ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1167 သြဇာမသက်ရောက်စေသော အကြောင်းအရင်း
မိုင်ထောင်ချီ၏ လေသံက ပွင့်လင်းသော်ငြား သူ၏ စကားများက ပြိုင်ကွင်းထဲရှိ လူများအားလုံးကို ကြက်သေသေသွားစေ၏။
မလှမ်းမကမ်းကနေ ချဥ်းကပ်လာနေသော မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့၏ အဖွဲ့ဝင်များကတောင် မှင်သက်သည့်အမူအရာရှိနေပြီး မိုင်ထောင်ချီကို ကြည့်နေစဥ် သူတို့ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသည့် အမူအရာ ရှိနေလေ၏။
” ခေါင်းဆောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ … ”
ဆိုင်းလန့်မာ့ရှ်က မိုင်ထောင်ချီ၏ ကမ်းလှမ်းမှုကိုကြားသောအခါ သူမနား သူမ မယုံနိုင် ဖြစ်နေလေ၏။
မိုင်ထောင်ချီသည် ဆန်းကြယ်ဆီသို့ ဂျမ်းတဲလ်စနိုးကို ဦးစွာဖိတ်ခေါ်ခဲ့တာကို သူမ မအံ့သြပေ။ ထိုအစား နှင်းနတ်ဘုရားမကို ကတိပေးလိုက်သည့်အချက်ကြောင့် ထိတ်လန့်သွားတာပဲ ဖြစ်သည်။
ဆန်းကြယ်သည် စူပါပထမတန်းအစည်းအရုံးတစ်ခု ဖြစ်၏။ ကျွမ်းကျင်သူအရေအတွက်နဲ့ အရည်အသွေးယှဥ်လာသည့်အခါ ဆန်းကြယ်က စူပါအစည်းအရုံးထက်တောင် ပိုသန်မာသည်။
အစည်းအရုံး၌ နှစ်စဥ်နှစ်တိုင်း လူသစ်မပျက်လတ်ချေ။ သို့သော် မည်သည့်လူသစ်ကမှ ဆန်းကြယ်၏ လျှို့ဝှက်ကတ်တပ်မဟာများထဲမှ တစ်ခုဖြစ်သည့် အစည်းအရုံးခေါင်းဆောင် သို့မဟုတ် ဒုအဖွဲ့ခေါင်းဆောင် တန်းမဖြစ်လာနိုင်ပေ။ ဆန်းကြယ်က ပျိုးထောင်ပေးထားသည့် ပါရမီရှင်ဆိုင်းလန့်မာ့ရှ်တောင် ထိုကဲ့သို့ အခွင့်အရေးမျိုး မရရှိပေ။
” ဒုအစည်းအရုံးခေါင်းဆောင်က ဒီတစ်ခေါက် အကုန်ထုတ်သုံးနေတာပဲ … ”
အဲလစ်က ပြုံးလိုက်သည်။
အရေအတွက် အကန့်အသတ်သာ ရှိသောကြောင့် ဆန်းကြယ်ထဲတွင် အကြီးအကဲတစ်ဦးဖြစ်ရန်က အလွန်ခက်ခဲသည်။ အစည်းအရုံးချဲ့ထွင်ခြင်း မရှိလျှင် အကြီးအကဲများ ထပ်ထည့်မှာ မဟုတ်ပေ။ ပါဂေတိုရီတပ်မဟာ၏ ဒုအစည်းအရုံးခေါင်းဆောင်အတွက်မူ မရေမတွက်နိုင်သည့် ကစားသမားများစွာက ထိုကဲ့သို့ ဂုဏ်ကို လိုချင်နေကြတာ ဖြစ်သည်။ မိုင်ထောင်ချီက ၎င်းကို ပေးပိုင်ခွင့် မရှိပေ။
ဆန်းကြယ်၏ အစည်းအရုံးခေါင်းဆောင်ကတောင် ထိုကဲ့သို့ ဆုံးဖြတ်ချက်ကို တစ်ယောက်ထဲ မပြုလုပ်နိုင်ပေ။ အစည်းအရုံး၏ အထက်အရာရှိများကြားထဲ ဆွေးနွေးရန်လိုအပ်သော အရေးကြီးသော ကိစ္စရပ်ဖြစ်သည်။
မိုင်ထောင်ချီက သေချာပေါက်ပြောနေသည်ဖြစ်သောကြောင့် ဂျမ်းတဲလ်စနိုးကို ခေါ်နိုင်ရန် တန်ကြေးပေးဆပ်ဖို့ သေချာပေါက်ပြင်ဆင်ပြီးသား ဖြစ်သည်။ ပြီးခဲ့သည့်ပွဲစဥ်၌ အမျိုးသမီး၏ လုပ်ဆောင်ချက်ကို အခြေခံကြည့်လျှင် ထိုကတိများကို သူဖြည့်စီးပေးဖို့ရာ ဖြစ်နိုင်သည်။
ဆန်းကြယ်နဂါးက မှတ်ချက်မချခဲ့ချေ။ သို့သော် ဆန်းကြယ်၏ ကျန်သည့် ကျွမ်းကျင်သူများကမူ ဂျမ်းတဲလ်စနိုးကို အားကျစွာကြည့်နေကြ၏။
သူက သူမကို ဆန်းကြယ်၏ အစည်းအရုံးများထဲမှ တစ်ယောက်၏ ရာထူး ကမ်းလှမ်းနေတာပဲ ဖြစ်သည်။ သူတို့အားလုံးက ထိုရာထူးကို လိုချင်ကြသည့် အကြီးအကဲတစ်ယောက်ဖြစ်ခြင်း၏ ဆန်းကြယ်၏ အထက်အရာရှိများအဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ အထက်ပိုင်းစီမံခန့်ခွဲမှုသို့ ဝင်ခြင်းနှင့် ဆင်တူ၏။
သူတို့သာ ဒုအစည်းအရုံးခေါင်းဆောင်ဖြစ်လာခဲ့လျှင် အစည်းအရုံး၏ ရှယ်ယာတစ်စုကိုလည်း ရရှိမှာဖြစ်သည်။ အစည်းအရုံး၏ ဆုံးဖြတ်ချက်များပေါ်လည်း လွှမ်းမိုးမှု ရှိပေမည်။
ဘေးတွင်ရပ်နေပြီး ရှီဖုန်းက မိုင်ထောင်ချီ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး ဘာမှမပြောသော်ငြား မျက်မှောင်ကြုတ်လိုက်၏။
မိုင်ထောင်ချီ၏ ချဥ်းကပ်သည့်နည်းလမ်းက စူပါပထမတန်းအစည်းအရုံးများ မည်ကဲ့သို့ပြီးပြည့်စုံစွာ အလုပ်လုပ်ကြောင်း ပြသနေတာပဲ ဖြစ်သည်။
” ဖိတ်ခေါ်ပေးတာအတွက် ကျေးဇူးတင်ပါတယ် … ဒါပေမဲ့ ဇီးရိုးဝင်းကနေ ထွက်သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး … ”
ဂျမ်းတဲလ်စနိုးသည် တွေဝေခြင်းမရှိ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။
” ဘာကြောင့်လဲ … ဆန်းကြယ်က ဇီးရိုးဝင်းနဲ့ မယှဥ်နိုင်ဘူးလား … ”
မိုင်ထောင်ချီက မျက်မှောင်ကြုတ်လိုက်၏။ ဂျမ်းတဲလ်စနိုး သူ့ကို ထိုမျှ ပွင့်ပွင့်လင်းလင်း ငြင်းလိုက်လိမ့်မည်ဟု မထင်ထားချေ။ သူ၏ ကမ်းလှမ်းမှုကို တွေးတောင်မတွေးချေ။ ယင်းကို သူ့ကို အနည်းငယ် စိတ်စပ်သွားစေ၏။
” မင်းက အလွန်သန်မာတယ် … ဇီးရိုးဝင်းလိုအစည်းအရုံးမှာ မင်း နေရစ်ခဲ့မယ်ဆိုရင် မင်းရဲ့ အလားအလာအပြည့်အဝကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး … ဒါပေမဲ့ ဆန်းကြယ်ကို ဝင်ခဲ့မယ်ဆိုရင် မင်းရဲ့အရည်အချင်းကို အပြည့်အဝပြသနိုင်လိမ့်မယ် … နောင်ကျ ဆန်းကြယ်မှာ တိုးတက်လာတာနဲ့အမျှ မင်းက အစည်းအရုံးခွဲခေါင်းဆောင် ဖြစ်လာနိုင်ဖို့ အခွင့်အရေးတောင်ရှိပြီး တိုင်းပြည်တစ်ခုလုံး ဒါမှမဟုတ် အင်ပါယာတစ်ခုလုံးကိုတောင် စီမံခန့်ခွဲနိုင်လာမယ် … ”
မိုင်ထောင်ချီက ကျယ်လောင်စွာ မပြောသည့်တိုင် ကျွမ်းကျင်ကစားသမားတိုင်းက သူ၏ စကားလုံးများကို ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး အထိတ်တလန့်ဖြင့် ပင့်သက်ရှိုက်မိသွားကြသည်။
အထက်အရာရှိများနှင့် အစည်းအရုံးခေါင်းဆောင်များက ဂျမ်းတဲလ်စနိုးကို အားကျစွာ ကြည့်နေကြသည်။ သူတို့က သူမ နေရာသို့ ရောက်ချင်နေကြ၏။
နတ်ဘုရားနယ်မြေက ကြီးမားလွန်းပြီး စူပါအင်အားစုများကတောင် ဂိမ်းတစ်ခုလုံးကို တစ်ယောက်ထဲ အုပ်စိုးနိုင်ခြင်းမရှိကြောင်း သိပေ၏။ ထို့ကြောင့် စူပါအင်အားစုများသည် သူတို့အသည်းအရုံး ချဲ့ထွင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးမျိုးသော တိုင်းပြည်များ၊ အင်ပါယာများထဲတွင် အစည်းအရုံးခွဲများ တည်ဆောက်ကြ၏။ ထိုအစည်းအရုံးခွဲ၏ စီမံခန့်ခွဲပိုင်ခွင့်က ထိုအစည်းအရုံးခွဲခေါင်းဆောင်ပေါ်၌သာ ရှိသည်။ အစည်းအရုံးခွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာခြင်းက အစည်းအရုံးကို သူတို့ကိုယ်ပိုင် တည်ထောင်ခြင်းနှင့် ညီမျှသည်။ ထိုအပြင် ထိုအစည်းအရုံးက စူပါအစည်းအရုံးများ၏ ထောက်ပံ့မှု ရရှိမည်။
ဆန်းကြယ်၏ အစည်းအရုံးခေါင်းဆောင်ခွဲများထဲမှ တစ်ယောက်သည် ဒုအစည်းအရုံးခေါင်းဆောင်တစ်ဦးဖြစ်ခြင်းထက် အဆပေါင်းများစွာ ပိုကောင်းသည်။ ပင်မဌာနချုပ်၏ အစည်းအရုံးခေါင်းဆောင်ကတောင် သူတို့ကို တလေးတစားဆက်ဆံရမည်။ ယင်းက ပထမတန်းအစည်းအရုံး၏ အစည်းအရုံးခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းထက် ပိုကောင်း၏။
” ဘယ်လိုလဲ … ငါ့ရဲ့ ကမ်းလှမ်းမှုကို မတွေးဘူးလား … ”
မိုင်ထောင်ချီက ဂျမ်းတဲလ်စနိုး၏ အခြေအနေကို စစ်ဆေးပြီးသား ဖြစ်သည်။ ရေနက်က အုရိုဘိုရိုကို သုတ်သင်ခဲ့ကြောင်း သူသိထား၏။ အုရိုဘိုရိုသည် ပုံရိပ်ယောင် ဂိမ်းလောကထဲတွင် ထပ်မံမတည်ရှိတော့ပေ။ သို့သော် ဂျမ်းတဲလ်စနိုးက အစည်းအရုံးခွဲခေါင်းဆောင်ဖြစ်လာလျှင် နောက်ထပ် အုရိုဘိုရိုကို အပြည့်အဝထူထောင်နိုင်လိမ့်မည်။ အုရိုဘိုရိုက ဆန်းကြယ်၏ အမည်အောက် ရောက်သွားရုံသာ ရှိမည်။
ထို ကမ်းလှမ်းမှုက နှင်းနတ်ဘုရားမကို မက်မောစေနိုင်သည်ဟု ယုံကြည်သည်။ ဇီးရိုးဝင်း၏ ဒုအစည်းအရုံးခေါင်းဆောင် ဖြစ်ခြင်းထက် ယင်းက သေချာပေါက် ဂုဏ်ပိုတက်ပေ၏။
” ရှင် မြင့်မြင့်မားမားတွေးပေးထားတာအတွက် ကျေးဇူးတင်ပါတယ် ဒုအစည်းအရုံးခေါင်းဆောင်မိုင် … ဒါပေမဲ့ ကျွန်မ ဇီးရိုးဝင်းက ထွက်သွားမှာမဟုတ်ဘူးလို့ ပြောပြီးပါပြီ … ဆွေးနွေးစရာမရှိရင် ကျွန်မသွားပါတော့မယ် … ”
ဂျမ်းတဲလ်စနိုးက ပြောပြီးနောက် မိုင်ထောင်ချီနှင့် ဘာမှဆက်မပြောချင်တော့သည့်ပုံဖြင့် လှည့်ထွက်သွားတော့သည်။
ပြိုင်ကွင်းထဲရှိ လူများက ပင့်သက်ရှိုက်မိသွားကြ၏။
ဂျမ်းတဲလ်စနိုးသည် ထိုကဲ့သို့ ကောင်းကင်ကပို့လိုက်သည့် အခွင့်အရေးကို လွတ်ပစ်ခဲ့သည်။ ဂျမ်းတဲလ်စနိုး၏ စိတ်ထဲ ဘာတွေဖြစ်နေမှန်း သူတို့ မထုတ်ဖော်နိုင်ချေ။ ပထမတန်းအစည်းအရုံးရဲ့ အစည်းအရုံးခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ အချိန်တုန်းက ရည်မှန်းချက်တွေ ဆုံးရှုံးသွားတာများလား။
သူမက ထိုရည်မှန်းချက် ဆုံးရှုံးလျှင်တောင် ပိုသန်မာချင်စိတ် ဖြစ်လာသင့်သည်။ ဤနည်းဖြင့် ဆန်းကြယ်ကို ရွေးချယ်ခြင်းက အကောင်းဆုံးရွေးချယ်ခြင်း ဖြစ်လိမ့်မည်။
” အစ်မကြီးနှင်း သိပ်မိုက်တာပဲ … ညီမ ကြွေတော့မလို့ … ”
ခရမ်းတိမ်၏ မျက်လုံးများက တောက်ပနေပြီး ဂျမ်းတဲလ်စနိုး၏ နုနယ်သောလက်မောင်းကို တွဲထားလိုက်၏။
ရှီဖုန်းကလည်း သက်ပြင်းချလိုက်သည်။ သူသည် ဂျမ်းတဲလ်စနိုး၏ တုံ့ပြန်မှုကြောင့် ရင်ထဲအနည်းငယ်ထိသွားသည်။ ထိုကဲ့သို့ မက်မောဖွယ်သွေးဆောင်မှုမျိုးကို ကြုံတွေ့ခဲ့လျှင် လူအနည်းစုသာ ထိန်းထားနိုင်မည်ဖြစ်ရာ မိုင်ထောင်ချီကမ်းလှမ်းသော အချက်အလက်များဆိုလျှင် ပြောနေရန် မလိုတော့ချေ။
မီးလျှံကကြိုးနှင့် ညို့ငင်ခြင်းဆမ်းမားကမူ သူတို့က မိုင်ထောင်ချီကို ရိုးရှင်းစွာသာ ပြုံးပြလိုက်၏။ သူတို့က ထိုလူကို တစ်ခွန်းနှစ်ခွန်း ပြောခဲ့သော်ငြား အဆုံးတွင်မူ သူတို့က လှည့်ထွက်သွားရန် ရွေးချယ်ခဲ့သည်။
ဆန်းကြယ်သည် ယခုအချိန်၌ ဇီးရိုးဝင်းအတွက် ကျော်လွှား၍ မရနိုင်သော တည်ရှိမှု ဖြစ်နေတာမှန်သော်ငြား နောင်တွင်မူ တူညီနိုင်တော့မှာ မဟုတ်ပေ။ ရှီဖုန်းအဖို့ ဇီးရိုးဝင်းကို ဆန်းကြယ်ထက် သာလွန်သည့် တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲဖို့က သိပ်ကြာတော့မှာ မဟုတ်ကြောင်း သူတို့ ယုံကြည်သည်။
” အရူးတွေပဲ … အကြောင်းအရင်းကို မသိတဲ့သူတွေ … ”
မိုင်ထောင်ချီ၏ မျက်လုံးထဲ၌ အမျက်ဒေါသမီးတောက်များ ပေါ်လာပြီး ဂျမ်းတဲလ်စနိုး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်လိုက်၏။
” စောင့်နေစမ်းပါ … ဆန်းကြယ်ကိုဝင်ဖို့ တောင်းပန်လာဖို့ သိပ်မကြာတော့ဘူး … ”
နတ်ဘုရားနယ်မြေထဲတွင် အုပ်စိုးပိုင်ခွင့်အတွက် ရုန်းကန်မှုက အစသာ ဖြစ်သည်။
ကစားသမားအများစုက စီးတော်ယာဥ်များ စရလာပြီ ဖြစ်ပြီး အမျိုးမျိုးသော အုပ်စုများက NPC မြို့များကို စတင်သိမ်းပိုက်နေပြီ ဖြစ်သည်။ နိုင်ငံများကြားထဲ၌ အငြင်းပွားမှုဖြစ်ဖို့က အချိန်အတိုင်းအတာတစ်ခုပဲ လိုလိမ့်မည်။
ထို့အပြင် အမျိုးမျိုးသော စံမှူလုပ်ငန်းရှင်ကြီးများက ဂိမ်းအပေါ်မျက်စိကျလာကြပြီး ရင်းနှီးမြှုပ်နှံလာ၏။ မကြာမီ၌ အစည်းအရုံးများကြားရှိ ယှဥ်ပြိုင်မှုက ပြင်းထန်လာလိမ့်မည်။
ဖျက်ဆီးခြင်းသည် ကောင်းမွန်မှုကို ဖိတ်ခေါ်ခြင်းဟု ဆိုရိုးစကားရှိသည်။ ဤယှဥ်ပြိုင်နိုင်သော ပတ်ဝန်းကျင်တွင် ယနေ့အတွက် အရှင်သခင်သည် နောက်တစ်နေ့တွင် ဂိမ်းထဲ၌ ပျောက်ကွယ်သွားပါက အံ့သြစရာ မရှိပေ။ အဆုံးတွင်မူ ဆန်းကြယ်ကဲ့သို့ စူပါပါဝါများသာလျှင် ဆက်လက်ရပ်တည်နိုင်တာ ဖြစ်၏။
ပြီးနောင် မိုင်ထောင်ချီသည် အမှောင်ပြိုင်ကွင်းထဲမှ သူ၏ လက်အောက်ငယ်သားများကို ခေါ်သွားပြီး အမှောင်ပြိုင်ကွင်း၏ လေလံပွဲဆီသို့ ဦးတည်ခေါ်သွားသည်။
ထိုစဥ် အထူးဧည့်သည်တော်အခန်းထဲရှိ သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များက ယှဥ်ပြိုင်ပွဲကို ကြည့်နေကြ၏။
” စိတ်ဝင်စားဖို့ကောင်းတဲ့ အစည်းအရုံးပဲ … ”
အန့်လတ်စ်စကား၏ ချယ်ရီရောင်နှုတ်ခမ်းက ပြုံးရွှင်သည့် အပြုံးတစ်ပွင့်အဖြစ်ပြောင်းလဲသွားပြီး အသူရာတိုက်ပွဲဝင်အဖွဲ့ကို ကြည့်နေလိုက်၏။
ထိုအဖြစ်အပျက်ကြောင့် ဇီးရိုးဝင်းဟုခေါ်သည့် အစည်းအရုံးအပေါ် အန့်လတ်စ်စကား၏ စိတ်ဝင်စားမှုက ပေါ်ထွက်လာတော့သည်။
သူမ၏ အမြင်က ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးသွားသည့်သူများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
တည်ထောင်ခါစ အစည်းအရုံးသည် ပထမတန်းအစည်းအရုံး၏ ယခင်အစည်းအရုံးခေါင်းဆောင်ကို ထိန်းထားနိုင်ခဲ့ခြင်းမှာ ထိုတည်ထောင်ခါစအစည်းအရုံးသည် စူပါပထမတန်းအစည်းအရုံး ကမ်းလှမ်းနိုင်သည့် အရာထက် ပိုတောင်ဆွဲဆောင်နိုင်သည့်အရာကို ချုပ်ကိုင်ထားနိုင်သည့် အချက်ပင် ဖြစ်သည်။ ကိုယ်ပိုင်အစည်းအရုံးကို တစ်ခါကဦးဆောင်ခဲ့ဖူးသည့်သူသည် သူတို့၏ အရည်အချင်းကို ပိုကြီးမားသည့်စင်မြင့်၌ ပြသနိုင်ရန် ရှားပါးသည့်အခွင့်အရေးကို လွဲချော်ခံပြီး မည်သူမှအာရုံသိပ်မစိုက်သည့် အခြေအနေလေးထဲတွင် နေလိုသည်မှာ အကြောင်းအရင်းမရှိပေ။
ယှဥ်ပြိုင်ပွဲပြီးနောက် ရှီဖုန်းက အမှောင်ပြိုင်ကွင်း၏ လဲလှယ်ခြင်းကောင်တာကို သွားလိုက်သည်။ ယှဥ်ပြိုင်ပွဲ မစတင်ခင် သူနှင့်အတူ အစည်းအရုံး၏ အရင်းအမြစ်များအားလုံးကို သယ်လာခဲ့သည်။ ပြီးနောက် ဆန်းကြယ်နဂါး၏ စိန်ခေါ်မှုကို တမင်တကာလက်ခံခဲ့ပြီး အမှောင်ပြိုင်ကွင်း၏ ပွဲကျင်းပသူကို ယှဥ်ပြိုင်ပွဲ၏ ပေးချေသည့်နှုန်းတိုးအောင် တွန်းတင်ပေးခဲ့သည်။
ပြီးနောက် အမှန်တကယ်ပင် သူထင်သည့်အတိုင်း ပွဲကျင်းပသူက အပြည့်အဝနိုင်ပွဲအတွက် တစ်အချိုးကိုးအဖြစ် ပြောင်းလဲခဲ့သည်။ ပြီးနောက် သူက အသူရာတိုက်ပွဲဝင်အဖွဲ့ ရှုံးနိမ့်မည်ဘက်ရှိ အရာအားလုံးကို တက်နိုင်ကြောင်း လောင်းကြေးထပ်ခဲ့သည်။
” ဒီမှာ ကျုပ်ရဲ့ လက်မှတ်ပါ … ကျုပ်ရဲ့ အရင်းအမြစ်တွေ လိုချင်ပါတယ် … ”
ရှီဖုန်းကပြုံးပြီး အမှောင်ပြိုင်ကွင်း၏ ပွဲကျင်းပသူက ပေးထားသည့်လက်မှတ်ကို ကောင်တာတွင် စီမံနေသော အမျိုးသမီးကစားသမားအား ပေးလိုက်၏။ သူက အဆင့် (၄၀) မဟူရာရွှေအပိုင်းအစ သုံးရာကျော်၊ အဆင့် (၄၀) ရွှေစင်အပိုင်းအစ ရှစ်ရာကျော်၊ အလွှာမြင့်မှော်စာလိပ်များနှင့် ရှားပါးသော ကုန်ကြမ်းများစွာ လောင်းထား၏။ လောင်းကြေး၏ စုစုပေါင်းတန်ဖိုးက ရွှေပြားကိုးသောင်း ဖြစ်သည်။
” ဆရာ ဒါက … ”
ကောင်တာရှိ အမျိုးသမီးက ရှီဖုန်း၏ လက်မှတ်ကို မြင်သည့်အချိန်၌ ထိတ်လန့်မှုကြောင့် ထခုန်လုနီးပါးဖြစ်သွားသည်။