ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1101 မဟာစစ်ပွဲပြီးနောက် အကျိုးအမြတ်များ
မိစ္ဆာစွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားမှုက ကျောက်တောမြို့အပြင်ဘက်ရှိ တစ်ကိုယ်တော်ကစားသမားများ၏ အာရုံစိုက်မှုကို ရသွားသည်။
” ဘာ မိစ္ဆာစွမ်းအင်တွေက တော်တော်နဲ့ မပျောက်ကွယ်နိုင်ဘူးလို့ သူတို့ပြောတာ မဟုတ်ဘူးလား”
” ငါ ရှာဖွေတွေ့ရှိတဲ့အရာတွေအရ မိစ္ဆာစွမ်းအင်ကို ဖျောက်ဖျက်ဖို့ဆိုရင် အရင်းအမြစ်ကို ထိခိုက်အောင်လုပ်ဖို့ လိုတယ်၊ ဇီးရိုးဝင်းက အရင်းအမြစ်ကို တိတ်တဆိတ်ဖြေရှင်းပြီးတာ များလား”
” မဟုတ်သေးဘူး၊ ဒီတစ်ခေါက် မိစ္ဆာစွမ်းအင်က မဟူရာတောင်ရိုးမြို့ကနေ မြစ်ဖျားခံတာပဲ၊ ဒါပေမဲ့ မဟူရာတောင်ရိုးမြို့က ယခုအချိန်ထိ တူနေတုန်းပဲလေ”
” ဒါဆို ဇီးရိုးဝင်းက ဘယ်လိုလုပ်လိုက်တာလဲ”
လူတိုင်းက ထိုအခြေအနေအကြောင်းကို ဆွေးနွေးနေကြသည်။ ထိုအခြေအနေက ကြယ်လတိုင်းပြည်တစ်လျှောက် ပျံ့နှံသွားတော့၏။
ကြယ်လမြို့ ရေနက်၏ အစည်းအရုံးဂေဟာထဲတွင် ဖြစ်သည်။
” မဖြစ်နိုင်တာ သူတို့က မိစ္ဆာစွမ်းအင်ကို ဘယ်လိုများ ဖြေရှင်းနိုင်ခဲ့တာလဲ”
စွန့်ပစ်ခံလှိုင်းသည် အသက်ပြန်ရှင်လာပြီး မကြာမီ၌ လက်ခံရရှိသော သတင်းကို ဖတ်လိုက်သည့်အချိန်၌ ထအော်လိုက်တော့၏။
” ဇီးရိုးဝင်းက ဒီသတင်းကို အတုလုပ်ထားတာပဲ ဖြစ်ရမယ်၊ မိစ္ဆာစွမ်းအင်ကို ဖယ်ရှားဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျုပ်အာမခံရဲတယ်”
ကျိန်စာများနှင့်မတူဘဲ မိစ္ဆာစွမ်းအင်ကို ရှင်းလင်း၍ မရပေ။ ယင်းက ပျက်စီးစေသော စွမ်းအင်တစ်မျိုးဖြစ်သည်။ ဗိုင်းရပ်စ် ကဲ့သို့ပင် စွမ်းအင်ပုံစံမှ မိစ္ဆာစွမ်းအင်သို့ အလိုအလျောက် အသွင်ပြောင်းသွားတာ ဖြစ်သည်။ အရင်းအမြစ်ကို ထုတ်ပယ်ခြင်းမရှိဘဲ ကျောက်တောမြို့အတွင်း ပျံ့နှံ့နေသော မိစ္ဆာစွမ်းအင်ကို ဖယ်ရှားဖို့က မဖြစ်နိုင်ပေ။ သို့သော် အရင်းအမြစ်ကို ဖယ်ရှားခြင်းက အလုပ်ထက် အပြောက လွယ်ကူပေ၏။ သူတောင် အရင်းအမြစ်၏ နေရာအတိအကျကို မသိပေ။ မဟူရာတောင်ရိုးမြို့ထဲတွင် အမှန်တကယ်တည်ရှိခဲ့ပါက မွန်းစတားများ သိမ်းပိုက်ထားသောမြို့ကို ကစားသမားများ ချဥ်ကပ်နိုင်ဖို့က မဖြစ်နိုင်ပေ။ ထို့အပြင် မိစ္ဆာစွမ်းအင်က ကစားသမားများကို ထိခိုက်စေ၏။ ကစားသမားများသည် မိစ္ဆာစွမ်းအင်အတွင်း အချိန်ကြာမြင့်စွာ နေထိုင်ခဲ့လျှင် သူတို့က ကူးစက်ခံရပြီး အားနည်းသည့်အခြေအနေသို့ ကျရောက်သွားပေမည်။ ကစားသမားများက မိစ္ဆာစွမ်းအင်ထဲ နေတာကြာလွန်းပါက မွန်းစတားများအဖြစ်ပါ ပြောင်းလဲသွားနိုင်၏။ ထိုသို့ ဖြစ်လာခဲ့လျှင် အချိန်အတိုင်းအတာတစ်ခုအထိ နတ်ဘုရားနယ်မြေထဲ မဝင်နိုင်ဖြစ်ပေမည်။ ထိုသို့သော ပြင်းထန်သည့်နောက်ဆက်တွဲများကြောင့် မဟူရာတောင်ရိုးမြို့ထဲရှိ မွန်းစတားများကို ရှင်းလင်းဖို့က အင်မတန်ခက်ခဲနေတာ ဖြစ်သည်။
ထို့ကြောင့် ဇီးရိုးဝင်းသည် ကျောက်တောမြို့ထဲ၌ ပျံ့နှံ့နေသော မိစ္ဆာစွမ်းအင်ကို ဖယ်ရှားနိုင်စွမ်းမရှိဟု သူ ယုံကြည်နေတာပဲ ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေက ဇီးရိုးဝင်းသည် သတင်းအတုများ ထုတ်နေတာပဲ ဖြစ်၏။ ဆိုရလျှင် ဇီးရိုးဝင်းသည် သူတည်ဆောက်ခဲ့သော တိုက်ပွဲပြိုင်ကွင်း၌ အဖွဲ့ဝင်များစွာ စာရင်းသွင်းမှု ရရှိထားပြီး အဖွဲ့ဝင်လေးများစွာလည်း စုဆောင်းနိုင်ခဲ့သည်။ တိုက်ပွဲပြိုင်ကွင်း ပြီးဆုံးသွားလျှင် ထိုအဖွဲ့ဝင်များက သူတို့ဆုံးရှုံးမှုအတွက် လျော်ကြေးတောင်းရန် ပြဿနာရှာကြပေလိမ့်မည်။ ထိုကြောင့် သတင်းအတုလုပ်ရခြင်း၏ အကြောင်းအရင်းက ထိုအဖွဲ့ဝင်များအတွက် ပြုလုပ်ခြင်းဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
” အစည်းအရုံးခေါင်းဆောင် အဲဒါ အမှန်ပါပဲ၊ ဇီးရိုးဝင်းထဲက ကျွန်မတို့ သူလျှိုက ထိုအချက်ကို အတည်ပြုပြီးပြီ၊ ကျောက်တောမြို့ထဲ မိစ္ဆာစွမ်းအင်တွေက တဖြည်းဖြည်းပျောက်ကွယ်နေတာ၊ ဒီနှုန်းနဲ့ဆိုရင် ငါးရက်မပြည့်မီ ကျောက်တောမြို့ထဲက မိစ္ဆာစွမ်းအင်တွေအားလုံး အပြည့်အဝ ပျောက်ကွယ်သွားလိမ့်မယ်၊ အဲဒီအချိန်ကြရင် ကျောက်တောမြို့က သူ့ လုပ်ဆောင်ချက်ကို ပြန်စနိုင်ပြီ”
ချင်မုယွင်က ပြောပြီး နောက်ထပ်စာရွက်စာတန်းတစ်ခုကို ထုတ်နေစဥ် မျက်နှာက ရုပ်ဆိုးသော အမူအရာ ပေါ်လာလေ၏။
ရေနက်အစည်းအရုံးသည် လက်ရွေးစင်အဖွဲ့ဝင်များစွာ ဆုံးရှုံးသွားရုံသာမက ကြယ်လတိုင်းပြည်အတွင်းရှိ အစည်းအရုံး၏ ဂုဏ်သတင်းကလည်း အောက်ခြေအထိ ကျသွားတော့သည်။ အဖွဲ့ဝင်များစွာကလည်း အစည်းအရုံးထဲမှ နုတ်ထွက်နေလေ၏။ သူတို့၏ ယခင်အခြေအနေကို ပြန်ရောက်ရန်အတွက် အချိန်အတော်ကြာ ကုစားရမည့်ပုံ ပေါ်သည်။
မူလက ဇီးရိုးဝင်းသည် ကျောက်တောမြို့ကို ဆုံးရှုံးထားရပြီဖြစ်ကာ ရေနက်က ဇီးရိုးဝင်းကို ကျော်တက်ရန်အတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပေလိမ့်မည်။ သို့သော် ကျောက်တောမြို့က အကောင်းပကတိရှိနေပြီး ရေနက်က ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျော်တက်နိုင်ပါမလားဟူသည်က အမေးတစ်ခု ဖြစ်လာတော့သည်။
ယင်းက ရေနက်ကော်ပိုရေးရှင်း၏ အထက်အရာရှိများ မြင်ချင်သောရလဒ် မဟုတ်ပေ။
” ဒါမျိုးဖြစ်မှာ မဟုတ်ဘူး၊ ဒီလောကထဲမှာ ကျောက်တောမြို့ကို ဆက်ရှိနေခွင့်ပေးမှာ မဟုတ်ဘူး”
စွန့်ပစ်ခံလှိုင်းသည် အမှန်တရားကို လက်မခံလိုသော်ငြား အချက်အလက်က သူ့ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူချက်ချင်း လှုပ်ရှားရန် လိုအပ်၏။
” အဲဒီလူကို ချက်ချင်းအကြောင်းကြား၊ သူလိုတဲ့ ကစားသမားတွေ ထောက်ပံ့ပေးမယ်လို့ ပြောလိုက်၊ ဒါပေမဲ့ ငါ့အတွက် သူ့ရဲ့ မွန်းစတားတပ်ဖွဲ့ ကျောက်တောမြို့ထဲ ဝင်ပြီး ဖျက်ဆီးတာ မြင်ချင်တယ်”
ချင်မုယွင်က ထိုစကားများကြောင့် မျက်မှောင်ကြုတ်မိသွားသည်။
စွန့်ပစ်ခံလှိုင်းသည် ဤအခြေအနေထိရောက်အောင် သူ၏ စိတ် လွတ်သွားလိမ့်မည်ဟု သူမ မထင်ထားပေ။
ထိုမွန်းစတားများကို ပျိုးထောင်ခြင်းက မလွယ်ကူပေ။ သူတို့ စတေးလိုက်သည့် ကစားသမားများသည် နတ်ဘုရားနယ်မြေထဲသို့ အချိန်အတော်ကြာ ဝင်နိုင်တော့မှာ မဟုတ်ပေ။ ဤစစ်ပွဲကနေ ရေနက်၏ လက်ရွေးစင်ကစားသမားများနှင့် ကျွမ်းကျင်ကစားသမားများ ဆုံးရှုံးသွား၏။ သူတို့ကို ထပ်စတေးရမည်ဆိုလျှင်
” မင်း ဒီမှာ ဘာလို့ ရပ်နေသေးတာလဲ”
စွန့်ပစ်ခံလှိုင်းက ချင်မုယွင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။
” အခုအချိန်မှာ ငါက အစည်းအရုံးခေါင်းဆောင်တစ်ယောက် ဖြစ်နေတုန်းဆိုတာ မမေ့လိုက်နဲ့”
အခြေအနေကို ကူကယ်ရာမဲ့နေလေရာ ချင်မုယွင်က ရွေးချယ်စရာမရှိတော့ဘဲ ပတ်တီးဖြင့်လူကို ဆက်သွယ်လိုက်တော့သည်။
” ဘလက်ဖလိမ်း မင်းစောင့်နေစမ်းပါ၊ ဒီတစ်ခေါက် မင်း တန်ကြေးကြီးကြီးမားမား ပေးရအောင် လုပ်မယ်”
စွန့်ပစ်ခံလှိုင်းက ပြတင်းပေါက်ကိုကြည့်ပြီး ကျောက်တောမြို့၏ အရပ်မျက်နှာဆီသို့ ကြည့်လျက် အေးစက်စက် ရယ်မောလိုက်တော့သည်။ ကျောတောမြို့အတွင်း၌ ဇီးရိုးဝင်းသည် စစ်မြေပြင်ကို စတင် သန့်ရှင်းနေပြီ ဖြစ်၏။ ဤစစ်ပွဲက အတော်ပြင်းထန်သည်ဟု သတ်မှတ်၍ ရသည်။ ကျောက်တောမြို့၏ အဆောက်အဦးတစ်ဝက်ကျော်က ပျက်စီးသွား၏။ အစည်းအရုံးဂေဟာက ပြန်ပြင်၍မရအောင် ပျက်စီးသွားပြီး အမှောင်ပြိုင်ကွင်းတောင် အနည်းအကျင်းထိခိုက်သွားပြီး ပြန်ပြင်ရန် ပိုက်ဆံကုန်ပေအုံးမည်။ သို့သော် သူတို့ ရရှိထားသည့် အကျိုးအမြတ်က ဆုံးရှုံးမှုထက် ပိုသည်။
မွန်းစတားအကောင်ရေနှစ်သိန်းတပ်ဖွဲ့က မည်သည့်လက်နက်၊ ချပ်ဝတ်တန်ဆာမှ မကျသော်ငြား သူတို့က မွန်းစတားပစ္စည်းများစွာ ကျလာခဲ့သည်။ အရှင်အဆင့်မွန်းစတားများမှ ကျလာသည်များက လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ပြုလုပ်ရန် အသုံးပြုနိုင်သည့် ရှားပါသော ကုန်ကြမ်းများဖြစ်သည်။ ထို့အပြင် မျိုးနွယ်စုအကြီးအကဲအဆင့်နှင့် ထိုအထက်ရှိ မွန်းစတားများက မိစ္ဆာစွမ်းအင်သလင်းဟုခေါ်သော မီးခိုးရောင်သလင်းတစ်မျိုး ကျနိုင်ခြေရှိသည်။
သာမန်ကစားသမားများအဖို့ ထိုအိုင်တမ်များသည် အမှိုက်သာဖြစ်ပြီး သူတို့က NPC ကုန်သည်များဆီသာ ရောင်းချမှာ ဖြစ်သည်။ သို့သော် ရှီဖုန်းက မိစ္ဆာစွမ်းအင်သလင်း၏ အမှန်တကယ်အသုံးပြုပုံကို သိထား၏။ ယင်းက အတိတ်တွင် ပန်းပဲပညာရှင်တစ်ဦး ရှာဖွေတွေ့ရှိခဲ့သည့် အရာတစ်ခု ဖြစ်သည်။
မိစ္ဆာစွမ်းအင်သလင်း သို့မဟုတ် မှော်သလင်းကို မှော်လက်နက်များ၊ ချပ်ဝတ်တန်ဆာ သွန်းလုပ်နေစဥ်အတောအတွင်း ထည့်ခဲ့လျှင် ထိုသလင်းများက အိုင်တမ်ပေါ်ရှိ မှော်ပုံသဏ္ဍာန်များကို ထုတ်လုပ်ရာတွင် တိုးတက်မှုဖြစ်စေ၏။ သို့သော် အာနိသင်တိုးတက်မှုက ကြုံရာကျပန်းဖြစ်သည်။ တိုးမြင့်မှုသည် အိုင်တမ်၏ အခြေခံအရည်အချင်း၊ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအား သို့မဟုတ် ခုခံမှု သို့မဟုတ် ပုန်းကွယ်အရည်အချင်းများ၊ ထပ်တိုးစကေးများတောင် ဖြစ်နိုင်၏။ ထို့ကြောင့် မိစ္ဆာစွမ်းအင်သလင်းသည် အတိတ်တုန်းက ပန်းပဲသမားများ လိုချင်ကြသည့် အရာများဖြစ်သည်။
ရှီဖုန်း၏ ယခင်ဘဝ၌ မဟူရွှေလက်နက်ကို မိစ္ဆာစွမ်းအင်သလင်းသုံးပြီး ထုတ်လုပ်ခဲ့သည့်အခါ အံ့ဖွယ်လက်နက်နှင့် ယှဥ်နိုင်လုနီးပါးရှိသော အရည်အချင်းကို ရလာခဲ့သည်။ အံ့ဖွယ်လက်နက်များနှင့် ယှဥ်လျှင် မဟူရာရွှေလက်နက်များက ထုတ်လုပ်ရပိုလွယ်ကူပေ၏။ ထို့ကြောင့် အတိတ်တွင် မိစ္ဆာစွမ်းအင်သလင်းတစ်ခုကို ရွှေပြားဆယ်ပြားဖြင့် အလွယ်တကူရောင်းချနိုင်၏။ ထိုနှုန်းဖြင့်တောင် တစ်ခုရရန် ခက်ခဲနေ၏။ အကြောင်းမှာ ဂိမ်း၏ အလယ်အဆင့်ရောက်ပြီးနောက် ကစားသမားများစွာသည် မွန်းစတားများထံမှ လက်နက်များ၊ ချပ်ဝတ်တန်ဆာများ မရတော့သောကြောင့် ဖြစ်သည်။ ထိုအစား သူတို့သည် ပန်းပဲသမားများက သူတို့အတွက် ထွင်းထုပေးထားသော အိုင်တမ်များသာ အသုံးပြုနိုင်ပြီး ကစားသမားများက လက်နက်များနှင့် ချပ်ဝတ်တန်ဆာများက သန်မာစေရန်သာ မျှော်လင့်နေကြသည်။ နောက်ပိုင်းတွင် ကစားသမားများက မိစ္ဆာနတ်ဘုရားဘုရားကျောင်းရှိသည့် တိုင်းပြည်သို့ သွားရတော့၏။
ကျောက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်သော မွန်းစတားများထဲတွင် အများစုက မျိုးနွယ်အကြီးအကဲနှင့် အထက်ဖြစ်ကြသည်။ ရလဒ်အနေဖြင့် ဇီးရိုးဝင်းက အကျိုးအမြတ်များစွာရလာပြီး မိစ္ဆာစွမ်းအင်သလင်း (၂၄၂၈) ရလာခဲ့သည်။ အနည်းဆုံးတော့ ယင်းက ရွှေပြား (၂၄၄၈၀) တန်သည်။ မွန်းစတားများကျသည့် ကျန်သည့်အိုင်တမ်များပါ ထည့်ပေါင်းလိုက်လျှင် သူတို့က ကျောက်တောမြို့ ပြန်ပြင်ဆင်နိုင်ရန်အတွက် လုံလောက်တာထက် ပိုရခဲ့ပြီ ဖြစ်သည်။ စစ်ပွဲထဲတွင် ဇီးရိုးဝင်းအဖွဲ့ဝင်များ ဆုံးရှုံးသွားခဲ့သော လက်နက်များ၊ ချပ်ဝတ်တန်ဆာများကို ထည့်တွက်ပြီးသည့်တိုင် ရေနက်နဲ့ ကောင်းကင်ဘုံမြှပ်နှံရာနှင့် ပန်သီအွန်တို့ တပ်ဖွဲ့ပေါင်းစည်းထားခြင်းမှ လက်နက်နှင့်ချပ်ဝတ်တန်ဆာ (၁၁၄၆၃၃) ရခဲ့သည်။ အနိမ့်ဆုံးအိုင်တမ်က အဆင့် (၃၅) ကြေးနီချပ်ဝတ်တန်ဆာဖြစ်ပြီး အဆင့် (၄၀) မဟူရာရွှေချပ်ဝတ်တန်ဆာများတောင် ရောနေလေ၏။
လျော်ကြေးနှင့် အစည်းအရုံးအဖွဲ့ဝင်များဆီ ဆုပေးပြီးသည့်တိုင် ပမာဏများစွာ ကျန်နေသေးသည်။
ရှီဖုန်းက ရေနှင်းဆီနှင့် ဂျမ်းတဲလ်စနိုးတို့ သူ့အား ပေးခဲ့သည် ကိန်းဂဏန်းတင်ပြချက်ကို ဖတ်ကြည့်ပြီး သူက အတော်ကြာမှင်တက်နေတော့သည်။
သူသည် အတိတ်တုန်းက စစ်ပွဲကြီးများစွာကို ကြုံတွေ့ခဲ့ဖူးသော်ငြား မည်သည့်စစ်ပွဲကမှ ထိုစစ်ပွဲလောက် အကျိုးအမြတ်မများပေ။
” အစည်းအရုံးခေါင်းဆောင်၊ လျှို့ဝှက်မျှော်စင်က လူက ခေါင်းဆောင်ကို တွေ့ချင်နေပါတယ်”