ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1166 အသူရာက နာမည်ကြီးလာခြင်း
စနစ်က ကြေညာပြီးနောက် ပရိသတ်က တုံ့ပြန်တော့၏။
” ပြိုင်ပွဲက ဒီအတိုင်းပြီးသွားပြီလား … ”
” ရယ်စရာကောင်းလိုက်တာ … အသူရာတိုက်ပွဲဝင်အဖွဲ့က နောက်ထပ်အပြည့်အဝအောင်ပွဲ ရခဲ့ပြီပဲ … ”
ပွဲစဥ် သုံးပွဲပြီးနောက် အဆင့်မြင့်ကစားသမားချင်း ရင်ဆိုင်တိုက်သည့် အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်၏။ ယနေ့ တိုက်ခိုက်မှုက ယခင်တို့ တိုက်ခိုက်ဖူးသော ကစားသမားချင်းယှဥ်ပြိုင်သည့်ပွဲနှင့် ယှဥ်လျှင် ကွဲပြားခြားနားသည့်အဆင့်၌ ရှိသည်။ ပထမနှင့် ဒုတိယတန်း ကျွမ်းကျင်သူများက စိတ်လှုပ်ရှားလွန်းသောကြောင့် အသက်ရှူရန် မေ့လျော့နေကြပြီး ဆန်းကြယ်နဂါးနှင့် ဂျမ်းတဲလ်စနိုးကြားရှိ ပြိုင်ပွဲကို ကြည့်နေကြ၏။
သို့သော် ဤယှဥ်ပြိုင်ပွဲက သူတို့ မှန်းဆထားသည်ကို ကျော်လွန်နေကြောင်း ဝန်ခံရမှာပဲ ဖြစ်သည်။
ယှဥ်ပြိုင်ပွဲမစခင်က အသူရာတိုက်ပွဲဝင်အဖွဲ့ အနိုင်ရရန်ကို မည်သူမှ မယုံကြည်ကြချေ။ အပြည့်အဝအောင်ပွဲရဖို့ဆိုလျှင် ပိုဆိုး၏။ ဆိုရလျှင် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့၏ ခွန်အားက လွှမ်းမိုးနိုင်စွမ်းရှိ၏။ ထိုရလဒ်က လူများစွာကို ခံစားရစေပြီး အော်စေမိတော့သည်။ သူတို့က အသူရာတိုက်ပွဲဝင်အဖွဲ့၏ အပြည့်အဝအောင်ပွဲဘက်၌ လောင်းကြေးမထပ်မိခဲ့သည့်အတွက် နောင်တရနေကြသည်။
သူတို့ ပြောနေသည်က တစ်အချိုးကိုး ပေးချေသည့်နှုန်း ဖြစ်သည်။
သူတို့အစည်းအရုံး၏ အရင်းအမြစ်များအားလုံးကိုသာ လောင်းကြေးထပ်ခဲ့လျှင် ပြန်ရမည်က မမှန်းဆှန်းဆနိုင်စရာပဲ ဖြစ်မည်။ ဆိုရလျှင် အမှောင်ပြိုင်ကွင်းထဲသို့ ဝင်နိုင်သည့် ကစားသမားတိုင်းက ထူးကဲသော ဇစ်မြစ်ရှိကြသည်။ ထူးကဲချပ်ဝတ်တန်ဆာများ၊ ရှားပါးသောကိရိယာများ၊ ကုန်ကြမ်းများ၊ အပိုင်းအစရာချီကို စုဆောင်းရန်က မခက်ခဲချေ။ သူတို့သာ လောင်းကြေးကို အနိုင်ရခဲ့လျှင် အိုင်တမ်ထောင်ချီ ပြန်ရနိုင်မည်။ အတွေးကတင် သူတို့ကို တုန်ရီစေ၏။
ယှဥ်ပြိုင်ပွဲပြီးနောက် အသူရာတိုက်ပွဲဝင်အဖွဲ့သည် အမျိုးမျိုးသော စူပါအင်အားစုများ၏ ပစ်မှတ်စာရင်းထဲ တရားဝင်အထည့်ခံလိုက်ရပြီ ဖြစ်သည်။
ဆန်းကြယ်နဂါး စင်မြင့်ပေါ်၌ ဆင်းလာပြီးနောက် အဲလစ်က သူ့ဆီ လျှောက်လာပြီး ညင်သာစွာ မေးလိုက်သော်ငြား တည်တင်းသည့်လေသံ ဖြစ်၏။
” ဆန်းကြယ် နင်က အစည်းအရုံးရဲ့ သိက္ခာပဲ … ဘာကြောင့်များ အားကုန်ထုတ်မသုံးရတာလဲ … ”
ဆန်းကြယ်နဂါးမည်မျှ အစွမ်းထက်ကြောင်း သူမ သိသည်။ ကျန်သည့်သူများက မသိနိုင်သော်ငြား သူမ မျက်လုံးနှင့် သူမ ကိုယ်တိုင် တွေ့ခဲ့တာပဲ ဖြစ်သည်။ ဆန်းကြယ်နဂါး၏ အထွတ်အထိပ်ပိုင်းဖြတ်မှုခြောက်သွယ်သည် သူ၏ စွမ်းအက်အစစ်အမှန်နှင့် ဝေးကွာနေသေးသည်။
ဆန်းကြယ်နဂါးက ရှေးစစ်သည်တော်စကေးကို အသက်သွင်းသည့်အချိန်တွင် အထွတ်အထိပ်ပိုင်းဖြတ်မှု ကိုးသွယ်ကို ထုတ်ဖော်နိုင်ခဲ့၏။ ယင်းက တိုက်ကွက်သုံးကွက်သာ ကွာဟခြင်းဖြစ်သော်ငြား သူ ဂျမ်းတဲလ်စနိုးကို အနိုင်ယူနိုင်ခဲ့သည်။ ထိုသို့တိုင် အနိုင်မယူခဲ့ပေ။ ရလဒ်အနေဖြင့် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့သည် ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့၏။ ထို့အပြင် ယင်းက အစည်းအရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။
” မင်းက ငါ့ကို အထင်ကြီးလွန်းနေတာပဲ … ငါ့ရဲ့ ခွန်အားကို ထိန်ချန်ထားတယ်ဆိုပေမဲ့ ဂျမ်းတဲလ်စနိုးကရော မထိန်းချုပ်ထားဘူးလို့ ထင်နေလား … ”
ဆန်းကြယ်နဂါးက အသူရာတိုက်ပွဲဝင်အဖွဲ့၏ နှင်းနတ်ဘုရားမဘက်ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ သူက ခါးသက်စွာပြုံးလျက် ပြောလိုက်၏။
” မမေ့လိုက်နဲ့ သူလည်း အထွတ်အထိပ်အမျိုးအစားတစ်ခု ပိုင်ဆိုင်ထားတာ … ငါ့ရဲ့ အထွတ်အထိပ်ပိုင်းဖြတ်မှုကိုးသွယ်ကို ထုတ်ဖော်ပြီး ဂျမ်းတဲလ်စနိုးကို အပြန်အလှန်အနေနဲ့ နှစ်ဆရှေးစစ်သည်တော်အသုံးပြုမူ ဖိအားပေးမဲ့အစား ဒီလျှို့ဝှက်ကတ်ကို မိုးကြိုးကျွန်းအတွက် ချန်ထားလိုက်တာက အကျိုးပိုရှိမယ် … မင်းမမေ့လိုက်နဲ့ မိုးကြိုးကျွန်းကမှ ငါတို့အစည်းအရုံးရဲ့ အနာဂတ်အမှန်ပဲ … ”
ဆန်းကြယ်နဂါး၏ ရှင်းပြချက်ကိုကြားသောအခါ အဲလစ်က နားလည်သွားသည်။ လူတိုင်းက အထွတ်အထိပ်အမျိုးအစား၏ အသန်မာဆုံးကဏ္ဍက ချို့ယွင်းချက်မရှိဟု ထင်ကြသည်။ လက်တွေ့တွင်မူ အထွတ်အထိပ်အမျိုးအစား၏ စွမ်းအင်အစစ်အမှန်က နှစ်ဆရှေးစစ်သည်တော်ကို အသုံးပြုနိုင်တာပဲ ဖြစ်သည်။ အမှန်တကယ်တွင် သူမက ရှီဖုန်းနှင့် ခရမ်းတိမ်ကို ရင်ဆိုင်ရန် နှစ်ဆရှေးစစ်သည်တော်ကို အသုံးပြုရန် စိတ်ထဲမထားပေ။ အကြောင်းမှာ မိုးကြိုးကျွန်းအတွက် ယှဥ်ပြိုင်ပွဲ၌ စူပါအစည်းအရုံးများစွာကို အံ့အားသင့်စေချင်သောကြောင့် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး ရှီဖုန်းက အဲလစ်ဆီ ကြည့်လိုက်မိကာ အမူအရာက တောင့်တင်းသွားတော့၏။
” သူက အထွတ်အထိပ်အမျိုးအစား ပိုင်ဆိုင်ထားတာများ ဖြစ်နိုင်မလား … ”
အဲလစ်သည် မီးတောက်ဧကရာဇ်၏ မီးလုံးများကို ရှီဖုန်း ပိုင်းဖြတ်လိုက်သည့်မြင်ကွင်းကို ရုတ်တရက် ပြန်တွေးမိသွား၏။ ရှီဖုန်းသည် ရှေးစစ်သည်တော်တစ်ခုထဲကို အားထားရုံဖြင့် ဤကဲ့သို့ ဆောင်ရွက်ချက်ကို မရနိုင်မှာ သေချာ၏။ ဆိုရလျှင် သူက အလွှာတစ်ကစားသမားသာဖြစ်ပြီး အလွှာနှစ် မဟုတ်ပေ။
ထိုအတိုင်းမှန်နေခဲ့လျှင် ဇီးရိုးဝင်းက အမှန်အကန်ကြောက်မက်ဖွယ် ကောင်းပေမည်။
တိုင်းပြည်လေးထဲရှိ တည်ထောင်ခါစအစည်းအရုံးဖြစ်သော်ငြား ဇီးရိုးဝင်းထဲ၌ အထွတ်အထိပ်အမွေအနှစ်ကို အသုံးပြုသည့် ကစားသမားနှစ်ဦး ရှိသည်။ ဆန်းကြယ်တောင် တူညီသည်ဟု မဆိုနိုင်ပေ။
” သူတို့ နိုင်သွားတာလား … ”
အထူးဧည့်သည်တော်အခန်းထဲတွင် ခရမ်းကျောက်စိမ်း၏ မျက်လုံးထဲ၌ တိုက်ခိုက်လိုစိတ်များ ပြည့်နေပြီး ဂျမ်းတဲလ်စနိုးကိုကြည့်နေစဥ် မချင့်မရဲ ဖြစ်နေလေ၏။
အစက သူမ၏ ပန်းတိုင်သည် ဓားရူး ဆန်းကြယ်နဂါးကို အနိုင်ယူရန် ဖြစ်သည်။ ယခု ဂျမ်းတဲလ်စနိုးက ထိုမွန်းစတားအိုကြီးကို အနိုင်ယူခဲ့ပြီဖြစ်ရာ သူမက ခရမ်းကျောက်စိမ်းထက် နှစ်အနည်းငယ်သာ ပိုကြီးသည်။ ထို့အပြင် ဂျမ်းတဲလ်စနိုးက စူပါအင်အားစုများ၏ စနစ်လေ့ကျင့်ရေးကို မတွေ့ကြုံဖူးပေ။ ထိုအရာကို သဘောပေါက်သွားသည်က ဂျမ်းတဲလ်စနိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေ၏။ သို့သော် သူမ၏ မျှော်လင့်ချက်ကိုလည်း ဖြစ်ထွန်းစေသည်။ အနည်းဆုံးတော့ လူငယ်မျိုးဆက်မှ တစ်စုံတစ်ယောက်သည် ဓားတစ်လက်ဖြင့် ဆန်းကြယ်နဂါးကို အနိုင်ယူနိုင်မှန်း သူမ သိသွားပြီဖြစ်၏။
” ဇီးရိုးဝင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ အစည်းအရုံးပဲ … သူတို့က လူတိုင်းကို အံ့သြအောင်လုပ်နေတာ … ”
ယွမ်ထျယ်ရှင်းက ရှီဖုန်းကိုကြည့်နေစဥ် လူငယ်နှင့် ပထမဆုံးတွေ့ဆုံမှုကို ပြန်တွေးလိုက်၏။ ထည့်ပြောရန် မထိုက်တန်သည့် လူငယ်လေးက သူတောင် ကြောက်လန့်ရသည့် ကျွမ်းကျင်သူတစ်ဦးအဖြစ် ကြီးပြင်းလာပြီး သူ အသက်ကြီးလာပြီလားဟုတောင် သူ့ကို အမှန်တကယ် တွေးမိစေ၏။
” ကျောက်စိမ်း သွားကြမယ် … အမှောင်ပြိုင်ကွင်းရဲ့ လေလံပွဲက စတော့မှာ … ငါတို့ အိုင်တမ်တွေကို ပို့ဖို့လိုတယ် … ”
ခရမ်းကျောက်စိမ်းက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ယွမ်ထျယ်ရှင်းနောက်မှလိုက်ကာ အထူးဧည့်သည်တော်အခန်းထဲမှ ထွက်သွားလိုက်၏။
နောက်ထပ် အထူးဧည့်သည်တော်အခန်းထဲတွင် နဂါးကိုးကောင်ဧကရာဇ်က အင်မတန် ဖြူရော်နေလေ၏။ ဖီးနစ်မိုး ပြုံးနေတာကို သတိပြုမိသည့်အချိန်၌ ပိုဖြူရော်သွားသည်။ အမျိုးသမီးက ဘာမှမပြောသော်ငြား သူ့ရင်ထဲသို့ သူမက ဓားတစ်ချောင်းစိုက်သွင်းနေသည့်ပမာ ခံစားရသည်။
” ဆန်းကြယ် အဲ့ဒီအမှိုက်ကောင်တွေ ငါ့ရဲ့ အရင်းအမြစ်တွေအများကြီး ဆုံးရှုံးရအောင် လုပ်လိုက်တာ … ”
သူသည် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့၌ အရေးမပါသည့် အရင်းအမြစ် အနည်းစုသာ လောင်းခဲ့သည်ဟု ဆိုထားသော်ငြား လက်တွေ့တွင်မူ အံ့မခမ်းချပ်ဝတ်တန်ဆာများစွာ လက်နက်များစွာ လောင်းကြေးထပ်ခဲ့၏။ အဲ့ဒီထဲတွင် အဆင့် (၄၀) မဟူရာရွှေအပိုင်းအစ ငါးဆယ်ကျော် ပါလာသည်။ လက်ရှိတွင် တစ်ကိုယ်တော်ကျွမ်းကျင်ကစားသမားများကတောင်အဆင့် (၃၉) သို့မဟုတ် အဆင့် (၄၀) ဝန်းကျင်တွင် ရှိကြ၏။
နဂါးဖီးနစ်ပွဲကြည့်စင်သည် အဆင့်ပိုမြင့်သည့် ကွင်းပြင်ဘော့စ်များကို သတ်ဖြတ်ရန် သုတို့အဖွဲ့ကို မကြာခဏလွတ်ခဲ့သော်ငြား သူတို့၌ အဆင့် (၄၀) မဟူရာရွှေချပ်ဝတ်တန်ဆာ အပိုင်းအစ အနည်းငယ်သာရှိသည်။
ထိုသို့တိုင် မျက်တောင်တခက်အတွင်း သူသည် အပိုင်းအစငါးဆယ်ကျော် ဆုံးရှုံးသွား၏။
အဆင့် (၄၀) မဟူရာရွှေအိုင်တမ်ငါးဆယ်ဖြင့် သူသည် ထိပ်သီးကျွမ်းကျင်သူဆယ်ဦးကို အလွယ်တကူ ငှားရမ်းနိုင်၏။ သို့သော် သူကို စိတ်အပျက်စေဆုံးက ဖီးနစ်မိုးက အချီကြီးပွသွားတာပဲ ဖြစ်သည်။
ဖီးနစ်မိုးသည် အံ့ဖွယ်မှော်ဝတ်ရုံတန်ဖိုးနှင့် ညီမျှသည့် ပစ္စည်းများရသွားမည်ကို တွေးမိသည်က သူ့ကို ရူးသွပ်သွားစေရန် လုံလောက်သည်။
” ငါတို့ သွားမယ် … ”
ဖီးနစ်မိုးကို စကားတောင်မပြောဘဲ နဂါးကိုးကောင်ဧကရာဇ်က သိုင်းနဂါးနှင့်အတူ အခန်းထဲမှ ဒေါသူပုန်ထကာ ထွက်သွားတော့၏။
” ဟား … ဟား … ဟား … အမကြီးမိုး ဇီးရိုးဝင်းက အံ့သြဖို့ကောင်းလိုက်တာ … သူတို့က မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ကို ရင်ဆိုင်ပြီး အပြည့်အဝအောင်ပွဲ လောင်းကြေးကနေ အချီကြီးပွရုံတင်မကဘူး ယှဥ်ပြိုင်ပွဲရဲ့ စုစုပေါင်းလောင်းကြေးကနေလည်း ရအုံးမှာ … ဒါနဲ့ဆို မိုးကြိုးကျွန်းမှာ ယှဥ်ပြိုင်ဖို့အတွက် အရင်းအမြစ်တွေ လိုအပ်မှာ စိုးရိမ်စရာ မလိုတော့ဘူး … ”
ဘလူးဖီးနစ်သည် နဂါးကိုးကောင်ဧကရာဇ် အခန်းထဲမှ ထွက်သွားပြီးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ငါတို့ ဒီတစ်ခေါက်နိုင်သွားတယ် … ဒါပေမဲ့ မိုးကြိုးကျွန်းပေါ်က ယှဥ်ပြိုင်မှုက အဓိက သော့ချက်ပဲ … ”
ဖီးနစ်မိုးက ပြောပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ဤအောင်ပွဲက သူမအတွက် ဒုတိယဦးစားပေး ဖြစ်သည်။
ဖီးနစ်မိုးကို အမှန်တကယ်အထင်ကြီးသွားစေသည်က ဇီးရိုးဝင်း ယနေ့ပြသခဲ့သော ခွန်အားဖြစ်သည်။ ယနေ့ရခဲ့သော အရင်းအမြစ်များဖြင့် သူတို့က မွန်းစတားအခြေစိုက်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရန် အခွင့်အရေးသေချာပေါက်ရှိ၏။
သို့သော် နောက်ထပ် အထူးဧည့်သည်တော်အခန်းထဲတွင် စွန့်ပစ်ခံလှိုင်းက အသူရာတိုက်ပွဲဝင်အဖွဲ့ အနိုင်ရသွားတာကို မြင်တွေ့သည့်အချိန်၌ အရူးတစ်ယောက်ပမာ စတင်ရယ်မောလိုက်တော့သည်။
” အခုတော့ မင်းကို အောင်ပွဲခံခွင့် ပေးထားတယ် … ဒါပေမဲ့ မကြာခင် ကောင်းကင်ဘုံကနေ ငရဲကို တန်းပြုတ်ကျမှာ … ”
စွန့်ပစ်ခံလှိုင်းက ရက်စက်စွာပြုံးပြီးနောက် ရှီဖုန်းနှင့် ကျန်သည့်သူများကို ကြည့်နေသည်။
သို့သော် စွန့်ပစ်ခံလှိုင်းက အခန်းထဲမှ ထွက်သွားတော့မည့်အချိန်တွင် အသူရာတိုက်ပွဲဝင်အဖွဲ့၏ နားနေသည့် ဧရိယာဆီသို့ သွားနေသည့် ရင်းနှီးသည့်ပုံရိပ်တစ်ရိပ်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုလူက ဆန်းကြယ်က ပါဂေတိုရီတပ်မဟာခေါင်းဆောင် မိုင်ထောင်ချီပဲ ဖြစ်သည်။
မိုင်ထောင်ချီက မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ ရှုံးနိမ့်တာကို ဒေါသထွက်ပုံ မပြပေ။ ထိုအစား ဖော်ရွေသည့်အပြုံးဖြင့် ဂျမ်းတဲလ်စနိုးဆီ ချဥ်းကပ်သွား၏။ စွန့်ပစ်ခံလှိုင်းက ထိတ်လန့်သွားတော့သည်။
မိုင်ထောင်ချီနှင့် သူ စကားပြောသည့်အချိန်တွင် တစ်ဖက်လူက ဖာသိဖာသာ အမူအရာများ ရှိနေ၏။ မိုင်ထောင်ချီက သူ့ကို လေးစားမှုမရှိပေ။ ထိုသို့တိုင် သူက ဂျမ်းတဲလ်စနိုးကို ပြုံးပြနေ၏။ စွန့်ပစ်ခံလှိုင်း မည်သို့ကြည့်စေကာမူ ထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။
” မင်္ဂလာပါ … ကျုပ်က မိုင်ထောင်ချီ … ဆန်းကြယ်ရဲ့ ဒုအစည်းအရုံးခေါင်းဆောင်ပါ … ပြိုင်ပွဲတစ်ပွဲလုံးကို ကြည့်ခဲ့ပြီးပြီ … မင်းရဲ့ လုပ်ဆောင်ချက်က အံ့သြဖွယ်ကောင်းတယ်ဆိုတာ ဝန်ခံရမှာပဲ … ဆန်းကြယ်ကိုဝင်ဖို့ စိတ်ဝင်စားသလားဆိုတာ သိပါရစေ … ”
” စိတ်ဝင်စားတယ်ဆိုရင် အခုချက်ချင်း အစည်းအရုံးအကြီးအကဲရာထူး ရစေရမယ်လို့ အာမခံတယ် … ပါဂေတိုရီတပ်မဟာရဲ့ ဒုခေါင်းဆောင်လည်း ဖြစ်မယ် … နောင်ကျ ဒုအစည်းအရုံးခေါင်းဆောင်တောင် ဖြစ်လာနိုင်တယ် … “