ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1106 အဆင့်မြင့်ပို့ဆောင်ရေးလှည်း
” ထပ်တိုး ရွှေပြားနှစ်သောင်းလား”
ယွမ်ထျယ်ရှင်းက အတွေးနက်သွားတော့သည်။
” ကောင်းပြီလေ၊ ဒါပေမဲ့ ပေးချေပြီးတာနဲ့ မှော်မျှော်စင်တည်ဆောက်မှုကို စတင်ဖို့ လိုအပ်တယ်”
မြို့လေးများ၏ မြေနေရာနှစ်ဆယ်နှင့် ရွှေပြားနှစ်သောင်းက အဓိကမြို့ကြီးများထဲရှိ အလားအလာမြင့်မားသော မြေနေရာငါးနေရာထက် ဈေးပိုများသော်ငြား မြေနေရာငါးနေရာ၏ တန်ကြေးက တိုးလာမှာပဲ ဖြစ်သည်။
“အဆင်ပြေတယ်၊ မြေနေရာနှစ်ဆယ်ရဲ့ စာချုပ်နဲ့ ရွှေပြားနှစ်သောင်းရလာတဲ့အချိန် မြို့တည်ဆောက်မှုကို စကြမယ်”
ရှီဖုန်းက ယွမ်ထျယ်ရှင်း သူ၏ တောင်းဆိုချက်ကို မြန်မြန်သဘောတူလိမ့်မည်ဟု မထင်ထားချေ။ ထိုမြေနေရာများကို ရရှိရန်က စူပါအစည်းအရုံးတစ်ခုအတွက် လွယ်ကူသည့်တာဝန် ဖြစ်သော်ငြား ရွှေပြားနှစ်သောင်း စုဆောင်းရန်ကမူ မလွယ်ပေ။ အလွယ်တကူသဘောတူနိုင်ခဲ့သည့် ယွမ်ထျယ်ရှင်း၏ အရည်အချင်းက လျှို့ဝှက်မျှော်စင်အဖို့ ရွှေပြားနှစ်သောင်းက ဘာမှမဟုတ်ကြောင်း ပြသနေသည်။ ယင်းက ရှီဖုန်းကို အနည်းငယ်နောင်တရသွားစေ၏။ သူသာသိခဲ့လျှင် ရွှေပြားသုံးသောင်းလောက် တောင်းမှာပဲ ဖြစ်သည်။ ဆိုရလျှင် စူပါအစည်းအရုံးကြီးများက သူ၏ ရင်းနှီးမြှုပ်နှံမှုထဲ ရွှေပြားနှစ်သောင်းထည့်ပေါင်းမှာ သံသယဖြစ်ဖွယ် မရှိပေ။ ခုခံခြင်းအမြောက်တစ်ခုကို ရွှေပြားခုနှစ်ထောင် ကျသင့်နေပြီဖြစ်ရာ ဘဝပုံစံ ပညာရှင်ကစားသမားတစ်ဦး တည်ဆောက်သည့် မှော်မျှော်စင်က တန်ကြေးတူမှာပဲ ဖြစ်သည်။ အစည်းအရုံးတစ်ခုက မြို့တစ်မြို့ကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် အနည်းဆုံးခုခံခြင်းအမြောက်လေးခု လိုအပ်သည်။ ကံဆိုးသည်မှာ ခုခံခြင်းအမြောက်လေးခုက မှော်မျှော်စင်တစ်ခုကဲ့သို့ စွမ်းဆောင်ရည်မကောင်းပေ။
ပြီးနောက် ရှီဖုန်းနှင့် ယွမ်ထျယ်ရှင်းတို့က သဘောတူစာချုပ် ရေးထိုးလိုက်ကြ၏။ လျှို့ဝှက်မျှော်စင်သည် နှစ်ရက်အတွင်း အလုပ်ပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်သည်။ အချိန်ရောက်လျှင် ဇီးရိုးဝင်းက ရေခဲသလင်းမြို့ထဲ၌ မှော်မျှော်စင်တစ်ခု တည်ဆောက်ပေးရန် လိုအပ်သည်။ ရှီဖုန်းသည် ရေခဲသလင်းမြို့၏ အမည်ကို မြင်တွေ့သည့်အချိန်၌ အံ့သြသွားတော့၏။
လျှို့ဝှက်မျှော်စင်က ထိုမြို့ကို သိမ်းပိုက်ထားပြီး ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိပေ။
ရေခဲသလင်းမြို့က မီးတောင်ပံအင်ပါယာ၏ အနောက်တောင်ဘက်ဒေသတွင်ရှိသော နယ်စပ်မြို့တစ်မြို့ ဖြစ်သည်။ သူတို့ကို ယခင်က အမှောင်အင်အားစု ပိုင်ဆိုင်တာဖြစ်ပြီး မြို့၏ အဓိက NPC များက အလွှာနှစ် ဖြစ်သည်။ မြို့ထဲတွင် အလွှာသုံး NPC များတောင် ရှိပေ၏။ မီးတောင်ပံအင်ပါယာကတောင် မြို့ကို ဆန့်ကျင်ရာတွင် ဂရုတစိုက် ပြင်ဆင်ရသည်။ သို့သော် ထိုမြို့က ထိုဧရိယာရှိ အမှောင်ဧရိယာများကို နင်ထုတ်ပစ်ရန် လက်လျော့ထားရသည့် အကြောင်းအရင်းရှိသည်။ ကစားသမားများအဖို့ မြို့ကို စီးနင်းတိုက်ခိုက်ရန် မည်မျှခက်ခဲမည်ဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
ရေခဲသလင်းမြို့က ပုံမှန်ဟု ထင်ရသော်ငြား သူသည် ဆည်းဆာတောင်တန်းဒေသမြေပုံနှင့် အနီးဆုံး မြို့တစ်မြို့ဖြစ်သည်။
ဘက်မလိုက်သော မြေပြင်တစ်ခုအနေဖြင့် ဆည်းဆာတောင်တန်းဒေသက မည်သည့်တိုင်းပြည် အင်ပါယာများ၏ လွှမ်းမိုးမှုအောက်တွင် မရှိပေ။ မြေပုံက တိုင်းပြည်တစ်ခု၏ အရွယ်အစားတစ်ဝက်နီးပါး ရှိသည်။ မြေပုံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည် တိုင်းပြည်များ၊ အင်ပါယာများ မရှိလေရာ အမျိုးမျိုးသော တိုင်းပြည်များနှင့် အင်ပါယာမျာထက် အရင်းအမြစ်ပိုကြွယ်ဝသည်။
ထို့အပြင် ထိုမြေပုံအတွင်း၌ လူမျိုးနွယ်စုများစွာ နေထိုင်သည်။ တိုင်းပြည်များ အင်ပါယာများထဲတွင် တွေ့ကြုံနေကြ ကန့်သတ်ချက်များ မရှိပဲ အမှောင်အင်အားစုများစွာက မြေပုံထဲ၌ မကြာခဏ လှုပ်ရှားကြသည်။ ကစားသမားများက တိုင်းပြည်များနှင့် အင်ပါယာများထဲတွင် မရနိုင်သော အိုင်တမ်များကိုလည်း ထိုနေရာတွင် ရှာဖွေနိုင်၏။ ဝမ်းနည်းဖွယ်ကောင်းသည်က ကစားသမားများသည် ထိုနေရာသို့ ပို့ဆောင်ဆက်သွယ်ရေးဖြင့် မသွားနိုင်ပေ။ သူတို့က ကိုယ်ပိုင်စွမ်းအားဖြင့်သာ ဤနေရာသို့ ခရီးနှင်နိုင်သည်။
ကစားသမားများကြား ရေခဲသလင်းမြို့၏ ကျော်ကြားမှုက မြို့ကိုသာ တစ်စုံတစ်ယောက်ရသွားခဲ့လျှင် ကျောက်တောမြို့ကို ကျော်လွန်မည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ဆည်းဆာတောင်တန်းဒေသကို ချဲ့ထွင်ခြင်းက အစည်းအရုံးတစ်ခုအတွက် အဆင်ပြေသည်ဟု သတ်မှတ်၍ရသည်။
” လျှို့ဝှက်မျှော်စင်ဆိုတာ ထင်တဲ့အတိုင်းပဲ၊ ဂိမ်းရဲ့ အစောပိုင်းမှာ ရေခဲသလင်းမြို့ကို ရအောင်ယူထားနိုင်တယ်”
ရှီဖုန်းက အားကျသွားတော့သည်။ မီးတောင်ပံအင်ပါယာ၏ ကစားသမားလူဦးရေက ကြယ်လတိုင်းပြည်ထက် အဆပေါင်းများစွာ သာသည်။ က၀ားသမားများအတွက် ကျောက်တောမြို့၏ တစ်ခုတည်းသော အာရုံစိုက်ရာက ကျောက်လက်သည်းတောင်တန်း ဖြစ်သည်။ သို့သော် ဒေသမြေအောက်စခန်းက အဆင့် (၅၀) အကန့်အသတ်ရှိသည်။ ကစားသမားများက ထိုအကန့်အသတ်ကို ကျော်လွန်သည်နှင့် မြို့က သူ၏ အားသာချက် ဆုံးရှုံးသွားမှာ ဖြစ်သည်။ တစ်ဖက်တွင်မူ ဆည်းဆာတောင်တန်းဒေသ၏ အကန့်အသက်က အဆင့် (၅၀) မှ အဆင့် (၁၂၀) ကြားဖြစ်သည်။ ရေခဲသလင်းမြို့က မီးတောင်ပံအင်ပါယာထဲ၌ အချိန်အတော်ကြာ ကျော်ကြားနေမှာ ဖြစ်ပြီး မှော်မျှော်စင်တစ်ခုကို မြို့ထဲ၌ တည်ဆောက်ခဲ့လျှင် ကျောက်တောမြို့ထက် လူ သုံးဆမှ ငါးဆ အလွယ်တကူ ပိုရနိုင်၏။ သို့သော် ရှီဖုန်းက အနည်းငယ်သာ တွေးလိုက်၏။
ဇီးရိုးဝင်းသည် ယခုအချိန်တွင် မှန်ကန်သည့်လမ်းကြောင်းကို စတင်ခါစဖြစ်ပြီး လျှို့ဝှက်မျှော်စင်ကဲ့သို့ ကောင်းမွန်စွာတည်ဆောက်ထားသော အစည်းအရုံးကြီးတစ်ခုနှင့် မည်ကဲ့သို့ယှဥ်နိုင်စွမ်း ရှိမည်နည်း။
ထို့အပြင် ဤအရောင်းအဝယ်ကနေ သူက အမြတ်ရပြီးပြီ ဖြစ်သည်။ အကျိုးအမြတ်ကို ချက်ချင်းမမြင်တွေ့ရရုံသာ ရှိ၏။ သူ၏ သင်္ဘောကျင်းကို စီးပွားရေးအတွက် တရားဝင်ဖွင့်လစ်ပြီးသည်နှင့် မြေနေရာနှစ်ဆယ်က သူတို့၏ တန်ဖိုးအစစ်အမှန်ကို ပြသလာမှာ ဖြစ်သည်။
ထိုမြို့လေးများရှိ အဆင့်မြင့်မြေပုံများက ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးပေ။ ရှားပါးသောသစ်သားဖြင့် တည်ဆောက်ထားသောလှေ၏ အကျိုးအမြတ်ကိုလည်း မည်သူမှ သတိမပြုမိသေးချေ။ ယခု စိန်သစ်သားများစွာ ဝယ်ယူရမည် ပြီးပြည့်စုံသောအချိန် ဖြစ်သည်။ ဘဝပုံစံကစားသမားများ လုံလောက်အောင် လေ့ကျင့်ပြီးသည်နှင့် သူသည် လှေများစွာ ထုတ်လုပ်နိုင်ရန်အတွက် စိန်သစ်သားများ လုံလောက်အောင်စုဆောင်းထားပြီးပြီ ဖြစ်နေမှာပင်။ ပြီးနောက် ရှီဖုန်းက ယွမ်ထျယ်ရှင်းနှင့် ခရမ်းရောင်ကျောက်စိမ်းတို့ကို နှုတ်ဆက်လိုက်တော့၏။
မြစ်ဖြူမြို့၏ ပို့ဆောင်ရေးခန်းမထဲတွင် ဖြစ်သည်။
တစ်ကိုယ်တော်ကစားသမားများစွာက မြစ်ဖြူမြို့သို့ ကူးပြောင်းလာနေသည်။ သူတို့ထဲတွင် အများစုက ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာအကြောင်း ချက်ချင်းစုံစမ်းကြပြီး သူတို့အားလုံးက နာမည်ကြီးနေသော အစည်းအရုံးသို့ ဝင်လိုစိတ်ရှိကြသည်။
” အစ်မကြီးမိုး၊ မြစ်ဖြူမြို့က တကယ်ကြီးလား”
အနက်ရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားသည့် ဘလူးဖီးနစ်က ပတ်ဝန်းကျင်ကို လေ့လာပြီး မေးလိုက်တော့သည်။
ပို့ဆောင်ရေးခန်းမနား၌ လက်ရွေးစင်ကစားသမားများ လှည့်လည်သွားလာနေသည်။ အစည်းအရုံးကြီးများစွာ၏ အဖွဲ့ဝင်များလည်း ရှိသည်။ သူတို့ထဲတွင် အဆင့် (၃၉) နှင့် အဆင့် (၄၀) ကျွမ်းကျင်သူများလည်း မချို့တဲ့ပေ။ ပို့ဆောင်ရေးခန်းမ အပြင်ဘက်၌ ကစားသမားများစွာက သူတို့၏ ကုန်ပစ္စည်းများကို ပြသထားပြီး သူတို့အိုင်တမ်များက အံ့သြဖွယ်ကောင်းနေ၏။
” အဆင့် (၃၅) လျှို့ဝှက်ငွေ ရင်ကာသံချပ်ကာအပိုင်းအစတစ်ခု ရောင်းနေပါပြီ၊ စိတ်ဝင်စားရင် လာရှာလို့ ရပါတယ်”
” အဆင့် (၄၀) ဆန်းကြယ်သံမဏိ လက်နက်တစ်ခု ရောင်းချနေပါပြီ၊ ငွေပေးချေမှုအတွက် မှော်သလင်းတစ်မျိုးပဲ လက်ခံပါတယ်”
ကစားသမားများ လမ်းပေါ်တွင် လက်နက်များ ချပ်ဝတ်တန်ဆာများ ရောင်းချနေတာကို ကြည့်ပြီး ဘလူးဖီးနစ်သည် သူတို့ နေရာမှား၍ ရောင်လာသည်လာဟု တွေးမိလာသည်။
ဂိမ်း၏ ဤအဆင့်တွင် အဆင့် (၃၅) လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာနှင့် အဆင့် (၄၀) ဆန်းကြယ်သံမဏိလက်နက်တို့က အရည်အသွေးမြင့်မားသော အိုင်တမ်ဟူ၍ သတ်မှတ်၍ ရသည်။ အင်ပါယာထဲတွင်တောင် အနည်းစုသော ကစားသမားများသာ ထိုအိုင်တမ်များကို ရောင်းချ၏။ ထိုသို့တိုင် မြစ်ဖြူမြို့ထဲရှိ ကစားသမားများစွာက ရောင်းချနေသည်။ ယင်းက မယုံနိုင်စရာ ကောင်းလှပေ၏။
ယခုအချိန်တွင် အမျိုးမျိုးသော စွန့်စားသူအဖွဲ့များက အထိတ်လန့်ဆုံး ဖြစ်နေလေ၏။ စွန့်စားသူအဖွဲ့များသည် အမြွှာမျှော်စင်တိုင်းပြည်ဆီသို့ ဦးတည်သွားရန် အဖွဲ့ဝင်များ စုဆောင်းနေတာပဲ ဖြစ်သည်။ ထိုအဖွဲ့များသို့ဝင်ရန် အနိမ့်ဆုံးလိုအပ်ချက်က အဆင့် (၃၉) နှင့် အဆင့် (၃၅) လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာ အစုံအပြည့်အဝ ဖြစ်သည်။ လျှောက်လိုသူများကလည်း မှော်မျှော်စင်၏ စတုတ္ထအလွှာသို့ ရောက်နိုင်သည့် အရည်အချင်းရှိရမည်။ ထိုလိုအပ်ချက်များနှင့် ပြည့်မီသည့် ကစားသမားများကို အစည်းအရုံးကြီးများ၌ ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ထားသည်။ ဖီးနစ်မိုးကလည်း အံ့သြနေလေ၏။ ကြယ်လမြို့ထဲတွင်တောင် ထိုကဲ့သို့ စည်ကားနေတာကို သူမ မမြင်ဖူးပေ။
သူမသည် တိုင်းပြည်တစ်ပြည်၏ မြို့တော်ကို ကျော်လွန်နိုင်သည့် အဓိကမြို့ကြီးများထဲမှတစ်မြို့ကို မြင်ဖူးကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ပို့ဆောင်ရေးခန်းမထဲမှ ထွက်လာပြီးနောက် ဖီးနစ်မိုးက လမ်းပေါ်တွင် သွားလာနေသော အဆင့်မြင့်မြင်းလှည်းများစွာကိုလည်း သတိပြုမိလိုက်၏။ ငှားရမ်းရန်က မလွယ်ပေ။ ထို့ကြောင့် ကစားသမားများစွာက သူတို့ကိုယ်ပိုင်အတွက်သာ တိုက်ခိုက်နေကြသည်။
” ယွမ်ထျယ်ရှင်းက ဒီကို ဘာကြောင့်ရောက်နေတာလဲ”
ဖီးနစ်မိုးသည် အဆင့်မြင့်မြင်းလှည်းပေါ်သို့တက်ပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီသို့ သွားရမည့်အချိန်တွင် ပို့ဆောင်ရေးခန်းမ၏ ဝင်ပေါက်ရှေ့၌ ရပ်နေသော ထိပ်တန်းစီးတော်ယာဥ်နှစ်စီးပေါ်ရှိ ကစားသမားနှစ်ဦးကို သတိပြုမိလိုက်သည်။ ခေါင်းစွပ်နက်ဝတ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ခေါင်းစွပ်နက်များက သူတို့၏ ID နှင့် အဆင့်ကို အခြားသူများမတွေ့အောင် ဟန့်တားထားနိုင်သော်ငြား ထိုလူနှစ်ဦးက ရုပ်ရည်သွင်ပြင်ကို မဖုံးကွယ်ထားလေရာ သူတို့ကို အလွယ်တကူ မှတ်မိနိုင်၏။ အထူးသဖြင့် ဖီးနစ်မိုးအတွက် ဖြစ်သည်။
ဖီးနစ်မိုးသည် ပို့ဆောင်ရေးခန်းမထဲသို့ အလောတကြီးဝင်သွားတာကို မြင်တွေ့သည့်အချိန်၌ သူ၏ အမူအရာ ပြောင်းလဲသွားတော့သည်။
ယွမ်ထျယ်ရှင်းက လျှို့ဝှက်မျှော်စင်၏ အထက်အရာရှိများထဲမှ တစ်ဦးဖြစ်သည်။ သူက အစည်းအရုံးခေါင်းဆောင်၏ လက်ရုံးများထဲမှ တစ်ဦးဖြစ်သည်။ သူနှင့် လူကိုယ်တိုင် တွေ့ချင်လျှင် အဆင့်ဆင့်သွားရ၏။ ယွမ်ထျယ်ရှင်း၏ အာရုံစိုက်မှုကို ရနိုင်သော အကြောင်းအရာက ဇီးရိုးဝင်း ဖြစ်သည်ဟု သူမ တွေးမိသည်။
” ဇီးရိုးဝင်းမှာ လျှို့ဝှက်ချက်တွေများ ဘယ်လောက်များနေမလဲ”
ဖီးနစ်မိုးက ခါးသီးစွာ ပြုံးလိုက်မိတော့၏။
ဖီးနစ်မိုးသည် အတွေးများကို ဖယ်ရှားလျက် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီသို့ သွားလိုက်တော့သည်။
ယွမ်ထျယ်ရှင်း ထွက်သွားပြီး မကြာမီ၌ သူက ရှီဖုန်းနှင့် တွေ့ရန် လွမ်းဆွေးခြင်းအပြုံးကို ခေါ်လိုက်တော့သည်။
လန်စ်လော့ကျလာသည့် ဒီဇိုင်းနှစ်ခုထဲတွင် တစ်ခုက မြို့ဒီဇိုင်းဖြစ်ပြီး နောက်တစ်ခုက ပို့ဆောင်ရေးမြင်းလှည်းဒီဇိုင်းပင် ဖြစ်သည်။