ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1129 လက်နက်တိုက်ကို မွှေနှောက်ရှာဖွေခြင်း
” လုံလောက်သွားပြီပဲ … ပြီးပြည့်စုံတဲ့ပိုင်နက်တစ်ခုက တကယ်အစွမ်းထက်တာပဲ … ”
ရှီဖုန်းက အနည်းငယ်မှင်သက်သွားသည်။ ဖောလန်းအာ့ခ်၏ မွန်းစတားများက သူမှန်းဆထားသည်ထက် ပိုသန်မာသည်။ နတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသော စူပါပါဝါများသည် အတိတ်တုန်းက ထိုမွန်းစတားများကို မယှဥ်နိုင်တာ အံ့သြစရာမရှိပေ။
ပြီးပြည့်စုံသောပိုင်နက်တစ်ခုကို အသုံးပြုနိုင်သော ဒဏ္ဍာရီမွန်းစတားတစ်ကောင်ကို ရှီဖုန်း ကြုံတွေ့ဖူးတာ ပထမဦးဆုံးအကြိမ်ဆိုတာ သေချာ၏။ ပုံမှန်ဆို အလွှာလေး NPC များသာလျှင် တစ်ခုအသုံးပြုနိုင်သည်။ ယင်းက အလွှာလေး NPC များကို အလွှာလေးဒဏ္ဍာရီမွန်းစတားများအား စိန်ခေါ်နိုင်ရန် အခွင့်အရေးပေးသော အချက်လည်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကိုအသက်သွင်းထားသော်ငြား ခန္ဓာကိုယ်က လှုပ်နိုင်ရုံမျှသာ ရှိသည်။ အဆစ်များက လှုပ်သည်နှင့် အက်လာတော့သည်။
” အိုး … တစ်ယောက်ယောက်က လှုပ်န်ုင်သေးတယ်ပေါ့ … ”
ရှီဖုန်းက လှုပ်ရှားနေစဥ် အားလုံး၏ စိတ်ထဲ၌ အေးစက်စက်အသံတစ်သံက ပေါ်ထွက်လာ၏။ အဖွဲ့ဝင်များက ခေါင်းမော့လိုက်သောအခါ လေးမီတာကျော်ခန့်မြင့်မားပြီး အကြေးခွံများဖုံးနေသော လူပုံစံ သတ္တဝါတစ်ကောင်က သူတို့ရှေ့၌ ရုတ်တရက်ပေါ်လာတာကို တွေ့လိုက်ရသည်။ ထိုသတ္တဝါတွင် ဓားသွားကဲ့သို့ လက်မောင်းနှစ်ဖက်နှင့် ကြေးသွေးရောင်မျက်လုံးရှိပြီး သာမန်လူတစ်ဦး၏ လက်သီးဆုပ်လောက် ကြီးမား၏။ သတ္တဝါ၏ နောက်ကျောဘက်တွင် အနက်ရောင်တောင်ပံတစ်စုံလည်း ရှိနေသည်။
[ဝိညာဥ်စားအရှင်၊ အမှောင်သတ္တဝါ၊ ဒဏ္ဍာရီ (အားနည်းနေ)]
အဆင့် (၆၉)
HP (သန်း ၂၁၀/သန်း ၂၁၀)
ကစားသမားအားလုံးသည် ထိုသတ္တဝါကို မြင်တွေ့သည့်အချိန်၌ ပင့်သက်ရှိုက်မိသွားကြသည်။ ၎င်းက အားနည်းနေသော်ငြား သတ္တဝါက ဒဏ္ဍာရီမွန်းစတားတစ်ကောင် ဖြစ်နေသေးသည်။ ထို့အပြင် သူတို့အဖွဲ့က HP ကို မြင်လိုက်ရသည့်အချိန်၌ စိတ်ပျက်အားငယ်ကုန်၏။ ကျွမ်းကျင်သူ အယောက်တစ်ထောင်ပါသော တပ်ဖွဲ့တောင် ထိုမွန်းစတားကို ရင်ဆိုင်ရာတွင် အမြောက်စာ ဖြစ်သွားမည်ဖြစ်ရာ အယောက်နှစ်ဆယ်အဖွဲ့ဆို ပြောနေရန် မလိုတော့ချေ။
” ကျွန်မတို့တော့ ကံဆိုးပြီပဲ … ”
ရေနှင်းဆီသည် သူတို့ဆီ ဖြည်းဖြည်းချင်းချဥ်းကပ်လာသော ဝိညာဥ်စားအရှင်ကို ကြည့်ပြီး အဖွဲ့ဝင်များနှင့် သူမ၏ ရုတ်ခြည်းသေဆုံးခြင်းက စိတ်ထဲတွင် ပေါ်နေပြီးသား ဖြစ်သည်။
သို့သော် ဖောလန်းအာ့ခ်၏ရှေ့ အသူရာမွန်းစတားများ အသက်ခံရသည့် ကစားသမားများသည် အဆင့်တစ်ဆင့်သာ ဆုံးရှုံးမှာမဟုတ်မှန်း မသိသေးပေ။
” စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ … မင်း ရုန်းကန်နေတာက အသုံးမဝင်တာတော့ နှမြောဖို့ကောင်းတယ် … ငါ့ရဲ့ ဝိညာဥ်အားဖြည့်မှုကို နာနာခံခံပေးလိုက် … ”
ဝိညာဥ်စားအရှင်က ပြောပြီး သူ၏ ကြမ်းတမ်းသောပါးစပ်ကို ဖွင့်လိုက်သည်။ ထိုကစားသမားများကို ဝါးမျိုရန် မစောင့်နိုင်တော့ချေ။
ဝိညာဥ်စားအရှင်နှင့် အဖွဲ့က ကိုက်သုံးဆယ်ကွာနေသည့်အချိန်တွင် ရှီဖုန်းက သူစိတ်ထဲ၌ ဂါထာနောက်ဆုံးအပိုဒ်ကို နောက်ဆုံး၌ ရွတ်ဆို၍ ပြီးသွားသည်။ သူ၏ လက်ထဲရှိ အပြာရင့်ရောင် မှော်စာလိပ်ကို ဖြည်ချလိုက်တော့သည်။
” အကြောင်းမဲ့ ခုခံနေတာက မင်းရဲ့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုကိုပဲ တိုးစေလိမ့်မယ် … ”
ဝိညာဥ်စားအရှင်သည် ရှီဖုန်း၏ လက်ထဲရှိ အလွှာလေးမှော်စာလိပ်ကို သတိပြုမိခဲ့ပြီ ဖြစ်သည်။ သို့သော် သူက အလွှာလေးဂါထာများကို အပြည့်အဝဖြေရှင်းနိုင်စွမ်း ရှိနေသောကြောင့် ထိုအရာကို အမှုမထားပေ။ အလွှာငါး မှော်စာလိပ်ဆိုလျှင် သူက စိတ်ပူပန်လောက်၏။ သို့သော် ထိုကဲ့သို့ မှော်စာလိပ်မျိုးက ရှေးခေတ်ကာလ၌ အင်မတန်ရှားပါးနေပြီဖြစ်ရာ လက်ရှိခေတ်ဆိုလျှင် ပြောနေရန် မလိုတော့ချေ။
” အိုး … တကယ်လား … ”
ရှီဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ချက်ချင်းပင် ရှီဖုန်း၏ ခြေထောက်အောက်၌ အပြာနုရောင်မှော်အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ ပြီးနောက် ရှီဖုန်းကို ဗဟိုပြုလျှက် ခပ်ဖျော့ဖျော့အပြာရောင်မှော်အစီအရင်က အပြင်ဘက်သို့ ပြန့်ကားသွားသည်။
အလွှာလေးကျိန်စာ ရေနှောင်ကြိုး
ရေနှောင်ကြိုးသည် တိုက်ခိုက်မှုပုံစံ ကျိန်စာမျိုးမဟုတ်ပေ။ ထိုအစား ခုခံမှုကျိန်စာ ဖြစ်သည်။ ကျိန်စာသည် အလွှာငါးတိုက်ကွက်များကိုတောင် ပိတ်ဆို့နိုင်စွမ်း ရှိ၏။ ၎င်းက အကြွင်းမဲ့ ခုခံမှုမျိုးဖြစ်ပြီး ကျိန်စာသည် ကိုက်နှစ်ဆယ် ဖြန့်ကြပ်နိုင်ပြီး သုံးဆယ်စက္ကန့် အသုံးပြုနိုင်၏။
ယင်းနယ်နမိတ်ဖွဲ့တည်ပြီးနောက် ဇီးရိုးဝင်းအဖွဲ့ဝင်များသည် ဖိအားများ ပြယ်လွင့်သွားတာကို ချက်ချင်းခံစားလိုက်ရပြီး သူတို့ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီ ဖြစ်သည်။
” သေစမ်း … ”
ရှေးနယ်နမိတ်ဖွဲ့တည်လိုက်သည်နှင့် ဝိညာဥ်စားအရှင်၏ မျက်နှာက ရှုံ့မဲ့သွားတော့သည်။ ပြီးနောက် သူက အရံအတားကို စတင် တိုက်ခိုက်တော့၏။
ဖုန် ဖုန် ဖုန် …
ဝိညာဥ်စားအရှင်၏ လှုပ်ရှားမှုများက မြန်ဆန်လွန်သောကြောင်း ရှီဖုန်းတောင် ၎င်း၏ လှုပ်ရှားမှုကို ရေးတေးတေးသာ မြင်နိုင်သည်။
လူတိုင်း၏ နှလုံးခုန်နှုန်းကမြန်နေပြီး ဖောလန်းအာ့ခ်တောက်လျှောက် ပဲ့တင်သံများ မြည်နေ၏။
ဝိညာဥ်စားအရှင်သည် ထိုမြဲမြန်သော အပြာနုရောင်အရံအတားကို ဖြိုခွင်းပြီး ဝင်ရောက်လာမှာကိုဟသူတို့ ကြောက်ရွံ့နေကြသည်။
အပြာရောင်အရံအတားကို တစ်ချက်ကြည့်ပြီး ရှီဖုန်းသည် ဝိညာဥ်စားအရှင်ထံမှ အာရုံစိုက်မှုကို ဖယ်ကာ အမိန့်ပေးလိုက်တော့၏။
” ကောင်းပြီ … လှုပ်ရှားကြတော့ … ငါတို့မှာ အချိန်သိပ်မရှိဘူး … ”
အလွှာလေး ခုခံခြင်းကျိန်စာတစ်ခုအနေဖြင့် ရေနယ်နမိတ်သည် ဝိညာဥ်စားအရှင်၏ တိုက်ကွက်များကို သူ၏ အထွတ်အထိပ်အခြေအနေတွင်တောင် ခံနိုင်ရည်ရှိ၏။ ဝိညာဥ်စားမျိုးနွယ်၏ ဘုရင်က အရံအတားကို ဖြိုခွင်းနိုင်ရန် ပြဿနာမရှိပေ။ ကံဆိုးသည်မှာ ဤကဲ့သို့ တည်ရှိမှုမျိုးက နတ်ဘုရားများနည်းတူ အစွမ်းထက်လွန်းနေရာ လက်ရှိ အာ့ခ်ထဲတွင် မရှိပေ။
ပြီးနောက် ဝိညာဥ်စားအရှင်သည် ရှီဖုန်းက သူ့အဖွဲ့ကို လက်နက်တိုက်ထဲ ခေါ်သွားတာကိုသာ ကူရာမဲ့စွာ ကြည့်နေရ၏။
လက်နက်တိုက်ထဲ ဝင်ရောက်ပြီးနောက် ရှီဖုန်းက တစ်ဖက်သို့လှည့်ကာ ချက်ချင်းပင် လော့ခ်ချလိုက်၏။
” အစည်းအရုံးခေါင်းဆောင် အဲဒီမွန်းစတားက ဒီထဲကိုတော့ ဖျက်ဝင်မလာနိုင်ဘူးမလား … ”
ဝိညာဥ်စားအရှင် မည်မျှအစွမ်းထက်ကြောင်း ပြန်တွေးမိချိန်၌ ခရမ်းတိမ်သည် စိုးရိမ်ပူပန်စွာ မေးလိုက်တော့သည်။
” စိတ်အေးအေးထား … ဒါက ဖောလန်းအာ့ခ် နတ်ဘုရားဖန်တီးခဲ့တဲ့ နောက်ဆုံးလက်နက်တွေထဲက တစ်ခုပဲ … နတ်ဘုရားရုန်းတွေက အာ့ခ်ရဲ့ အတွင်းပိုင်းကို အားဖြည့်ပေးထားတာ … ဝိညာဥ်စားဘုရင်တစ်ပါးကတောင် အာ့ခ်ရဲ့ အတွင်းပိုင်းကို ဖျက်ဆီးဖို့ ခက်ခဲမှာ … ဝိညာဥ်စားအရှင်တစ်ပါးဆို ပြောနေဖို့ မလိုဘူး … ”
ရှီဖုန်းက အေးအေးလူလူပြောလိုက်၏။
ရှီဖုန်း၏ အာမခံချက်ကိုကြားသောအခါ အသင်းဖော်များကလည်း စိတ်သက်သာရာရပြီး သက်ပြင်းချမိကြ၏။
” အခု အန္တရာယ်ဖြေရှင်းပြီးပြီဆိုတော့ မီး မင်းနဲ့ ပျံသန်းခြင်းက လက်နက်တိုက်ထဲက ထောင်ချောက်တွေကို ဖယ်ကြ … အားလုံးပဲ ဂရုတစိုက်လှုပ်ရှားကြ … ”
ရှီဖုန်းက အမိန့်ပေးလိုက်သည်။ အချိန်ကိုကြည့်လိုက်ရာ သူတို့ ဂိမ်းထဲမှ မထွက်မီ ခြောက်မိနစ်အချိန် လိုသေးကြောင်း သိလိုက်ရ၏။ သူတို့သည် ခြောက်မိနစ်အတွင်း လက်နက်တိုက်ရှိ ထောင်ချောက်များအားလုံးကို မဖယ်ရှားနိုင်ခဲ့လျှင် ဂိမ်းထဲသို့ ပြန်ဝင်လာသည့်အချိန်၌ ထိုထောင်ချောက်များက ဖယ်ရှားရန် ပိုခက်ခဲသွားပေလိမ့်မည်။
ထိုစကားကိုကြားသောအခါ မီးလျှံကကြိုးနှင့် ပျံသန်းခြင်းအရိပ်တို့က ချက်ချင်းလှုပ်ရှားကြတော့၏။
အဖွဲ့ထဲရှိ ကျန်သည့်သူများကမူ လက်နက်တိုက်ထဲ လှည့်လည်ကြည့်နေကြတော့သည်။ သူတို့က အံ့သြဆွံ့အကုန်၏။
လက်နက်တိုက်က ရွေးလျားနေသော ရတနာကြီးပင် ဖြစ်သည်။ ပစ္စည်းမျိုးစုံကို ပြသထားပြီး ပစ္စည်းအားလုံးက မက်မောစရာကောင်းသည်။
” အစည်းအရုံးခေါင်းဆောင် အဲ့မှာကြည့်အုံး … ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်း အမြောက်တွေ … သူတို့က အလယ်အဆင့်တောင် ဖြစ်နေတယ် … ”
ကြယ်တာရာမဟာမိတ်နှင့် စစ်ပွဲကာလအတွင်း ရှီဖုန်းသည် အခြေခံဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်ကို ရွှေပြားနှစ်သောင်းပေးပြီး ဝယ်ရ၏။ အမြောက်မှ တိုက်ကွက်တစ်ကွက်သည် အလွှာလေးဧရိယာကြီးမားသော အဖျက်ဂါထာ၏ စွမ်းဆောင်နိုင်စွမ်းနှင့် ယှဥ်နိုင်ပေသည်။ ထို့အပြင် အမြောက်က ကိုက်တစ်သောင်းအကျယ်အဝန်း ကိုက်နှစ်ရာအချင်းကို လွှမ်းခြုံနိုင်သည်။ ကံဆိုးသည်မှာ အမြောက်ကို အသုံးချရန် ကုန်ကျစရိတ်များပြီး တစ်ချက်ပစ်လျှင် မှော်သလင်းတစ်ထောင် လိုအပ်၏။ ထို့အပြင် အသုံးပြုရန် စောင့်စားရသည့်အချိန်က သုံးမိနစ်မှ လေးမိနစ် ဖြစ်သည်။
ထိုစဥ် ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်၏ အချက်အလက်များကို ဖတ်ရှူ့ပြီးနောက် အဖွဲ့က သူတို့တွေးတောထားသည့် ပိုတောင်အထင်ကြီးဖွယ်ကောင်းကြောင်း သိလိုက်ရသည်။ သူ၏ တိုက်ခိုက်မှုသည် အလွှာလေးဖျက်ဆီးခြင်း ဂါထာနီးတူ အစွမ်းထက်ရုံမျှသာ ဖြစ်သော်ငြား ကိုက်နှစ်သောင်းအကျယ်အဝန်းနှင့် အချင်းကိုက်ငါးရာကို လွှမ်းခြုံနိုင်စွမ်း ရှိသည်။ တစ်ကြိမ်ပစ်လျှင် မှော်သလင်းနှစ်ထောင် ကျသင့်မည်ဖြစ်ရာ သုံးမိနစ်မှ လေးမိနစ် စောင့်စားရ၏။
အချင်းကိုက်နှစ်ရာနှင့် ကိုက်ငါးရာကွာဟချက်က ကြီးမားလွန်းနေပြီ ဖြစ်သည်။
ထို့အပြင် ဤလက်နက်တိုက်က အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်အမြောက်နှစ်ခု ရှိနေသည်။ ဇီးရိုးဝင်း၌ အမြောက်များရှိနေပြီး ရေနက်နှင့် ရင်ဆိုင်စဥ်ကာလ၌ မှော်သလင်းအမြောက်အများ ရှိနေလျှင် စစ်ပွဲကို အနိုင်ရရန်က ပိုလွယ်ကူသွားပေလိမ့်မည်။
သို့သော် ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်ထက် ရှီဖုန်း၏ အကြည့်က မှော်သံမဏိကားဆီသို့ ရောက်သွားသည်။
သူက ထိုအိုင်တမ်နှင့် အတော်ရင်းနှီးနေသည်။
ရွေ့လျားမှုပုံစံ ခုခံခြင်းမှော်အစီအရင် ဖြစ်သည်။ ၎င်းက အခြေခံခုခံခြင်းမှော်အစီအရင်တစ်ခုသာ ဖြစ်သော်ငြား ၎င်းကို အသက်သွင်းပြီးနောက် ပိုတောင် လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သည်။ အတိတ်တုန်းက အစည်းအရုံးကြီးများစွာသည် ၎င်းကို ရွေးလျားနိုင်သော ခံတပ်တစ်ခုအဖြစ် ဆက်ဆံကြသည်။ ထိုမှော်အစီအရင်၌ လုံလောက်သည်ဝိညာဥ်ဓာတ်စွမ်းအား ရှိနေသရွေ့ အလွှာသုံးနှင့် ထိုအောက်ရှိ တိုက်ကွက်များအားလုံးကို ပိတ်ဆို့နိုင်စွမ်း ရှိသည်။ သူ၏ အမြင့်ဆုံးအချင်းက အခြေခံမြို့တစ်မြို့ကို ကာပေးနိုင်၏။
ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်များနှင့် ရွေ့လျားခြင်းပုံစံ ခုခံခြင်းမှော်အစီအရင်အပြင် ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းဗုံးအရေအတွက် များစွာလည်း ရှိသည်။ ဗုံးတိုင်းက အလွှာသုံးဂါထာ၏ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး နှစ်ဆယ့်ငါးကိုက်အချင်း ရှိသည်။ သူတို့ကို အမြင့်ဆုံး ကိုက်ငါးဆယ်အထိ ပစ်နိုင်၏။ တစ်ကိုယ်တော်ကစားသမားများအတွက် အလွန်အသုံးတည့်သည်။ လက်ရှိကစားသမားများအဖို့ ထိုဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်များက အုပ်စုဖွဲ့တိုက်ပွဲတွင် နတ်ဘုရားလက်နက်များဖြစ်နေပြီး ဗုံးတစ်လုံးက ကိုက်နှစ်ဆယ်အကျယ်အဝန်းအတွင်းရှိ ကစားသမားများအားလုံးကို ဖျက်ဆီးနိုင်၏။ ထိုကဲ့သို့ ဗုံးမျိုးက တစ်ထောင်ကျော်တောင် ရှိနေသည်။
လက်နက်တိုက်တစ်ခုက ထိုမျှများပြားသည့် ရိတ်သိမ်းမှုများ ရလိမ့်မည်ဟု ရှီဖုန်း တစ်ခါမှ မတွေးခဲ့မိပေ။ ထိုအိုင်တမ်များဖြင့် သူ၏ အနာဂတ်မြို့၏ ခုခံမှုက သေချာပေါက် တည်မြဲပြီဖြစ်သည်။
စက္ကန့်များကုန်ဆုံးသွား၏။
ပြီးနောက် မိနစ်များ ကုန်သွားသည်။ စနစ်အဆင့်မြှင့်တင်မှု မစခင် နှစ်မိနစ်သာ ကျန်တော့သည့်အချိန်၌ မီးလျှံကကြိုးနှင့် အရိပ်ပျံသန်းခြင်းတို့က လက်နက်တိုက်၏ ထောင်ချောက် (၉၀) ရာခိုင်နှုန်းကို ဖယ်ရှားခဲ့ပြီ ဖြစ်သည်။ ကျောက်တုံးယဇ်ပလ္လင်နားရှိ ထောင်ချောက်တစ်ခုသာ ကျန်တော့၏။
” အစည်းအရုံးခေါင်းဆောင် ဒီထောင်ချောက်က ရှုပ်ထွေးလွန်းတယ် … ကျွန်မ မဖယ်နိုင်ဘူး … ”
မီးလျှံကကြိုးက သူမရှေ့ရှိ ထောင်ချောက်ကို စစ်ဆေးပြီးနောက် ပြောလိုက်တော့သည်။
” မင်းတောင် ဒါကိုမဖယ်နိုင်ဘူးလား … ”
ရှီဖုန်းက အံ့သြသွားလေ၏။
သူတို့သည် အာ့ခ်၏ အပြင်ပိုင်းဒေသတွင် ရှိနေသေးဆဲ ဖြစ်သည်။ မီးလျှံကကြိုးက အဆင့်မြင့်ထောင်ချောက်ဖယ်ရှားသူဖြစ်နေရာ သူတို့သည် ဤနေရာရှိ ထောင်ချောက်တိုင်းကို ဖယ်ရှားနိုင်သင့်သည်။ ယင်းက အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာဖြစ်၏။
သို့သော် မီးလျှံကကြိုးက ထောင်ချောက်များကို မဖြေရှင်းနိုင်ခြင်းသည် ကျောက်ယဇ်ပလ္လင်၏ တန်ဖိုးကို ပြောနေတာ ဖြစ်သည်။
အချိန်ကုန်နေပြီ ဖြစ်သောကြောင့် ရှီဖုန်းသည် သူ၏ လည်ပင်မှ အီကာရက်နှလုံးသားကို ချက်ချင်းဖယ်ရှားပြီး မီးလျှံကကြိုးအား ပေးလိုက်၏။
မီးလျှံကကြိုးသည် အီကာရက်၏ နှလုံးသားကို မြင်တွေ့သည့်အချိန်၌ မှင်သက်သွားသည်။ ထိုကဲ့သို့ အစွမ်းထက်သော အံ့ဖွယ်အိုင်တမ်ရှိနေလိမ့်မည်ဟု သူမ မထင်ထားပေ။
” မြန်မြန် ထောင်ချောက်ကိုဖြတ်ဖို့ ဒါကို သုံးလိုက် … ”
ရှီဖုန်းက ညွှန်ကြားလိုက်တော့သည်။
ထောင်ချောက်ဖယ်ရှားသူသည် ရာဖျက်ကစားသမားနီးတူ ဘဝပုံစံကစားသမားအမျိုးအစား ဖြစ်သည်။ သို့သော် နာမည်ကျော်ကြားသည့် အမျိုးအစားမဟုတ်ပေ။ လုပ်ကြံသတ်ဖြတ်ရေးအမျိုးအစားက သော့ဖွင့်သူနှင့် ထောင်ချောက်ဖွင့်သူတို့ကဲ့သို့ ဘဝပုံစံအမျိုးအစားများကို အဆင့်တက်ရာတွင် ပိုလွယ်ကူစေသော ပါရမီဘောနက် ပိုင်ဆိုင်ထားသည်။ ရှီဖုန်း၏ အမိန့်ပေးမှုဖြင့် မီးလျှံကကြိုးက အတွေးရလာကာ နတ်ဘုရားစောင့်ရှောက်မှုကို အသက်သွင်းလျက် သူမ၏ ထောင်ချောက်ဆင်သည့်အမျိုးအစားကို ပညာရှင်အဆင့်သို့ မြင့်တင်လိုက်သည်။
ချက်ချင်းပင် မီးလျှံကကြိုးက ကျောက်တုံးယဇ်ပလ္လင်နားရှိ ထောင်ချောက်ကို စတင်ဖယ်ရှားတော့၏။
သို့သော် ထိုထောင်ချောက်၏ လိုအပ်သည့်အချိန်က စိတ်ပျက်အားငယ်စေ၏။
” မြန်မြန် အချိန်သိပ်မကျန်တော့ဘူး … ”
စက္ကန့်သုံးဆယ်သာ ကျန်တော့သည်ကို မြင်တွေ့သည့်အချိန်၌ ရှီဖုန်း၏ စိုးရိမ်ပူပန်မှုတို့ တိုးလာသည်။
မီးလျှံကကြိုးကျရှုံးလျှင် သူတို့ ဂိမ်းထဲမှ ထွက်သွားရပေမည်။ နောက်ဆက်တွဲက အချိန်အချို့ ဆုံးရှုံးရုံသာ မဟုတ်ပေ။
မီးလျှံကကြိုးကလည်း ကျားကုတ်ကျားခဲ ကြိုးစားနေသည်။ သူမသည် ယခင်က ထိုကဲ့သို့ အာရုံမစိုက်ခဲ့ဖူးပေ။ ထောင်ချောက်၏ စက်ယန္တရားများကို တစ်ခုပြီးတစ်ခု ဖယ်ရှားနေ၏။
ဆယ်စက္ကန့်သာ ကျန်တော့သည်။
ငါးစက္ကန့်
သုံးစက္ကန့်
” ရသွားပြီ … ”
နောက်ဆုံးတွင် မီးလျှံကကြိုးက နှစ်စက္ကန့်သာ ကျန်တော့သည့်အချိန်၌ ထောင်ချောက်များကို ဖယ်ရှားလို့ပြီးသွားသည်။ သူမ၏ အောင်မြင်မှုကြောင့် စိတ်သက်သာရာ ရသွားတော့၏။ ပြီးနောက် လူတိုင်း၏ အမြင်အာရုံက မှောင်မည်းသွားကာ သူတို့တစ်ယောက်ချင်းဆီက နတ်ဘုရားနယ်မြေ၏ ပြင်ပအနားယူသည့် လေဟာနယ်သို့ ပို့ဆောင်ခံလိုက်ရတော့သည်။