ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1111 တိုးတက်နေသော ခွန်အား
ရှီဖုန်း၏ စကားက ဖီးနစ်မိုးနှင့် ဘလူးဖီးနစ်ကို အံ့သြမှင်သက်သွားစေသည်။ မှော်သလင်းတစ်သိန်းက အသေးအမွှား ပမာဏ မဟုတ်ပေ။ နဂါးဖီးနစ်ပွဲကြည့်စင်ကတောင် ထိုမျှ များပြားသည့်ပမာဏကို မထုတ်နိုင်။ ရှီဖုန်းက မွန်းစတားစခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန် ယုံကြည့်ချက်ရှိနေလိမ့်မည်ဟု သူမ မထင်ထားချေ။
ရှီဖုန်းကို အချိန်အတော်ကြာ ကြည့်ပြီးသည့်တိုင် နှစ်ဦးလုံးက စိုးရိမ်ပူပန်သည့် အမူအရာ မတွေ့ရပေ။ ရှီဖုန်းက တစ်ချိန်လုံး အလွန်တည်ငြိမ်နေလေ၏။ အနည်းငယ်စဥ်းစားပြီးနောက် ဖီးနစ်မိုးက ပြောလိုက်တော့သည်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက ဒီလောက် ယုံကြည်ချက်ရှိနေတယ် ဆိုမှတော့ ရှင့်ရဲ့ တောင်းဆိုချက်ကို ကျွန်မ သဘောတူတယ် … ”
” အစ်မကြီးမိုး … ”
ဘလူးဖီးနစ်က ဖီးနစ်မိုးဘက်သို့ ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။
မွန်းစတားအခြေစိုက်ကို သိမ်းပိုက်နိုင်ရန် ဇီးရိုးဝင်း၏ ယုံကြည်ချက်ကို ဘေးချိတ်ထားလျှင် နေရာခြောက်ဆယ်ဆုံးရှုံးခြင်းက ဖီးနစ်ပွဲကြည့်စင်အတွက် အဓိကပြဿနာတစ်ခု ဖြစ်လာပေမည်။ သူတို့၌ ဝင်ခွင့် နှစ်ဆယ့်တစ်ခုသာ ရှိသည်။ ဇီးရိုးဝင်း၏ ကစားသမားခြောက်ဆယ်ကို နုတ်ပြီး ရှေးမျှော်စင်ကို ခုခံရန်လိုအပ်သော ကစားသမားခြောက်ဆယ်ကို ဖယ်ပြီးနောက် နေရာကိုးဆယ်သာ ကျန်တော့မှာ ဖြစ်သည်။
နောက်ထပ်ရက်အနည်းငယ်အတွင်း ကံကောင်းထောက်မပြီး သုံးခု ထက်ရလာခဲ့လျှင် ကျွမ်းကျင်သူတစ်ရာ့နှစ်ဆယ်ဖြင့် မွန်းစတားစခန်းကို သိမ်းပိုက်ခြင်းက စွန့်စားရာရောက်နေသည်။
ဇီးရိုးဝင်းက ကျရှုံးပြီး သူတို့ဘက်က ကျန်သည့်အစည်းအရုံးများ၏ ပစ်မှတ်ထားခံရနိုင်ခြေ ရှိနေသည်။ ထိုသို့ဆိုလျှင် ဘာမှမကျန်တော့ပဲ အဆုံးသတ်သွားမှာပဲ ဖြစ်၏။
သူတို့ မူလအစီအစဥ်အတိုင်းဆိုလျှင် အနည်းဆုံးတော့ မွန်းစတားစခန်းတစ်ခု ရနိုင်မှာပဲ ဖြစ်သည်။
” စိတ်မပူနဲ့ စွန့်စားရမှာကို ငါ နားလည်တယ် … ”
ဖီးနစ်မိုးသည် ဘလူးဖီးနစ်ကို မရှင်းပြတော့ပေ။ သူမက ရှီဖုန်းနှင့် သဘောတူစာချုပ် ရေးထိုးလိုက်၏။
ရှီဖုန်းသည် မွန်းစတားအခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ပြီး လုံခြုံအောင် ထားနိုင်သရွေ့ ဖီးနစ်မိုးသည် မှော်သလင်းတစ်သိန်း ပေးမည်ဖြစ်ကာ မိုးကြိုးကျွန်းဆီသို့ အစည်းအရုံး ယာယီရွေ့ပြောင်းမှတ်တစ်မှတ် ပေးရမှာ ဖြစ်သည်။ နှစ်ဖက်လုံးက စာချုပ်ရေးထိုးပြီးနောက် ဖီးနစ်မိုးသည် ဘလူးဖီးနစ်နှင့်အတူ ဧည့်ခန်းဆောင်ထဲမှ ထွက်သွားတော့၏။
သူတို့ အဆင့်မြင့်မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် ဘလူးဖီးနစ်က မထိန်းချုပ်နိုင်တော့ပေ။
” အစ်မကြီးမိုး … ဒါက နည်းနည်းစွန့်စားရာ ရောက်မနေဘူးလား … နဂါးကိုးကောင်ဧကရာဇ်အဖွဲ့က အနည်းဆုံးတော့ မွန်းစတားအခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်နိုင်မှာပဲ … ကျွန်မတို့ ဘာမှမရဘဲ အဆုံးသတ်သွားခဲ့မယ်ဆိုရင် နဂါးကိုးကောင်ဧကရာဇ်ကို ဆန့်ကျင်နိုင်တော့မှာ မဟုတ်ဘူး … ”
ဘလူးဖီးနစ်သည် နဂါးကိုးကောင်ဧကရာဇ်နှင့် သရေဖြစ်နေမှန်း ရှင်းရှင်းလင်းလင်းသိ၏။ ထိုသို့တိုင် သူမက အန္တရာယ်ပိုများသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့မိ၏။ ယင်းက ပုံမှန် ဖီးနစ်မိုးပုံစံနှင့် အပြည့်အဝ ကွဲပြားခြားနားနေပေတော့သည်။
” ဘလူး … နင်ပြောတာမှန်တယ် … ငါတို့ အရင်အစီအရင်အတိုင်းဆိုရင် သရေကျလောက်တယ် … ”
ဖီးနစ်မိုးက ပြောပြီး ရယ်မောလိုက်၏။
” ဘလက်ဖလိမ်းက ဒီလို စွန့်စားရာရောက်တဲ့ ကြိုးပန်းအားထုတ်မှုကို အကြံမပြုခဲ့ရင်တောင် အချိန်ကျရင် မွန်းစတားစခန်းနှစ်ခုကိုသိမ်းဖို့ ငါ့တပ်ဖွဲ့ကို ခွဲအုံးမှာပဲ … ”
” သူ ငါ့ရဲ့ ရည်ရွယ်ချက်တွေကို ကြိုတွေးမိနေတာကြောင့် ရူးသွပ်တဲ့ အစီအစဥ်တစ်ခုကို အကြံပြုတာလားလို့ သိချင်မိတယ် … ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို တောင်းဆိုလိုက်လို့ ငါဘာမှ မဆုံးရှုံးသွားဘူးလေ … ဆန့်ကျင်ဘက်အနေနဲ့ ဇီးရိုးဝင်းက အရှုံးကို ငါတို့နဲ့ အတူတူမျှခံရမယ် … ဒါပေမဲ့ တန်ကြေးက သူတို့အတွက် ပိုပြင်းထန်နေတာလေ … ”
” ဒါအပြင် ဇီးရိုးဝင်းအဖွဲ့ဝင်ခြောက်ဆယ်လေးနဲ့ မွန်းစတားစခန်းကို သိမ်းပိုက်ဖို့ ဘလက်ဖလိမ်း ဘာကြောင့် ယုံကြည်ချက်ရှိနေလဲဆိုတာ ငါသိချင်သေးတယ် … ”
ဖီးနစ်မိုး၏ စကားများက ဘလူးဖီးနစ်ကို အံ့သြဆွံ့အသွားစေသည်။ ဖီးနစ်မိုးသည် ထိုကဲ့သို့ အန္တရာယ်များသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းမှာ သူမ၏ သိချင်စိတ်ကြောင့်ဟု ဆိုသည်။ သူမသည် မည်သည့်နေရာကများ ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းနှင့် ကွာခြားနေသနည်း။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ဒုတိယအလွှာ နားနေခန်းထဲတွင် ဖြစ်သည်။
ဖီးနစ်မိုးထွက်သွားပြီး မကြာမီ၌ ပြိုင်စံရှားအလှလေးနှစ်ဦးက အခန်းထဲဝင်လာကာ ရှီဖုန်းကို ကြည့်နေစဥ် သူတို့မျက်လုံးထဲ၌ ဇဝေဇဝါဖြစ်မှု ကူကယ်ရာမဲ့မှုတို့ ပေါ်လာလေ၏။
” အစည်းအရုံးခေါင်းဆောင် ဒါက နတ်ဘုရားနယ်မြေ စူပါပါဝါတွေကြားထဲက စစ်ပွဲတစ်ပွဲပဲ … သူတို့ခွန်အားက ကွဲပြားခြားနားတဲ့ အဆင့်တစ်ဆင့်မှာ ရှိနေတာ … ကျွန်မတို့တွေက မှော်သလင်းတစ်သိန်းအတွက် ဝင်ပါတာများလွန်းမနေဘူးလား … ”
ရေနှင်းဆီက ပြောပြီး ခေါင်းကိုက်လာတော့သည်။
လျှို့ဝှက်မျှော်စင်၏ တုပခြင်းလေ့ကျင့်ရေးစနစ်ထဲ မဝင်ခင် ပထမတန်းအစည်းအရုံးများနှင့် စူပါအစည်းအရုံးများကြား ကွာဟချက် အနည်းအကျဉ်းသာရှိမည်ဟု ယူဆခဲ့သည်။ သို့သော် စနစ်ထဲတွင် အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် စူပါအစည်းအရုံးကြီးများက လုံးဝကွဲပြားခြားသည့်ကမ္ဘာတွင် ရှိနေမှန်း နောက်ဆုံးတော့ သဘောပေါက်သွားတာ ဖြစ်သည်။
လျှို့ဝှက်မျှော်စင်၏ သင်တန်းသားများက လက်ရှိတွင် တုပခြင်းလေ့ကျင့်ရေးစနစ်ထဲတွင် ရှိနေလေရာ တော်တော်များက သန့်စင်ခြင်းနယ်ပယ်ထဲ ရောက်နေကြပြီ ဖြစ်သည်။ လျှို့ဝှက်မျှော်စင်၌ သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူ မည်မျှရှိကြောင်း မှန်းဆနိုင်၏။ ကျန်သည့် စူပါအစည်းအရုံးများဆိုလျှင် ပိုရှိနေလောက်သည်။
နှိုင်းယှဥ်ကြည့်လျှင် ရှီဖုန်းမှအပ ဇီးရိုးဝင်းတွင် သန့်စင်ခြင်းနယ်ပယ် သုံးဦးသာရှိပြီး မီးလျှံကကြိုး ခရမ်းတိမ်နှင့် ဂျမ်းတဲလ်စနိုးတို့ ဖြစ်သည်။
ယင်းက ပထမတန်းအစည်းအရုံးထဲတွင် အစွမ်းထက်သော အင်အားစုဖြစ်ကောင်းဖြစ်နိုင်သော်ငြား စူပါအစည်းအရုံးကြီးများ၏ အအမြင်အာရုံတွင် အသေးအမွှားသာ ဖြစ်သည်။
တိုက်ပွဲဝင် စံသတ်မှတ်ချက်အပြင် ကျန်သည့်အချက်အလက်များ ဖြစ်သည်။ တိုက်ပွဲဝင်အတွေ့အကြုံ လက်နက်၊ ချပ်ဝတ်တန်ဆာ စကေးနှင့် အမျိုးမျိုးသောကိရိယာများ ဤအချက်များကလည်း တိုက်ပွဲကို သက်ရောက်စေသည်။ စူပါအစည်းအရုံး၏ ထိပ်သီးကျွမ်းကျင်သူများသည် ထိုအရာများ အဘယ်ကြောင့်ချို့တဲ့မည်နည်း။ အဆုံးတွင်မူ တိုက်ပွဲများသည် တိုက်ပွဲဝင်စံသတ်မှတ်ချက်ဆီသာ ရောက်လာတော့၏။ ဂျမ်းတဲလ်စနိုးက ရေနှင်းဆီ၏ အမြင်ကို ထောက်ခံကြောင်း ခေါင်းညိတ်လိုက်တော့သည်။
အစက သူမ အံ့သြသင့်နေခဲ့၏။ ဇီးရိုးဝင်းသည် လျှို့ဝှက်မျှော်စင်နှင့် ရင်းနှီးသော ဆက်ဆံရေး ပိုင်ဆိုင်ထားရုံသာမက နဂါးဖီးနစ်ပွဲကြည့်စင်၏ ပွဲကြည့်စင်သခင်ကတောင် အစည်းအရုံး၏ အကူအညီရှာရန် ရောက်လာလိမ့်မည်ဟု သူမ ထင်တောင်မထင်ထားချေ။
သူတို့ကဲ့သို့ စူပါပါဝါများ၏ အထက်အရာရှိများက ပထမတန်းအစည်းအရုံးများ၏ အစည်းအရုံးခေါင်းဆောင်များကိုတောင် အထင်သေးသည်။ အစည်းအရုံးနှစ်ခုကြား အဆင့်တစ်ဆင့်ကွာခြားသော်ငြား သူတို့ကြားရှိ အပြန်အလှန်ဆက်ဆံမှုကို မကြားဖူးပေ။ ဖီးနစ်မိုးကဲ့သို့ အဆင့်အတန်းဖြင့် လူတစ်ဦးက စူပါပထမတန်းအစည်းအရုံးအောက် အစည်းအရုံးကို လာရောက်လည်ပတ်ခြင်းက အိပ်မက်တစ်ခုသာ ဖြစ်သည်။
” ငါတို့မှာ ခုနှစ်ရက်ရှိတယ် မဟုတ်ဘူးလား … ”
ရှီဖုန်းက မသိလိုက် မသိဘာသာ ပခုံးတွန့်လိုက်၏။
” ဖြစ်ချင်တော့ ငါလည်း အားနေတာပဲ … မင်းတို့ကို လေ့ကျင့်ပေးမယ် … ”
” လေ့ကျင့်တာလား … ”
” တကယ်လား … အစည်းအရုံးခေါင်းဆောင် ကတိတည်ရမယ်နော် … ဟုတ်ပြီလား … ”
ဂျမ်းတဲလ်စနိုးက စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော် သူမဘေးတွင် ရပ်နေသော ရေနှင်းဆီကမူ ထိုစကားကိုကြားသောအခါ အပျော်လွန်သွားသည်။ ရှီဖုန်းသည် သူတို့ကို မွန်းစတားများ စီးနင်းတိုက်ခိုက်ရန် ခေါ်သွားချိန်၌ သူတို့အဆင့်များ လျင်မြန်စွာတက်ရုံသာမက ကံကောင်းလျှင် သူတို့ ရှိနေပြီးသား အံ့မခမ်းလက်နက်များနှင့် ချပ်ဝတ်တန်ဆာများကိုလည်း အဆင့်မြင့်တင်ခွင့် ရကြသည်။ အစည်းအရုံး၏ အဓိကအဖွဲ့ဝင်များက ရှီဖုန်း သူတို့ကို ဦးဆောင်ရန် အမြဲတမ်း မျှော်လင့်နေကြ၏။
” ဒါပေမဲ့ ငါတို့တွေ ဒီတစ်ခေါက် လူများများစားစားသွားလို့ မရဘူး … ငါတို့သွားမဲ့နေရာက အန္တရာယ်များလွန်းတယ် … အလွန်ဆုံးမှ အယောက်နှစ်ဆယ် အဖွဲ့တစ်ဖွဲ့ပဲ ခေါ်နိုင်မှာ … ”
” အွန်း ကျွန်မ နားလည်ပြီ … ”
ရှီဖုန်း၏ ညွှန်ကြားချက်ကို ကြားသောအခါ ချက်ချင်းပင် ရေနှင်းဆီက ကျန်သည့်အဖွဲ့ဝင်များကို ဆက်သွယ်လိုက်တော့သည်။
ရှီဖုန်း၏ ရည်ရွယ်ချက်က အစည်းအရုံး၏ ထိပ်တန်းတိုက်ခိုက်ရေးသမားများကို တိုးတက်အောင် ကူညီပေးခြင်း ဖြစ်သောကြောင့် သူမသည် အစည်းအရုံးအတွင်းရှိ ထိပ်တန်းအတွင်း ကစားသမားများကိုသာ ဆက်သွယ်ခဲ့သည်။ သူတို့ထဲတွင် အသူရာတိုက်ပွဲဝင်အဖွဲ့ဝင် ဆယ်ဦးနှင့် ဂျမ်းတဲလ်စနိုး၏ အဖွဲ့ဝင်ဆယ်ဦးမှ ထိပ်တန်းကစားသမားများ ပါဝင်သည်။ ညို့ငင်ခြင်းဆမ်းမားလည်း ပါ၏။
သူတို့အယောက်နှစ်ဆယ် ဖွဲ့ပြီးသည်နှင့် ရှီဖုန်းက အဖွဲ့ကို မြစ်ဖြူမြို့၏ ပို့ဆောင်ရေးခန်းမဆီသို့ ခေါ်ဆောင်သွားပြီး သရဲငိုတောင်ကြားနှင့်နီးသော တစ္ဆေတောအုပ်နှင့် အနီးဆုံးမြို့သို့ သွားလိုက်သည်။ သရဲငိုတောင်ကြားက နဂါးနက်အင်ပါယာနှင့် ကြယ်လတိုင်းပြည်ကြားရှိ မျှခြေမြေပုံတစ်ခု ဖြစ်သည်။ တစ္ဆေတောအုပ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သော်ငြား ကစားသမား ကင်းမဲ့ချေ၏။ လက်ရှိမြေပုံများကလည်း အဆင့် (၆၀) နှင့်အထက် ဖြစ်ကြသည်။ ဤနေရာရှိမွန်းစတားများက လက်ရှိကစားသမားများအတွက် အဆင့်မြင့်လွန်း၏။ အဆင့်များကို လျစ်လျူရှုနိုင်စွမ်းရှိသော လက်နက်များ၊ ချပ်ဝတ်တန်ဆာများကိုသာ မကိုင်ဆောင်ထားလျှင် ဤနေရာတွင် စီးနင်းတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် မွန်းစတားများက အဆင့် (၅၀) ကိုကျော်လွန်းပြီး အသွင်ပြောင်းလဲပြီးကြပြီ ဖြစ်သည်။ အဆင့် (၅၀) သာမန်မွန်းစတားများကတောင် အဆင့် (၄၅) လက်ရွေးစင်မွန်းစတားများထက် သိသိသာသာ ပိုသန်မာနေလေရာ အဆင့် (၆၀) မွန်းစတားဆို ပြောနေရန်မလိုတော့ချေ။
တစ္ဆေတောအုပ်မြို့မှ သရဲငိုတောင်ကြားဆီသို့ ခြေလျင်ခရီးဆက်ရန် ဆယ့်လေးနာရီနီးပါး အချိန်ယူရသည်။ ကစားသမားများက ထိုမြို့သို့ အကြောင်းအရင်းမရှိပဲ သွားမလည်ပေ။ သို့သော် ရှီဖုန်းတို့အဖွဲ့က မြို့၏ ပို့ဆောင်ရေးခန်းမသို့ ရောက်သည့်အချိန်၌ သူတို့က နောက်ထပ်ကစားသမားတပ်ဖွဲ့ကို တွေ့လိုက်ကြသည်။ ထို့အပြင် အဖွဲ့အတွင်းရှိ ကစားသမားတိုင်းက အဆင့်အလွန်မြင့်ပြီး သူတို့အားလုံးက အဆင့် (၄၀) နှင့် အထက်ဖြစ်ကြသည်။ လက်နက်များ၊ ချပ်ဝတ်တန်ဆာများကလည်း အဆင့်မြင့်ပေ၏။ ကြောက်မက်ဖွယ်ကောင်းသည်က ထိုလူများအားလုံးသည် တစ်ကိုယ်တော်ကစားသမား ဖြစ်နေကြတာပဲ ဖြစ်သည်။
ရှီဖုန်းတို့အဖွဲ့ ပေါ်လာသည်နှင့် ထိုကစားသမားများက ရှီဖုန်းတို့အဖွဲ့ဆီ အကြည့်ရောက်လာတော့သည်။ သူတို့၏ အေးတိအေးစက်သတ်ဖြတ်ခြင်းဆန္ဒများကို ကိုက်တစ်ရာအကွာကနေ ခံစားမိနိုင်သည်။