက်အလက်က မှော်သလင်းတစ်သောင်း ကုန်ကျမှာပဲ ဖြစ်သည်။ သို့သော် သူခေါ်သည့်ဈေးနှုန်းက အနည်းငယ်မြင့်နေပြီး လက်ရွေးစင်ကစားသမားတစ်သောင်းကျော်နှင့် ကျွမ်းကျင်သူများ သူတို့ အင်မော်တယ်ဝိညာဥ်များ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်လျှင် ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာက အချက်အလက်ကို တွေဝေခြင်းမရှိ ဝယ်ကြပေလိမ့်မည်။
လန့်စ်လော့က ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာအဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းက ရှီဖုန်း၏ ပန်းတိုင် မဟုတ်ပေ။
လန့်စ်လော့က ကစားသမားများ၏ ဝိညာဥ်ကို စုပ်ယူခဲ့လျှင် ရှီဖုန်းတောင် NPC ကို ခုခံရာ၌ ကူကယ်ရာမဲ့နေမှာပဲ ဖြစ်သည်။ ထို့အပြင် သူက ကျောက်တောမြို့ကို အမှန်တကယ် ဆုံးရှုံးသွားနိုင်၏။ ယင်းက သူ လိုချင်သည့် ရလဒ်မဟုတ်ပေ။ အကောင်းဆုံးရွေးချယ်မှုက နှစ်ဖက်လုံးကို ထိခိုက်စေမှာပဲ ဖြစ်သည်။
ရေနက်က ထိုမိစ္ဆာမြေနဂါးသုံးကောင်ကို မပိုင်ဆိုင်ထားလျှင် လန့်စ်လော့၏ အားနည်းချက်ကို မျှဝေပေးလျှင် အကျိုးထူးမှာ မဟုတ်ပေ။
အတိတ်တုန်းက လန့်စ်လော့၏ ချိပ်ပိတ်မှုသည် စုစုပေါင်းသုံးကျင်း ဖယ်ရှားခံလိုက်ရသည်။ ပထမဆုံးချိပ်ပိတ်မှု ဖယ်ရှားသည်နှင့်မတူ ဒုတိယအကြိမ် လွတ်မြောက်ပြီးနောက် လန့်စ်လော့ကို ချိပ်ပိတ်ထားသော သလင်းများဖြင့် ပြန်ချုပ်နှောင်ထားရန် မဖြစ်နိုင်ပေ။ သူတို့က လန့်စ်လော့ကို တိုက်ခိုက်ပြီးမှ သူ့ကို ပြန်ချိပ်ပိတ်နိုင်မှာပဲ ဖြစ်သည်။
ကစားသမားများက လန့်စ်လော့ကို ဖိနှိပ်ချင်လျှင် သူတို့က နိုးထခြင်း NPC ကို မျှားထားရန် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု လိုအပ်သည်။ ဒီတော့မှ ကစားသမားများသည် အော့ခ်ဘလစ်နား ချဥ်းကပ်ပြီး မှော်အစီအရင်ကို အသက်သွင်းနိုင်မှာပဲ ဖြစ်သည်။ အသက်သွင်းလိုင်ချိန်တွင် မှော်အစီအရင်က လန့်စ်လော့ကို ဖိနှိပ်ပြီး သူ့ကို ဖြေရှင်းရ ပိုလွယ်ကူသွားစေမည်။
ရုတ်တရက် မိုးသောက်မြူက တစ်ကိုယ်တော်မြှုပ်နှံရာကို ဆက်သွယ်ပြီး မေးလိုက်တော့၏။
” အစည်းအရုံးခေါင်းဆောင် တရားဝင်ဖိုရမ်ပေါ်မှာ NPC နဲ့ ပတ်သတ်ပြီး ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ထားတယ်၊ ဒါပေမဲ့ တစ်ဖက်လူက မှော်သလင်းတစ်သောင်းတောင်းနေတာ၊ ကျွန်မတို့တွေ အချက်အလက်တွေ ဝယ်လိုက်သင့်လား”
” တစ်သောင်းလား၊ သူ ငါတို့ကို ဓားမြပဲ တိုက်လိုက်ပါတော့လား”
တစ်ကိုယ်တော်မြှုပ်နှံရာ ညည်းတွားလိုက်လေ၏။ ကောင်းကင်ဘုံမြှုပ်နှံရာသည် မှော်သလင်းများစွာ ရထားသော်ငြား တစ်သောင်းက အသေးအမွှား မဟုတ်ပေ။ သို့သော် တစ်ကိုယ်တော်မြှုပ်နှံရာ ပြောပြီးသည်နှင့် လန့်စ်လော့က နောက်ထပ်ဂါထာတစ်ခု ရွတ်ဆိုလိုက်တော့သည်။ ထိုဂါထာက ဝိညာဥ်ဓာတ်စွမ်းအားများ ပျော်ဝင်နေလေပြီး မြေကမ္ဘာတုန်နှုန်းထက် အားမလျော့ပေ။ ထို့အပြင် အမှောင်ဆွဲငင်အားကြောင့် ကစားသမားများက NPC နှင့် ပိုနီးကပ်သွားတော့သည်။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့တွေ အချက်အလက် ဝယ်မှာလား”
မိုးသောက်မြူက တန်ဖိုးကြီးမှန်း သိသော်ငြား ရွေးချယ်စရာမရှိပေ။
” ဝယ်လိုက်”
တစ်ကိုယ်တော်မြှုပ်နှံရာက အံ့ကြိတ်လိုက်၏။ လူတစ်ယောက်၏ အင်မော်တယ်ဝိညာဥ် ဆုံးရှုံးခြင်းက အသေးအမွှားမဟုတ်ပေ။ သူက ဤ စွန့်စားမှုကို မလိုချင်ပေ။ စိတ်ထဲ၌မူ သူ့ကိုသူ ကျိန်ဆဲလိုက်၏။ ရောင်းသူက သူ့အထောက်အထားကို မဖော်ပြလျှင် ပိုကောင်းပေမည်။ မဟုတ်လျှင် သူ့ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်။