ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1114 အဆင့်မြင့်နည်းစနစ်
မိုင်နာလေက သတင်းပို့ပြီးသည်နှင့် သူတို့အနားတစ်ဝိုက်ရှိ သစ်ပင်တစ်ပင်ပြီးတစ်ပင် ပြိုလဲလာတာကို ခံစားမိလိုက်သည်။ ရုတ်တရက် သုံးမီတာကျော်ခန့်မြင့်မားသော ပုံရိပ်သုံးခုက ခုန်ထွက်လာတော့၏။ ထိုပုံရိပ်သုံးခုက သံချပ်ကာကိုဝတ်ဆင်ထားသည့် အနက်ရောင်အသားအရေရှိသည့် ထရိုးများဖြစ်ပြီး သူတို့က ငွေရောင်လှံတစ်စင်းဆီ ကိုင်ဆောင်ထားကြသည်။ သူတို့၏ သွေးနီရောင်မျက်လုံးများက ပြင်းထန်သည့် သွေးဆာလောင်မှုများ ဖြာထွက်နေသည်။
” ဝေါင်း …”
အနက်ရောင်ထရိုးသုံးကောင်သည် ရှီဖုန်းတို့အဖွဲ့ကို သတိပြုမိသည်နှင့် သူတို့က ဒေါသတကြီး ဟိန်းဟောက်လိုက်ကြ၏။ သူတို့ထဲရှိ တစ်ကောင်ကဆိုအနားရှိသစ်ပင်ကို လွဲရမ်းလိုက်တော့သည်။ သစ်ပင်က တစ်ခါထဲပြိုလဲသွားတော့သည်။ ရှီဖုန်းတောင် သူတို့၏ မယုံနိုင်စရာကောင်းသော ခွန်အားကို လျှော့မတွက်ရဲချေ။
[ကျောက်ထရိုး၊ အရှင်]
အဆင့် (၆၂)
HP (၈၂ သိန်း/၈၂ သိန်း)
အဖွဲ့ထဲရှိလူများက ကျောက်ထရိုးများဆီမှ ပြင်းထန်သည့် ခွန်အားကို ခံစားမိလိုက်သည်။ ကျောက်ထရိုးများက အဆင့် (၄၀) အရှင်များဆိုလျှင် သူတို့က မွန်းစတားများကို ထိန်းထားနိုင်သည်။ သို့သော် အဆင့် (၆၂) အရှင်တစ်ကောင်က အဆင့် (၄၀) ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်၏။ သူတို့အဖွဲ့ထဲတွင် ထိုမွန်းစတားများထဲမှ တစ်ကောင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်က MT များသာရှိသည်။ သူတို့၏ တိုက်ကွက်ကို မည်သူကမှ မခံနိုင်လေရာ သူတို့ကို မျှားဖို့ဆိုလျှင် ပိုဆိုးပေသည်။
အဆင့် (၆၂) အရှင်များသည် စမ်းသပ်ခြင်းမျှော်စင်၏ စတုတ္ထအဆင့်ရှိ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို ပိုင်ဆိုင်ထားသည်။ ထို ကျောက်ထရိုးများ၏ အရည်အချင်းများကလည်း သူတို့၏ အရည်အချင်းများကို ယုတ်လျော့သွားစေ၏။ အရှိန်အတွက်လည်း မှန်ကန်ပေသည်။ ထို့အပြင် အရှင်အဆင့် မွန်းစတားများက ထိန်းချုပ်ခြင်းစကေးများကို ခုခံနိုင်စွမ်းရှိသည်။ သူတို့က ထွက်လည်းမပြေးနိုင် ထိုမွန်းစတားများကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိလေရာ သူတို့သည် ထိုကျောက်ထရိုးများကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည်နည်း။
ရှီဖုန်း၏ အမူအရာက လေးနက်သွားစဥ် သူ့အဖွဲ့ထဲရှိ ကျန်သည့်သူများကလည်း သုန်မှုန်သွား၏။
” ကံဆိုးတာပဲ … ကျောက်ထရိုးတွေကိုတောင် ဆင့်ခေါ်မိပြီ … ”
ထရိုးမျိုးနွယ်စုအကြီးအကဲက ရှီဖုန်းကို အံ့သြသင့်စေခဲ့တော့သည်။
သာမန်ထရိုးများနှင့် မတူပဲ ကျောက်ထရိုးများ၌ ကျောက်ရုပ်ဖြစ်စေသော ကျောက်ရုမ်းများက သူတို့ ခန္ဓာကိုယ်အနှံ့ထွင်းထုထားရာ သူတို့အရေပြားများကို သံမဏိထက်တောင် မာကျောစေသည်။ မယုံနိုင်စရာကောင်းလှအောင်လည်း သန်မာပေ၏။ သူတို့က ခက်ခဲသောရန်သူများအဖြစ် နာမည်ကျော်ကြားတာ ဖြစ်သည်။ အတိတ်တုန်းက ထိုကျောက်ထရိုးများနှင့် ရင်ဆိုင်တွေ့ရသည့် ကစားသမားများအားလုံးက လှည့်ပြေးကြတာပဲ ဖြစ်သည်။
ထို ကျောက်ထရိုးသုံးကောင်က ရှီဖုန်းတို့အဖွဲ့ကို တုံ့ပြန်ရန် အချိန်များများစားစား မပေးခဲ့ပေ။ တွေဝေမနေဘဲ လက်ရှိတွင် ထရိုးမျိုးနွယ်စုအကြီးအကဲကို ထိန်းထားသော ကိုလာကို တိုက်ခိုက်ကြတော့၏။
” သူတို့တွေက ဘာကြောင့် ငါ့ကိုပဲ အမြဲတမ်းပစ်မှတ်ထားနေတာလဲ … ”
ချဥ်ကပ်လာသော ကျောက်ထရိုးကို တစ်ချက်ကြည့်ပြီး ကိုလာက သူ၏ အလွှာတစ်ကာကွယ်ခြင်း ကောင်းချီးနှင့် နောက်ဆုံးခံနိုင်ရည်ကို အသက်သွင်းလျက် ဝင်ရောက်လာသည့် ထိခိုက်မှုအားလုံးကို (၅၀) ရာခိုင်နှုန်း လျော့ချလိုက်ရာ သူ လက်ခံရရှိသည့် ထိခိုက်မှုကို အားနည်းစေလျက် သူ၏ HP ကို အမြင့်ဆုံး (၄၀) ရာခိုင်နှုန်း တိုးမြှင့်လိုက်တော့သည်။ ချက်ချင်းပင် သူ၏ HP က (၄၉၅၉၀) ဖြစ်သွားတော့သည်။
ဖန် … ဖန် … ဖန် …
ငွေရောင်လှံသုံးစင်က ကိုလာ၏ နဂါးကြေးခွံဒိုင်းကို တစ်ခုပြီးတစ်ခု ထိသွားတော့သည်။
(-၆၇၁၇)
(-၆၈၀၉)
(-၆၇၈၄)
ပြီးနောက် ထရိုးမျိုးနွယ်စုအကြီးအကဲသည် ကိုလာဆီသို့ အနီရောင်မဟာဓားကို လွှဲလျက် ပိုင်းဖြတ်လိုက်တော့သည်။
အလွှာသုံးစကေး အမျက်ဒေါသမုန်တိုင်း
ခြေသိုင်းကို အမြန်သုံးလျက် ကိုလာက ဒိုင်းအမြန်ထုတ်ကာ တိုက်ကွက်ကို ပိတ်ဆို့လိုက်တော့၏။ မလှမ်းမကမ်းရှိ ခရမ်းတိမ်ကလည်း အစောင့်အရှောက်သူရဲကောင်းအပေါ် အမှန်တရားဒိုင်းကို လျင်မြန်စွာ ရွတ်ဆိုပေးလိုက်တော့သည်။
ဖုန် …
ထရိုးမျိုးနွယ်စုအကြီးအကဲ၏ မဟာဓားက နဂါးကြေးခွံဒိုင်းကို တိုက်မိချိန်၌ တလက်လက်တောက်ပနေသော မီးပွင့်များပေါ်ပေါက်လာပြီး သေခြင်းတရားတောအုပ်ထဲမှ ဖုန်ခနဲ အသံကျယ်ကြီးက ပဲ့တင်သံထွက်လာတော့၏။ သက်ရောက်မှုကြောင့် လူတိုင်းက လှိုင်းကိုခံစားလိုက်ရတော့သည်။ ကိုလာကမူ သူ့နားတစ်ဝိုက် မြေပြင်က ပျက်ရာအချို့ ပေါ်ထွက်လာတော့သည်။
ကိုလာပေါ်ရှိ အမှန်တရားဒိုင်းက ချက်ချင်းပြိုလဲသွားပြီး အစောင့်အရှောက်သူရဲကောင်းလည်း ပစ်ချခံလိုက်ရကာ သစ်ပင်ကြီးတစ်ပင်နှင့် ရိုက်မိပြီးမှ ရပ်တန့်သွားတော့သည်။ သစ်ပင်ကမူ သက်ရောက်မှုကြောင့် တစ်စစီပျက်ဆီးသွားတော့၏။
(-၁၉၆၇၈)
” အစွမ်းထက်လိုက်တဲ့အကွက်ပဲ … ”
လူတိုင်းက ထရိုးမျိုးနွယ်စုအကြီးအကဲ၏ တိုက်ကွက်စွမ်းအားကြောင့် ပင့်သက်ရှိုက်မိသွားကြသည်။
ကိုလာက ကာကွယ်ခြင်းကောင်းချီးနှင့် နောက်ဆုံးတော့ခံနိုင်ရည်ကို အချိန်မှီ အသက်မသွင်းခဲ့လျှင် သူ သေနေလောက်ပြီ ဖြစ်သည်။ ထိုတိုက်ကွက်ကို မျက်မြင်တွေ့ပြီးနောက် သူတို့အဖွဲ့သည် ထရိုးများက သာမန်မဟုတ်မှန်း နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။ ထရိုးများသည် အမှန်တကယ် သူတို့တိုက်ကွက်များကို ပူးပေါင်းနိုင်စွမ်း ရှိပေ၏။ မျိုးနွယ်စုအကြီးအကဲများက ယင်းက အစီအစဥ်ချထားတာ သိသာနေ၏။ နောက်ဆုံး ထိုးနှက်ချက် ဖော်ဆောင်ရန်အတွက် ထိုတိုက်ကွက်ကို သိမ်းထားတာပဲ ဖြစ်မည်။ ထရိုးများအတွက် ကံဆိုးသည်က ကိုလာသည် ဇီးရိုးဝင်း၏ နံပါတ်တစ် MT ဖြစ်နေ၏။ သူက အလွှာတစ်အစုံ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အံ့ဖွယ်အဆင့် နဂါးကြေးခွံဒိုင်းကို ကိုင်ဆောင်ထားသည်။ ထို့အပြင် သူ့၌ အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအားကိရိယာ သံချပ်ကာသုံးခု တပ်ဆင်ထား၏။ သူ၏ အသက်ကယ်စကေးကို အသက်သွင်းပြီးနောက် သူ့ကို ချက်ချင်းသတ်ရန် မလွယ်ကူတော့ချေ။
သို့သော် ထရိုးလေးကောင်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးနောက် ကိုလာသည် HP တစ်သောင်းအောက်သာ ကျန်တော့၏။
ရှီဖုန်းသည် သူ၏ အိတ်ထဲမှ အလွှာနှစ်မှော်စာလိပ်တစ်လိပ်ကို ထုတ်ပြီး ဂါထာကို ရွတ်ဆိုလိုက်တော့သည်။
ချက်ချင်းပင် အပြာရင့်ရင့်မှော်စာလိပ်က အသက်ဝင်လာတော့သည်။ ရေခဲလှံဆယ့်ရှစ်စင်းက ရှီဖုန်းနားတစ်ဝိုက် ပေါ်လာ၏။ ပြီးနောက် ရေခဲလှံများကို ထရိုးမျိုးနွယ်စုအကြီးအကဲနှင့် ကျောက်ထရိုးသုံးကောင်ကို တိုက်ခိုက်ရန်အတွက် ထိန်းသိမ်းလိုက်တော့သည်။
အလွှာနှစ်ဂါထာ ရေခဲဘီး
ရေခဲလှံ ဆယ့်ရှစ်စင်းက အစွမ်းထက်၏။ ပစ်မှတ်ကို ထိသွားခဲ့လျှင်တောင် မဟာအရှင်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေလိမ့်မည်။
” သွား … ”
သို့သော် ရှီဖုန်းသည် ထရိုးများကို တိုက်ခိုက်ရန်အတွက် လှံဆယ့်ရှစ်စင်းကို မသုံးခဲ့ပေ။ ထိုအစား လှံဖြင့် ဓားလမ်းကြောင်းကို ထုတ်ဖော်လိုက်သည်။
လှံဆယ့်ရှစ်စင်းက လှပသည့် ကြယ်ပွင့်တစ်ခုဖွဲ့တည်လိုက်ပြီး ထရိုးလေးကောင်ကို တိုက်ခိုက်တော့၏။
ဖုန် … ဖုန် … ဖုန် …
လှံက ထရိုးနှင့် ဆုံမိသွားချိန်၌ ထိခက်သံများ ရှင်းရှင်းလင်းလင်းပေါ်ထွက်လာသည်။ ထရိုးများက နာနာကျင်ကျင်အော်လိုက်တော့၏။
” အစည်းအရုံးခေါင်းဆောင် … ခေါင်းဆောင်က ကျွန်တော်အပေါ် ကောင်းလိုက်တာ … ကျွန်တော့်ကို ကယ်ဖို့ အလွှာသုံးမှော်စာလိပ်တစ်လိပ် သုံးခဲ့တယ် … ”
ကိုလာသည် ထိုလေးကောင် နောက်ပြန်ဆုတ်သွားတာကို မြင်သောအခါ သက်ပြင်းချလိုက်တော့၏။
အဖွဲ့၏ ကုသသူလေးဦးက သူ၏ HP တစ်ဝက်ကိုတောင် မပြည့်ရသေးပေ။ သူက ဆက်တိုက်ခိုက်ခံရအုံးမည်ဆိုလျှင် ရွေးချယ်စရာမရှိပဲ သူ၏ နောက်ဆုံးအသက်ကယ်စကေးကိုသာ သုံးရတော့မှာပဲ ဖြစ်သည်။ ယခု ထရိုးလေးကောင်က နောက်ပြန်ဆုတ်ရန် ဖိအားပေးခံနေရသောကြောင့် သူ အသက်ရှူချောင်သွားပြီ ဖြစ်သည်။
” ဒီလူတွေက ဘယ်သူတွေလဲ … ”
“အယောက်နှစ်ဆယ် အဖွဲ့တစ်ဖွဲ့က ဒီနေရာမှာ မွန်းစတားတွေကို တကယ်ကြီး စီးနင်းတိုက်ခိုက်နေတယ် … ဒါက ရူးတာပဲ … ”
” အဲဒီတိုက်ကွက်က အလွှာသုံး မှော်စာလိပ်ကမလား … တကယ်ချဲ့ကားရာ ရောက်တာကို … ”
ရှီဖုန်းတို့အဖွဲ့က ထရိုးကို တိုက်ခိုက်နေစဥ် သန်းခေါင်းယံည လက်ဖက်ရည်ပါတီသည် မလှမ်းမကမ်း တောအုပ်ကနေ တိုက်ပွဲကို ကြည့်နေလေ၏။ ရှီဖုန်းတို့ အယောက်နှစ်ဆယ်အဖွဲ့ တိုက်ခိုက်နေတာကို သူတို့က လေ့လာစိတ်ဖြင့် ကြည့်နေကြ၏။
” မဟုတ်ဘူး … အဲဒါက ဓာတ်ကြီးလေးပါးအသုံးပြုသူရဲ့ အလွှာနှစ်ဂါထာ ရေခဲဘီး ဖြစ်လောက်တယ် … ”
အန့်လတ်စ်စကားက ပြောပြီး ခေါင်းခါလိုက်၏။ သူမသည် နောက်သို့ ကိုက်နှစ်ဆယ်ကျော် လွင့်ထွက်သွားသော ကျောက်ထရိုးများကို တစ်ချက်ကြည့်လိုက်၏။ မျိုးနွယ်စုအကြီးအကဲကမူ နောက်သို့ ခြောက်လှမ်းခန့် ဆုတ်လိုက်ရသည်။
” ဒါပေမဲ့ မှော်စာလိပ်သုံးတဲ့သူက အလွန်အစွမ်းထက်တာ … သူက ထူးဆန်းတဲ့နည်းစနစ်တစ်မျိုးနဲ့ ဂါထာကိုတောင် ရောနှောပြီး အလွှာနှစ်ဂါထာ ရေခဲဘီးကို သုံးပြီး အလွှာသုံးဂါထာရဲ့ ဆွဲဆောင်ရည်လိုမျိုး ပြသွားတာပဲ … ”
” ဒါ မဖြစ်နိုင်ဘူးမလား … ငါတို့ ပြောနေတာ မှော်စာလိပ်လေ … တိုက်ပွဲဝင်နည်းစနစ်နဲ့ စကေးကို ပေါင်းသုံးရတာ ခက်ခဲတယ်လေ … စကေးတစ်ခုရဲ့စွမ်းအားကို ဒီလောက်အဆင့်ထိ မြင့်တင်ဖို့ဆို ပြောမနေနဲ့တော့ … ”
လုပ်ကြံသတ်ဖြတ်ရေးသမား နဲလ်သာဝါ့ဒ်ဝေ့ဗ်က အန့်လတ်စ်စကား ပြောတာကို မယုံနိုင်ပေ။ သို့သော် တစ်ဖက်လူက ဓာတ်ကြီးလေးပါးအသုံးပြုသူဖြစ်ရာ သူ့နှင့်စာလျှင် မှော်ပုံစံစကေးများကို ပိုရင်းနှီးပေသည်။ ထို့အပြင် တိုက်ပွဲဝင်နည်းစနစ်အရာ၌ အန့်လတ်စ်စကားက သူတို့ စွန့်စားသူအဖွဲ့ဝင် ပြိုင်ဘက်ကင်းသည်။
” အဲဒီလူက ရေခဲဘီးနဲ့ တိုက်ပွဲဝင်နည်းစနစ်ပေါင်းခဲ့တာပဲ … ဒါပေမဲ့ သူရဲ့ နည်းစနစ်က အဆင့်မြင့်လွန်းနေတော့ သူ ဘယ်ကရလဲဆိုတာ မရှာနိုင်ဘူး … ”
အဖွဲ့ခေါင်းဆောင် ဘရိဇ်ဝိုင်က ပြောပြီး အန့်လတ်စ်စကား၏ ပြောကြားချက်ကို အတည်ပြုပေးလိုက်၏။
” ငါ တွေ့ကြုံဖူးတဲ့ ကျွမ်းကျင်သူထဲမှာ အဲဒီ ကစားသမားက ထိပ်တန်းသုံးယောက်ထဲ ဝင်လောက်တယ် … ”
” ဘာ … သူက လူတောင် ဟုတ်သေးရဲ့လား … ”
တိမ်ချည်မျှင်က မလှမ်းမကမ်းရှိ ရှီဖုန်းကို စိုက်ကြည့်မိသွား၏။ သူတို့အဖွဲ့ခေါင်းဆောင်သည် လူတစ်ယောက်ကို ထိုမျှ အဆင့်အထိ ချီးကျူးတာကို သူမ ပထမဆုံး ကြားဖူးတာ ဖြစ်သည်။
ထိုစဥ် တိုက်ပွဲကို အာရုံစိုက်နေသော အမှောင်စစ်က အဖွဲ့ဝင်များ၏ အာရုံစိုက်မှုကို အမြန်ပြန်ယူလိုက်တော့သည်။
” ကြည့်အုံး … အဲဒီ ကစားသမား လှုပ်ရှားတော့မယ် … ”
သန်းခေါင်းယံည လက်ဖက်ရည်ပါတီဝင်များက ချက်ချင်းပင် ကြည့်လိုက်ကြသည်။
” မီး … စနိုးနဲ့ ပေါင်းပြီး ကျောက်ထရိုးတစ်ကောင်ကို မျှားသွားလိုက် … ကျန်နှစ်ကောင်ကို ငါ့ဆီ အပ်ထားလိုက် … ”
ရှီဖုန်းက အမိန့်ပေးလိုက်တော့သည်။