ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1162 မိုက်မဲမှုချင်း ယှဥ်ခြင်း
တတိယအလှည့်အတွက် ပါဝင်မည့်သူများကို ဆုံးဖြတ်ချက်ချပြီးသည့်အချိန်တွင် ပြိုင်ကွင်း၏ ပရိသတ်များက အငမ်းမရဖြစ်သွားတော့သည်။
အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ရှီဖုန်းသည် ဆန်းကြယ်နဂါး၏ စိန်ခေါ်မှုကို လက်ခံလိုက်သောကြောင့်ဖြစ်ပြီး ကျန်တစ်ပိုင်းက ဤပြိုင်ပွဲ၏ ရလဒ်ကို မျှော်လင့်စောင့်စားနေသောကြောင့် ဖြစ်သည်။
အသူရာတိုက်ပွဲဝင်အဖွဲ့က ယခုပွဲစဥ်၌ အနိုင်ရသွားခဲ့လျှင် သူတို့က အပြည့်အဝအောင်ပွဲ ရသွားပေလိမ့်မည်။
တတိယအလွှာရှိ အထူးဧည့်သည်တော်အခန်းထဲတွင် ထိုင်နေသည့် မိုင်ထောင်ချီက စင်အောက်တွင်ရပ်နေသော ရှီဖုန်းကို ဒေါသတကြီး ကြည့်လိုက်လေ၏။
” ဖီးနစ်မိုးက ဒီတစ်ခေါက် အမှန်တကယ် လုပ်ခဲ့တာပဲ … ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုဌာနကိုတောင် အမှောင်ချထားတယ် … ”
မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့သည် တစ်စပ်တည်း ပွဲနှစ်ပွဲ ရှုံးနိမ့်ခဲ့သောကြောင့် ရွေးချယ်စရာမရှိဘဲ အစည်းအရုံး၏ ဂုဏ်သိက္ခာအချို့ကို ပြန်လည်ရယူနိုင်ရန်အတွက် ဆန်းကြယ်နဂါး၏ ခွန်အားအချို့ကို ပြသရတော့မည်။
ယင်းက သူ၏ အစီအစဥ်ကို အနှောင့်အယှက်ဖြစ်ရုံတင်မက အရင်းအမြစ်များစွာ ဆုံးရှုံးစေ၏။ ထိုဖြစ်ရပ်၏ တရားခံက ဖီးနစ်မိုး တိတ်တဆိတ်ထောက်ပံ့ပေးနေသော ဇီးရိုးဝင်းပင် ဖြစ်သည်။ ဇီးရိုးဝင်းသည် လက်တလော၌ တိုင်းပြည်လေးတစ်ပြည်ထဲတွင် တည်ထောင်ခါစ အစည်းအရုံးဖြစ်ပေ၏။ ဖီးနစ်မိုး၏ ထောက်ပံ့မှုကြောင့် မဟုတ်လျှင် ဇီးရိုးဝင်းက ဆန်းကြယ်၏ စစ်သူကြီးနှစ်ဦးကို ချက်ချင်းသတ်ဖြတ်နိုင်စွမ်းရှိသည့် အလားအလာမည်ကဲ့သို့ ပိုင်ဆိုင်ထားမည်နည်း။
” မေပယ် ဇီးရိုးဝင်းကို စစ်ဆေးလိုက် … အသူရာတိုက်ပွဲဝင်အဖွဲ့ဝင်တွေရဲ့ အကြောင်းကို အကုန်ရှာ … ”
မိုင်ထောင်ချီက ကလင့်မေပယ်ကို အမိန့်ပေးလိုက်တော့၏။
” နားလည်ပါပြီ … ”
ကလင့်မေပယ်က အရိုအသေပေးပြီးနောက် ထွက်သွားလေ၏။
ယခုအချိန်တွင် ဆန်းကြယ်က နဂါးဖီးနစ်ပွဲကြည့်စင်ကို ရင်ဆိုက်ရာတွင် ကူကယ်ရာမဲ့နေပြီ ဖြစ်သည်။ ဆိုရလျှင် နှစ်ဖက်လုံးက စူပါပထမတန်းအစည်းအရုံးများဖြစ်ပြီး မည်သူကမှ မည်သူကို မကြောက်ရွံ့ကြချေ။
သူတို့အစည်းအရုံးက တစ်ဖက်နှင့်တစ်ဖက် စတင်စစ်စတိုက်သည်နှင့် ကျန်သည့် အစည်းအရုံးများကသာ အကျိုးအမြတ်ရမှာပဲ ဖြစ်သည်။ သို့သော် ဇီးရိုးဝင်းက မတူပေ။ ယင်းက ဖီးနစ်မိုး ထိန်းချုပ်ထားသည့် လက်အောက်ခံအစည်းအရုံးတစ်ခုသာ ဖြစ်၏။ တည်ထောင်ခါစ အစည်းအရုံးကို ပြဿနာတက်စေရန်က လွယ်ကူ၏။ အထူးသဖြင့် ယခုအချိန်တွင် အသူရာတိုက်ပွဲဝင်အဖွဲ့က မျက်စိကျစရာ လက်နက်များ၊ ချပ်ဝတ်တန်ဆာများစွာကို ပိုင်ဆိုင်ထားသည့်အချက်ကို ထုတ်ဖော်ပြီးချိန်တွင် ဖြစ်သည်။
” ဖီးနစ်မိုး အခုတာ့ ဒီအခြေအနေကို မင်းကို ခံစားခွင့်ပေးလိုက်အုံးမယ် … ”
မိုင်ထောင်ချီသည် ခရမ်းတိမ်၏ လက်ထဲရှိ သေခြင်းတရားတမ်းတမှုကိုကြည့်ကာ သူ၏ မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ပေါ်လာ၏။
မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့သည် သူတို့၏ အံ့ဖွယ်အိုင်တမ်ကို ဖော်ပြရဲခြင်းမှာ သူတို့က ပစ်မှတ်ဖြစ်မှာကို မကြောက်သောကြောင့် ဖြစ်သည်။ သို့သော် အသူရာတိုက်ပွဲဝင်အဖွဲ့ကမူ ထိုကဲ့သို့ အခွင့်မျိုးမရှိချေ။
အိုင်တမ်ကို ထုတ်ပြခြင်းက ဆာလောင်နေသော ဝံပုလွေများရှေ့၌ လတ်လတ်ဆတ်ဆတ် အသားတစ်စကို ချထားခြင်းနှင့် တူသည်။
အသူရာတိုက်ပွဲဝင်အဖွဲ့သည် ဤပြိုင်ပွဲကို ရှုံးနိမ့််မည်ဖြစ်ရုံသာမက သူတို့၏ ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကိုပါ ဆုံးရှုံးရလိမ့်မည်။
တတိယပွဲစဥ်၏ စည်းမျဥ်းပြောင်းလဲသွားသည်နှင့် အမှောင်ပြိုင်ကွင်း၏ အခမ်းအနားမှူးက ပြိုင်ပွဲ၏ ပေးချေသည့်နှုန်းကို ပြင်ဆင်လိုက်သည်။ အသူရာတိုက်ပွဲဝင်အဖွဲ့၏ အပြည့်အဝအောင်ပွဲအတွက် ပေးချေသည့်နှုန်းက တစ်စကနေ တစ်အချိုးကိုးဆအထိတက်သွားပြီး အမှောင်ပြိုင်ကွင်း၏ မှတ်တမ်းကို ဖြိုခွင်းလိုက်သည်။
” ပွဲကျင်းပသူက တကယ်ရဲတင်းတာပဲ … ”
” ဘာကြောက်စရာရှိလဲ … ဒါက နောက်ဆုံးပွဲစဥ်လေ … ဘယ်လိုပဲဖြစ်ဖြစ် အသူရာတိုက်ပွဲဝင်အဖွဲ့ အနိုင်ရနိုင်ခြေ မရှိဘူးဆိုတာ သိနေတာပဲ … ဒါ့အပြင် ပွဲကျင်းပသူက ဒီတစ်ခေါက် အချီကြီးပွထားပြီးသား … ယှဥ်ပြိုင်ပွဲ မစခင်ကတောင် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ အပြည့်အဝအနိုင်ရမဲ့ဘက်ကို လောင်းထားတဲ့သူတွေက အများကြီးပဲ … ဒီတစ်ခေါက် ပွဲကျင်းပသူက အရူးတွေဆီကနေ ပိုက်ဆံတွေ ပိုရအောင်မျှားချင်ရုံပဲ … ဒီမှာရှိတဲ့ လူတော်တော်များများက အရူးမဟုတ်တာ နှမြောစရာပဲ … အသူရာတိုက်ပွဲဝင်အဖွဲ့ဘက် လောင်းမည့်အစား မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ဘက် လောင်းတာက ပိုစိတ်ချရတယ် … မြန်ရမဲ့နှုန်းက နည်းပေမဲ့ ဘာမှမရတာထက် ပိုကောင်းတာပဲ … ”
ပရိသတ်ထဲရှိ လူတိုင်းက ပြောင်းလဲသွားသည့် ပေးချေသည့်နှုန်းကိုကြည့်ပြီး မက်မောသွားကြသည်။ သို့သော် မည်သူကမှ အသူရာတိုက်ပွဲဝင်အဖွဲ့၏ အပြည့်အဝအောင်ပွဲဘက် မလောင်းထားပေ။ ထိုအစား မိစ္ဆာနဂါး တိုက်ပွဲဝင်အဖွဲ့ဘက်တွင်သာ လောင်းကြသည်။
ယခင်ကလောင်းရန် တွန့်ဆုတ်ခဲ့ကြသည့် ကစားသမားအချို့ကမူ မိစ္ဆာနဂါးဘက်တွင်တောင် လောင်းလိုက်လေ၏။
ဆန်းကြယ်သည် ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် နှစ်ပေါင်းများစွာ ရှိလာခဲ့သည့် အစည်းအရုံး ဖြစ်သည်။ ဓားရူး ဆန်းကြယ်နဂါးက ယုံကြည်ချက်မရှိဘဲ ဘယ်တော့မှ မလှုပ်ရှားတတ်သည့်အတွက် နာမည်ကျော်ကြားသည်။
သူက ဤပွဲစဥ်ကို ရှုံးနိမ့်သွားခဲ့လျှင် အသူရာတိုက်ပွဲဝင်အဖွဲ့က အပြည့်အဝအောင်ပွဲရသွားမှာ ဖြစ်၏။ ထိုသို့တိုင် ဤကဲ့သို့ ဝန်ထုတ်ဝန်ပိုးကြီး ရှိနေသော်ငြား ဆန်းကြယ်နဂါးက အတင့်ရဲသေးသည်။ ဆိုလိုသည်က သူအနိုင်ရရန် ယုံကြည်ချက်ရှိနေတာပဲ ဖြစ်သည်။
ထိုစဥ် တတိယအလွှာရှိ နောက်ထပ်အထူးဧည့်သည်တော်အခန်းထဲတွင် လူလေးယောက်က အခန်းထဲ ဝင်လာပြီး လေထဲ၌ အေးစက်သည့်အငွေ့အသတ်များ ပြည့်သွားတော့သည်။
” နဂါးကိုးကောင် ရှင်ဒီကို ဘာကြောင့် ရောက်လာတာလဲ … ”
ဖီးနစ်မိုးက နဂါးကိုးကောင်ဧကရာဇ်နှင့် သိုင်းနဂါးတို့ကို စိတ်ဝင်စားခြင်းမရှိဘဲ တစ်ချက်ကြည့်လိုက်၏။
သူမသည် မိုင်ထောင်ချီ၏ အဆိုပြုချက်ကို ငြင်းဆိုခဲ့စဥ်က နဂါးကိုးကောင်ဧကရာဇ်သည် မဟာပွဲကြည့်စင် ခရူရို၏ ရှေ့၌ သူမ မကောင်းကြောင်း ပြောထားပြီးသားဖြစ်သည်။ နဂါးဖီးနစ်ပွဲကြည့်စင်တွင် သူမ၏ အာဏာကို လျှော့ချရန် အစည်းအရုံးအကြီးအကဲများကိုတောင် အကြံပေးခဲ့သည်။
သို့သော် အသူရာတိုက်ပွဲဝင်အဖွဲ့၏ လုပ်ဆောင်ချက်က အံ့သြဖွယ်ကောင်းနေ၏။ ရလဒ်အနေဖြင့် နဂါးဖီးနစ်ပွဲကြည့်စင်အတွင်း သူမကို အကွက်ချရန် ကြိုးစားခဲ့သည့်သူများက ရွေးချယ်စရာမရှိဘဲ ယခုအချိန်တွင် တိတ်ဆိတ်နေရတော့၏။
“မိုး ဒီလောက်ထိ အေးစက်နေမှ ရမှာလား … ပြောရရင် ငါတို့တွေက တူညီတဲ့ အစည်းအရုံးကပဲလေ …”
နဂါးကိုးကောင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော် မြန်မြန်ဆန်ဆန်ပင် သူ၏ မျက်နှာထက်၌ ကြင်နာသည့်အပြုံးပေါ်လာကာ ပြောလိုက်တော့၏။
” ဒါ့အပြင် ငါ ကျေးဇူးတင်ဖို့အတွက် ဒီရောက်လာတာ … အသူရာတိုက်ပွဲဝင်အဖွဲ့ကို ပံ့ပိုးပေးဖို့ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဆန်းကြယ်နဲ့ပူးပေါင်းပြီး အစည်းအရုံးအကြီးအကဲတွေရဲ့ ထောက်ပံ့မှု ရလာမှာ မဟုတ်ဘူး … ”
” ရှင်က ဆန်းကြယ်နဲ့ ရှင့်ရဲ့ ဆက်ဆံရေးအကြောင်း ကြွားလုံးထုတ်ဖို့ ကြိုးစားနေတာဆိုရင် ရှင့်ကို ဂုဏ်ပြုလိုက်အုံးမယ် … မဟာပွဲကြည့်စင်သခင်က အစည်းအရုံးရဲ့ ရန်သူတော်ကြီးနဲ့ တွဲလုပ်နေတာကို တွေ့ရတာ စိတ်ကျေနပ်မယ်များ ထင်နေလား … ”
ဖီးနစ်မိုးက ရယ်မောလိုက်လေ၏။
” မင်း … ”
နဂါးကိုးကောင်ဧကရာဇ်က ဆွံ့အသွား၏။
နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် နဂါးဖီးနစ်ပွဲကြည့်စင်သည် ဆန်းကြယ်နှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ လက်တလော၌ သူတို့အစည်းအရုံးများသည် မိုးကြိုးကျွန်းပေါ်ရှိ အခြေအနေကြောင့် ကြီးကြီးမားမား ရန်ထောင်နေကြသည်။ နောက်ဆုံးတွင်မူ မိုးကြိုးကျွန်းအကြောင်းက ပေါ်သွားပြီး ကျန်သည့်စူပါအင်အားစုများကလည်း ဝင်စွက်ဖက်လာတော့သည်။ ထိုအကြောင်းအရင်းကြောင့် ဆန်းကြယ်အပေါ် ခူရုန်၏ မုန်းတီးမှုက ပိုတောင်ပြင်းထန်လာသည်။
” ဒီတော့ ဘာဖြစ်လဲ … ”
နဂါးကိုးကောင်ဧကရာဇ်သည် အတွေးများကို ပြန်စုစည်းပြီးနောက် ပြောလိုက်၏။ သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်မှာ
” မိုးကြိုးကျွန်းကို လုံလောက်အောင် ထိန်းသိမ်းနိုင်ခွင့်ရပြီဆိုတာနဲ့ မဟာပွဲကြည့်စင်သခင်က ငါ့ရဲ့နည်းလမ်းတွေကို စိတ်မကျေမနပ်ဖြစ်တော့မှာ မဟုတ်ဘူး … ပြောရရင် သူက နဂါးဖီးနစ်ပွဲကြည့်စင်အတွက် လှပတဲ့အနာဂတ်တစ်ခု လိုချင်နေတာပဲလေ … တစ်ဖက်မှာတော့ မင်းက ပိုတောင်သနားစရာကောင်းတဲ့ အခြေအနေပဲ … အခု မင်းက ဒီလောက်များတဲ့ ပိုက်ဆံတွေ အရင်းအမြစ်တွေက အသုံးမဝင်တဲ့ တည်ထောင်ခါစအစည်းအရုံးဆီမှာ ရင်းနှီးမြှုပ်နှံထားတာ အကူအညီငှားဖို့ အရင်းအမြစ်တောင်မရှိဘူး … အခုအချိန်မှာ မိုးကြိုးကျွန်းမှာ ယှဥ်ပြိုင်ဖို့ ဘယ်လိုများ ရည်ရွယ်နေတာလဲ … ”
” ဒါပေမဲ့ မင်းအတွက် ပိုကောင်းတဲ့လမ်းကြောင်းတစ်ခု ထောက်ပြပေးနိုင်တယ် … မင်းမှာရှိတဲ့ အရာအားလုံးကို မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ဘက်မှာ လောင်းလိုက် … ဒီနည်းနဲ့ဆိုရင် အနည်းနှင့်အများ မင်းလိုအပ်နေတာ ရနိုင်တယ် … အနည်းဆုံးတော့ ကစားသမားတစ်ယောက် ငှားနိုင်မှာပဲ … မဟုတ်ရင် ငါတို့ နဂါးဖီးနစ်ပွဲကြည့်စင်ကို အရှက်ကွဲမှုတွေဘဲ မင်းယူလာမှာ … ”
ဘေးတွင်ရပ်နေသော ဘလူးဖီးနစ်က တစ်စုံတစ်ခု ပြောချင်သော်ငြား ထိုသို့ပြောရန် အခွင့်မသာပေ။
နဂါးကိုးကောင်ဧကရာဇ်၏ စကားများက လောင်ပြောင်ထစ်ရိမှုများ ပြည့်နေသည်။ သူက အကြံပေးသည်ဟု ထင်မှတ်ရသော်ငြား သူတို့ ဆုတ်လမ်းကို ပိတ်နေတာပဲ ဖြစ်သည်။
သူတို့က မိုင်ထောင်ချီ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီ ဖြစ်၏။ ယခုအချိန်တွင် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့၌ မည်ကဲ့သို့ လောင်းနိုင်မည်နည်း။ ထိုကိစ္စသာ သတင်းပြန့်သွားခဲ့လျှင် နဂါးဖီးနစ်ပွဲကြည့်စင်ထဲရှိ ဖီးနစ်မိုး၏ ရာထူးက သေချာပေါက်အနေရခက်သွားပေလိမ့်မည်။
” ရှင့်ရဲ့ ကြင်နာတဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ် … ”
ဖီးနစ်မိုးက ဘလူးဖီးနစ်ဘက်လှည့်ပြီး ပြုံးပြကာ ပြောလိုက်တော့သည်။
” ဘလူး ဒီအံ့ဖွယ်မှော်ဝတ်ရုံနဲ့ အိုင်တမ်တွေကို ယူသွားပြီး အသူရာတိုက်ပွဲဝင်အဖွဲ့ဘက်မှာ လောင်းလိုက် … ”
” အစ်မကြီးမိုး … ”
ဘလူးဖီးနစ်သည် သူမအား ဖီးနစ်မိုးပေးလိုက်သော အိုင်တမ်များကို မြင်တွေ့သည့်အချိန် ကြက်သေသေသွား၏။
” ဒါက နည်းနည်းလေးများမနေဘူးလား … ”
ဖီးနစ်မိုးသည် မိုးကြိုးကျွန်းပေါ်ရှိ စခန်းချမှုအတွက် သူတို့ ပြင်ဆင်ထားသည့် အိုင်တမ်များကို သူမအား ပေးနေတာ ဖြစ်သည်။ အိုင်တမ်များကို ယခုအချိန်တွင် ဆုံးရှုံးသွားခဲ့လျှင် မိုးကြိုးကျွန်းပေါ်၌ သူတို့ ဒုက္ခရောက်ပေလိမ့်မည်။
” အံ့သြစရာပဲ … အစည်းအရုံးထဲမှာ တခြားသူတွေက ငါ့ကို အကြင်နာမဲ့တယ်လို့ ပြောကြတယ် … ဒါပေမဲ့ ငါက မင်းနဲ့ မယှဥ်နိုင်တဲ့ ပုံပါပဲ မိုး … ငါက မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ဘက်မှာ အရင်းအမြစ်တွေ အိုင်တမ်တွေ အများကြီးလောင်းခဲ့တယ်ဆိုပေမဲ့ သူတို့က နည်းနည်းပဲ အရေးပါတာ … တစ်ဖက်မှာတော့ မင်းက အစည်းအရုံးကရထားတဲ့ အံ့ဖွယ်မှော်ဝတ်ရုံကို အသူရာတိုက်ပွဲဝင်အဖွဲ့ဘက် လောင်းနေတယ် … မင်းကို တကယ်လေးစားတယ် … ”
နဂါးကိုးကောင်ဧကရာဇ်က တည်ငြိမ်စွာချီးကျူးပြီး ဖီးနစ်မိုးကို စော်ကားလိုက်၏။ စိတ်ထဲတွင်မူ ဖီးနစ်မိုးလောင်းရန် ရည်ရွယ်နေသော အိုင်တမ်များကိုမြင်သောအခါ ပျော်သွား၏။
သူတို့က ၁: ၉ ပေးချေနှုန်း ကမ်းလှမ်းလျှင်တောင် ပွဲကျင်းပသူသည် အရူးမဟုတ်ပေ။ အံ့ဖွယ်ချပ်ဝတ်တန်ဆာ အပိုင်းအစတစ်ခု လောင်းလျှင် အသူရာတိုက်ပွဲဝင်အဖွဲ့ အနိုင်ရပါက အပိုင်းအစကိုးခု ရနိုင်မည်။ ပွဲကျင်းပသူက အံ့ဖွယ်ချပ်ဝတ်တန်ဆာကိုးခုကို ထုတ်ပေးမှာ မဟုတ်ဘဲ တန်ဖိုးတူညီသည့် အိုင်တမ်များကို ကမ်းလှမ်းမှာပဲ ဖြစ်သည်။ သို့သော် ထိုသို့သော အခြေအနေက ဖြစ်နိုင်မည်လော။
ဖီးနစ်မိုးနှင့် နဂါးကိုးကောင်ဧကရာဇ်ပြောနေစဥ် စင်မြင့်အထက်ရှိ အချိန်မှတ်မှုက စတင်ရေတွက်တော့၏။ ပြိုင်ကွင်းက တိတ်ဆိတ်သွားပြီး လူတိုင်းက စင်ပေါ်ရှိ လူသုံးယောက်ကို အာရုံစိုက်နေကြသည်။
ပွဲကြည့်ပရိသတ်က အသူရာတိုက်ပွဲဝင်အဖွဲ့၏ အခင်းအကျင်းကို မြင်တွေ့သည့်အချိန် ပင့်သက်ရှိုက်မိသွားသည်။
မီးလျှံကကြိုးက စင်ထောင့်သို့ လျှောက်သွားစဥ် ဂျမ်းတဲလ်စနိုးက ဆန်းကြယ်နဂါး၏ ကိုက်နှစ်ဆယ်အတွင်းရပ်နေတာကို သူတို့ မြင်လိုက်ရသောအခါ အံ့သြဆွံအသွား၏။
ထိုအမျိုးသမီးများ၏ ရည်ရွယ်ချက်က သိသာနေသည်။ အသူရာတိုက်ပွဲဝင်အဖွဲ့က ဆန်းကြယ်နဂါးနှင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်နေတာပဲ ဖြစ်သည်။